အပိုင်း ၂၃
Viewers 12k

Chapter 23




ကျုံးပါပါးနှင့် ကျုံးရှီယို့တို့သည် စနေ၊တနင်္ဂနွေတွင် ညစာစားရန် ပြန်လာမည်ဟု သူမကတိပြုသည်ကို ကြားသောအခါ သိသိသာသာပင် စိတ်သက်သာရာရသွားသည်။ ဒီစနေ၊တနင်္ဂနွေမှာ သူမ တကယ်ပြန်လာပါ့မလားဆိုသည်ကို သူတို့မသိရုံလေးသာ။ သူမရဲ့အသံက သိသိသာသာကို ဆိုးရွားနေခဲ့သည်လေ။ ထိုအကြောင်းကိုတော့ သားအဖတွေက မစဉ်းစားမိအောင် အစွမ်းကုန် ကြိုးစားလိုက်ကြသည်။ မဟုတ်ရင် သူတို့ပိုတွေးလေလေ ပိုနာကျင်လေလေဖြစ်လို့ပင်။


ကျုံးရှီယို့သည် ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး လွန်ခဲ့သောနှစ်နှစ်က ဒုတိယအစ်မ အိမ်ကနေ ထွက်ပြေးခဲ့သည်ကို သတိရမိသွားသည်။ ထိုအချိန်တုန်းကတော့ ယခုလက်ရှိထက် ပိုဆိုးခဲ့၏။ မိုးက သည်းထန်စွာရွာနေပြီး သူ့အသက်ရှုသံတွေပင် ရေခဲဖြစ်သွားနိုင်သည့် ဆောင်း‌ရာသီနှောင်းပိုင်းညတစ်ညပင်။ အဲ့ဒီအချိန်တုန်းက သူမ ဘာလို့ဒေါသထွက်ပြီး ငိုခဲ့တာလဲ.....


သူမနှင့် မုန့်ရှစ်ရွှမ်၏အခန်းထဲမှ အပူပေးစက်သည် အတူတူပျက်သွားပုံရသော်လည်း ထိုနေ့ကလာသည့် အလုပ်သမားက အတော်နောက်ကျမှ ရောက်လာသည်မို့ ကျုံးမာမားက အလုပ်သမားတွေကို မုန့်ရှစ်ရွှမ်၏အခန်းထဲမှ အပူပေးစက်ကိုသာ အရင်ပြင်ခိုင်းလိုက်၏။ မုန့်ရှစ်ရွှမ်၏အခန်းထဲမှ အပူပေးစက်ပြုပြင်မှုသည် ထိုနေ့တွင် ပြီးစီးခဲ့သော်လည်း သူမ၏အပူပေးစက်အား ပြင်ဆင်ဖို့ကိုတော့ ရက်အတော်ကြာ  အချိန်ဆွဲနေခဲ့သည်ပင်။


သူမက ဝမ်းနည်းလွန်းသောကြောင့် နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ ပြေးထွက်သွားခဲ့သည်။


သို့သော်ငြား ထိုအချိန်တုန်းက မိသားစုသည် သူမကို လုံးဝလက်မခံရသေးသောကြောင့် ဘယ်သူမှ ဂရုမစိုက်ခဲ့ကြချေ.....


ကျုံးရှီယို့သည် ထိုအကြောင်းကိုတွေးနေရင်းဖြင့် အပြင်မှ ယာဉ်အသွားအလာကို ကြည့်လိုက်ပြီး ထိုအချိန်တုန်းက သူ့နှလုံးသားသည် အေးစက်စက်ခဲ(သတ္တု)များနှင့် ပြည့်နှက်နေသည်ဟုသာ ခံစားလိုက်ရသည်။


သူ တကယ်နောင်တရမိခြင်းပင်။


ကျုံးပါပါးနှင့် ကျုံးရှီယို့တို့သည် မောပန်းနွမ်းနယ်စွာဖြင့် ပြန်သွားခဲ့ကြသည်။ သန်းခေါင်ကျော်နေပြီဖြစ်သော်လည်း ကျုံးမာမားက အိပ်မပျော်သေးသောကြောင့် ဆိုဖာပေါ်တွင်ထိုင်၍ သူတို့ကို စောင့်နေဆဲဖြစ်သည်။


