Chapter 24
"အားလုံးပဲ မင်းတို့လုပ်နေတာတွေကို ရပ်လိုက်ကြ နောက်ဆုံးအပတ် စာမေးပွဲ အောင်စာရင်းကို ဆရာကြေညာတော့မယ်"
လီသုန်းဖျင်သည် စာသင်ခန်းထဲသို့မဝင်လာမီက သူ့အပေါ်ရှိ အခြားသင်္ချာဆရာများ၏ မနာလိုနေသောအကြည့်များကို တွေးမိကာ မပျော်ရွှင်ဘဲနေနိုင်ခဲ့ပေ။ ဘယ်သူကထင်မှာလဲ! ပုံမှန်အားဖြင့် မြင့်မားတဲ့အဆင့်တွေကို ပြိုင်ဆိုင်မှုအတန်းအနည်းငယ်က သိမ်းပိုက်ထားပြီး ဒီနေ့တော့ သူ့အတန်းထဲမှာ ရမှတ်မြင့်မြင့်နှစ်ခုကို တကယ်ကြီး ရနိုင်ခဲ့မယ်လို့လေ!
မြင့်မားတဲ့ရမှတ်နှစ်ခု! ညံ့ဖျင်းတဲ့အတန်းတွေမှာ မရှိနိုင်တဲ့အရာ!
မနက်ကတည်းက အခုအချိန်အထိ လီသုန်းဖျင်၏ နောက်ကျောက မတ်နေပြီး ဌာနမှူးကိုမြင်ရတာပင် မကြောက်တော့ချေ။
အတန်း(၁၉)သည် ညံ့ဖျင်းသော အတန်းဖြစ်သော်လည်း နောက်ဆုံးနှစ်တန်းရှိ စာမသင်သည့် ဒုတိယမျိုးဆက်ဘိုးဘေး၊ ရှစ်ယိမုန့်မှလွဲ၍ ကျန်သည့်လူတိုင်းသည် ၎င်းတို့၏ အဆင့်များကို အလွန်စိုးရိမ်နေသောကြောင့် ခေါင်းမော့ကာ လီသုန်းဖျင်ကို ကြည့်လာကြသည်။
စာသင်ခန်းသည် သိသိသာသာ တိတ်ဆိတ်နေပြီး ရှေ့ဆုံးတန်းရှိ ကျောင်းသားအနည်းငယ်က စိတ်ဖိစီးနေကြဟန်ရှိကာ သူတို့၏ အဆင့်ကို ခန့်မှန်းကြည့်နေကြသည်။ အချို့သော ကျောင်းသားများက ဤကျောင်းသားများကဲ့သို့ သိသိသာသာမဖြစ်နေကြသော်လည်း တစ်ယောက်၊ နှစ်ယောက်လောက်သည်ကတော့ အနည်းငယ် စိတ်လှုပ်ရှားနေကြသည်ပင်။
ဤသို့သောလေထုကြောင့် ပုံကြီးချဲ့ခြင်းခံလိုက်ရသော ကျုံးယို့ယို့သည် နောက်ဆုံးတွင် သူမ၏ခေါင်းကို ပျင်းရိစွာဖြင့် မော့လာပြီး လီသုန်းဖျင်ကိုကြည့်လိုက်သည်။
လီသုန်းဖျင်သည် သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး လျို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်၏။
“ဒီတခေါက် စာမေးပွဲစာရွက်က ခက်မှန်း ဆရာသိပါတယ် တတိယနှစ်တစ်နှစ်လုံးမှာ အမှတ် ၁၀၀ နဲ့အောင်တဲ့သူ ၉၁ ယောက်ပဲရှိတယ် ဒါပေမယ့် မင်းတို့သိကြလား? ဆရာတို့ရဲ့ အတန်းထဲမှာ အမှတ်မြင့်မြင့်ရတာ နှစ်ယောက်တောင်ရှိတယ် တစ်ယောက်က တစ်ရာ့ငါးမှတ် ဒုတိယတစ်ယောက် တစ်ရာ့သုံးမှတ်!"
