Chapter 136
သို့သော် လင်းလော့ချင်း၏ စိတ်ရင်းမှာ အမြဲပင် အလွန် လက်ခံလွယ်ကာ သူ့အား ဝူရှင်းယွမ်အောက်တွင် စာချုပ်ချုပ်ရန် အလွန်စိတ်အားထက်သန်နေပေသည်။ သူက သူတို့နှစ်ဦးက မန်နေဂျာတစ်ဦးတည်း ရှိခြင်းကို စိတ်ထဲမထားပါပေ။
ရှစ်ကျန်းမှာ လင်းလော့ချင်းသည် သူ့အား စိတ်ဝင်စားနေသည်ဟုတွေးတောရန် မိမိကိုယ်ကို အထင်မကြီးပါပေ။ လင်းလော့ချင်းက အလွန် စိတ်အားထက်သန်နေသည်မှာ သူက ရှစ်ကျန်းကို အခွင့်အရေးတစ်ခု ပေးလို၍ ဖြစ်ပေမည်။ သူက ရှစ်ကျန်းကို သူ့၏ စွမ်းဆောင်ရည်များကို ပြသနိုင်ရန် အလိုရှိပေသည်။ သူက ဝူရှင်းယွမ်ကို ယုံကြည်၍ သူနှင့်စာချုပ်ချုပ်ရန် ရွေးချယ်ခဲ့ပေသည်။
ဒါပေမဲ့ လင်းလော့ချင်း လိုချင်လို့ ဝူရှင်းယွမ်က သူနဲ့စာချုပ်ချုပ်တာဆိုရင် သူတို့နှစ်ယောက်ကြားက အာဏာက လင်းလော့ချင်းရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတယ်လို့ မဆိုလိုဘူးလား...
လင်းလော့ချင်းမှာ ယခင်က အောင်မြင်ခဲ့ပြီး သူ့လက်ထဲတွင် ကံကြမ္မာတစ်ခုကို ကိုင်ထားပါက ထိုအာဏာမှာ ကျိုးကြောင်းဆီလျော်ပေသည်။ သို့သော် လင်းလော့ချင်းမှာ ဝူရှင်းယွမ်စာချုပ်ချုပ်ထားသည့် လူသစ်တစ်ဦးသာဖြစ်ပေသည်။ သူက မည်သည့် အောင်မြင်မှုမှ မရရှိသေးပါပေ။
ဝူရှင်းယွမ်က သူ့ဆန္ဒအတိုင်းလိုက်ရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ရှစ်ကျန်း ရင်းနှီးသော အနေအထားဖြစ်သည့် လင်းလော့ချင်းမှာ သာမန် တက်သစ်စ မင်းသားတစ်ဦးအပြင် တစ်ခြားသော သရုပ်မှန်တစ်ခု ရှိနေခြင်းပင်။ တခြားသော သရုပ်မှန်က မည်သည်ကို ဆိုခြင်းအတွက်မူ ဝူရှင်းယွမ်က သူ့စကားကိုနားထောင်ရုံသာတတ်နိုင်သည့် တစ်စုံတစ်ခုဖြစ်ရပေမည်။
ရှစ်ကျန်းက ကျိယွီရှောင်ကို ချက်ချင်းတွေးမိပေသည်။ သူကိုယ်တိုင်မှာ သာမန်ပြည်သူတစ်ဦးဖြစ်၍ ကျိယွီရှောင်၏ သရုပ်မှန်ကို မသိနိုင်ပါပေ။ သို့သော် ရှင်းရီမှာ ကျိအုပ်စု၏ ကုမ္ပဏီခွဲဖြစ်ပေသည်။ သူက အနည်းဆုံးအနေဖြင့် ရှင်းရီမှာ ကျိမိသားစု၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်ကိုမူ နားလည်နိုင်ပေသည်။ ကျိယွီရှောင်၏ မိသားစုအမည်မှာလည်း ကျိဖြစ်နေပေသည်။
ရှစ်ကျန်းက ထပ်မံ ကောက်ချက်မချတော့ပါပေ။ သိလိုစိတ်ပြင်းပြခြင်းဆိုသည်မှာ သူအမြဲလိုလို မရှိတတ်သည့် အရာတစ်ခုဖြစ်သည်။ တစ်ဖက်မှ ဘာမှမဆိုသည်ဖြစ်ရာ သူ့မှာ တစ်ခြားအစီအစဉ် တစ်ခုရှိနေ၍ ဖြစ်နိုင်ပေသည်။ ရှစ်ကျန်းက တခြားသူများ၏ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်ပေ။ သူက လင်းလော့ချင်းမှာ ချန်လီဝေ့ကို သွားရှာကာ သူတို့အား ဝန်ခံရန် ပြုလုပ်သူ ဟုတ်မဟုတ်ဆိုသည်ကိုသာ သိလိုပေသည်။
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ကျန်းကော... ကျွန်တော်တို့က အစ်ကို့ကို နစ်နာမှုတစ်ချို့ ဖြစ်စေမိပြီ..."
