အပိုင်း ၂၁
Viewers 10k

Chapter 21




ထိုအချိန်၌ ကျုံးယို့ယို့သည်တော့ တိုက်ခန်းတွင် ရှိနေသည်။ နောက်ဆုံးတွင် သူမသည် ကျုံးအိမ်မှ ထွက်ခွာလာပြီး ထိုသို့သောတိုက်ခန်းကျယ်ကြီးတွင် တစ်ယောက်တည်း နေထိုင်ခဲ့သည်။ သူမသည် အချိန်ပြည့်ရယ်မောနေပြီး လန်းဆန်းတက်ကြွနေကာ ကုတင်ပေါ်တွင် ရေဒီယိုကာယလေ့ကျင့်နည်းတစ်မျိုးကို ပြုလုပ်နေလေသည်! ကျုံးရှီယို့ ဖုန်းခေါ်လာတာကိုမြင်တော့ သူမက တွေးတောခြင်းပင်မရှိ ဖုန်းချလိုက်သည်။


အရမ်းမိုက်တာပဲ! 


စာအုပ်ထဲမကူးပြောင်းလာခင်တွင် သူမသည် မိဘမဲ့တစ်ဦးဖြစ်သည်။ သူမသည် သူမ၏အခင်ဆုံးသူငယ်ချင်းများနှင့်အတူ အိမ်ငယ်လေးတွင် နေထိုင်ခဲ့သည်။ သူမ စားချင်သည့်အရာအတွက် သူမတွင် ပိုက်ဆံမရှိပေ။ သူမသည် ပြိုင်ပွဲများ၌ ဆုရရှိပြီးနောက်မှသာ ဟော့ပေါ့ကို တစ်ခါတစ်ရံ မှာယူနိုင်ခဲ့သည်။ သုံးရမည့်ပမာဏထက် ကျော်လွန်သွားမှာစိုးလို့ နောက်ထပ်ပါဝင်ပစ္စည်းတွေ ထပ်မစားရဲခဲ့သော်လည်း အခုတော့...


သူမသည် တီဗွီကိုဖွင့်၍ ဆိုဖာပေါ် လှဲချလိုက်ပြီး လောဘမကြီးဘဲ မနေနိုင်တော့ပေ။


ဤနေရာသည် ညဘက်၌လည်း လုံခြုံရေးအရမ်းကောင်းသည်ဟု ချင်းယောင်ပြောထားသောကြောင့် ကျုံးယို့ယို့က မကြောက်ဘဲ ဘောင်းဘီရှည်ဝတ်ကာ ဖိနပ်ကိုဆွဲစီးပြီး အောက်ထပ်ကိုဆင်းသွားခဲ့သည်။ ဤနေရာနားတစ်ဝိုက်တွင် သရေစာရောင်းသည့် လမ်းတစ်လမ်းရှိပြီး အတော်လေးစီးပွား‌ရေးဖြစ်ထွန်းလှ၏။ အခုအချိန်က လမ်းပေါ်မှာ လူတွေပြည့်နှက်နေပြီး  တိုဟူးနံကင်တွေ ရှိသည့်အချိန်ပင်။


ကျုံးယို့ယို့၏မျက်၀န်းတွေကတော့ တောက်ပနေလေပြီ။


ဒါပေါ့၊ သူမ အဲ့ဒါတွေကို အရင်းခံပြီး စားနေရဆဲဖြစ်ပြီး သူ့မရဲ့ဗိုက်က လောဘပိုကြီးလာလိမ့်မည်ပင်။ ကျုံးမိသားစုအိမ်မှာတုန်းက ပင်လယ်ခရုများနှင့် ကြက်တောင်ပံတွေကို စားရသည့်အချိန် စားချင်စိတ် လုံးဝမရှိခဲ့သော်လည်း အခုတော့ ဆာလို့သေတော့မည်ဖြစ်သည်။