ရွှီရှောင်ယွဲ့ရဲ့နှလုံးသားက လည်ချောင်းထဲကနေ ထွက်လာတော့မလိုဖြစ်နေခဲ့ပြီ ။ထိုသူက သူမဖြစ်ရမည်။
ထိုတစ်ရာ့သုံးမှတ်သည် သူမရဲ့အမှတ်ဖြစ်လောက်မည်ပင်။
တစ်ရာ့ငါးမှတ်ကတော့ ရန်ကျီအန်းဖြစ်လောက်သည်။ ရန်ကျီအန်းသည် အတန်းထဲရှိ သိပ္ပံအတန်းကိုယ်စားလှယ်ဖြစ်သည်။ သူက နည်းနည်းအစွဲကြီးတတ်ပေမယ့် သိပ္ပံဘာသာမှာဆို အတန်းထဲတွင် အမြဲတမ်း ပထမရခဲ့သည့်သူဖြစ်သည်။ ပြီးတော့ ပြောစရာမလိုလောက်အောင်ပင် ရန်ကျီအန်းကို သင်္ချာဘာသာရပ်တွင် အကြိမ်ကြိမ်ကျော်လွန်နိုင်ခဲ့သော သူမ၏ စွမ်းဆောင်မှုသည် သိပ္ပံဘာသာတွင်တော့ အမြဲတမ်း ဒုတိယဖြစ်သည်။
သို့သော်လည်း အတန်းထဲတွင် ပထမရသူက သူမနှင့် ရန်ကျီအန်းမဟုတ်ဘဲ စွန်းမန့်ဖြစ်သည်။
ဤသည်ကိုတွေးမိတော့ သူမသည် ရှေ့တန်းမှ ဘယ်ဘက်ထောင့်နားရှိ စွန်းမန့်ကို ကြည့်လိုက်သည်။ စွန်းမန့်သည် ပိန်ပိန်သေးသေးလေးဖြစ်ပြီး ကျောင်းဝတ်စုံကို၀တ်ထားကာ သူမ၏ နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ်ကိုက်ထားပြီး ပုံမှန်မဟုတ်စွာဖြင့် တုန်လှုပ်နေဟန်ရလေသည်။
ရွှီရှောင်ယွဲ့သည် အနည်းငယ် အံ့အားသင့်သွားရသည်။
ဘာကို တုန်လှုပ်နေတာလဲ...ဤမြင့်မားတဲ့ရမှတ်နှစ်ခုထဲမှာ သူမ မပါလောက်တာကို စွန်းမန့်သိနေတာများ ဖြစ်နိုင်လား။
စွန်းမန့်သည် တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာတွင်လည်း သူမတို့ထက် ပိုကောင်းရမည်ဖြစ်သည်။ သို့မှသာ သူမသည် ပျမ်းမျှရမှတ်ကို ရရှိပြီး ပြည့်စုံသောရမှတ်များဖြင့် အတန်းထဲ၌ ပထမနေရာကို ရနိုင်မည်ပင်။
သို့သော်လည်း သိပ္ပံဘာသာတွင် ရမှတ်ကောင်းသူတွေကသာ အမှတ်တကယ်တော်သည့်သူတွေဆိုတာ လူတိုင်းသိကြ၏။ တရုတ်ဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးလုံး၌ တော်သူက နည်းပါးလှသည်။ သူမသာ တစ်ညလုံး လေ့လာခဲ့မယ်ဆိုရင် စွန်းမန့်ကို ကျော်လွန်နိုင်လိမ့်မည်ဖြစ်သည်။
"လူတိုင်း စိတ်လှုပ်ရှားနေကြတယ်ဆိုတာသိလို့ ဆရာက အဆင့်ကိုးကနေ စဖတ်မယ်" ဆရာလီက ပြုံးပြီး တမင်သက်သက် အချိန်ဆွဲနေလိုက်သည်။
"ဟာ!" အောက်ရှိ စိတ်လှုပ်ရှားနေသော တပည့်များသည် သူတို့၏အမေများကိုပင် ကြိမ်းမောင်းချင်သွားကြသည်။ ဒီဆရာအိုကြီးကတော့ စာမေးပွဲရလဒ်ကို ရသစုံရှိုးပွဲလို ကြေညာနေပြန်ပြီ။
