Chapter 135
ထို့နောက် သူက ဝူရှင်းယွမ်ကို ဆိုလိုက်သည်။
"မင်းရဲ့ အနုပညာရှင်ကို ဘယ်လို လေ့ကျင့်ပေးပြီး ဘယ်လို ပျိုးထောင်နေတာလဲ... မယဉ်ကျေးလိုက်တာ... သူက ဒီလိုဖြစ်နေရင် အပြင်မှာ သူမပြောသင့်တာ တစ်ခုခုပြောပြီး ရှင်းရီကို အရှက်ရစေရင် ဘယ်လိုလုပ်မလဲ..."
လင်းလော့ချင်းက ရယ်လိုက်လေသည်။
"အထွေထွေမန်နေဂျာ ချန် ကျွန်တော်အပေါ်ကို အဲ့လိုမျိုး ဧရာမ အိုးမဲကြီး ပစ်ထုတ်ဖို့ မလိုပါဘူး... ဖန်ရှန့်ကျယ်က ရှစ်ကျန်းကို မကြိုက်လို့ ခင်ဗျားလည်း သူ့ကို မကြိုက်တာ ဟုတ်သလားဆိုတာပဲ ပြောပါ... ခင်ဗျားက သူရှင်းရီကိုဝင်လာဖို့ မလိုချင်သလို သူ့မှာ အရည်အချင်း ရှိမရှိဆိုတာလဲ လုံးဝ ဂရုမစိုက်ဘူးမလား... သူကို အရင်က သဘောတူထားပြီးပြီဆိုရင်တောင် အခုမှ ပြန်ပြီး ရုပ်သိမ်းချင်နေတာမလား..."
"လင်းလော့ချင်း မင်းနေရာကို မင်းသိတာ ပိုကောင်းလိမ့်မယ်... ငါ့ကို မေးခွန်းထုတ်ရအောင် မင်းမှာ ဘာ အခွင့်ရှိလို့လဲ..."
"အဲ့တော့ ကျွန်တော်ပြောတာ မှန်တယ်မလား အထွေထွေ မန်နေဂျာ ချန်..."
ချန်လီဝေ့က ရယ်ကာ ဝူရှင်းယွမ်ကို ကြည့်လိုက်သည်။
"သူအတွက် လောလောဆယ် ဘာအစီအစဉ်တွေရှိလဲ... အကုန်လုံးကို သုံးလ ရွေ့ဆိုင်းထားလိုက်... သူ့ကိုယ်သူ ချင့်ချိန်ပြီး ပြန်သုံးသပ်ပါစေ... ကိုယ့်နေရာကိုယ် မသိပဲ ရဲတင်းလွန်းနေတာ..."
ဝူရှင်းယွမ် - ...
ဝူရှင်းယွမ်က ရိုးသားစွာ ဆိုလိုက်သည်။
"ကျွန်တော်မှာ အဲ့အခွင့်မရှိဘူး..."
"ငါမင်းကို လုပ်ခွင့်ပေးတယ်..."
"ခင်ဗျားမှာလဲ အဲ့အခွင့်မရှိမှာ ကျွန်တော်စိုးတယ်..."
ဝူရှင်းယွမ်က သူ့ကို ကြည့်လိုက်လေသည်။
ချန်လီဝေ့က လှောင်ပြုံးလိုက်သည်။
"ဘာ... သူက ကောင်းကင်ဘုံဘုရင် လောင်ကျူနဲ့ အမျိုးတော်နေလို့လား... ငါ့မှာ အခွင့်မရှိဘူး ဟုတ်လား... ငါက ငါ့ကိုယ်ပိုင် ကုမ္ပဏီအောက်က အနုပညာရှင်တွေကို စည်းကမ်း သတ်မှတ်နေတာ... ငါ့မှာ ဘာအခွင့်မရှိရမှာလဲ..."
"သူက ဥက္ကဌ ကျိရဲ့လူလေ..."