သူမက အများအပြားမှာယူလိုက်ပြီး ထိုင်စားဖို့ရန်အတွက် ပြတင်းပေါက်နားက ဆိုင်သေးသေးလေးကို ရွေးချယ်လိုက်၏။


သူမရဲ့ပါးစပ်က ဆီတွေပြည့်နှက်သွားတဲ့အခါ ၎င်းကို သုတ်လိုက်ပြီးနောက် အထီးကျန်သလိုခံစားလိုက်ရပြီး ဆယ်လ်ဖီအနည်းငယ်ရိုက်ယူဖို့လည်း မမေ့ခဲ့ဘဲ ဓာတ်ပုံတွေကို ချင်းယောင်ဆီ ပို့လိုက်သေးသည်။


**

ကျုံးပါပါးနှင့် ကျုံးမာမားတို့သည် အလုပ်ကိစ္စအဆုံးသတ်၍ ပွဲမှ မောမောပန်းပန်းနှင့် ပြန်လာကြသော်လည်း ခဏလောက်ထိုင်ပြီးနောက် ကျုံးယို့ယို့ ညလုံးပေါက် အိမ်မပြန်လာဘူးဆိုတာကို သိလိုက်ရပြီး ကျုံးမိသားစုတစ်ခုလုံး ‌ဗြောင်းဆန်လုနီးပါးဖြစ်သွားခဲ့သည်‌ဆိုတာကိုတော့ သူမ မသိခဲ့ချေ။


"သူမ ဘာလို့ပြန်မလာသေးတာလဲ" 


ကျုံးပါပါး၏ ပထမဆုံးတုံ့ပြန်မှုသည် ကျုံးရှီယို့နှင့် အတူတူပင်။ ကျုံးယို့ယို့၏ အချိန် 80% သည် သူမ၏ လူဆိုးသူငယ်ချင်းအုပ်စုနှင့်အတူ ဘားတစ်ခုကိုသွားပြီး ကုန်ဆုံးခဲ့သည်ပင်။ သူ့နဖူးမှာ တဆတ်ဆတ်တုန်ခါသွားရပြီး ကလေးပြန်မလာသည်က အမှန်တကယ်ကို စိုးရိမ်စရာကောင်းနေပြီဟု ခံစားနေရသောကြောင့်"သူမကို ဖုန်းခေါ်ပြီး အမြန်ပြန်လာခိုင်းလိုက်‌ အပြင်ထွက်ရင် အရမ်းနောက်ကျနေတာက ဘယ်လောက်အန္တရာယ်ကြီးလိုက်လဲ"


ကျုံးရှီယို့က ဖုန်းကို ကမ်းပေးလိုက်တယ်။


"ကျွန်တော် သူ(မ)ကို အကြိမ်ပေါင်းများစွာ ဖုန်းဆက်ပြီးပြီ အားလုံးကို အစ်မက ငြင်းလိုက်တယ်"


သူ့မျက်နှာက အနည်းငယ် ရုပ်ဆိုး(အဆင်မပြေ)နေပြီး ပြောရမလား၊မပြောရဘူးလား မသိတော့ချေ။"အိမ်တော်ထိန်းကြီး ခင်ဗျားပြောလိုက်ပါ" 


အိမ်တော်ထိန်းသည်လည်း ချွေးတွေကိုသုတ်ပြီး ပြောလိုက်ရသည်။


"ဒီနေ့ ချင်းမိသားစုရဲ့ သခင်လေးက ဒုတိယသခင်မလေးကို ပစ္စည်းတွေ ပြောင်းရွှေ့ဖို့အတွက် လာကူညီပေးတယ် အဲဒီအချိန်တုန်းက လူတွေက စားသောက်နေကြပြီး ဘာတွေရွှေ့ပြောင်းသွားလဲဆိုတာကို သတိမထားမိကြဘူး ဖြစ်နိုင်တာက......"