လူယုတ်မာကြီးက သူတို့ကို ပိုစိတ်လှုပ်ရှားအောင်လုပ်ပြီး ဆက်ပလေးနေလေသည်။ ဥပမာအားဖြင့် ရှစ်ယိမုန့်သည် ယခုလက်ရှိတွင် ဂိမ်းကစားနေသည်။
"နဝမနေရာ၊ ၆၃ မှတ်၊ ကုန်းကျန်း" ဆရာလီသည် အကြီးအကျယ်အံ့အားသင့်နေသောအမူအရာဖြင့် စင်ပေါ်တက်လာသော ကောင်လေးအား စာရွက်ကို ပေးလိုက်သည်။ စကားမစပ်၊ သူက စကားနှစ်ခွန်းဖြင့် အားပေးလိုက်သေးသည်ပင်။ "မင်းက သိပ္ပံဘာသာမှာ မဆိုးဘူး၊ ကောင်းကောင်းလုပ်နိုင်တယ်"
ဒီတစ်ခေါက် ရမှတ်နည်းတာတွေက အရမ်းကိုများပြီး ထိုသည်က စာမေးပွဲစာရွက်၏ ခက်ခဲမှုကို ပြသနေသည်။
အဆင့်အောက်ခြေရှိ အတန်းဖော်များသည် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ကာ အဆင့်ကိုးကိုသာ ရလျှင် အောင်လောက်ပြီဟုတွေးပြီး သက်ပြင်းချလိုက်ကြသည်။ အဆင့်တစ်ဆယ်နောက်မှ သူတို့အားလုံးသည် စာမေးပွဲကျရှုံးသွားသည်မှန်း သိနိုင်သည်။ အတန်း(၁၉)ရှိ စုစုပေါင်း လူ ၆၃ယောက်တွင် ၅၄ယောက်က စာမေးပွဲကျရှုံးသည်ဟု ပြောနေသည်လား။
ကျုံးယို့ယို့ရဲ့ထိုင်ခုံဖော်က ခဏကြာပြီးနောက် သတိပြန်ဝင်လာပြီး စိုးရိမ်တကြီးဖြင့်ပြောလာ၏။
"ပြီးသွားပြီ စာမေးပွဲပြီးရင် အမှတ် 60 ကျော်လောက် ရနိုင်မယ်လို့ ထင်ခဲ့တာ အခုတော့ စာမေးပွဲမှာ အမှတ် 20 ကျော်ပဲ ရခဲ့ပုံရတယ် အရမ်းဆိုးတာပဲ!"
သူက ကျုံးယို့ယို့ကို ကြည့်လိုက်ပြီး မမေးဘဲမနေနိုင်တော့ချေ။"မင်းဘာလို့ အလျင်မလိုတာလဲ နင် ဖြည့်ရုံပဲ လိုက်ဖြည့်ထားတယ်ဆိုရင် ဂဏန်းတစ်လုံးတည်းပဲ ရလောက်တယ်"
ကျုံးယို့ယို့သည် ရင်သားကြီးပြီး ဦးနှောက်မရှိသည့် ပန်းအိုးစစ်စစ်ဖြစ်သည်ဟု သူထင်သည်။
သူမရဲ့မျက်နှာက မိတ်ကပ်တွေပြည့်နေပြီး တခြားကျောင်းက ကလေးတွေနဲ့ တစ်နေ့လုံး ရှုပ်ထွေးနေတဲ့အချိန်ဆိုတော့ သူမရဲ့စာမေးပွဲရလဒ်တွေကလည်း ရှုပ်ထွေးနေမှာပဲလို့ သူတွေးလိုက်မိသည်။ ယခုလက်ရှိတွင် သူမက မျက်နှာကိုသန့်သန့်ရှင်းရှင်းထားပြီး ခန္ဓာကိုယ် ကိုလည်းပြောင်းလဲကာ လှပလာသော်လည်း သူမသည် အလှပန်းအိုးတစ်လုံးသာ ဖြစ်နေဆဲဟု သူခံစားရသည်။
"..." ကျုံးယို့ယို့သည် ထိုင်ခုံဖော်က သူမနှင့် ပတ်သက်၍ ဘာတွေနားလည်မှုလွဲနေမှန်း မသိသော်လည်း လက်သီးများ ယားယံလာသည်ဟု ခံစားရသည်။
သူမက စိတ်မရှည်စွာဖြင့် “ပါးစပ်ပိတ်ထားလို့ရမလား”