ဝူရှင်းယွမ်က ကူကယ်ရာမဲ့ဆိုလိုက်သည်။
"ဥက္ကဌကျိက သူနဲ့ စာချုပ်ချုပ်ဖို့ ကျွန်တော်ကို ပြောခဲ့တာ... သူ့အချိန်ဇယားတွေနဲ့ လုပ်ဆောင်ချက်တွေကိုက မလုပ်ခင်နဲ့ အခြေမချခင်မှာ ဥက္ကဌကျိကို ပြန်ပြီး တင်ပြဖို့လိုတယ်... ခင်ဗျားက သူ့လုပ်ဆောင်ချက်တွေကို သုံးလ ရွေ့ဆိုင်းချင်တယ်ဆိုရင် ဥက္ကဌ ကျိကို ကိုယ်တိုင်ပြောဖို့ ကျွန်တော် အကြံပေးပါရစေ... ကျွန်တော်တော့ မပြောရဲဘူး..."
ချန်လီဝေ့ - ...
ချန်လီဝေ့က လင်းလော့ချင်းကို အထိတ်တလန့် မယုံနိုင်စွာ ကြည့်လိုက်လေသည်။
သူက ဝူရှင်းယွမ်ဆီသို့ ခေါင်းထပ်မံ လှည့်လိုက်သည်။
"ဘယ် ဥက္ကဌ ကျိလဲ..."
လင်းလော့ချင်းက သိလိုစိတ်ပြင်းပြနေပေသည်။
"အထွေထွေမန်နေဂျာ ချန်က ဥက္ကဌကျိဘယ်နှစ်ယောက်များ သိလို့လဲ..."
ချန်လီဝေ့က ချက်ချင်းပင် နေရခက်သည်ဟု ခံစားလာရပေသည်။ သူက ထပ်မံမေးမြန်းသည်ကို အပြစ်တင်၍ မရပါပေ။ သူက ကျိယွီလင်းကိုသာသိသော်လည်း မိသားစုတစ်ခုလုံးအား ထိုကဲ့သို့ ခေါ်ဆိုနိုင်ပေသည်။ ကျိယွီလင်း၏ ဖခင်နှင့် ကျိယွီရှောင် နှစ်ယောက်စလုံးအား ဥက္ကဌကျိအနေဟု ခေါ်ဆိုပေသည်။
"ကျိယွီရှောင်... ဥက္ကဌကျိ..."
ဝူရှင်းယွမ်က ပြန်ဖြေလိုက်ပေသည်။
ချန်လီဝေ့က ချက်ချင်းပင် တောင့်တင်းသွားလေသည်။ သူက ဝူရှင်းယွမ်ကိုကြည့်ကာ သူက အဘယ့်ကြောင့် ဤကိစ္စကို လုံးဝမသိရသည်ကို သိလိုနေပေသည်။ သို့သော် သူ နားလည်သွားပေသည်။
လင်းလော့ချင်း စာချုပ်ချုပ်ပြီးသောအခါ သူက ကျိမူနှင့်ပူးပေါင်းကာ ရှင်းရီရှိ သူ့နေရာတည်မြဲရေးကို စိုးရိမ်နေရင်း အလုပ်ရှုပ်နေခဲ့ပေသည်။ သူက ကျိမိသားစုအရေးအရာများကို များစွာ အာရုံမစိုက်မိပါပေ။
သူက ဝူရှင်းယွမ် လင်းလော့ချင်းနှင့် စာချုပ်ချုပ်မည်ကို သိပေသည်။ လင်းလော့ချင်း၏ ရုပ်ရည်ကြောင့် သူက ထိုကောင်လေးကို ပိုပြီး အာရုံစိုက်မိသော်လည်း ထိုမျှသာဖြစ်ပေသည်။ ကုမ္ပဏီက နှစ်တိုင်း လူများစွာနှင့် စာချုပ်ချုပ်ပေသည်။ ရှာဖွေကာ၊ ရင်းနှီးမြှုပ်နှံပြီး အစီအစဉ်ချကာ ထိုအနုပညာရှင်များနှင့် အပြီးတိုင် ဆက်ဆံရသည်မှာ မန်နေဂျာများ ဖြစ်ပေသည်။ သူက ဝေဝါးသော အမြင်တစ်ခုသာရှိပြီး ကုမ္ပဏီ၏ နှစ်စဉ်လုပ်ဆောင်ချက်ကို ပြန်လည် သုံးသပ်ကာ အနုပညာရှင်တစ်ဦးစီတိုင်း၏ ငွေကြေးနှင့် အပြန်အလှန် နှီးနွယ်ပေးရန်သာ လိုပေသည်။ ၄င်းက လုံလောက်ပေသည်။
အထွေထွေ မန်နေဂျာက အဲ့လိုကိစ္စသေးသေးလေးတွေကို အစအဆုံးကိုင်တွယ်နေရမယ်ဆိုရင် တခြား ကုမ္ပဏီဝန်ထမ်းတွေရှိတာ ဘာအသုံးဝင်ဦးမှာလဲ...