"ရပါတယ်... ငါက အထွေထွေ မန်နေဂျာချန်က ဘာလို့ ဖုန်းခေါ်လာတာလဲ သိချင်ရုံတင်ပါ... သူက မှားသွားပါတယ် ပြောတယ်... ဖန်ရှန့်ကျယ်ကပါ ဖုန်းခေါ်လာတယ်လေ..."
လင်းလော့ချင်းက ခပ်ဖွဖွ ရယ်လိုက်ပေသည်။
"ကျန်းကော နည်းနည်းပဲ ထပ်စောင့်ပါဦး... ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် အစ်ကိုကို့ ရှင်းရီကို ကိုယ်တိုင် ခေါ်လာမယ်... ကောင်းကောင်းနားတော့ ရှင်းရီက အစ်ကို့အနာဂတ်ရှိမဲ့နေရာပဲ..."
ရှစ်ကျန်းက သူ့စကားများကိုကြားပြီး သူက ပြင်ဆင်မှုအချို့ပြုလုပ်ထားပြီးပြီဟု ဝိုးတဝါး ခံစားလိုက်ရပေသည်။ သူက မည်သည့် စုံစမ်းမှုမှ ထပ်မလုပ်တော့ပဲ ရိုးရှင်းစွာဆိုလိုက်သည်။
"တစ်ခုခုလိုရင် ဖုန်းခေါ်လိုက်နော်..."
"ဟုတ်ကဲ့... ကျေးဇူးပါ ကျန်းကော..."
"မင်းက ငါ့ကို ကောလို့တောင်ခေါ်နေပြီကို ဘာလို့အရမ်း သူစိမ်းဆန်နေတာလဲ..."
ရှစ်ကျန်းက ပြုံးကာဆိုလိုက်သည်။
သူက လင်းလော့ချင်း၏ သရုပ်မှန်နှင့် နီးကပ်နေပြီဟု အာရုံခံမိပေသည်။ လင်းလော့ချင်းက သူ့ကို သိခွင့်ပြုရန် ပြင်ဆင်ထားပုံရပေသည်။
ဝူရှင်းယွမ်က လင်းလော့ချင်းကိုကြည့်ကာ နားမလည်နိုင်ပါပေ။
"မင်း ဘာလို့ သူနဲ့ ချက်ချင်း စာချုပ်မချုပ်လိုက်တာလဲ... ချန်လီဝေ့က သဘောတူထားပြီးသားပဲ မဟုတ်လား..."
"ဒါပေါ့ ငါတို့က ငါ့တို့ရဲ့ ဝှက်ဖဲအစစ်ကိုသိမ်းထားဖို့ လိုသေးတယ်လေ..."
လင်းလော့ချင်းက သူ့ကိုကြည့်ကာ ဆိုလိုက်သည်။
"မင်းဘာကို ဆိုလိုတာလဲ..."
"ချန်လီဝေ့က သူ့ကို အခုကစပြီး ကြင်ကြင်နာနာ ဆက်ဆံမယ်လို့ မင်ထင်လား..."