သူတို့ပြန်လာတာကိုမြင်တော့ သူမက ဝမ်းသာအားရ ထရပ်လိုက်ပေမဲ့ သူတို့ကိုမြင်ပြီးပြီးချင်း ကျုံးယို့ယို့ပါမလာတာကို သိလိုက်ရသည်။ သူမ၏မျက်နှာပေါ်မှအပြုံးသည် ရုတ်တရက် ပျောက်ဆုံးသွားပြီး ဝမ်းနည်းသွားကာ နောက်ဆုံးတွင် သူမမျက်နှာပေါ်ရှိ မျက်ရည်များကိုအုပ်ကာ ထိုင်ချလိုက်သည်။


ကျုံးမိသားစုသည် ပုံမှန်မဟုတ်စွာဖြင့် တိတ်ဆိတ်ငြိမ်သက်နေပြီး အိမ်တွင်းရှိလေထုသည်လည်း မွန်းကြပ်စရာကောင်းနေကာ မည်သူမျှ စကားမပြောကြချေ။


ကျုံးရှီယို့သည် အလွန်ပင်ပန်းနေသဖြင့် လက်ချောင်းများကိုပင် မ,မနိုင်တော့ဘဲ လေးလံသောခြေလှမ်းများဖြင့် အပေါ်ထပ်သို့ တန်းတက်သွားခဲ့သည်။


မုန့်ရှစ်ရွှမ်သည် ည၀တ်အင်္ကျီ၀တ်ထားပြီး  ခေါင်းအုံးကိုကိုင်ကာ ဒုတိယထပ်ရှိ ကော်ရစ်တာတွင်ရပ်နေချိန် သူပြန်လာတာကိုမြင်တော့ သူမက စိုးရိမ်တကြီးဖြင့် မေးလာသည်။ "ဘယ်လိုလဲ သူမကို ရှာတွေ့ကြလား"


ကျုံးရှီယို့သည် ယခုအချိန်တွင် သူမအား နှစ်သိမ့်ရန်ပင် ခွန်အားမရှိဘဲ မျက်တောင်စင်းကျနေခဲ့ပြီး သူမကိုဖြတ်သွားကာ အခန်းထဲပြန်သွားရန်လုပ်ခဲ့သည်။


မုန့်ရှစ်ရွှမ်သည် ကျုံးမာမားတစ်ညလုံး မလှုပ်မယှက် ထိုင်နေခဲ့တာကို တွေ့လိုက်သောကြောင့် ကြောက်ရွံ့မှုတွေနဲ့ မကျေနပ်ချက်တွေက သူမနှလုံးသားထဲမှာ တခဏချင်း ပွင့်အံထွက်လာခဲ့သည်။ ကျုံးမိဘတွေက ကျုံးယို့ယို့ကို ဒီလောက်ထိစိတ်ပူနေတာမျိုး သူမတခါမှမမြင်ခဲ့ဖူးချေ။ ကျုံးယို့ယို့ကို မျက်နှာသာပေးပြီး သူမကိုပဲ ချစ်ပေးကြတော့မည်လား......


တစ်ချိန်က သူမရရှိထားခဲ့သည့်အရာများ အနည်းငယ်ဆုံးရှုံးသွားသလို ခံစားနေရသည်ပင်။ မဟုတ်သေးပေ၊ ဆုံးရှုံးသွားခြင်းမဟုတ်ဘဲ ကျုံးယို့ယို့က လုယူသွားခြင်းဖြစ်သည်။


သူမက အချစ်ခံရဖို့ အသည်းအသန်ကြိုးစားခဲ့သော်လည်း ဘာဖြစ်သွားရတာလဲ။


ဤသည်ကိုတွေးမိပြီး သူမရဲ့မျက်နှာပေါ်မှ မျက်ရည်စတွေနှင့် ကျုံးရှီယို့ကို မဆုပ်ကိုင်ဘဲ မနေနိုင်တော့ဘဲ ဆို့နင့်စွာဖြင့် "အဲ့ဒါ အစ်မရဲ့အမှားလား ဒါမှမဟုတ် ဖေဖေနဲ့မေမေက အစ်မကို အဝေးပို့ပစ်တော့မှာလားဟင် ဒါမှ ညီမလေးက ပြန်လာနိုင်လောက်မယ်လေ..."