သို့ဖြစ်၍ သူက အာရုံသိပ်မစိုက်ကာ ထိုကိစ္စကို မလေ့လာခဲ့ပါပေ။ သူက ဝူရှင်းယွမ်က သူလုပ်စရာရှိသည်ကိုသာ လုပ်ခြင်းထက် ဘာမှမပိုဟု ယူဆခဲ့ပေသည်။ သူက များစွာ ဂရုမစိုက်ခဲ့ပါပေ။
ဒီလင်းလော့ချင်းမှာက တကယ်ကြီး အဲ့လိုရာထူးတစ်ခုရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ...
ချန်လီဝေ့၏ စိတ်ထားမှာ ချက်ချင်း ပြောင်းလဲသွားလေသည်။
"အော် အဲ့လိုလား.. ရှောင်ဝူ ငါ့ကို စောစောက ပြောရောပေါ့... ဒါတွေအကုန်လုံးက နားလည်မှုလွဲတာပါ... လော့ချင်း မင်းပြောတာက ရှစ်ကျန်းက မဆိုးဘူးလို့ ခံစားရတယ်ဟုတ်လား...အဲ့ဒါဆိုလည်း အရင်အစီအစဉ်အတိုင်းပဲလုပ်ကြတာပေါ့... ရှောင်ဝူ သူ့ကို လျစ်လျူမရှုနဲ့တော့... သူ့ကို ထုပ်လုပ်ရေးတစ်ချို့စီစဉ်ပေးပြီး အမြန်ဆုံး အဖွဲ့တစ်ဖွဲ့ပေးလိုက်..."
ဝူရှင်းယွမ် - ... ခင်ဗျားက မျက်နှာပြောင်းတာ တော်တော်မြန်တာပဲ...
လင်းလော့ချင်းက သူ့စကားများကို ကြားရာ ရယ်လိုက်ပေသည်။
"အဲ့တော့ အထွေထွေမန်နေဂျာချန်က ထပ်ပြီး ဆန္ဒရှိသွားပြန်ပြီပေါ့... ကျွန်တော်က ဥက္ကဌ ကျိလူမို့... ကျွန်တော် သူ့ကိုကြိုက်တော့ ခင်ဗျားလည်း ကြိုက်သွားတာပေါ့... အဲ့ဒါဆို ကျွန်တော် ဖန်ရှန့်ကျယ်ကိုမကြိုက်ရင် သူ့ကို လျစ်လျူရှုထားမှာလား... အကြာကြီးမဟုတ်ပါဘူး ၃နှစ်တည်းပါ..."
