အပိုင်း ၂၂
Viewers 10k

Chapter 22




ဒါက ကျုံးရှီယို့ထင်မြင်ထားသည်နှင့် လုံးဝကို ကွဲပြားနေ၏။  ကျုံးယို့ယို့ အိမ်မှထွက်ပြေးရန် ရွေးချယ်ခဲ့သည့်အကြောင်းရင်းက တစ်ပတ်အတွင်း မကျေမနပ်မှုများ စုပုံလာပြီး နောက်ဆုံးတွင် သူမ၏မိသားစုကို စိတ်ပျက်သွား၍ ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားခဲ့တာဖြစ်မည်ဟု သူတို့ထင်ခဲ့ကြသည်။ ထို့ကြောင့် ယခုအချိန်၌ သူမသည် နီရဲနေသော မျက်၀န်းများနှင့် အားမွေးနေပြီး ထောင့်တစ်နေရာမှာ ကွေးနေလောက်ရမည်ပင်။


ကျုံးပါပါးသည် နေ့ခင်းတုန်းက အခြားလူတစ်ယောက်က ‌နားထောင်မကောင်းသည့်စကားတွေ သူမကိုပြောခဲ့ပြီး ယို့ယို့က ထိုစကားတွေကြောင့် ဒေါသတကြီးဖြင့် အိမ်မှထွက်သွားတာဖြစ်မည်လားဟုပင် တွေးမိခဲ့သည်။ သူ့စိတ်က စိုးရိမ်ပူပန်မှုတွေပြည့်နှက်နေပြီး ဖရိုဖရဲဖြစ်နေသောကြောင့် ကောင်းကောင်းစဉ်းစားဖို့ အချိန်မရှိခဲ့ချေ။


သို့သော်လည်း ယခုမူကား.....


သူတို့ရှေ့မှ ဤသို့သောမြင်ကွင်းကို မြင်လိုက်ရတော့ အမှန်တကယ်ပင် အံ့ဩသွားရလေသည်။


ကျုံးယို့ယို့က အိမ်မှထွက်လာပြီးနောက် အရမ်းပျော်ရွှင်နေသည်လား? သူတို့၏ အိမ်ထဲသို့ ဝင်လာပြီးကတည်းက သူမ ဒီလောက်ထိ ပျော်ပျော်ရွှင်ရွှင်ခုန်ပေါက်နေတာမျိုး သူတို့ တစ်ခါမှမတွေ့ခဲ့ဖူးချေ။ ယခု သူမသည် သူတို့ကို ထားရစ်ခဲ့သော်လည်း အဆင်ပြေနေပုံရလေသည်။


မိသားစုဝင်ဖြစ်သည့် သူတို့တွေကို သူမ အမှန်တကယ် ဂရုမစိုက်တော့ဘူးလား။


ကျုံးပါပါးသည် အသက်ရှူမဝဖြစ်သွားရပြီး သူ့မျက်နှာက တခဏလောက် ဖြူဖျော့သွားလိုက်၊ ပြာနှမ်းသွားလိုက်ဖြစ်နေကာ ကျုံးရှီယို့သည်တော့ ပို၍ပင် ထုံထိုင်းသွားပြီး တိတ်ဆိတ်သွားတော့သည်။


စက္ကန့်အနည်းငယ်အကြာတွင် ကျုံးပါပါးက တုံ့ပြန်မှုတွေကို ပြန်လည်ထိန်းချုပ်လိုက်ပြီး မျက်နှာရှုံ့မဲ့စွာဖြင့် တံခါးကိုတွန်းဖွင့်လိုက်ကာ "မင်းက ကြောင်တောင်တောင်နဲ့ ဘာလုပ်နေတာလဲ? မင်းရဲ့အစ်မကို မတားရင် သူမထွက်သွားလိမ့်မယ်!"


ကျုံးရှီယို့က သူ့လက်တွေကိုဆံပင်ထဲ ထိုးထည့်လိုက်ပြီး ၀မ်းနည်းနေသောခံစားချက်ဖြင့် ပြောလိုက်မိ၏။ "ဖေဖေ၊ အော်နေတာရပ်လိုက်ပါတော့! ဖေဖေအော်ခေါ်လိုက်ရင်တောင် အစ်မက ပြန်လာမှာမဟုတ်ဘူးလို့ ကျွန်တော်ထင်တယ် အစ်မ သူမက ကျွန်တော်တို့နဲ့ လုံးဝခွဲထွက်သွားခဲ့ပြီ"