တခဏချင်းမှာပဲ ကျုံးပါပါးနှင့်ကျုံးမာမားတို့သည် တပြိုင်နက်တည်း မလှုပ်ရှားနိုင်ဖြစ်သွားတော့သည်။ ကျုံးယို့ယို့ အိမ်ကနေ ထွက်ပြေးသွားတာလား။


ကျုံးပါပါး၏မျက်နှာသည် စိမ်းသွားပြီး အပေါ်ထပ်သို့ အမြန်တက်သွားသည်။ ကျုံးမာမားက မတ်တပ်ထရပ်လိုက်တဲ့အချိန်တွင်တော့ မူးဝေသွားရသည်။ မုန့်ရှစ်ရွှမ်က သူမကို အလျင်အမြန် ထောက်မ,ပေးလိုက်သော်လည်း သူမသည် ဘေးနားရှိမုန့်ရှစ်ရွှမ်ကို မမြင်ရသလိုမျိုး မုန့်ရှစ်ရွမ်၏လက်မှ ရုန်းထွက်သွားကာ ဒုတိယထပ်ဘက်သို့ အမြန်လှည့်ထွက်သွားသည်။


ကျုံးယို့ယို့၏အခန်းသည် ထုံးစံအတိုင်းပင် လော့ချထားသည်။


"အိမ်တော်ထိန်း သော့ယူလာခဲ့" ကျုံးပါပါးသည် သော့ကိုယူကာ သော့မပွင့်သွားခင်ထိ နှစ်ကြိမ်သုံးကြိမ်လောက် ထည့်လိုက်ရပြီး အခန်းတံခါးကို ဖွင့်လိုက်သည်။


ကျုံးပါပါး၊ကျုံးမာမားနှင့် ကျုံးရှီယို့တို့သည် အခန်းတံခါးဝမှာ ရပ်နေကြပြီး ဗလာဖြစ်နေသော အခန်းကိုမြင်လိုက်ကြရသည်.....မဟုတ်သေးဘူး၊ လုံးဝတော့ ဗလာမဖြစ်နေပေ။ အိပ်ယာနှင့် ပရိဘောဂများကို မဖယ်ရှားထားချေ။ ကျုံးယို့ယို့ကို ကျုံးမာမား‌ပေးထားသည့် ဗီရိုထဲတွင် ကျုံးယို့ယို့မလိုချင်သော အ၀တ်အစားတချို့ ရှိနေသည်။ ကျုံးယို့ယို့ မကြာခဏဝတ်လေ့ရှိသော ပစ္စည်းများနှင့် လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ အိမ်ကိုဝယ်လာခဲ့သည့် အစုအပုံများကသာ ပျောက်ကွယ်သွားခဲ့သည်။


ကျုံးယို့ယို့ကတော့ ပျောက်နေလေသည်။


တခဏချင်းမှာပဲ လူအနည်းငယ်က မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရ၏။ သူတို့စိတ်ထဲတွင် တိမ်မည်းတွေပေါ်လာပြီး နှလုံးသားကတော့ ချက်ချင်းပင် အောက်ပြုတ်ကျသွားတော့သည်...။


ကျုံးယို့ယို့ တကယ်ကြီး ဒီအိမ်ကနေ ထွက်သွားမယ်လို့ သူတို့ စိတ်မကူးခဲ့မိဘူး။


လွန်ခဲ့သည့်သုံးနှစ်အတွင်း ကျုံးယို့ယို့သည် အကြိမ်ကြိမ်ထွက်ပြေးခဲ့သော်လည်း သူတို့က ထိုအဖြစ်ကို အလေးအနက်မယူဆခဲ့ကြပေ။ ကျုံးမာမားက သူမကို စိတ်အနှောက်အယှက်ဖြစ်စွာနှင့် ပြက်ရယ်ပင်ပြုလိုက်သေးသည်။