ချန်လီဝေ့က ထိုစကားများကို ကြားသောအခါ လင်းလော့ချင်းက တမင် ရည်ရွယ်ပြောဆိုနေသည်ကို ချက်ချင်း သိပေသည်။ သူက လင်းလော့ချင်းကို ၃လ လျစ်လျူရှုထားရန် ပြောခဲ့ပေသည်။ ယခုတွင် သူက ဖန်ရှန့်ကျယ်ကို ၃နှစ် လျစ်လျူရှုထားလိုပေသည်။ လင်းလော့ချင်းက သူအခက်တွေ့စေလိုသည်မှာ ထင်ရှားပေသည်။
"အာ... လော့ချင်း... မင်းရှောင်ကျယ်ကို နားလည်မှုလွဲနေတာနေမယ်... ဒီလိုလုပ်ကြတာပေါ့... ငါက ကြားခံအနေနဲ့ မင်းနဲ့ရှောင်ကျယ်ကို ထမင်းတစ်နပ် လိုက်ကျွေးမယ်လေ... ငါ သူ့ကို မင်းကို တောင်းပန်ခိုင်းလိုက်ပါမယ်... ဟုတ်ပြီလား..."
"ထမင်းက ထားလိုက်ပါ... တောင်းပန်တာကတော့ ကျွန်တော်ကို တောင်းပန်စရာမလိုပါဘူး... ဒါပေမဲ့ သူ ရှစ်ကျန်းကိုတော့ တောင်းပန်သင့်တယ်..."
လင်းလော့ချင်းက တည်ငြိမ်စွာဆိုလိုက်သည်။
"အဲ့ဒါက လိုလို့လား... ရှစ်ကျန်းက ဘာထိခိုက်မှုမှ ဖြစ်တာမှ မဟုတ်တာ... ဒီအတိုင်းပဲ ထားလိုက်ရင်ရော..."
"အထွေထွေမန်နေဂျာချန်က ကျွန်တော်က ဘာမဟုတ်တာလေးကို ပုံကြီးချဲ့တယ်ဆိုတဲ့ ပုံစံဖြစ်အောင် လုပ်နေတာပဲ... အဲ့ဒါဆိုလည်း ထားလိုက်ပါတော့... ကျွန်တော် သွားတော့မယ်..."
ချန်လီဝေ့က သူ့ကို ချက်ချင်းတားလိုက်ပေသည်။
"နေပါဦး... နေပါဦး... နေပါဦး... ကျွန်တော် ရှောင်ကျယ်ကို ရှစ်ကျန်းကို ဖုန်းဆက်ပြီး တောင်းပန်ခိုင်းလိုက်ပါမယ်... ဟုတ်ပြီလား..."
"အထွေထွေမန်နေဂျာ ချန်လည်း ကိုယ်တိုင်အားစိုက်ပြီး ဖုန်းတစ်ကောလောက်ခေါ်လိုက်ပါလား... သူ့ကို တောင်းပန်ပြီး အမှားတစ်ခု လုပ်မိသွားပါတယ်... တကယ်တော့ ခင်ဗျားက အရမ်းကျေနပ်ပြီး သူ့ကို သဘောကျတယ်လို့ ပြောလိုက်လေ..."
"ဟုတ်ပါပြီ..."
ချန်လီဝေ့က အံကြိတ်လိုက်သည်။
လင်းလော့ချင်းက သူ့ခြေလှမ်းများကို နှေးလိုက်ကာ ရပ်လိုက်ပြီး ချန်လီဝေ့က သူ့ဖုန်းကို ထုတ်ကာ ဝူရှင်းယွမ်ကို မေးလိုက်သည်ကို တွေ့လိုက်ပေသည်။
"သူ့ ဖုန်းနံပါတ်က..."