သူမတို့ဘေးရှိ စကားစမြည်ပြောနေကြသည့်စားပွဲသည်လည်း သူမရဲ့စကားကိုကြားသွားပြီး ပါးစပ်ပိတ်လိုက်ကြ၏။ မိတ်ကပ်အပြည့်လိမ်းထားသည့် ယခင်ကနှင့် ယခုလက်ရှိ မိတ်ကပ်မလိမ်းတော့သည့် ကျုံးယို့ယို့၏ဒေါသကတော့ မပြောင်းလဲသွားဘဲ ဆူးအပြည့်နဲ့ သွားရှုပ်လို့မလွယ်ကူသေးချေ။
ရွှီရှောင်ယွဲ့နှင့် ကျုံးယိုယို့တို့၏နေရာများသည် တစ်ယောက်နှင့်တစ်ယောက် သိပ်မဝေးလှသောကြောင့် ရွှီရှောင်ယွဲ့က လှမ်းကြည့်လာသည်။ သူမသည် ဘာမှပြောမလာသော်လည်း နှုတ်ခမ်းများပင့်တက်သွားပြီး ဂုဏ်ယူသွားမိသည်။
ကျုံးယို့ယို့၏အဆင့်များသည် ယခင်က တစ်တန်းလုံးကို အောက်ဆွဲချသွားခဲ့ပြီး ကူးချခြင်းကြောင့်သာ အလယ် သို့မဟုတ် အောက်နားရှိ အဆင့်များရကြောင်း သူမသိထားသည်။ဤစာမေးပွဲသည် အလွန်ခက်ခဲသောကြောင့် သူမသည် ကူးချ၍မရလောက်ချေ။ ဂဏန်းတစ်လုံးသာရှိသည့်ရမှတ်သာ ရလောက်မည်ပင်။ ထို့နောက်တွင် သူမ အရှက်ရသွားလိမ့်မည်။ သူမ အရမ်းစိတ်ဆိုးမာန်ဆိုးဖြစ်နေတာ မဆန်းဘူး။
ထိုအချိန်တွင် စင်မြင့်ပေါ်ရှိ ဆရာလီက "သတ္တမနေရာ၊ 69 မှတ် ရွှီရှောင်ယွဲ့"
"..." ရွှီရှောင်ယွဲ့၏ပါးစပ်မှ အပြုံးသည် ခဏမျှ အေးခဲသွားသည်။
သူမဘေးနားရှိ ကောင်မလေးကလည်း အံ့အားသင့်သွားပြီး မယုံနိုင်စွာဖြင့် သူမကိုကြည့်လာသည်။ ခြောက်ဆယ့်ကိုး...ရွှီရှောင်ယွဲ့သည် အထက်တန်းကျောင်း စတက်သည့်နှစ်ကတည်းက စာမေးပွဲတွင် တစ်ခါမှမညံ့ခဲ့ဖူးချေ။ ထိုသည်က အလွန်ပင် ခက်ခဲလောက်ပေမည်။ ရွှီရှောင်ယွဲ့သည် ထိပ်တန်းကျောင်းသားများကဲ့သို့မဟုတ်ဘဲ ရိုးရိုးမေးခွန်းများကိုသာ ဖြေဆိုခဲ့ရသည်လား။ သူမ ဘာကြောင့် ဒီလောက်ထိ ညံ့သွားရတာလဲ ။
"ကြောင်ပြီး ဘာလုပ်နေတာလဲ" ဆရာလီက ဖော်ရွေစွာပြုံးလိုက်ပြီး "စိတ်ဓာတ်မကျပါနဲ့၊ ဒီရလဒ်က တော်တော်ကောင်းပါတယ် ရွှီရှောင်ယွဲ့ သမီးက အရမ်းဂရုစိုက်တတ်တယ် ရိုးရှင်းတဲ့တွက်ချက်မှုတွေမှာ အမှားအယွင်းမရှိသလောက်ဘဲ ဒါပေမယ့် သမီးရဲ့ပုစ္ဆာက မှားသည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဘယ်လိုဖြေရှင်းရမလဲဆိုတာသိဖို့လိုတယ် ပုစ္ဆာက နည်းနည်းပိုခက်သွားရင် ရလဒ်တွေက အားပျော့သွားမှာပဲ အနာဂတ်မှာ ပုစ္ဆာကိုဖြေရှင်းဖို့ပဲ အာရုံစိုက်ရမယ် အခုသိပြီလား"
သိပြီလို့!