ဗီလာကတိတ်ဆိတ်နေပြီး ကော်ရစ်တာမှ သူမပြောသမျှကို ဧည့်ခန်းထဲမှပင် ကြားနိုင်လေသည်။ ကျုံးမိဘတွေက အဲဒါကိုကြားပေမယ့် လှုပ်ရှားမှုလုံးဝမရှိဘဲ မုန့်ရှစ်ရွှမ်ရဲ့ခံစားချက်တွေကို အာရုံစိုက်ဖို့ စိတ်ကူးမရှိကြချေ။


မုန့်ရှစ်ရွှမ်က ကူကယ်ရာမဲ့နေဟန်ဖြင့် ငိုကြွေးနေပြီး"... ဖေဖေနဲ့ မေမေက အစ်မကို သဘောမကျကြတော့ဘူးလား?"ဟု ရေရွတ်နေခဲ့၏။


ကျုံးရှီယို့သည် သူမ၏သစ်တော်ပွင့်သဏ္ဍာန် မျက်၀န်းများ စိုစွတ်နေပြီး ငိုကြွေးနေသည်ကို မြင်လိုက်ရသည့်အခါ သနားညှာတာစိတ် မ၀င်လာခဲ့ပေ။ ထိုသည်က ယခင်ကသာဆိုလျှင် မုန့်ရှစ်ရွှမ်အား အနိုင်ကျင့်သူတိုင်းကို တွေဝေတုံ့ဆိုင်းခြင်းမရှိ သူ ကူညီပေးမိမှာ သေချာသည်။


ယခုမူ သူ့မျက်၀န်းများသည် လျစ်လျူရှုလိုခြင်းများဖြင့် ပြည့်နှက်နေပြီး "ကျွန်တော်ရဲ့မိဘတွေက အစ်မကို သဘောမကျကြတော့ဘူးလားတဲ့ ဒီမေးခွန်းကိုမေးလာတာက စိတ်ဝင်စားစရာကောင်းမနေဘူးလား အစ်မ.. အစ်မမှာ အစ်မရဲ့ကိုယ်ပိုင်မိဘ ရှိတယ်မဟုတ်ဘူးလား"


မုန့်ရှစ်ရွှမ်၏မျက်နှာသည် သူ၏ငေါ့တော့တော့စကားများကြောင့် ဖြူဖျော့သွားပြီး မသိစိတ်က သူ့ကို မော့ကြည့်လိုက်သော်လည်း ကျုံးရှီယို့သည်တော့ သူမရှေ့မှတံခါးကို ပိတ်ထားလိုက်ပြီဖြစ်သည်။


..........


နေရောင်ခြည်သည် လိုက်ကာများကြားမှ ဝင်ရောက်လာပြီး နေ့သစ်တစ်ခု စတင်လေပြီ။ 


မနေ့ညက ကျုံးအိမ် ဗြောင်းဆန်သွားခဲ့သည်ဆိုတာကိုတော့ ကျုံးယို့ယို့မသိခဲ့ချေ။ သူမက စိတ်အားထက်သန်စွာဖြင့် အိပ်ရာထလိုက်ကာ ဗီရိုထဲမှ ချစ်စရာကောင်းသော၀တ်စုံကိုရွေး၍ ဝတ်လိုက်သည်။ သူမက ကျောင်းယူနီဖောင်းကို မဝတ်ခဲ့ဘဲ ရိုးရိုးရှင်းရှင်းလေးသာ ၀တ်ဆင်ကာ ကျောပေါ်မှ ကျောင်းလွယ်အိတ်ဖြင့် ကျောင်းသွားခဲ့သည်။


သူမ ဘာသွားလုပ်တာလဲ။ ဒါပေါ့၊ သူမက မေးခွန်းတွေအတွက် ကျောင်းသွားတာလေ! စီနီယာအထက်တန်း‌ကျောင်း၏ အတန်း(၁၉)မှ ဆရာများပေးသော မေးခွန်းများသည် အနည်းငယ် ခက်ခဲနိုင်မည်ဟု သူမ မျှော်လင့်သည်။


ထိုအကြောင်းကို ပြောရလျှင် ချင်းယောင် သူမအတွက် ရှာပေးခဲ့သောအိမ်သည် အမှန်တကယ်ပင် ပြီးပြည့်စုံလှသည်။ ဘေးကင်းရုံသာမက ကျောင်းနှင့်လည်း အလွန်နီးပြီး နံနက်ခင်း၌လည်း ကျောင်းသွားရန်အတွက် ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရသောကြောင့် သူမ၏ကျန်းမာ‌ရေးအတွက် ကောင်းမွန်လေသည်။