ဝူရှင်းယွမ်က သူ့ဖုန်းကို ထုတ်ကာ နံပါတ်တစ်ချို့ကို ရွတ်ပြလိုက်သည်။ ချန်လီဝေ့က ဖုန်းခေါ်ကာ လင်းလော့ချင်းကို ကြည့်လိုက်လေသည်။ သူ့နှလုံးသားက မကျေနပ်မှုများဖြင့် ပြည့်နေလေသည်။
ကျိယွီရှောင်က ဘာမို့လို့လဲ... သူက မိသားစုနာမည်က ကျိဖြစ်ပြီး ကျိယွီလင်းရဲ့ ညီလေးဖြစ်နေတာပဲ မဟုတ်လား... ကျိယွီလင်းရှိတုန်းကဆိုရင် ကျိယွီရှောင်က ကုမ္ပဏီအကျိုးအတွက် ဘာမှတောင် လုပ်ပေးတာ မဟုတ်ဘူး... အခု ကျိယွီလင်းဆုံးသွားတော့လဲ သူက ကုမ္ပဏီကို ဂရုစိုက်ခဲ့တာ မဟုတ်ဘူး... ကုမ္ပီဏီကိစ္စတွေကို စီစဉ်ပြီး အလုပ်ကြိုးစားခဲ့တာ သူကိုယ်တိုင် မဟုတ်ဘူးလား... အခု သူ့လူတွေကို သူက ခေါင်းငုံ့ပြီး တောင်းပန်နေရတယ်ပေါ့... မြေခွေးက ကျားရဲ့ ကြမ်းကြုတ်မှုကို ငှားပြီး အဆက်အသွယ်တွေကိုမှီပြီး တခြားသူတွေကို အနိုင်ကျင့်တယ်ဆိုတာရဲ့ အဓိက ဥပမာတစ်ခုပဲ...
သို့သော် ချန်လီဝေ့မှာ သူလက်ရှိနေရာသို့ ရောက်နေခြင်းအတွက် လိုက်လျောညီထွေဖြစ်ခြင်းဆိုသည်က မည်သည်ကို ဆိုလိုသည်အား နားလည်ပေသည်။
ဒါက တောင်းပန်တာလေးပဲ မဟုတ်လား... ဘာမှမဖြစ်ပါဘူး... သူက ဘာမှ ထင်းထင်းရှားရှား လုပ်လို့မရသေးဘူးဆိုပေမဲ့ အာဏာက သူ့လက်ထဲမှာပဲ ရှိနေသေးပါတယ်... သူက ကိစ္စတွေကို တိတ်တိတ်လေးလုပ်လို့ရသေးတာပဲ...
အချိန်ကျလာရင် အကုန်လုံးက သူပြောတဲ့ အတိုင်းပဲ ဖြစ်မှာ မဟုတ်လား...
သူက တစ်ဖက်မှ ဖုန်းကိုင်သည်အထိ စောင့်လိုက်ကာ အပြုံတစ်ခုနှင့် ဆိုလိုက်သည်။
"ရှစ်ကျန်းလား... ငါက ရှင်းရီရဲ့ အထွေထွေ မန်နေဂျာပါ... ခုဏတုန်းက အမှားတစ်ခုလုပ်မိပြီးတော့ ငါက ရှောင်ဝူကို မပြောသင့်တာတစ်ခု ပြောလိုက်မိတယ်... အဲ့ဒါကို စိတ်ထဲမထားပါနဲ့... ခဏနေရင် ငါရှောင်ဝူကို မင်းအတွက် ရင်းမြစ်အချို့နဲ့ အခွင့်အရေးတွေကို စီစဉ်ခိုင်းလိုက်မယ်... မင်းရဲ့ သရုပ်ဆောင် စွမ်းရည်က မဆိုးဘူး... အဖွဲ့ထဲမှာ ကောင်းကောင်းလုပ်ပြီးတော့ ကုမ္ပဏီရဲ့ အပတ်တကုတ် ကြိုးစားမှုတွေအတိုင်း နေနော်..."
ရှစ်ကျန်း - ...
ရှစ်ကျန်းက ကြောင်အနေပေသည်။ သူက ဖုန်းကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်ပေသည်။
"ခင်ဗျားက ကျွန်တော်ကို ပြောနေတယ်ဆိုတာ သေချာရဲ့လား..."