လင်းလော့ချင်းက မေးမြန်းလိုက်သည်။
"ငါတို့က ဒီနေ့ သူ့ကို ဖိအားပေး ဝန်ခံခိုင်းခဲ့တာ... ပြီးတော့ သူ့ချစ်သူလေးရှေ့မှာ သူမျက်နှာပျက်ထားတာလေ... သူက ဒီအတိုင်းထားပါ့မလား... ဘယ်ထားပါ့မလဲ... သူက ငါ့ကို ဆန့်ကျင်ပြီး လက်တုံ့မပြန်ရဲရင်တောင် ရှစ်ကျန်းကတော့ မတူဘူးလေ... ငါက ရှစ်ကျန်းကို ၂၄နာရီ ၇ရက်စောင့်ကြည့်မနေနိုင်ဘူးလေ... ရှစ်ကျန်းကလည်း အနိုင်ကျင့်ခံရတိုင်း ငါ့ကိုလာတွေ့မဲ့ ကလေးတစ်ယောက်မဟုတ်ဘူးလေ... သူက ဒုက္ခတွေ့ရင်တောင် ဖုံးထားဦးမှာ..."
ဝူရှင်းယွမ်က ဆိုလိုက်သည်။
"ငါသူ့ကို သေချာဂရုစိုက်ပါမယ်..."
"မင်းဘယ်လောက်ပဲ သေချာဂရုစိုက်စိုက် မင်းက အထွေထွေ မန်နေဂျာဖြစ်တဲ့ သူ့ကို ကျော်လုပ်လို့မရဘူးလေ...
ဝူရှင်းယွမ်က ကြောင်အသွားလေသည်။ သူက လင်းလော့ချင်းကိုကြည့်ကာ မယုံနိုင်ဖြစ်နေဟန် ရပေသည်။
"မင်းတွေးနေတာက..."
လင်းလော့ချင်းက တစ်ခွန်းမှ မဆိုပါပေ။ သူက ဖန်ရှန့်ကျယ်၏ ထေ့ငေါ့သော စကားများကို ကြားစဉ်ကနှင့် ချန်လီဝေ့က ဖန်ရှန့်ကျယ်၏ စကားများကိုကြားပြီးနောက် ဝူရှင်းယွမ်ကို ဖုန်းခေါ်လာစဉ်က သူ့၏ သရုပ်မှန်ကို ထုတ်မပြရသည့်အကြောင်းအရင်းမှာ သူက ချန်လီဝေ့၏ ပုံစံအစစ်ကို မြင်လို၍ ဖြစ်ပေသည်။
ဖန်ရှန့်ကျယ်မှာ ချန်လီဝေ့အား တွယ်ကပ်နေသည့် နှံကောင်တစ်ကောင်သာဖြစ်လေသည်။ သူက မည်မျှပင်မြင့်မြင့်ခုန်နိုင်ပါစေ အသုံးမဝင်ပါပေ။ သို့သော် ချန်လီဝေ့က မတူပါပေ။ သူက ကုမ္ပဏီကို အုပ်ချုပ်ရန် အခွင့်အရေးရှိသူ ဖြစ်သည်။ လင်းလော့ချင်းမှာ သူ ဝူရှင်းယွမ်ကို ခေါ်လာသည့် ဖုန်းတစ်ကောတည်းနှင့် ဆုံးဖြတ်၍ မရနိုင်ပါပေ။ သူက ချန်လီဝေ့အား သူကိုယ်တိုင်တွေ့ရန် လိုပေသည်။ သူက သူ့ကိုနားလည်ရန် သူနှင့် အပြန်အလှန်ဆက်ဆံကာ ဆုံးဖြတ်ချက်ချရန် လိုပေသည်။
သူက တစ်ချိန်က တာဝန်ယူတတ်သောလူတစ်ယောက်ဖြစ်ကာ ရှင်းရီကိုအကျိုးအမြတ်ရစေခဲ့သူဖြစ်နိုင်ပေသည်။ သို့သော် သူက လက်ရှိတွင် ထိုရာထူးအတွက် အရည်အချင်းမရှိသည်ကို ငြင်းဆန်၍ မရနိုင်ပါပေ။
ဤကဲ့သို့ လူတစ်ဦး၏ လက်ထဲတွင် ရှင်းရီကို လွတ်ထားရန် မသင့်တော်ပါပေ။ သူက ဆက်လက်ရှိမနေသင့်တော့ပေ။
ဤသို့ဖြင့် ရှစ်ကျန်းက ချန်းလီဝေ့ဤနေရာတွင်ရှိနေသရွေ့ ရှင်းရီနှင့် စာချုပ်ချုပ်၍ မရပေ။ ထိုသို့ဖြစ်ပါက ရှစ်ကျန်းက အရေးကြီးလာသည်နှင့် သူက ချန်လီဝေ့လက်အောက်တွင် ရောက်ရှိသွားပြီး ရှစ်ကျန်းအနာဂတ်တွင် အောင်မြင်မှုတစ်ခုရသည်နှင့် ချန်လီဝေ့က တစ်နည်းမဟုတ်တစ်နည်းဖြင့် ဒုက္ခပေးရန် ကြံစည်နိုင်ပေသည်။