သူသည်လည်း သဘာ၀ကျကျပင် ဒုတိယအစ်မကို ပြန်လာစေချင်ပြီး ထိုမှသာ ဒုတိယအစ်မနှင့် အဆင်ပြေအောင်လုပ်နိုင်မည့်အခွင့်အရေး ရှိမည်ပင်။ သို့သော်လည်း ယခုတွင် အပြင်၌ အလွန်ပျော်ရွှင်နေသည့် ဒုတိယအစ်မကို မြင်လိုက်ရပြီးနောက် သူမသာ အပြင်မှာနေလို့ ပိုပျော်ရွှင်ရလျှင် အပြင်မှာ နေခွင့်ပြုလိုက်မည်ဟု သူ ရုတ်တရက် တွေးမိခဲ့၏။ အဆုံးတွင်တော့ ကျုံးမိသားစုထဲတွင်ရှိနေပါက သူရှိနေလျှင်ပင် သူမက မပျော်ရွှင်ရချေ။


ကျုံးပါပါးက သူမနောက်သို့ ခြေလှမ်းအနည်းငယ်သာ လိုက်ရသေးသော်လည်း ကျုံးယို့ယို့သည် သူ့ထက် ဤနေရာနှင့် ပိုရင်းနှီးဟန်ရပြီး သူက ခြေလှမ်းအနည်းငယ်သာ ရွေ့လျားရသေးသော်လည်း သူမသည်တော့ ပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား ရောနှောသွား၏။ ရပ်ကွက်ဂိတ်တံခါးဆီထိ သူလိုက်သွားခဲ့သော်လည်း သက်တော်စောင့်များက သူ့ကို တားဆီးထားခဲ့သည်။ ပြီးနောက် ကျုံးယို့ယို့၏ ခုန်ပေါက်ပြီး အသားကင်ကိုသယ်လာသည့်ပုံရိပ်လေးက ပျောက်ကွယ်သွားတော့သည်။


သက်တော်စောင့်က ကျုံးပါပါးကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။ ဤလူက ၀တ်စုံနှင့်ရှူးဖိနပ်ကို အကျအန၀တ်ဆင်ထားသည်ဆိုတော့ ထိုသူသည် အဆင့်အတန်းရှိသော သူဌေးကြီးဖြစ်လောက်မည်။ သို့သော် ချင်းမိသားစုမှ တတိယသခင်လေး၏ အမိန့်ကိုလည်း သူနားထောင်ရဦးမည်ပင်။ ဘယ်သူပဲ ဝင်လာလာ၊ သူ တင်းတင်းကျပ်ကျပ် စစ်ဆေးရမည်လေ။ ထိုသူကသာ ရပ်ကွက်ထဲနေထိုင်သူမဟုတ်လျှင် ဝင်ခွင့်မရှိချေ။


သူက "မဂ်လာပါ ဆရာ၊ ခင်ဗျားက ပုံမှန်နေထိုင်သူမဟုတ်ရင် ၀င်လို့မရပါဘူး"


ကျုံးပါပါးသည် ကျုံးယို့ယို့ဝင်သွားလား၊မ၀င်သွားဘူးလားဆိုသည်ကို သိပ်မသေချာသောကြောင့် "အသက် 18 နှစ်ဝန်းကျင် ကလေးမလေးတစ်ယောက် အခုလေးတင် ၀င်သွားသေးလား" ဟု မေးမြန်းလိုက်သည်။


သူက အဆောက်အဦး 32 ၊ G ရပ်ကွက်မှာနေတဲ့ အိမ်ပိုင်ရှင် ကျုံးယို့ယို့ကိုရှာနေတာဖြစ်မှန်း သက်တော်စောင့်က ကြားလိုက်သည်နှင့်တပြိုင်နက် ရှောက်ချင်းက အထူးတလည်အမိန့်ပေးထားသောကြောင့် မျက်လုံးလှိမ့်ပြီး ပြောလိုက်သည်။


"မ၀င်လာဘူးခင်ဗျ ကျွန်တော် ဒီမှာပဲ တစ်ချိန်လုံးရှိနေတာ ဘယ်မိန်းကလေးမှ ဝင်မလာပါဘူး"


ကျုံးပါပါးက ချက်ချင်းပင် သူ့ကိုသွားခွင့်ပြုလိုက်သည်။


သူက ကားပေါ်ပြန်တက်လိုက်ကာ အလွန်အမင်းရှုပ်ထွေးနေခဲ့ပြီး ၀မ်းနည်းခြင်းနှင့် နှလုံးသားနာကျင်ခြင်းများကိုသာ ခံစားလိုက်ရသည်။