"ဒါမှမဟုတ်ရင်..."
ချန်လီဝေ့က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"ဒါပေါ့ မင်းကို ပြောနေတာလေ... ကောင်းကောင်းလုပ်... ကုမ္ပဏီက မင်းကို ယုံကြည်တယ်..."
ရှစ်ကျန်း - ...
ရှစ်ကျန်းက မယုံနိုင်ဖြစ်နေလေသည်။
သူက ခုဏကတင် သူ့ချစ်သူလေးကြောင့် သူ့ကို ခက်ခဲအောင်လုပ်နေတာ အရှင်းကြီးကို... အခုကျတော့ ကုမ္ပဏီက မင်းကို ယုံကြည်တယ်ဆိုပြီး ဖြစ်သွားပြန်ရောလား... ဒီ၃နာရီလေးအတွင်းမှာ ဘာတွေ ဖြစ်သွားတာလဲ...
"ခင်ဗျားက ဒီလိုလုပ်ရင် ဖန်ရှန့်ကျယ်က စိတ်မဆိုးဘူးလား..."
ရှစ်ကျန်းက သူ့ကို သတိပေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ရှောင်ကျယ်က အဲ့လောက် မသိတတ်တဲ့ လူမျိုးမဟုတ်ပါဘူး... မင်းတို့နှစ်ယောက်ကြားမှာ နားလည်မှု နည်းနည်း လွဲနေတာနေမှာပါ... ငါက အခြေခံ နားလည်မှု ရပြီးပြီ... ပြီးရင် သူ့ကို မင်းကို တောင်းပန်ခိုင်းလိုက်ပါမယ်..."
ရှစ်ကျန်း : ...
ရှစ်ကျန်းက တိတ်တဆိတ် ပြတင်းပေါက် အပြင်သို့ လှမ်းကြည့်လိုက်သည်။
ဒါက သူနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ကမ္ဘာကြီးဖြစ်နေသေးတယ်ဆိုတာ သေချာသွားပြီးတာတောင် ဖန်ရှန့်ကျယ်က သူ့ကို တောင်းပန်မယ်... သူတို့က ဘယ်သူ့ကို လာနောက်နေတာလဲ..."
သို့သော် မကြာမီမှာပင် သူက ဖန်ရှန့်ကျယ်ထံမှ ဖုန်းတစ်ကော လက်ခံရရှိခဲ့ပေသည်။ တစ်ဖက်က အင်တင်တင်ဖြင့် ဆိုလေသည်။
"တောင်းပန်ပါတယ်... ခုဏတုန်းက ငါမှားသွားတာပါ..."
ရှစ်ကျန်း - ...
သူက ၄င်းမှာ ရိုးရှင်းစွာပင် ယုံကြည်ရခက်လွန်းလှသည်ဟု ခံစားလိုက်ရပေသည်။ ဤသို့ဖြင့် သူက "အိုး..." ဟုသာ ဆိုလိုက်နိုင်ပေသည်။
"အဲ့ဒါဆို ငါဖုန်းချလိုက်တော့မယ်နော်..."
ဖန်ရှန့်ကျယ်က ဆိုလိုက်ပေသည်။
ထို့နောက် သူက လင်းလော့ချင်းရှေ့တွင် ဖုန်းချကာ သူ့၏ မကျေနပ်ချက်ကို ဖုန်းကွယ်ထားရန် ကြိုးပမ်းလိုက်သည်။
လင်းလော့ချင်းက နောက်ဆုံးတွင် ကျေနပ်သွားလေသည်။
"အဲ့ဒါဆို ငါအရင်သွားတော့မယ်..."
"ငါတို့ ထမင်းတစ်နပ်လောက် အတူစားကြမလား..."
ချန်လီဝေ့က မေးလိုက်လေသည်။
"ရပါတယ်..."