ရွှီရှောင်ယွဲ့သည် သူမရဲ့နှလုံးသားအောက်ခြေကနေ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။သိပြီမို့ အဓိပ္ပာယ်မရှိတာတွေ အများကြီး မပြောပါနဲ့တော့။
လီသုန်းဖျင်၏ ထိုစကားများသည် သူမကို လူသိရှင်ကြား ကွပ်မျက်လိုက်သလိုပင်။ သူမ၏ မျက်နှာက နီမြန်းသွားရပြီး စင်ပေါ်ကို ပြေးတက်သွားကာ အောက်ချထားသည့် စာမေးပွဲစာရွက်ကို ယူလိုက်လေသည်။ရှေ့ဆုံးတန်းရှိ ပြိုင်ဘက်တွေရဲ့အမူအရာများကို သူမမကြည့်ဝံ့ချေ။ သူတို့ သူမကို လှောင်ပြောင်နေလောက်မည်ပင်။
ရွှီရှောင်ယွဲ့က ထိုင်ချလိုက်သည်။ စာရွက်ရဲ့ထိပ်ရှိ အမှတ်က ရှော့ခ်ရစရာမို့ သူမထပ်၍မဖတ်ဝံ့ပေ။ သူမသည် အံ့ကြိတ်ထားရင်း ဒေါသတကြီးဖြင့် စာရွက်ကို ဘောလုံးတစ်လုံးကဲ့သို့ လုံးလိုက်ပြီး စားပွဲအံထဲသို့ ထိုးထည့်လိုက်သည်။
ဘာဖြစ်သွားတာလဲ? စာမေးပွဲစာရွက်ကို စစ်ထားတာကပဲ မှားနေတာဖြစ််နိုင်လား။ သူမသည် အဖြေမှန်ကို ရှင်းရှင်းလင်းလင်း ရေးထားခဲ့ပြီး အမှတ်က အရမ်းမနည်းနိုင်လောက်ချေ။
ရွှီရှောင်ယွဲ့၏ ဖြူဖွေးသောမျက်နှာသည် တစ်စုံတစ်ယောက်ဆီမှ ပါးရိုက်ခံထားရသကဲ့သို့ နီရဲနေသည်။ သူမက အံကြိတ်ကာ တခဏကြာပြီးနောက် စာရွက်ကို ပြန်လည်ထုတ်ယူလိုက်ပြီး သူမ၏အမှတ်က မှန်ကန်ရဲ့လားဆိုသည်ကို သိရဖို့အတွက် ကြိုးစားလိုက်သည်။
သို့သော်လည်း သူမ စစ်ဆေးကြည့်လို့မရပေ။
ထိုင်ခုံဖော်ကောင်မလေး၏ အကြည့်ကိုမြင်တော့ တည်ငြိမ်ဟန်ဆောင်၍ စာမေးပွဲစာရွက်ကိုလှန်လိုက်ပြီး သူမကိုယ်သူမပြောလိုက်သည်။
"ငါ အရမ်းသတိမဲ့မိခဲ့တယ် ဒီမေးခွန်းအတွက် အရှေ့ကအဆင့်တွေက မှန်တယ် နောက်ဆုံးအဆင့်မှာ 2 ကို 1 လို့ရေးလိုက်တော့ အမှတ် 20 ဆုံးရှုံးသွားရပြီ....."
သူမနောက်ရှိ မိန်းကလေးတစ်ယောက်က မျက်လုံးတွေကိုလှိမ့်ပြီး တွေးလိုက်မိသည်။မလုပ်နိုင်ရင် မလုပ်နိုင်ဘူးပေါ့ ၊ဆင်ခြေပေးဖို့အတွက် သတိမဲ့ခဲ့မိတယ်ဟု သုံးလိုက်သေးသည်။
ရွှီရှောင်ယွဲ့သည် အလွန်လှပပြီး အတန်းထဲတွင် လူကြိုက်များသောကြောင့် သူမလည်းပဲ ပြုံးလိုက်ပြီး စိတ်မကောင်းဟန်ဖြင့် သဘောတူလိုက်သည်။ "ဟုတ်တယ် နင်က အရမ်းသတိမဲ့တာပဲ မဟုတ်ရင် နင် ဒီလောက်အမှတ်ပဲ ရမှာမဟုတ်ဘူး"
ရွှီရှောက်ယွဲ့သည် အနည်းငယ်ပို၍ စိတ်သက်တောင့်သက်သာဖြစ်သွားသည်။
သို့သော်လည်း သူမ မဟုတ်လျှင် ထိပ်ဆုံးနှစ်ယောက်က ဘယ်သူတွေလဲ။
"တတိယနေရာ၊ 83၊ လီခိုင်"
လီခိုင်က စာရွက်ကိုယူလိုက်သည်။ ပြောရမယ်ဆိုလျှင် စာရွက်ကိုရပြီးနောက် သူအနည်းငယ် ရှော့ခ်ရမိသည်ပင်။ထိပ်ဆုံးနှစ်ယောက်က အရမ်းတော်လွန်းလို့ တတိယနေရာကို အမှတ် 20 ကျော်နေသည်လေ။ ဤသည်က မယုံနိုင်စရာကောင်းလွန်းသည်။ မဟုတ်သေးပေ၊ ဤတစ်ခေါက်စာမေးပွဲက အရမ်းခက်ခဲ၏။ အဓိကအတန်းများတွင်ပင် အမှတ်ရာကျော်ရသည်က အနည်းငယ်မျှသာရှိသည်။ သူတို့အတန်းထဲရှိ ကျောင်းသားနှစ်ယောက်က အမှတ်တစ်ရာရခဲ့သည်က အရမ်းကိုထိတ်လန့်စရာကောင်းနေပြီ။