သူမတွေးနေဆဲမှာပင် အောက်ထပ်၌ ကားတစ်စီးရပ်ထားသည်ကို တွေ့လိုက်ရ၏။


တစ်၀က်ချထားသော ကားပြတင်းပေါက်သည် နေကာမျက်မှန်တပ်ထားသော ချင်းယောင်၏ မျက်နှာတစ်ဝက်ကို ပြသနေသည်။


"နင် ဘာလို့ဒီကိုရောက်နေတာလဲ..." ကျုံးယို့ယို့ အနည်းငယ် အံ့သြသွားရသည်။


ချင်းယောင်က သူမကို ကားထဲ၀င်ဖို့ တံခါးဖွင့်ပေးလိုက်ပြီး "ကျောင်းသွားရတာ အရမ်းပျော်နေတာလား" ဟု မေးလာသည်။


ကျုံးယို့ယို့က ကျောင်းသွားဖို့ ဘယ်အချိန်အောက်ဆင်းလာမလဲဆိုတာ သူ မသိသလို မေးလိုက်ရန်လည်း ရှက်ရွံ့လွန်းသောကြောင့် မိုးလင်းခါနီး၌ ဤနေရာတွင် သူစောင့်နေလိုက်သည်ပင်။ နောက်ဆုံးတွင်တော့ ကျုံးယို့ယို့သည် သူနှင့် အနည်းငယ်ပိုနီးကပ်လာပြီဖြစ်ပြီး သံပူနေချိန် ထုရိုက်လိုက်သင့်သည်ဟု သူခံစားရသည်။


အောက်ထပ်ကိုဆင်းလာသည့် ကျုံးယို့ယို့က ခုန်ပေါက်နေခဲ့တာကို သူ အခုလေးတင် တွေ့လိုက်ရသည်။မြက်စားရတော့မည့် ယုန်လေးတစ်ကောင်လိုမျိုး သူ့ရဲ့စိတ်လှုပ်ရှားမှုကို သူ မတားဆီးနိုင်ခဲ့ချေ။ သူက အရမ်းပျော်ရွှင်နေပြီး သူ့ပါးစပ်ထောင့်က အပြုံးကိုပင် မရပ်တန့်နိုင်ဖြစ်သွားရသည်။ ယုန်လေးကို ကောက်ချီလိုက်ချင်ပေမယ့် ယုန်လေး ထွက်ပြေးသွားမည်ကိုလည်း စိုးလေသည်။


"ဒါပေါ့ ပျော်တယ်" ကျုံးယို့ယို့သည် ချင်းယောင်ကိုကြည့်၍ ထိုင်ခုံခါးပတ်,ပတ်ရန် ကိုင်းညွတ်လိုက်ပြီး ပြုံးရယ်ကာ "ကျောင်းမှာ လူချောလေးတွေ အများကြီးရှိတယ်လေ" ဟု ရုတ်တရက် ပြောလိုက်သည်။


"..... "


"ချင်းကော နင်မသိပါဘူး ရှစ်ကျစ်ထန်ကလွဲရင် ငါတို့ကျောင်းမှာ လူချောလေးအချို့ ရှိပါသေးတယ် ငါတို့အတန်းထဲမှာလည်း လူချောလေးတစ်ယောက်ရှိတယ် ရှစ်ယိမုန့်တဲ့ အရပ်မြင့်ပြီး ချောလည်းချောတယ်....."


ချင်းယောင်သည် ဘာမှမပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။


သူ စကားမပြောတာ အတော်ကြာသွားသည်။ ကားကို ဖြည်းညှင်းစွာ မောင်းနှင်လာသော်လည်း အဆုံးတွင် ကျောင်းနှင့်နီးလွန်းသဖြင့် ငါးမိနစ်မပြည့်မီပင် ကျောင်းတံခါးရှေ့ကို ရောက်သွားသည်။ လမ်းတစ်လျှောက်တွင် သူက ဘာစကားတစ်ခွန်းမှမပြောခဲ့သလို ကျုံးယို့ယို့ကိုလည်း တစ်ချက်မျှပင် မကြည့်လာချေ။