လင်းလော့ချင်းက သူ့ကို ငြင်းဆန်လိုက်ပေသည်။
သူက တံခါးဖွင့်ကာ ဝူရှင်းယွမ်နှင့်အတူ ချန်လီဝေ့၏ ရုံးခန်းထဲမှ ထွက်လာလေသည်။
ဖန်ရှန့်ကျယ်က သူတို့ထွက်သွားသည်ကိုမြင်သောအခါ ချန်လီဝေ့ကို စိတ်ထိခိုက်သော အမူအရာဖြင့် လှည့်ကြည့်လိုက်လေသည်။
"ဒါက ဘာလဲ... ရှစ်ကျန်းကို တောင်းပန်ရတယ်... ဘုရားရေ ကျွန်တော်တော့ အန်မိတော့မယ်... သူက ဘယ်သူလဲ... ဘာကို အခြေခံတာလဲ... သူက တန်ရောတန်ရဲ့လား..."
"ဟုတ်ပြီ..."
ချန်လီဝေ့၏ အမူအရာသည်လည်း မကောင်းပါပေ။
"ထားလိုက်ပါ... သူက ကျိယွီရှောင်ရဲ့လူတဲ့... ငါတို့ သူ့ကို မျက်နှာသာပေးဖို့ လိုတယ်..."
"ကျိယွီရှောင်က ဘယ်သူလဲ..."
ဖန်ရှန့်ကျယ်က သူ့ကို မေးလိုက်သည်။
"ကျိယွီလင်းရဲ့ ညီလေး... ကုမ္ပဏီရဲ့ အဓိကရှယ်ယာရှင်တွေထဲက တစ်ယောက်..."
"သူက အရင်က အစ်ကို အပြန်အလှန်ဆက်သွယ်ဖူးတဲ့ ကျိမူထက် ပိုပြီး အထင်ကြီးစရာကောင်းတာလား..."
"ကျိမူက ပိုပြီးအထင်ကြီးစရာကောင်းတာပေါ့... သူ့ရဲ့ ရှယ်ယာတွေက ကျိယွီရှောင်ထက် များတယ်လေ... ကျိအုပ်စုက အခုဆို ကျိမူရဲ့ လက်အောက်မှာလေ... ပြီးတော့ မတော်တဆဖြစ်ပြီးကတည်းက ကျိယွီရှောင်က ကုမ္ပဏီကို သိပ်ပြီး အာရုံထားဂရုစိုက်တာမဟုတ်ဘူး... သူက အမြန်ကြီး ရာထူးတိုးလာတဲ့ ကျိမူနဲ့တော့ ယှဉ်မရဘူးပေါ့..."
"အဲ့ဒါကို သူ့ဆီက မျက်နှာရဖို့ လုပ်နေရသေးတာလား..."
"မင်းက အဓိပ္ပာယ်မရှိတာပြောနေတာ မဟုတ်ဘူးလား... သူ့ရဲ့ မိသားစုနာမည်က ကျိလေ... ငါတို့ မဟုတ်ဘူး..."
"ဒါပေမဲ့ အလုပ်ကြိုးစားပြီး ရှင်းရီအတွက် ချီးကျူးထိုက်တာ အစ်ကိုလေ... အစ်ကိုသာ မရှိရင် ရှင်းရီက ဘာဖြစ်မှာမို့လဲ... ကျွန်တော်အမြင်အရဆိုရင် ရှင်းရီက အစ်ကို့ဟာဖြစ်တာမှ ပိုကောင်းဦးမှာ..."
ချန်လီဝေ့က သူ့၏ အမြင်ကို မျှဝေလိုက်သည်။ သူက သူ့၏ ချစ်သူလေးကိုကြည့်ကာ နှစ်သိမ့်ပေးလိုက်လေသည်။
"ဟုတ်ပါပြီ... ဒီကိစ္စပြီးသွားလို့ သူတို့လဲ သတိလက်လွတ်ဖြစ်သွားရင် ငါမှာ သူတို့ကို ကိုင်တွယ်ဖို့ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်... ဒါပေမဲ့ လောလောဆယ်တော့ သူတို့ ငါ့ကို သံသယပိုမဝင်လာအောင် သိပ်ပြီးဝင့်ကြွားမပြနဲ့ဦး..."
