အပိုင်း ၈၂
Viewers 16k

Chapter 82

ဇာတ်လမ်းလေးအထုပ်ဖြည်ပြပါဦး


" ဘာကိုစီနီယာလဲ ဟမ့်.."


" သူမမှာ ဝိဉာဥ်စွမ်းအင် တစ်အောင်စတောင်ခံစားလို့ရမနေဘူးကွ ဒီတိုင်း နတ်ဆိုးတိုင်းပြည်က မိစ္ဆာမတစ်ယောက်ကိုသွေးဆောင်ဖျားယောင်းလာတာ ဝန်ခံလိုက်လေ..."


" မင်း..."


" ဟေး ဟေး ဟေး ..."


ယောင်စစ်က ဆက်လက်နားထောင်နိုင်စွမ်းမရှိတော့ချေ။


" ဒီမှာ ငါပြောတာကိုနားထောင်ဦး..."


တစ်ဖက်လူကတော့ ထိုအတွေးမျိုး စိုးစဥ်းမျှမရှိဟန်တူသည်။ သူက သူ၏ခါးတွင်ချိတ်ဆွဲထားသော ကမ္ဗည်းပြားကဲ့သို့အရာလေးအား သူမတို့ထံသို့ပစ်လွှတ်လိုက်၏။


" သစ္စာဖောက်နဲ့ မိစ္ဆာမကိုဖမ်းချုပ်လိုက်စမ်း..."


ချီးပဲ ငါ့စကားကိုနားထောင်ဦးလို့...


" ပတ်ပတ်လည်ကိုသတိထားပါ အစ်မစစ်..."


ဇန်ဇီချန်က သတိပေးလာသည်။


" ဂိုဏ်းတူညီလေးက ဝိဉာဥ်အရင်းအမြစ်တစ်ခုတည်းအထူးပြုတဲ့လူ အထူးသဖြင့်မြေပြင်ကိုသတိထားပါ..."


သူ၏ သတိပေးစကားပင်မဆုံးသေး။ သူမတို့ခြေထောက်အောက်ရှိမြေပြင်မှ လက်မောင်းအရွယ်ခန့် နွယ်ပင်များထိုးထွက်လာကာ ယောင်စစ်နှင့် ဇန်ဇီချန်တို့အား တိုက်ခိုက်လာ၏။


ထိုစဥ် အနောက်ဘက်ရှိလူအုပ်ကလည်း ထူးဆန်းသောလက်ဟန်များဖန်တီးကာ အစီအရင်တစ်ခုကိုဆင့်ခေါ်လိုက်ကြပြန်သည်။ ထို့နောက် လေထုထဲတွင် အသွားချွန်မြသော ရေခဲစိုင်များ နေရာမလပ်ဖြစ်ပေါ်လာချေသည်။


သို့သော်လည်း ထိုအရာများက အရေးမကြီးပေ။ တစ်ဖက်လူက သူမထံသို့ လက်ညွိုးညွှန်လိုက်သည်နှင့် တစ်ပြိုင်နက် သူမခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော ရင်းနှီးသည့်ခံစားချက်အား ရရှိလိုက်သည်။


ဇန်ဇီချန်ပြောသည့် ဝိဉာဥ်အရင်းအမြစ်ဟူသည်မှာ အထူးစွမ်းရည်တစ်ခုဖြစ်နေသည်ပေ။


အရံသင့်လိုက်လေ...


" ဟေးးး..."


ယောင်စစ်က သူမ၏လက်ကိုမြှောက်၍ အသက်ပြင်းပြင်းရှူကာ အော်ဟစ်လိုက်သည်။


" ငါပြောတာကို နားထောင်ကြဦးလို့..."


ယောင်စစ်အားပြုလိုက်သည်နှင့် ကောင်းကင်ယံတွင် မီးလျှံငြီးငြီး နဂါးတစ်ကောင်ပေါ်ထွက်လာပြီး အခင်းဖြစ်ရာပတ်ပတ်လည်သို့ လှည့်ပတ်ပျံသန်းသွားလေသည်။


နဂါးကြီးပျောက်ကွယ်သွားသောအခါ ရေခဲဖြစ်စေ နွယ်ဖြစ်စေ အမှိုက်သရိုက်များအဖြစ်သာ ကျန်ရှိခဲ့တော့၏။ ယောင်စစ်က လူအားလုံး၏မျက်နှာထက်ရှိအမူအရာများ ငြိမ်ကျသွားသည်ကို အတည်ပြုပြီးသောအခါမှ သူမ၏လက်ကျန်စကားများအား ဖြည့်စွက်လိုက်လေသည်။


" မဟုတ်ရင် ငါနင်တို့ကိုရိုက်မှာလို့..."