"ငါ သွားတော့မယ်နော်" ကျုံးယို့ယို့က သွားတော့မယ်ဆိုသည့် အမူအရာပြလိုက်ပြီး ကားပေါ်မှဆင်းကာ တံခါးပိတ်လိုက်သည်။


ချင်းယောင်က မျက်လွှာပင့်ကြည့်လာပြီး ဘာစကားမှမပြောလာပေ။ သူ့မျက်နှာပေါ်တွင်လည်း ဘာခံစားချက်မှမရှိဘဲ အေးစက်နေပြီး သူမကို လျစ်လျူရှုထားခဲ့သည်။


သို့သော်လည်း ကျုံးယို့ယို့ သေသေချာချာ ကြည့်လိုက်တော့ သူ၏စင်းကျနေသည့် မျက်၀န်းများထဲတွင် ဝမ်းနည်းမှု၊ မကျေနပ်မှုတွေနှင့် စွန့်ပစ်ခံရခြင်းဆိုသည့် ခံစားချက်အနည်းငယ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။


ကျုံးယို့ယို့က ဒိန်ခဲခိုးယူလို့ရသွားတဲ့ ကြွက်ကလေးလိုမျိုး ပျော်မြူးအားရစွာဖြင့် ပြုံးလိုက်သည်။ ချင်းယောင်က ပျင်းစရာကောင်းသည်ဟု သူမ မထင်ချေ။ သူသည် ပြင်းပြင်းထန်ထန် မနာလိုဖြစ်နေသော်လည်း သူမကို ဘာတစ်ခွန်းမှပြောပြခြင်းမရှိဘဲ မကျေနပ်ချက်များကို သူ့ဗိုက်ထဲ၌ မျိုသိပ်ထားရန်သာ ကြံရွယ်ထားသေးသည်။


ချင်းယောင်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး စတီယာရင်ကိုလှည့်ကာ ထွက်သွားချင်နေပြီပင်။


ကျုံးယို့ယို့သည် ပျော်ရွှင်သွားရပြီး ချင်းယောင်ကို လှမ်းခေါ်လိုက်မိသည်။"ခဏလေး"


ချင်းယောင်က ကားပြတင်းပေါက်ကို မှန်မရှိတော့သည်ထိ လျှော့ချလိုက်သည်။


ကျုံးယို့ယို့သည် ကားပြတင်းပေါက်ပေါ် လက်တင်၍ ကိုင်းညွတ်လိုက်ပြီး မေးစေ့ကို လက်နှစ်ဖက်ပေါ်တင်ကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်၏။ 


"ဒါပေမယ့် သူတို့တွေက နင့်လောက်မချောပါဘူး နင့်လောက်လည်း အရပ်မမြင့်ဘူး ကျောင်းဆင်းရင် ငါ့ကိုလာကြိုမှာလား"


ချင်းယောင်သည် စက္ကန့်အနည်းငယ်ကြာအောင် အမူအရာမဲ့နေခဲ့ပြီး မထိန်းချုပ်နိုင်တော့ဘဲ သူ့နားရွက်ထိပ်များက အနည်းငယ်နီရဲသွားတော့သည် ။ အရာတစ်ခုကို ဆုံးရှုံးသွားပြီး ပြန်ရလိုက်သလိုမျိုးပင်။ မော့လာပြီး ကျုံးယို့ယို့ကိုကြည့်လာသည့် သူ့ရဲ့မျက်၀န်းနက်လေးတွေက အရမ်းကိုတောက်ပနေပြီး ကျေနပ်မှုနှင့် ပျော်ရွှင်မှုအနည်းငယ်ကိုပင် ဖုံးကွယ်ထားသေးသည်။


သူက မျက်လွှာပြန်ချလိုက်ပြီး ဂရုမစိုက်ဟန်ဆောင်ကာ"ကောင်းပြီလေ မင်းကိုလာခေါ်စေချင်ရင် ငါ လာခေါ်မယ်"


ကျုံးယို့ယို့သည် သူ့မျက်နှာကို ဖျစ်ညှစ်ပစ်လိုက်ချင်သော်လည်း သူမ ထိန်းထားလိုက်သည်။


သူမက ရယ်မောကာ ကားပေါ်ကဆင်း၍ လက်ဝှေ့ယမ်းပြလိုက်သည်။"တာ့တာ"