"ကျွန်တော် နားလည်ပါတယ်..."
ဖန်ရှန့်ကျယ်က နာနာခံခံ ဆိုလိုက်လေသည်။
"ကျွန်တော့်ဒေါသကို ဖြေဖျောက်ဖို့ အစ်ကိုကို့စောင့်ပါမယ်..."
လင်းလော့ချင်းနှင့် ဝူရှင်းယွမ်တို့က ချန်လီဝေ့၏ ရုံးခန်းထဲမှ ထွက်ကာ ဓာတ်လှေကားဆီသို့ ဦးတည်သွားချိန်တွင် လင်းလော့ချင်းက ရှစ်ကျန်းထံမှ ဖုန်းတစ်ကော လက်ခံရလေသည်။
"လော့ချင်း... ငါထွက်သွားပြီးတော့ မင်း အထွေထွေ မန်နေဂျာ ချန်ကို သွားရှာလိုက်သေးလား..."
ရှစ်ကျန်းက အနည်းငယ် စဉ်းစားပြီးနောက် ဤကိစ္စမှာ အလွန်ပင် မူမမှန်သည်ဟု တွေးမိနေဆဲ ဖြစ်လေသည်။ တစ်ခုတည်းသော ရှင်းလင်းချက်မှာ တစ်စုံတစ်ယောက်က ချန်လီဝေ့ကို သွားရှာကာ သူ့စိတ်ကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
မူလတွင် သူက ဝူရှင်းယွမ်ဟု ထင်မြင်ခဲ့သော်လည်း ထို့နောက်တွင် သူ့၏ ထင်မြင်ချက်ကို သံသယဝင်လာပေသည်။
အဲ့ဒါက ဝူရှင်းယွမ် ဟုတ်ပုံမရဘူး... အဲ့အစား လင်းလော့ချင်းပိုဖြစ်နိုင်တယ်...
အစကတည်း ဝူရှင်းယွမ်နဲ့ယှဉ်ရင် လင်းလော့ချင်းက သူနဲ့ပိုပြီး စာချုပ်ချုပ်ချင်တဲ့ပုံရတယ်... အဲ့ဒါကြောင့်ပဲ သူက သူ့ကို ရှင်းရီနဲ့ စာချုပ်ချုပ်ဖို့ ပုဂ္ဂိုလ်ရေးအရ အဆက်မပြတ်မေးနေတာ... ဒီနေ့ သူနဲ့ ရှင်းရီကိုလည်း လိုက်လာတယ်...
သူတို့၏ ကိုယ်စားလှယ်က သူ့တို့ကိုယ်တိုင်အတွက်သာ တာဝန်ခံပေးရန် မလိုလားသော အနုပညာရှင်ဟူ၍ မရှိပါပေ။ ကိုယ်စားလှယ်တိုင်း၌ ရင်းမြစ်များအကန့်အသတ်ရှိပေသည်။ သူတို့က အနုပညာရှင်တစ်ယောက်ကို ပေးလိုက်ပါက တခြ
ားအနုပညာရှင်က ဘာမှ ရှိမည်မဟုတ်တော့ပါပေ။
[T/N ကိုယ်စားလှယ်တစ်ယောက်လက်အောက်မှာ အနုပညာရှင် တစ်ယောက်ပဲရှိတော့ ရင်းမြစ်တွေအကုန်ပေးနိုင်ပေမဲ့ ၂ယောက်ရှိရင် ခွဲပေးနေရမှာကိုပြောချင်တာပါ ရှုပ်နေမှာစိုးလို့]