 "နင် ဘယ်နေရာသွားလို့ရလဲ၊ နင့်ရဲ့မွေးစားအမေက နင့်ကို မလိုချင်တော့ဘူးလေ ကျုံးမိသားစုကပဲ နင့်ကို ထောက်ပံ့ပေးနိုင်တာ ထပ်ပြီးထွက်မပြေးနဲ့တော့"


 ထို့ကြောင့် ကျုံးယို့ယို့သည် မျက်လုံးများနီရဲပြီး ထွက်ပြေးသွားတိုင်း အဆုံးကျလျှင် ညစ်ပတ်ပေရေစွာဖြင့် ပြန်လာရသည်ချည်းပင်။


ထို့ကြောင့် ကျုံးယို့ယို့သည် တစ်နေ့တွင် သူမ၏ အရာများကို ပြောင်းရွှေ့သွားလိမ့်မည်ဟု သူတို့မထင်ခဲ့ကြပေ။


ခံစားချက်အရိပ်အယောင်များ ချန်ရစ်ထားခြင်းမရှိပဲ သပ်သပ်ရပ်ရပ်ပြောင်းရွေ့ထားသော အခန်းလွတ်သည် လူများ၏ မျက်၀န်းတွေထဲ စူး၀င်နေပြီး သူတို့နှလုံးသားတစိတ်တပိုင်းကို ရုတ်တရက်ဖယ်ရှားလိုက်သလိုမျိုး အသက်ရှူမဝဖြစ်စေသည်။


ကျုံးမာမားသည် ဖြူဖျော့သွားပြီး ခြေထောက်များ ပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ ရုပ်ဆိုးသော(အဆင်မပြေသော) အမူအရာဖြစ်နေသည့် ကျုံးရှီယို့နှင့် မုန့်ရှစ်ရွှမ်တို့က သူမကို ဘေးနှစ်ဖက်မှထောက်မ,ပေးလိုက်ကြပြီး အောက်ထပ်ကိုဆင်း၍ ဆိုဖာပေါ်တွင် ထိုင်စေလိုက်သည်။


ဘာကြောင့်မှန်းမသိသော်လည်း ဒီတစ်ခေါက် ဒုတိယအစ်မ အိမ်ကထွက်သွားပြီး ဘယ်တော့မှ ထပ်ပြီးပြန်မလာတော့ဘူးလို့ ကျုံးရှီယို့ ခံစားလိုက်ရသည်......


ဤတခေါက်သည် ယခင်ကနှင့် ကွဲပြား၏။


ယခင်ကဒုတိယအစ်မဖြစ်သူသည် ပုန်ကန်ထကြွသော်လည်း သူမက သူတို့ကို အလွန်ဂရုစိုက်ကြောင်းနှင့် သူတို့၏ချစ်ခြင်းကို ရယူလိုခြင်း၌လည်း ရူးသွပ်ပြီး တစ်ပါးသူအပေါ်  ယုံမှားသံသယလွန်ကဲနေသည်ကိုလည်း မြင်နိုင်လေသည်။


သို့သော်လည်း ယခုလက်ရှိ ဒုတိယအစ်မကတော့ သူတို့ကို သူစိမ်းတွေလိုမျိုး ခံစားချက်တစ်စုံတစ်ရာမရှိဘဲ ကြည့်နေခဲ့သည်ပင်။


ထို့ကြောင့် ကျုံးပါပါးသည် ချင်းယောင်ကို ဖုန်းခေါ်ချင်ခဲ့သည်။ သူလည်းပဲ ဘေးတွင် နှေးတိနှေးကန်ဖြင့်ထိုင်၍ ထိန်းချုပ်နိုင်ခြင်းမရှိဘဲ လက်နှစ်ဖက်ကို ဆံပင်ထဲ ထိုးထည့်လိုက်မိသည်။