ဤသည်က လင်းလော့ချင် လိုချင်သည့်အရာ မဟုတ်ပါပေ။
အခြေအနေများက ပြောင်းလဲနေ၏။ ဝှက်ဖဲအား နောက်ဆုံးအချိန်မှသာ ချပြနိုင်ပေမည်။ ထိုအချိန်မှသာ သူက သူ့၏ ဝှက်ဖဲအနေနှင့် ကျန်ရစ်ကာ တစ်ခြားသူတစ်ဦး၏ ကောင်းမြတ်ခြင်း မဖြစ်သွားမည် ဖြစ်သည်။
ဝူရှင်းယွမ်က လင်းလော့ချင်းကို မျက်နှာတည်ဖြင့် ကြည့်လိုက်သည်။ သူ့နှလုံးသားမှာ ဝုန်းဒိုင်းကျဲနေသည်ဟု ခံစားလိုက်ရပေသည်။ သူက စီကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်သည်။
သူက သူအသားကျနေသည့် နူးညံ့ညင်သာသော လင်းလော့ချင်းမှာ ဤကဲ့သို့ တစ်ဖက်ခြမ်း ရှိနေမည်ကို မမျှော်လင့်ထားပါပေ။
သူက ဖန်ရှန့်ကျယ် ရှစ်ကျန်းကို အရှက်ခွဲနေစဉ်က သူ့ကိုယ်သူ မထုတ်ဖော်သည်မှာ အံ့ဩစရာမရှိတော့ပါပေ။ ချန်လီဝေ့က ရှစ်ကျန်း၏ လုပ်ငန်းစဉ်တွင် အဟန့်အတားတစ်ခုဖြစ်ရန် သက်သေပြနေစဉ်ကလည်း ထိုသို့ မလုပ်ခဲ့ပါပေ။
သူက ရှစ်ကျန်း၏ ပြဿနာကို ရိုးရှင်းစွာ ကိုင်တွယ်လိုခြင်း မဟုတ်ပဲ သူက ချန်လီဝေ့ကို ကိုင်တွယ်လိုခြင်းပေ။ သူက အနာဂတ်တွက် ပြဿနာများ ထပ်မဖြစ်လာစေရန် ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းလိုခြင်းဖြစ်ပေသည်။
သူက သူ့ကိုယ်သူ အလွယ်တကူ ဖော်ပြရန် လုံးဝ မဖြစ်နိုင်ပါပေ။ ဤသည်က ဘက်ပေါင်းစုံမှ စိုးရိမ်စရာ ဖြစ်လေသည်။ ၄င်းမှာ အရာရာကို တစ်ခါတည်း ဆွဲထုတ်လာကာ အဓိက ရင်းမြစ်ကို အဆုံးသတ်လိုက်သည်က ပိုကောင်းပေသည်။
ဤသည်မှာ ဝူရှင်းယွမ်က သူ့ရှေ့မှ ပုဂ္ဂိုလ်မှာ သူမူလက တွေးထားသည့်အတိုင်း ရိုးရှင်ကာ ညင်သာနေခြင်း မဟုတ်ဟု ပထမဆုံး တွေးမိခြင်း ဖြစ်သည်။ သူက ထိုအလေးတုံးများကို အလွယ်တကူမနိုင်ကာ သူ့ပြဿနာများကို သူ့ကိုယ်တိုင် ဖြေရှင်းနိုင်လေသည်။ သူက ပြသနာရင်းမြစ်ကို တွေ့သည့်အခါ တုံ့ဆိုင်းခြင်းမရှိ ဖော်ထုတ်နိုင်စွမ်းလည်းရှိ၏။
လင်းလော့ချင်းမှာ နူးညံ့ညင်သာသည်ရော သန်မာသည်ရော ဖြစ်နိုင်သည်။ သူက ကျိယွီရှောင်နှင့် အမှန်ပင် သင့်လျော်လှ၏။
လေက အဆက်မပြတ် တိုက်ခတ်နေသည်။ ကောင်းကင်မှာ မှောင်မဲကာ တိမ်ထူနေသည်။ တောင်မိုးတစ်ခုက ချဉ်းကပ်လာပေပြီ။
ဝူရှင်းယွမ်က လင်းလော့ချင်းကို မူလတန်းကျောင်းရှေ့သို့ မောင်းပို့လိုက်သည်။ သူက ဘာမှမပေးပဲ ရိုးရှင်းစွာပင် ပြန်သွားလေသည်။
လော့ကျားက သူရောက်လာသည်ကို တွေ့ကာ အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။
"ဒီနေ့ ဘာလို့ အိမ်မပြန်တာလဲ..."