"ပထမနေရာ၊ 105မှတ် ၊ ရန်ကျီအန်း" လီသုန်းဖျင်သည် ရန်ကျီအန်းကို နှစ်သက်သဘောကျသည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ မျက်မှန်အထူကြီးတပ်ထားသည့် ရန်ကျီအန်းသည် စာရွက်ယူရန် တက်လာခဲ့သည်။ သိပ္ပံဘာသာရှိ သူ၏ရမှတ်များသည် အမြဲလိုလိုပင် တည်ငြိမ်နေခဲ့သည်။အဓိကအတန်းတွင်ဆိုလျှင်တော့ သူ့အဆင့်များက အလယ်အလတ်အဆင့်သာရှိသော်လည်း အတန်း(၁၉)မှာတော့ စိတ်ကြီး၀င်ဖို့ရာ လုံလောက်နေပြီပင်။
...သောက်ကျိုးနည်း၊ ဒုတိယနေရာကရော ။
သူတို့ ဒုတိယနေရာကို ကျော်သွားမိတာလားလို့ ကျောင်းသားတွေ တွေးမိသွားရ၏။ တတိယနေရာကို ပြောပြပြီးနောက်မှာ ပထမနေရာကို သူ ဘာကြောင့် ကျော်သွားရတာတုန်း။ ရန်ကျီအန်းသည် အတန်း(၁၉)ထဲရှိ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည့် သိပ္ပဘာသာစာမေးပွဲတွင် ပထမနေရာရထားသောကြောင့် လှိုင်းများမရှိပေ။
သို့သော်လည်း သင်္ချာအမှတ်တွေ ပိုကောင်းတဲ့ အတန်းဖော်တွေအားလုံးကို ဆရာလီ ပြောပြလို့ကုန်လုနီးပါးဖြစ်နေပြီ။ ဤဒုတိယနေရာသည် မြင်းနက်တစ်ကောင်များ ဖြစ်နိုင်လောက်လား။
"လူတိုင်းက ဒုတိယနေရာကို အရမ်းစိတ်ဝင်စားနေကြတယ်မလား" လီသုန်းဖျင်သည် လျို့၀ှက်ဆန်းကြယ်စွာဖြင့် ပြုံးလိုက်သည် ။ သူ့အသံက သူ၏စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်လုနီးပါးပင်။
"ဆရာ မြန်မြန်ဖတ်ပါ၊ ကျွန်တော်တို့ကို စိတ်တထင့်ထင့်ဖြစ်အောင် မထားခဲ့နဲ့လေ!" အောက်ရှိကျောင်းသားများသည်လည်း စိတ်ဆိုးမာန်ဆိုးဖြစ်နေကြပြီ။
သို့သော်လည်း ဒုတိယနေရာနှင့်ပတ်သက်၍ တကယ့်ကို အလွန်သိချင်နေကြသည်ပင်။
"ကျုံးယို့ယို့" လီသုန်းဖျင်၏အကြည့်သည် ကျုံးယို့ယို့ပေါ်သို့ ရုတ်တရက်ကျရောက်လာပြီး "သမီး တက်လာခဲ့"
"...."
ဘာလဲ!!!
နာမည်ကိုကြေညာလိုက်သည်နှင့် အတန်းထဲတွင် မိုးကြိုးပစ်သွားသလိုမျိုး လူတိုင်း၏ရှော့ခ်ရပြီး မယုံကြည်နိုင်သည့်မျက်လုံးများက ကျုံးယို့ယို့ထံ ကျရောက်လာသည်။
မဟုတ်သေးပေ၊ ကျုံးယို့ယို့သည် အခြားသူတစ်ဦးဆီမှ ကူးချထားတာဖြစ်ရမည်။ အတန်းထဲရှိ မည်သူမဆို စာမေးပွဲတွင် ရလဒ်ကောင်းနိုင်သော်လည်း သူမသည်တော့ မဖြစ်နိုင်ပေ။ အထက်တန်းကျောင်းသုံးနှစ်လုံး သူတို့အတန်းကို ဆွဲမချခဲ့သည့်အချိန်ဆိုတာ မရှိခဲ့ဖူးချေ။
နာမည်ကြီးဆန်ကုန်မြေလေးပင်။
အထူးသဖြင့် ရွှီရှောင်ယွဲ့နှင့် ရှစ်ယိမုန့်တို့ဖြစ်သည်။ တုတ်နဲ့ရိုက်ခံလိုက်ရသလိုမျိုး၊ ဦးနှောက်တွေ တုန်ခါသွားပြီး ပါးစပ်တွေပါထုံကျင်သွားရကာ မျက်နှာပူသွားရသည်။ ခဏနေတော့ ဂိမ်းဆော့နေရာကနေ သူ ချက်ချင်း မော့ကြည့်လိုက်မိ၏။
ကျုံးယို့ယို့ရဲ့ထိုင်ခုံဖော်သည် သူမတုံ့ပြန်နိုင်သေးခင် ကျုံးယို့ယို့က မတ်တပ်ထရပ်လာပြီး သူ့ကို တွန်းနေတာကိုသာ မြင်လိုက်ရသည်။
"တချက်လောက်ဖယ်ပေးပါဦး စာမေးပွဲစာရွက်ယူဖို့ ငါထွက်ရမယ်လေ"
စကားထစ်သွားသည့် ထိုင်ခုံဖော်"မင်း..."