ကျုံးပါပါးသည် စိတ်အခြေအနေမကောင်းနေပေ၊ သူသည် အနည်းဆုံးတော့ ကျုံးမိသားစုတွင် ကျုံးယို့ယို့နှင့် အဆင်ပြေခဲ့သောသူပင်။ ကျုံးယို့ယို့ကို ပြန်ခေါ်လာရန် မရမကတောင်းဆိုခဲ့သူမှာ သူဖြစ်သော်လည်း ပြန်ခေါ်လာပြီးနောက်တွင် သူသည် ကျုံးယို့ယို့အား လုံးဝဂရုမစိုက်ဘဲ သူမကို ပိုက်ဆံပေးဖို့ကိုသာ သိခဲ့သူဖြစ်သည်။


ကျန့်ယုံလန်၏နှလုံးသားသည် အလွန်ပင်ကြင်နာတတ်ပြီး သူတို့၏စိတ်များက မုန့်ရှစ်ရွှမ်အပေါ် ဘက်လိုက်မိနေကြောင်းကိုလည်း သူသိသော်ငြား မည်သည့်အခါမှ စိတ်ထဲမထားခဲ့ကြပေ။ မည်သို့ပင်ဖြစ်စေ သူသည် ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရသည်က အခက်အခဲသိပ်မရှိဘူးလို့ အမြဲတွေးခဲ့ပြီး ကျုံးမိသားစုတွင်လည်း ပိုက်ဆံမချို့တဲ့နေချေ။ ယုံလန်သည် မုန့်ရှစ်ရွှမ်ကို နှစ်သက်သောကြောင့် သူမကို သူ့ကိုယ်ပိုင်သမီးလေးအဖြစ် ယူဆထားပြီး သူတို့၏သမီးအဖြစ် ဆက်ရှိစေသည်ကလည်း အဆင်ပြေလေသည်...


မထင်မှတ်ပဲ နောက်ပိုင်းမှာ ပဋိပက္ခတွေ ပို,ပို၍များလာခဲ့သည်ပင်...


ဒီနေ့ ဒီလိုအခြေအနေတွေဖြစ်လာမည်ဆိုတာ သူကြိုသိရလျှင် လွန်ခဲ့သည့်သုံးနှစ်လောက်ကတည်းက မုန့်ရှစ်ရွှမ်ကို သူ မောင်းထုတ်လိုက်မည်ပင်။


ဤသို့တွေးမိတော့ သူ မုန့်ရှစ်ရွှမ်ကို ပိုလို့တောင် ဒေါသဖြစ်သွားရသည်! လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူသည် မုန့်ချန်၏ ကလေးလဲထားသည့် သက်သေအထောက်အထားများကို စတင်စုဆောင်းနေခဲ့သည်။ အားလုံးကိုရှာတွေ့ပြီးသည်နှင့် ထိုအရှက်မရှိသောအမျိုးသမီးကို ဗျူရိုထဲသို့ ချက်ချင်းပို့လိုက်မည်ဖြစ်သည်။ မုန့်ရှစ်ရွှမ်က ဤသည်ကိုသိသွားပြီး ထိုသို့မလုပ်ရန် ထပ်ပြီးအသနားခံတောင်းပန်လာမည်ကို  မလိုချင်သောကြောင့် ဒါကို ဘယ်သူမှမသိအောင် သူဖုံးကွယ်ထားခဲ့သည်။


သို့သော် ကျုံးယို့ယို့ကတော့ ဤနေရာသို့ရောက်နေခဲ့ပြီ....


ကျုံးပါပါးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကျုံးယို့ယို့နေထိုင်သည့်နေရာသည် အနည်းဆုံးတော့ လုံခြုံကြောင်းသိလိုက်ရပြီး အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။သူသည် တခဏလောက် ငြိမ်သက်နေပြီး မျက်ခုံးကိုပွတ်သပ်၍ ဖုန်းကိုထုတ်ကာ ကျုံးယို့ယို့ကို ခေါ်လိုက်သည်။