 သူ့အဖေက ဒုတိယအစ်မကို ရှာတွေ့ရင်တောင် ဒုတိယအစ်မ ပြန်မလာလောက်ဘူးလို့ ကျုံးရှီယို့ခံစားရသည်။သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့ထားရင်း နှလုံးသားသည်တော့ နာကျင်မှုကြောင့် တဆတ်ဆတ်တုန်နေခဲ့လေသည်။


"ဘယ်လိုလဲ?" ကျုံးမာမားက မျက်ရည်တွေကို သုတ်လိုက်ပြီး "ဘာလို့ သူ(မ)က အရမ်းကို ရုတ်တရက်ဆန်ဆန်ကြီး ထုပ်ပိုးပြီး ထွက်သွားရတာလဲ ငါ သူ(မ)ကို အခန်းသစ်ဆီခေါ်သွားဖို့တောင် အချိန်မရခဲ့ဘူး..."


ကျုံးပါပါးနှင့် ကျုံးရှီယို့တို့နှစ်ယောက်လုံးက စိတ်အခြေအနေမကောင်းဖြစ်နေပြီး သူမ ဘာတွေပြောနေလဲတာကို အာရုံမစိုက်နေကြချေ။


ထောင့်တွင်ထိုင်နေသော မုန့်ရှစ်ရွှမ်သာလျှင် သူမ၏ လက်သည်းတွေ လက်ဖဝါးထဲ စိုက်မိလုနီးပါးထိ ဆိတ်ထားသည်။ ကျုံးယို့ယို့ ၊ အကုန်လုံးက ကျုံးယိူ့ယို့ချည်းပဲ။ သူမက ကျုံးပါပါးနှင့် ကျုံးမာမားအတွက် လက်ဆောင်တွေပြင်ဆင်ထားပြီး ၎င်းတို့ကို တစ်နေ့တာလုံး ရွေးချယ်ခဲ့ရပေမယ့် လက်ဆောင်ပေးဖို့အချိန်မရခင်မှာပဲ ကျုံးယို့ယို့က ထပ်ပြီးဒီလိုရှုပ်ထွေးအောင် လုပ်လိုက်ပြန်ပြီ။ ဒါက လူတိုင်း၏အာရုံကို ပြောင်းသွားစေခဲ့သည်။


"မင်္ဂလာပါ ရှောက်ချင်း(သခင်လေးချင်း)" ကျုံးပါပါးသည် နောက်ဆုံး၌ ဖုန်းခေါ်ဆိုလို့ရသွားသည့်အချိန်တွင် သက်ပြင်းတစ်ချက်ချလိုက်သည်။


ဖုန်း၏အခြားတစ်ဖက်ရှိ အသံသည် အေးစက်နေပြီး စိတ်ပါ၀င်စားမှုမရှိနေချေ။ "ဘာကိစ္စရှိလို့လဲ"


ချင်းယောင်သည် ကြမ်းပြင်မှ မျက်နှာကြက်ထိဆောက်လုပ်ထားသည့် ပြတင်းပေါက်များရှေ့တွင် မတ်တပ်ရပ်နေပြီး ကျုံးယို့ယို့ပို့လိုက်သည့် ဓာတ်ပုံများကို ကြည့်နေရင်း နားရွက်များထိ ပြန့်နေသည့် နီရဲတွတ်နေမှုသည် မပျောက်သွားသေးပေ။ သူ့လက်ချောင်းတွေက ဘယ်လိုပြန်ဖြေရမှန်းမသိ၍ reply နေရာမှာပင် ကပ်နေဆဲ။ ဤသည်က ကျုံးယို့ယို့ သူ့ကို မက်ဆေ့ချ်ပို့ဖို့ အစပျိုးလာသည့် ပထမဆုံးအကြိမ်ဖြစ်ပြီး သူ့မျက်၀န်းတွေက ပျော်ရွှင်မှု၊ ရှက်ရွံ့မှုတို့ကြာင့် တောက်ပနေကာ သတိထားမှုအနည်းငယ်သည်လည်း ပါ၀င်နေလေသည်။