ကျုံးယို့ယို့က သူမရဲ့ပါးစပ်ထောင့်ကို ကွေးလိုက်ပြီး "ငါဘာဖြစ်လဲ?"
ဒီအတွက် သူမကို အပြစ်မတင်သင့်ချေ။ ရလဒ်တွေကို ဖိနှိပ်ဖို့အတွက် သူမက မေးခွန်းကြီးတွေနဲ့ ကွက်လပ်ဖြည့်မေးခွန်းတွေကိုသာ ဖြေဆိုခဲ့သည်ပင်။ကျောင်းမှလူတွေက အရမ်းညံ့ကြလိမ့်မယ်လို့ သူမ မမျှော်လင့်ထားရုံသာ။ သူမသည် လယ်ဗယ်ပြည့် bossတစ်ဦးကဲ့သို့ လူသစ်ရွာသို့ ပြန်သွားရတာဖြစ်သော်လည်း သူမသည် ထိုအကြောင်းနှင့်ပတ်သက်၍ အဆင်ပြေသည်ဟု မခံစားရပေ။
မိန်းကလေး၏ဦးခေါင်းသည် သေးငယ်ပြီး ဆံပင်တိုတိုသည်တော့ သပ်ရပ်ကာ နူးညံ့သည်။ ထိုင်ခုံဖော်စုသဲ့သည် အံ့အားသင့်သွားသည်။ ကျုံးယို့ယို့သည် အမှန်တကယ်ကို ချောမောလှပကြောင်း ပထမဆုံးအကြိမ်အဖြစ် သူတွေ့ရှိခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ယောက်ျားလေးတွေက ထိုအကြောင်းကို ပြောနေခဲ့ကြပြီး စောနကထိ လှပသည်ဟု မခံစားခဲ့ရသေးပေမယ့် အခုအချိန်မှာတော့ သူ့နှလုံးသားက ရုတ်တရက်ပင် ခုန်ပေါက်နေတော့သည်။
နေရာကနေ မတ်တပ်ထရပ်ပြီး စင်ပေါ်တက်သွားသည့် ကျုံးယို့ယို့ကိုတွေ့လိုက်ရတော့ သူ့ဘေးမှာထိုင်တဲ့ ကျုံးယို့ယို့က အတုများလားဟုပင် တွေးမိသွားရသည်။
လီသုန်းဖျင်သည် ကျုံးယို့ယို့၏ပုခုံးကို လက်ဖြင့် ပုတ်ကာ အလွန်ကျေနပ်နေပုံရလေသည်။
ကျောင်းသားတစ်ဦးစီ၏ ပျမ်းမျှရမှတ်အလိုက် ဆရာများ၏ စွမ်းဆောင်ရည်ကို ကျောင်းက အကဲဖြတ်ပေးလေ့ရှိသည်။ ယခုတစ်ကြိမ်တွင် ကျုံးယို့ယို့သည် ခြေလှမ်းရှည်ကြီးများဖြင့် အဆင့် ၁၀၀၀ကျော်မှ အဆင့် ၈၉ နေရာသို့ တိုက်ရိုက်ဖြတ်ကျော်တက်ခဲ့သည်။ တိုးတက်မှုက သေလောက်အောင် ကြောက်ဖို့ကောင်းသည်ဟု ဖော်ပြလို့ရလေသည်။ ဒါဆို သူ့ရဲ့ စွမ်းဆောင်ရည်က ဆိုးဝါးနိုင်သေးရဲ့လား? ဤတစ်ခေါက်တွင် ကျုံးယို့ယို့ရဲ့ ကြီးကြီးမားမားကျော်တက်မှုကြောင့် သူ ရိုးရိုးရှင်းရှင်းကို တိုက်ရိုက်ပျံသန်းနိုင်ပြီဖြစ်သည်။
သုံးလတစ်ကြိမ်ရသည့် ဘောနပ်စ်က ဘယ်လောက်ရှိမည်ကို သူ မသိပေ။
လီသုန်းဖျင်သည် ကျုံးယို့ယို့၏အဆင့်များကို မြင်လိုက်ရသောအခါ သူသည် အလွန်ပင် မယုံနိုင်ဖြစ်သွားရပြီး မျက်လုံးများ ကျွတ်ကျလုမတတ် ဖြစ်သွားသည်။