မောင်လေးရဲ့ဖုန်းကို မကိုင်ပေမယ့် သူ့အဖေရဲ့ဖုန်းကိုတော့ ဖြေလောက်ပါသည်လေ။


သို့သော် ကျုံးပါပါးသည် ထိုသို့တွေးနေခဲ့သော်လည်း မျှော်လင့်ချက်တော့ များစွာမထားခဲ့ပေ။ ယို့ယို့က သူတို့မိသားစုကို လုံးဝစိတ်ပျက်နေသည်ဆိုတာ သူသိ၏။ ထိုအိမ်တွင်နေခဲ့စဉ်က သူမကို အေးစက်စက်မဆက်ဆံသည့် နေ့ရက်တစ်ရက်မှ မရှိခဲ့ဘဲ ရှီယို့ပြောခဲ့တာတွေက အမှန်ပင်ဖြစ်သည်။ သူတို့က သူမကို ဆွဲဆောင်ဖို့ လိုအပ်လိမ့်မည်ပင် ။ သူမသာ ပြန်မလာချင်ဘူးဆိုလျှင် ဤကိစ္စကို ဖြည်းဖြည်းချင်းလုပ်ဖို့သာ တတ်နိုင်တော့သည်။


မမျှော်လင့်ဘဲ၊ စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့သည်။


ကျုံးယို့ယို့သည် အိမ်ထဲသို့ ဝင်နေပြီဖြစ်ပြီး ဖိနပ်လဲခါနီးတွင် ဖုန်းမြည်သံကို သူမကြားလိုက်ရသောအခါ ချင်းယောင်ဟုထင်သွားပြီး ဖုန်းကို လက်နှစ်ချောင်းဖြင့် ထုတ်ယူလိုက်ကာ ကိုင်လိုက်သည်။


"ဟေး"


ကျုံးပါပါးက ပျော်ရွှင်သွားဟန်ရပြီး ကျုံးရှီယို့သည်ပင် ရုတ်တရက် ပြန်လည်တက်ကြွလာကာ ဖုန်းနားကိုင်းညွတ်၍ အော်ဟစ်လိုက်သည်။"အစ်မ!"


ကျုံးပါပါးက ကျုံးရှီယို့ကို စိုက်ကြည့်ပြီး သူအော်ဟစ်လိုက်တဲ့အတွက် အပြစ်တင်လိုက်သည်။


"..." ကျုံးယို့ယို့က ဖုန်းစခရင်ကို တစ်ချက်ကြည့်လိုက်ရာ ချင်းယောင်မဟုတ်ဘဲ ကျုံးပါပါးဖြစ်မှန်းသိလိုက်ရပြီး သူမ၏စိတ်အခြေအနေက သိပ်မပျော်ရွှင်နေတော့ပေ။ "အွန်း"ဟူသော အသံယဲ့ယဲ့ပြုလုပ်ပြီးနောက် သူမက သံယောဇဉ်ကင်းသောလေသံဖြင့် "ဘာကိစ္စရှိလို့လဲ?"


ကျုံးပါပါးသည် စိတ်တည်ငြိမ်သွားပြီးနောက် ပိုကြင်နာသည့်အသံဖြင့် ပြောဖို့ရာ အကောင်းဆုံးကြိုးစားလိုက်သည်။


"ယို့ယို့ သမီး ဘာလို့ အဖေတို့ကိုမပြောဘဲ အိမ်ကနေ ထွက်သွားရတာလဲ ဒါက အရမ်းစိုးရိမ်စရာကောင်းတယ်လေ"


ကျုံးယို့ယို့သည် သူမဝယ်လာသော အိမ်သုံးပစ္စည်းအချို့ကို စားပွဲပေါ်တင်လိုက်ကာ ဆိုဖာပေါ် ခြေချင်းချိတ်ထိုင်လိုက်၏။ "အိုး"


ကျုံးပါပါးက စိတ်ထိခိုက်သွားပြီး အလွန်တရာ ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရသည်။ 


"သမီး မုန့်ရှစ်ရွှမ်ကြောင့် အိမ်ကနေထွက်သွားတာလား"


သူ ခေတ္တရပ်လိုက်သော်လည်း ထိုသည်က မုန့်ရှစ်ရွှမ်ကို မောင်းထုတ်ရမည်ကို ဂရုစိုက်သောကြောင့်မဟုတ်ဘဲ ကျန့်ယုံလန်သည် မုန့်ရှစ်ရွှမ်ကို သမီးအဖြစ် ဆယ်နှစ်ကျော် ချစ်ခင်တွယ်တာနေခဲ့ပြီးဖြစ်၍ သူမ ထပ်ငိုသည်ကို မြင်ရမှာဝန်လေးသောကြောင့်ဖြစ်သည်။


သို့သော် သူက ကတိပေးလိုက်ဆဲပင်။ "သမီးပြန်လာရင် အဖေ မုန့်ရှစ်ရွှမ်ကို ပြန်ပို့လိုက်မယ် အဖေတို့မိသားစုက အတူတူနေကြမှာမလား အဖေတို့မိသားစုတစ်ခုတည်းပဲလေ"