ချင်းယောင်ကလည်း ပြန်ပြောလာသည်။ "တာ့တာ"


ကျောင်းဂိတ်တံခါးဝ၌ရှိ‌နေသည့် ရှစ်ကျစ်ထန်က ဤမြင်ကွင်းကို မြင်လိုက်ရလေသည်။သူသည် ရှစ်မိသားစု၏ကား‌ပေါ်မှ ဆင်းလာပြီးနောက် ထိုနေရာတွင် အချိန်အကြာကြီးရပ်တန့်နေခဲ့ပြီး ကျုံးယို့ယို့၏မျက်နှာပေါ်ရှိ အပြုံးချိုချိုကို စိုက်ကြည့်နေခဲ့မိသည်။ ထိုသို့ကြည့်‌နေမိသည်က ဘယ်လောက်ကြာသွားလဲဆိုသည်ကို မသိသော်လည်း သူအထဲမ၀င်ရသေးခင်မှာပင် ကျုံးယို့ယို့က ကျောင်းဂိတ်တံခါးကိုဖြတ်၍ အထဲ၀င်သွားပြီဖြစ်သည်။


ကျုံးယို့ယို့သည် သူမ၏အတန်းဖော် ရှစ်ယိမုန့်အား ဒုက္ခပေးမိခဲ့ကြောင်း မသိခဲ့ပေ။


ချင်းမိသားစုမှ သခင်လေးသည် ကားမောင်းထွက်သွားပြီးနောက်တွင် နက်တိုင်ကိုဆွဲချွတ်လိုက်ပြီး မျက်၀န်းများကိုမှေးကျဉ်းကာ  ဖုန်းခေါ်လိုက်သည်။ 


"ရှစ်ယိမုန့်လို့ခေါ်တဲ့ တစ်ယောက်ကို တစ်ချက်စစ်ဆေးပေး အင်း အတန်းဖော်တစ်ယောက်ပါ"


သူမသာသိသွားရင် စာသင်ခန်းထဲကို‌၀င်သွားတဲ့အချိန် ပေါ့ပေါ့ပါးပါး လမ်းမလျှောက်နိုင်တော့မှာစိုးရသည်။


*

သူမသည် ကျောင်းလွယ်အိတ်ကို သူမနေရာ၌ချလိုက်ကာ လူစုဝေးကြီးကို ကြည့်လိုက်ပြီး ချောင်းကြည့်နေကြသည့် ကောင်လေးအချို့ကိုတော့ ကျော်လိုက်သည်။ ယနေ့တွင် စာသင်ခန်း၏အငွေ့အသက်က ယခင်ကနှင့် အနည်းငယ်ကွဲပြားနေသည်ကို သူမ တွေ့ရှိခဲ့သည်။


ပုံမှန်အားဖြင့်၊ အတန်းသည် အမြဲဆူညံနေလေ့ရှိပြီး နောက်တန်းရှိ ကျောင်းသားအုပ်စုသာမက ရှေ့ဆုံးတန်းရှိ ပညာရေးမှတ်တမ်းကောင်းရှိသည့် ရွှီရှောင်ယွဲ့သည်လည်း အသံတိုးတိုးဖြင့် စကားပြောနေလေ့ရှိသည်။ သို့သော် ယခုအချိန်တွင် ရှီရှောင်ယွဲ့သည် ဆုတစ်ခုစောင့်ဆိုင်းနေသကဲ့သို့ ယုံကြည်ချက်ရှိရှိဖြင့် မေးစေ့ကိုပင့်ထားသည်။ ရှေ့ဆုံးတန်းမှ ကျောင်းသားတွေကြားတွင် အသံတိတ်ယမ်းမှုန့်များ ရှိနေလေသည်။


"ဘာဖြစ်နေတာလဲ?" သူက ထိုင်ခုံဖော်ကို မေးမြန်းလိုက်၏။


ထိုင်ခုံဖော်က "မင်း မမှတ်မိဘူးလား? ငါတို့အတန်းရဲ့ထုံးစံအတိုင်း ပထမအချိန်မှာ စာရွက်တွေ ဝေပေးမှာ ပြီးခဲ့တဲ့အပတ်က စာမေးပွဲရလဒ်တွေကို ဆရာက အစအဆုံး ပြန်သုံးသပ်ပေးလိမ့်မယ် ရှေ့ဆုံးတန်းက လူအချို့က တော်ကြတယ်လေ  ဒါပေမယ့် ငါကတော့ သေလောက်အောင် ဆူပူကြိမ်းမောင်းခံရဖို့ အဆင်သင့်ပြင်ထားတယ်"