(ကြည့်ကောင်းတယ်) ထပ်ဖျက်လိုက်မယ်။ အရမ်းများ ပေါ့ပြက်ပြက်နိုင်နေမလား။


ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်ကိုသာ အမြဲကြိုက်ခဲ့မှန်း သူ မသိခဲ့လျှင် ကောင်းပေလိမ့်မည်။ ဒါဆိုရင် အခု ဘယ်လို replyပြန်ရမလဲဆိုတာ သိလိမ့်မည်ဖြစ်သည်။


ချင်းယောင်သည် ခံစားချက်အားလုံးကို ဖုံးကွယ်ပြီး မျက်လွှာချလိုက်သည်။


မသင့်လျော်သောအရာအားလုံးကို ဖျက်ပြီး "အိမ်ကို စောစောပြန်ဦး"ဟု ရေးလိုက်၏။


ထို့နောက် ပို့လိုက်သည်။


သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဒီလိုမျိုးပြန်ဖြေတာက စိတ်ချရတယ်လို့ ခံစားမိသော်လည်း ခဏအကြာ ကျုံးယို့ယို့ကပြန်မဖြေခင်ထိ အနည်းငယ် စိတ်မသက်မသာဖြစ်နေလေသည်။ သူက အရမ်းများ လူကြီးလိုဖြစ်နေလား။ ကျုံးယို့ယို့သည် ဤသို့သောအကြံဥာဏ်မျိုးကို အမုန်းဆုံးဖြစ်သည်။


သို့ပေမယ့် အရမ်းနောက်ကျသွားပြီဖြစ်ပြီး စာတွေအားလုံး ရောက်သွားပြီပင်။


ဒါမှမဟုတ်ရင် တစ်ခုခုတင်ပြီး chatမှာ စကားသွားပြောရင်ရော ။ ကျို့ယို့ယို့နှင့် သူတစ်ခါမှ စကားမပြောဖူးပေ...


ချင်းယောင်၏မျက်၀န်းများက အနည်းငယ် ဝမ်းနည်းသွားသည်။ သူသည် ရေချိုး၀တ်စုံကို ၀တ်ထားဆဲဖြစ်ပြီး ဆံပင်များပင် မခြောက်သေးချေ။ ကျုံးယို့ယို့၏ replyကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စောင့်ဆိုင်းနေခဲ့သော်လည်း အလယ်လောက်တွင် ဖုန်းတစ်ခု၀င်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ဘဲ စိတ်ဓာတ်ကျနေခဲ့လေသည်။


ကျုံးပါပါးသည် ချင်းယောင်၏ အကြီး(ယို့ယို့‌အဖေ)ဖြစ်သည့်အတွက် သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်နေရသည့်အရာကို တိုက်ရိုက်ပင်မေးမြန်းလိုက်၏။ 


"ယို့ယို့ အခုဘယ်မှာလဲဆိုတာ မင်းသိလား"


ချင်းယောင်၏မျက်၀န်းများ တောက်ပလာပြီး ကျုံးယို့ယို့နှင့် စကားပြောရမည့် အကြောင်းအရာကို ရုတ်တရက် တွေ့သွားရသည်။


သူက အလျင်အမြန်စာရိုက်လိုက်သည်။ (ယို့ယို့ ဦးလေးက ငါ့ကိုဖုန်းခေါ်ပြီး မင်းဘယ်မှာရှိလဲသိလားလို့ မေးနေတယ်)


ဒီစာကိုပို့ပြီးတာနှင့် ပါးစပ်ထဲဆီအပြည့်ဖြင့် အကင်တွေစားနေသော ကျုံးယို့ယို့သည် ထိတ်လန့်တုန်လှုပ်သွား၏။ ကျုံးပါပါးက ချင်းယောင်ကို ဘာလို့ဖုန်း‌ခေါ်တာလဲ ၊ အရင်တုန်းက မူလပိုင်ရှင် အိမ်ကနေထွက်ပြေးရင်တော့ ကျုံးမိသားစုက အမြဲတမ်းလျစ်လျူရှုခဲ့ပြီးတော့။ သူမက လက်ကိုအလျင်စလိုသုတ်လိုက်ပြီး သူ့ကို replyပြန်လိုက်သည် ။


(မသိဘူးလို့သာပြောလိုက်!!!)