"ကိစ္စတစ်ချို့ ကိုင်တွယ်ဖို့ထွက်လာတာပါ..."
လင်းလော့ချင်းက ဆိုလိုက်သည်။
လော့ကျားက ခေါင်းညိတ်ပြလိုက်လေသည်။
သူတို့နှစ်ဦး စကားပြေနေစဉ်မှာပင် လင်းဖေးနှင့် ကျိယွီရှောင်တို့က ထွက်လာလေသည်။
သူတို့နှစ်ဦးမှာ ခါတိုင်းလိုပင် လက်များ ကိုင်ထားကြလေသည်။ လင်းလော့ချင်းမှာ ကြည့်ကာ မပြုံးပဲ မနေနိုင်ပါချေ။ သူသည် အစပိုင်းက ကလေးနှစ်ယောက်မှာ သူတို့ကိုယ်တိုင် လမ်းလျှောက်လာသည်ကို အမှတ်ရနေဆဲ ဖြစ်သည်။
လင်းဖေးမှာ သဘာဝအလျောက်ပင် သီးသန့်နေတတ်ကာ တခြားသူများကို သူငယ်ချင်းဖွဲ့ရန် တက်တက်ကြွကြွ ရှာဖွေ မနေတတ်ချေ။
သို့သော် ကျိလဲ့ယွီက မတူပါပေ။ သူက ကျောင်းထဲမှထွက်လာသည်နှင့် တခြားသူများက သူ့ကို နှုတ်ဆက် စကားပြောချင်၍ ဝန်းရံနေတတ်သည်သော်လည်း သူက ထိုသူများကို အထင်သေးနေဟန်ရသည်ကို မြင်နိုင်ပေသည်။ သူတို့စကားပြောနေသည်ကို မြင်ရလျှင်ပင် ကောင်းမွန်လှသည်ဟု ယူဆနိုင်သည်။
လက်ကိုင်ထားသည်ကမူ အလွန်များပေသည်။
ယခုမှ သေချာကြည့်လိုက်သောအခါ သူတို့က လက်ကိုင်ထားသည်သာမက ကျိလဲ့ယွီက အရှေ့အနောက်ပင် လှုပ်ယမ်းနေသေးသည်။
ထိုအချိန်၌ လင်းလော့ချင်းမှာ ဝမ်းမြာက်ဝမ်းသာဖြစ်ကာ အလွန်ကျေနပ်သွားရ၏။
သူက လင်းဖေးနှင့် ကျိလဲ့ယွီကို လက်ယမ်းပြလိုက်လေသည်။ ကလေးနှစ်ယောက်က မကြာမီပင် သူ့ဆီသို့ ပြေးလာပြီး ကားပေါ်သို့ တက်လိုက်လေသည်။
"ဒီနေ့ကျောင်းတက်ရတာ ဘယ်လိုလဲ... ပျော်ခဲ့လား..."
လင်းလော့ချင်းက မေးလိုက်လေသည်။
"ဟုတ်..."
ကျိလဲ့ယွီက ပျော်ရွှင်စွာ ဆိုလိုက်သည်။
လင်းဖေးက သူ့နဖူးလေးကို ခပ်ဖွဖွ လှုပ်ကာ ဆိုလိုက်သည်။
"ခါတိုင်းလိုပါပဲ..."