ကျုံးယို့ယို့ ; "အိုး" သူမသည် ယခင်အပတ်က ကွက်လပ်များကို ဖြည့်ခဲ့ပြီး မေးခွန်းများကိုတော့ မရေးထားသောကြောင့် အလယ်အလတ်လောက်ရှိတဲ့ အဆင့်လေးတော့ ရှိသင့်သည်။


အနည်းဆုံးတော့ ဆူပူကြိမ်းမောင်းမခံရလောက်ချေ။


ထိုင်ခုံဖော်က သူမ၏ ဘာမှဂရုမစိုက်သောသွင်ပြင်ကို တွေ့လိုက်ရတော့ စိတ်ပူသွားသည်။ "အိုး နင်ဘယ်လိုလုပ်မလဲ နောက်ပိုင်းကျရင် ဆရာလီက နင့်ကို သေချာပေါက် အရင်ဆုံးခေါ်မှာ နင့်ရဲ့အဆင့်တွေက ၀က်တွေထက်တော့ ပိုကောင်းပါသေးတယ်လို့ နင်ပြောခဲ့တယ်လေ တော်ချက်"


ကျုံးယို့ယို့ : "???" မဟုတ်ဘူး၊ ဝက်တွေက ငါ့ထက် ဘယ်လိုပိုကောင်းနိုင်မှာလဲ။


သူတို့နှစ်ယောက် စကားမဆုံးခင်မှာပင် သင်္ချာဆရာက စာမေးပွဲစာရွက်တွေအပြည့်နှင့် ရောက်လာပြီး သူ့မျက်နှာသည်တော့ ပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့၏။ သူ့မျက်၀န်းများက လျှို့ဝှက်ဆန်းကြယ်နေပြီး အတန်းတ၀ိုက်လှည့်ပတ်ကြည့်နေသည်။ ထို့နောက် သူက ပြင်းပြင်းထန်ထန်ချောင်းဆိုးပြီး လည်ချောင်းရှင်းလိုက်သည်။ ပြောစရာမလိုစွာပင် အတန်းထဲမှာ အရမ်းကောင်းကောင်းဖြေထားကြတဲ့ ကျောင်းသားတွေအများကြီးရှိလို့ သူ အလွန်စိတ်လှုပ်ရှားနေခဲဲ့သည်ပေ။


ရွှီရှောင်ယွဲ့သည် ခေါင်းကိုမြင့်မြင့်မော့ထားပြီး ဆရာလီ၏အကြည့်ကို ‌၀င့်ကြွားစွာဖြင့် ပြန်ကြည့်နေသည်။ သူမရဲ့လက်ဖဝါးပေါ်က ချွေးတွေသည်တော့ စိမ့်ထွက်လုမတတ်ဖြစ်နေပြီဖြစ်သည်။


သူမဘေးနားက ကောင်မလေးက တိုးတိုးလေးကပ်ပြောလာသည်။ "သေချာသလောက်ကတော့ အဲ့ဒါနင်ပဲ အရင်တစ်ခေါက်စာမေးပွဲတုန်းက နင် အဖြေမှန်တွေ အများကြီးရခဲ့တယ်လေ ဒီတစ်ကြိမ်မှာလည်း အမှတ် ၁၀၀ ရလောက်တယ် တတိယနှစ်တစ်ခုလုံးမှ အမှတ် ၁၀၀ရတာက အယောက် ၉၀ ကျော်လောက်ပဲ ရှိတယ်ဆိုတာ နင်သိရမယ် ရှောင်ယွဲ့ နင်က အရမ်းတော်တာပဲဟယ်"


ရွှီရှောင်ယွဲ့က နှုတ်ခမ်းပင့်တက်လာပြီး ပြုံးလိုက်သည်။ သူမသည် အတန်း၏ထိပ်ဆုံး၌ ရှိလောက်မည်ဟု သူမလည်းထင်သည်။ ဒီအတန်းထဲမှာ ဘယ်သူက သူမကို အနိုင်ယူနိုင်မှာလဲ။