အာမေဋိတ်သုံးခုက တကယ်ကို ချစ်စရာကောင်းတယ်။


ချင်းယောင်ကပြုံးပြီး နှုတ်ခမ်းကိုဟကာ ဖုန်း၏အခြားတစ်ဖက်ရှိ ကျုံးပါပါးအား အေးစက်စက်ပြန်ပြောလိုက်သည်။ "မသိဘူး၊ သူမကို လာခေါ်ဖို့ပဲ တောင်းဆိုခဲ့တာ ကားပေါ်ကဆင်းပြီးတော့ သူမဘယ်သွားမှန်း ကျွန်တော်လည်းမသိဘူး"


"ကောင်းပြီ ကျေးဇူးပါ" ကျုံးပါပါးက သူပြောတာကို သံသယမ၀င်ခဲ့ပေ။ တကယ်တော့၊ သူသည် Qin မိသားစုတွင် တတိယအငယ်ဆုံးဖြစ်ပြီး သူ့ကိုလိမ်ရန်အကြောင်းမရှိပေ။ သူက ကျုံးယို့ယို့ကို ဘယ်တော့မှ ဖွက်ထားမှာမဟုတ်ဘူး။


ဒါပေမယ့် ကျုံးယို့ယို့က ဒီလိုညဘက်ကြီးမှာ ဘယ်ကိုသွားတာလဲ။ သူ့အရင်ဘဝက ကျုံးယို့ယို့ဖြစ်ခဲ့တဲ့ ဘေးအန္တရာယ်တွေကိုတွေးမိတော့ သူရူးသွပ်သွားလုမတတ်ပင်။


"ငါ သူ(မ)ကို ကားနဲ့လိုက်ရှာမယ်" သူက ချက်ချင်း ထရပ်လိုက်ပြီး သူ့အင်္ကျီကို ကောက်ကိုင်လိုက်သည်။


ကျုံးမာမား၏မျက်နှာသည် ဖြူဖျော့နေပြီး သူလိုက်ရှာဖို့လုပ်နေတာကို မြင်သည့်အခါ သူမလည်း နောက်ကလိုက်ဖို့လုပ်လာ၏။ ကျုံးရှီယို့က "မေမေ မေမေ့အခြေအနေက ကောင်းပုံမပေါ်ဘူး အရင်အနားယူလိုက်ပါ ကျွန်တော် ဒါရိုက်ဘာကျောက်ကို ဒုတိယအစ်မကို သီးခြားခွဲရှာဖို့ ပြောလိုက်မယ်"


"မေမေလည်း အတူတူသွားလို့မရဘူးလား" ကျုံးမာမားသည် အလွန်ပင် စိတ်မချမ်းသာဖြစ်နေသောကြောင့် စကားသံများပင် တဆတ်ဆတ်တုန်ရီနေလေသည်။


သို့သော်လည်း သူမ မတ်တပ်ထရပ်ပြီးတာနဲ့တပြိုင်နက် သူမရဲ့ခြေထောက်တွေက အားနည်းသွားတတ်တာကြောင့် အနောက်ကလိုက်ဖို့ပြင်နေတာကို ရပ်တန့်လိုက်ရပြီး ကျုံးပါပါးနှင့် ကျုံးရှီယို့တို့ သူမကို သီးခြားစီရှာနေကြတာကို စောင့်ကြည့်နေခဲ့ရ၏။


ထိုအချိန်တွင်တော့ သူမသည် ယို့ယို့အကြောင်းနှင့်ပတ်သက်၍ အနည်းငယ်မျှသာသိသည်ကို သူမ သဘောပေါက်သွားရသည်။ သူမ(ယို့ယို့)ဘာစားရတာကြိုက်လဲဆိုတာ သူမ မသိရုံသာမက အခု သူမ(ယို့ယို့) ဘယ်ကို သွားလောက်မယ်ဆိုတာကိုပင် သူမ မသိချေ။...