လင်းလော့ချင်းက သူ့ပါးလေးကို ဆွဲကာ မေးလိုက်လေသည်။
"မင်းရဲ့ နောက်ဆုံးစာမေးပွဲက ဘယ်တော့လဲ... အဲ့ဒါက တစ်လအတွင်းမှာ မလား..."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီက အဲ့လို ရက်စက်တဲ့ မေးခွန်းကို ဖြေဖို့ ငြင်းဆိုတယ်...
"ဇန်နဝါရီ ၁၇ရက်..."
လင်းဖေးက ဖြေလိုက်လေသည်။
"ဝိုး... အဲ့ဒါဆိုရင် မင်းတို့က အချိန်တောင် သိပ်မကျန်တော့ဘူးပဲ... ရှောင်ယွီ သားဘယ်လိုခံစားရလဲ... သားအရင်က မသင်ဖူးတဲ့ဟာတွေကို ပြင်ဆင်ပြီးပြီလား..."
ကျိလဲ့ယွီက သူ့ကို ဝင့်ကြွားစွာကြည့်လိုက်လေသည်။
"သားက ကောင်းကောင်းကြီး ပြင်ဆင်ထားပြီပြီ..."
"အဲ့ဒါဆိုရင် သားက အမှတ်ကောင်းကောင်း ရမှာပေါ့..."
ကျိလဲ့ယွီ - ...
"အဲ့ဒါကို ကိုကိုအတွက်ပဲ ထားလိုက်ရင်ရော..."
သူက မျက်လုံးများကို တဖျပ်ဖျပ်ခတ်ကာ ချိုမြိန်စွာ ဆိုလိုက်သည်။
"မင်းကိုကိုက သေချာပေါက် အဆင့်ကောင်းကောင်း ရမှာလေ... မင်းကတော့ သူ့နောက် အရမ်းမရောက်စေနဲ့နော်... မဟုတ်ရင် သူနဲ့ အလယ်တန်းကျောင်းအတူတူတက်လို့ရတော့မှာ မဟုတ်ဘူး.."
"အဲ့ဒါက နောက်ထပ် ၆နှစ်နေမှပါ..."
ကျိလဲ့ယွီက တည်ကြည်စွာဆိုလိုက်သည်။
"သားက အခုမှ ပထမတန်းပဲ ရှိသေးတာ... အစောကြီး ရှိပါသေးတယ်..."
လင်းလော့ချင်းက သူ့ကြောင့် ရွှင်မြူးသွားကာ ရယ်မောလိုက်သည်။
"အဲ့ဒါဆိုလည်း ဟုတ်ပါပြီ..."
သူက ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"ငါတို့ မင်းကို နောက်ထပ် နှစ်နည်းနည်းလောက် ထပ်ပြီး ကစားခွင့် ပေးပါတယ်..."
ကျိလဲ့ယွီက ခေါင်းညိတ်ပြကာ ချက်ချင်းပင် သဘောတူလိုက်လေသည်။
လင်းဖေး - ...
လင်းဖေးက သူ့စိတ်ထဲတွင်သာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်နိုင်ပေသည်။ သူက ကျိလဲ့ယွီကို အနည်းငယ်ပို၍ ကြည့်ရှုစောင့်ရှောက်ပေးရမည်ဟု ခံစားလိုက်ရပေသည်။ ကျိလဲ့ယွီနှင့် သူ့ရှုရှုတွင် နှစ်ဦးစလုံးမှာ စိတ်မချရကာ စာလေ့လာခြင်းနှင့် ပတ်သတ်ပါက အပူအပင်ကင်းမဲ့လှပေသည်။
သူတို့က ကျိလဲ့ယွီ ၆တန်းရောက်တဲ့အထိ စောင့်ချင်သေးတာတဲ့...
မနက်ဖြန်အတွက် အစီအစဉ်ဆိုတာ အမြဲရှိရတယ်ဆိုတာကို သူတို့မသိကြဘူးလား...
ဟင်း...