ကျုံးယို့ယို့သည် နှစ်စက္ကန့်ကြာ တိတ်ဆိတ်သွားသည်။


ကျုံးပါပါးက သူမကို ဒီလောက်အတိုင်းအတာအထိ ပေးချင်စိတ်ရှိ‌သောကြောင့် သူမ အနည်းငယ် အံ့သြသွားမိသည်။ ဝတ္ထုထဲတွင်တော့ သူတို့သည် သိသိသာသာပင် မုန့်ရှစ်ရွှမ်ကို ဘက်လိုက်ကြကြောင်း ထင်ရှားသည်။ ဤသည်က သူမနှင့် မုန့်ရှစ်ရွှမ်ကြားမှ ဇာတ်ကွက်များ မှားယွင်းသွားတာလားဟု သူမကို သံသယ ဖြစ်စေလေသည်။ သို့သော် ၎င်းက အမှန်တကယ် မလိုအပ်ချေ။ သူတို့ ဒီလိုလုပ်ပေးစရာ မလိုဘူး။


"မပြန်လာချင်ဘူး" သူမ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။


"သမီး တစ်ယောက်တည်းနေခဲ့ဖူးတယ်  ကျင့်သားရနေပြီ"


ကျုံးပါပါးနှင့် ကျုံးရှီယို့တို့နှစ်ယောက်စလုံးသည် နွမ်းလျစွာဖြင့် ထိုင်နေကြပြီး သူမရဲ့စကားကိုကြားသောအခါ သူတို့နှလုံးသားက ထုံကျင်သွားရသည် ။ သေချာတာပေါ့၊ ယို့ယို့က အမှန်တကယ်ပင် အိမ်မပြန်လာချင်ချေ။


အချိန်အတော်ကြာပြီးနောက် ကျုံးပါပါးက သက်ပြင်းတစ်ချက်ချပြီး "ကောင်းပြီ မနက်ဖြန်ကျရင် အဖေ သမီးရဲ့အမေနဲ့ လာလည်မယ်"


ကျုံးယို့ယို့က မျက်မှောင်ကြုတ်ကာ ဖုန်းကို အခြားနားတစ်ဖက်သို့ ပြောင်းလိုက်ပြီး "မလာနဲ့ မနက်ဖြန် ကျောင်းသွားရမှာ"


ကျုံးပါပါးက ထပ်ပြောလာပြန်သည်။"ဒါဆို စနေ၊ တနင်္ဂနွေကျရင် သမီးရဲ့မောင်လေးနဲ့ အဖေ လာလည်မယ်လေ"


နောက်ဆုံးတွင်တော့ ကျုံးယို့ယို့က အိမ်ကနေ ထွက်လာတဲ့သူပင်။ ဒါပေါ့၊ သူမက ကျုံးမိသားစုကို သူမ၏လိပ်စာမသိစေလိုသောကြောင့် စကားပြန်မပြောခဲ့ပေ။


ယို့ယို့ဆီမှ ဘာသံမှမကြားရဘဲ ပူပြင်းသော နွေရာသီလေတိုက်သံနှင့် ပုစဉ်းရင်ကွဲသံများသာ ရှိနေခဲ့ပြီး ဒါက အဆက်ဖြတ်ခြင်းနှင့် အေးစက်ခြင်းဟု ဆိုလိုသည်ပင်။


ကျုံးပါပါးသည် ညတွင်းချင်း အသက်အများကြီးပိုကြီးသွားသလို ခံစားလိုက်ရပြီး "ဒါဆို ဒီအပတ် ပိတ်ရက်မှာ ထမင်းစားဖို့ ပြန်လာနော်" ဟုသာ ပြောလိုက်ရလေသည်။


ကျုံးယို့ယို့သာ ဤသည်ကို သဘောမတူလိုက်ပါက ကျုံးပါပါးသည် ယနေ့ညတွင် သူမကိုလာတွေ့မှာ 80% သေချာမည်မှန်း သူမ သိသည် ။ ထို့ကြောင့် သူမသည် မတ်တပ်ထရပ်၍ ရေအေးအေးလေး တစ်ငုံသောက်လိုက်ပြီး အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေ‌သည့် ခံစားချက်ဖြင့်  “ဟုတ်ပါပြီ” ဟု ဝတ်ကျေတန်းကျေ ပြောလိုက်ရသည်။


စကားသံမဆုံးခင်မှာပင် သူမ ဖုန်းချလိုက်သည်။