သူတို့ အရင်တုန်းက ယို့ယို့ကို ဘယ်သောအခါမှ စိတ်မပူခဲ့ဖူးပေ။


ဒါကို ကျုံးမာမား တွေးမိသွားသည့်အခါ သူမသည် မျက်ရည်တွေစီးကျလာသည်ကို တားဆီးမရတော့ဘဲ အပ်တစ်ချောင်းထိုးသွင်းခံလိုက်ရသလိုမျိုး သူမ၏နှလုံးသားလေးက နာကျင်မှုခံစားနေရ‌တော့သည်။


အခု ဆယ်နာရီခွဲနေသော်လည်း ဘယ်သူမှ သူ(မ)ကို ရှာမတွေ့သေးချေ။ ကျုံးပါပါးနှင့် ကျုံးရှီယို့တို့က  ရိုးရိုးရှင်းရှင်းပင် ကားတစ်စီးထဲစီးလိုက်ကြပြီး နယ်ပယ်ကို တတ်နိုင်သမျှ ကျဉ်းအောင်လုပ်ကာ စစ်ဆေးကြည့်ဖို့ လက်ထောက်ကို တောင်းဆိုခဲ့ကြသည်။ ကံကောင်းတာလားတော့ မသိပေမယ့် ကားက လမ်းပေါ်မှာ ရပ်သွားခဲ့၏။မီးနီစောင့်ဆိုင်းနေစဉ်တွင် ကျုံးရှီယို့သည် ကားပြတင်းပေါက်မှဖြတ်ပြီး ခပ်‌ရေးရေးပုံရိပ်တစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။


သူက ပင်ပန်းနွမ်းနယ်နေသော မျက်၀န်းများကို ပွတ်သပ်၍ နောက်တစ်ကြိမ်ပြန်ကြည့်လိုက်ပြီး အသက်ရှုကြပ်သွားသည်။


 "ဖေဖေ ကြည့်ပါဦး အဲဒါ ဒုတိယအစ်မ,မလား"


သူ ကျုံးယို့ယို့ကို မြင်လိုက်ရသည်လေ။ သူမသည် လမ်းလျှောက်ရင်းဖြင့် ပန်ကိတ်နှင့် သစ်သီးတွေကို မဆင်မခြင်စားနေလေသည်။ သူမ၏လက်ကောက်ဝတ်မှာ ချိတ်ဆွဲထားသည့် ပလတ်စတစ်အိတ်ထဲတွင်လည်း အသားကင်တစ်ဒါဇင်ကျော်ရှိနေသေးသည်......


လမ်းဖြတ်ကူးပြီးနောက် သူမသည် နားကြပ်ကိုပင်တပ်၍ ခုန်ပေါက်နေပြီး စားပြီးသွားသည့်အိတ်ကို အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်ကာ အသားကင်နံ့ကို ပျော်ရွှင်စွာဖြင့် ရှူရှိုက်နေလေသည်။


ကျုံးပါပါးက ကျုံးရှီယို့ညွှန်ပြသည့် လမ်းကြောင်းကိုကြည့်လိုက်တော့ အံ့အားသင့်သွားပြီး ထို့နောက် သူ့မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။


မဟုတ်သေးပါဘူး ၊ အိမ်ကနေ ထွက်ပြေးလာပြီးနောက်မှာ သူမ ဘာလို့အရမ်းပျော်နေရတာလဲ..........