လင်းဖေးက သူ့နဖူးကို ပွတ်လိုက်လေသည်။ သူက သူတို့သုံးယောက်ထဲတွင် သူက ခက်ခဲလှသည်ဟု ခံစားလိုက်ရပေသည်။
သူတို့အိမ်ရောက်သောအခါ လင်းဖေးက ကျိလဲ့ယွီကို သူ့အခန်းထဲကို အလွန်သဘာဝကျစွာ ဆွဲခေါ်သွားလေသည်။ ထို့နောက် သူက ကျိလဲ့ယွီကို သူ့အိမ်စာများရေးရာတွင် အဖော်ပြုပေးလိုက်သည်။
ကျိလဲ့ယွီက ဝမ်းနည်းလာပေသည်။
"သားတို့က စားတောင် မစားရသေးဘူးလေ..."
"မင်း သိဖို့လိုတာတွေကို အလွတ်စကျက်ထားတော့..."
ကျိလဲ့ယွီ - ...ဟင့်
လင်းဖေးက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"လိမ်လိမ်မာမာနေနော်..."
ကျိလဲ့ယွီ - ...ကိုကိုက အရမ်းစည်းကမ်းကြီးတာပဲ... အဟင့်... အဟင့်...
ကျိလဲ့ယွီက တွန့်တွန့်ဆုတ်ဆုတ်ဖြင့် သူ့စာအုပ်ကို ထုတ်လိုက်ပြီး သူသိရမည့် ကဗျာများကို စတင် ကျက်မှတ်လိုက်လေသည်။
လင်းလော့ချင်းက သူတို့နှစ်ဦးမှာ အခန်းထဲဝင်သွားသည်ကို မြင်ရာ ၄င်းကို အခွင့်အရေးယူပြီး ကျိယွီရှောင်ကို သူ့စာကြည့်ခန်းထဲတွင် သွားရှာလိုက်သည်။
ကျိယွီရှောင်က အလုပ်ရှုပ်နေခြင်း ပြီးစီးသွားပြီ ဖြစ်သည်။ သူက စာအုပ်တစ်အုပ်ကို ဖတ်နေလေသည်။ ကျိယွီရှောင်က သူဝင်လာသည်ကိုမြင်သောအခါ စာအုပ်ကို ပိတ်လိုက်ပြီး အပြုံးတစ်ခုနှင့် ဆိုလိုက်လေသည်။
"မင်းပြန်လာပြီလား..."
"အင်း..."
လင်းလော့ချင်းက သူ့ဆီသို့ လျှောက်လာလေသည်။
"မင်း အလုပ်များနေလား..."
"ရပါတယ်... တစ်ခုခုဖြစ်လို့လား..."
"ဟုတ်တယ်... ကိစ္စလေးတစ်ခုရှိတယ်..."
လင်းလော့ချင်းက တည့်တိုးသာပြောရန် ဆုံးဖြတ်လိုက်ပြီး မေးလိုက်သည်။
"မင်း ချန်လီဝေ့ကို သိလား..."
ကျိယွီရှောင်က သူ၄င်းကိုပြောသည်အား ကြားသောအခါ စိတ်ရှုပ်ထွေးသွားသည်ဟု ခံစားလိုက်ရပေသည်။
"ရှင်းရီရဲ့ အထွေထွေ မန်နေဂျာ... CEOလေ... သူက ဘာဖြစ်လို့လဲ... မင်းဒီနေ့ သူနဲ့ တွေ့လာခဲ့လို့လား..."
"ဟုတ်တယ်..."
လင်းလော့ချင်းက ထိုင်ခုံကို မှီလိုက်လေသည်။
"အဲ့ဒါဆိုရင် သူက ချစ်သူလေးတစ်ယောက်ထားနေတာ မင်းသိလား..."
"အင်း..."
ကျိယွီရှောင်က တည်ငြိမ်စွာဆိုလိုက်သည်။
"ငါ့အစ်ကို ရှိတုန်းက သူစပြီး ထားထားတာ... ဒါပေမဲ့ သူ့ရဲ့ နှစ်စဉ် ဝင်ငွေတွေက ငါ့အစ်ကိုကို မျက်လုံးတစ်ဖက် ဖွင့်ပြီး တစ်ဖက်ကို မှိတ်ထားပေးဖို့အထိ လုံလောက်တယ်..."