သို့သော် စာမေးပွဲတွင် ကျုံးယို့ယို့ကို သူစိုက်ကြည့်နေခဲ့သည်ဆိုတာ သူကောင်းကောင်းသိပြီး လှည့်စားဖို့ရာ မဖြစ်နိုင်ချေ။
ထိုမေးခွန်းတွေအားလုံးကို ကျုံးယို့ယို့က တစ်ပုဒ်ပြီးတစ်ပုဒ် ဖြေရှင်းခဲ့သည်လေ။
အမှန်ရွေးမေးခွန်းများ အားလုံးမှန်ပြီး ကွက်လပ်ဖြည့်မေးခွန်းများ အားလုံးမှားနေသည်ကတော့ ထူးဆန်းသော်လည်း တွက်ချက်ရန်လိုသည့် မေးခွန်းကြီးအချို့ကိုလည်း သူမ မတွက်ခဲ့ပေ။ သို့ပေမယ့် ကျုံးယို့ယို့သည် အမှတ်မြင့်မြင့်ရနေဆဲပင်! ထို့အပြင်၊ အခက်ခဲဆုံးနှင့် အလွန့်အလွန်ခက်ခဲသည့် နောက်ဆုံးမေးခွန်းကို တတိယနှစ်တစ်နှစ်လုံးမှ ကျောင်းသားအများအပြားက မဖြေဆိုခဲ့ကြသော်လည်း သူမသည်တော့ ၎င်းကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည်။
အမှန်ရွေးမေးခွန်းများ အားလုံးမှန်သွားသည်က ကံကောင်းသွားတာဆိုလျှင် နောက်ဆုံးမေးခွန်းကြီးကတော့ သူမကို ကျူရှင်ဆရာက သင်ပေးခဲ့တာဖြစ်နိုင်ပြီး သူမလည်း မှန်ကန်စွာ ဖြေဆိုနိုင်သွားတာပဲဖြစ်ရမည်။မည်သို့ပင်ဆိုစေကာမူ ဤတစ်ခေါက် စာမေးပွဲရလဒ်များတွင် သူမသည် အမှန်တကယ်ပင် မြင့်မားသောရမှတ်ဖြစ်သည့် 103 မှတ်ကို ရရှိခဲ့သည်။ အတန်း(၁၉)တွင် ဒုတိယနေရာနှင့် တတိယနှစ်တစ်နှစ်လုံးတွင်တော့ ထိပ်တန်း 100 ထဲ ၀င်လေသည်။
လီသုန်းဖျင်သည် လက်များကိုပွတ်သပ်နေသည့် ယင်ကောင်တစ်ကောင်ကဲ့သို့ စိတ်လှုပ်ရှားနေပြီး "ကျောင်းသူယို့ယို့က ဒီတစ်ခေါက်မှာ အရမ်းကို စာကြိုးစားခဲ့ရမှာပဲ လူတိုင်းက သူမဆီကနေ သင်ယူရမယ်နော် သင်ယူမှုမှာ မဖြစ်နိုင်တဲ့အရာ မရှိဘူး ဆရာတို့ရဲ့အတန်းဖော်ယို့ယို့က နမူနာကောင်းတစ်ခုပဲ!"
သူမဆီကနေ သင်ယူရမယ်လား...?
တစ်တန်းလုံးက လက်ချောင်းနှစ်ချောင်းဖြင့် စာရွက်ကိုင်ထားတဲ့ ကျုံးယို့ယို့ကို ကြည့်လိုက်ကြသည်။ ရှစ်ယိမုန့်က မော့ကြည့်လာပြီး သူတို့၏သုံးဖက်မြင်က ဖျက်ဆီးခံလိုက်ရသည်ဟုသာ ခံစားလိုက်ရသည်...။
သူတို့အတန်းထဲက ကျုံးယို့ယို့က ဘယ်လိုမွန်းစတားမျိုးလဲ။