ဇန်ဇီချန်နှင့် လူအုပ်ကြီးက သူမအားတိတ်တဆိတ်ကြည့်ရှုနေကြ၏။


ကောင်းတယ် နားထောင်ကြပြီပဲ...


〒▽〒


ယောင်စစ်က ရှေ့သို့လျှောက်လှမ်းသွားလိုက်ပြီး တစ်ကိုယ်လုံးရှုပ်ပွနေကာ ပေါက်ကွဲလောင်ကျွမ်းထားသည့် ထိုးထိုးထောင်ထောင်ဆံပင်များဖြင့် စွာတေးလန်ဂျူနီယာလေးအား ပခုံးပုတ်လိုက်သည်။


" အခုငါတို့စကားပြောလို့ရပြီလား..."


" စီ စီနီယာ..."


၎င်းက ခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြစဥ် အတောမသတ်နိုင်အောင် ချောင်းဆိုးလျက်ရှိသည်။


" ဂျန်ကျီ တဇွတ်ထိုး မှားယွင်းခဲ့မိပါတယ် စီနီယာသဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးဖို့ ဂျန်ကျီတောင်းပန်ချင်ပါတယ်..."


ဂျန်ကျီတဲ့လား... ဖြောင့်လိုက်တဲ့နာမည်ပါလားဟေ...


ယောင်စစ်က ဂျန်ကျီအား အနားသို့ဆွဲခေါ်လိုက်ပြီး ထိုင်ချစေသည်။


" လာလာထိုင်ဦး ပြီးရင်ဘာတွေဖြစ်နေတာလဲရှင်းပြ..."


ထိုအခါ ဂျန်ကျီက နာခံစွာဖြင့်အကြောင်းစုံအား ရှင်းပြလာချေသည်။


ဇာတ်လမ်းပုံစံက ရိုးရှင်းသော်လည်း တင်းမာခက်ထန်ခဲ့သောအခြေအနေဖြစ်သည်။  ဇန်ဇီချန်က ရှစ်ဖုန်းဂိုဏ်း၏ ဒုတိယတန်းတပည့်တစ်ဦးဖြစ်၏။ သူ့ထံတွင် ဝိဉာဥ်သွေးကြော ငါးခုရှိသဖြင့် လူတိုင်းက မျှော်လင့်ချက်မရှိဟုသမုတ်ကြမြဲပင်။


သို့သော် ဇန်ဇီချန်က သူ၏မဆုတ်နစ်သောအားထုတ်မှုများဖြင့် လူတိုင်း၏ခန့်မှန်းချက်များအားကျော်ဖြတ်ကာ မျိုးဆက်တူကျင့်ကြံသူများအကြားတွင် ထိပ်တန်းတစ်ဦးဖြစ်လာခဲ့ပေသည်။


ထို့နောက် ရုတ်တရက် ဂိုဏ်းအမွေအနှစ်ဖြစ်သော တိုက်ပွဲအသွင်ပြောင်းဆေးလုံး ပျောက်ဆုံးသွားခဲ့၏။ ပြဿနာဖြစ်ခဲ့သောနေ့ရက်တွင် အခင်းဖြစ်ရာ၌ ဇန်ဇီချန်နှင့်အတူဂိုဏ်းချုပ်နှင့် အကြီးတန်းစီနီယာတစ်ဦးသာရှိနေခဲ့သည်။


ထိုနှစ်ဦးလုံးက ဇန်ဇီချန် ဆေးလုံးကိုခိုး၍ အသုံးမကျသောဝိဉာဥ်ကြောများအားပြင်ဆင်ခဲ့သည်ဟု စွဲချက်တင်အတည်ပြုကြသည်။ ထို့နောက် အမွေအနှစ်ခိုးသည့် ပြစ်ဒဏ်အဖြစ် သေဒဏ်နှင့်ညီမျှသော နတ်ဆိုးဆိုင်းပြည်သို့ နယ်နှင့်ခဲ့ခြင်းပင်။


" သူ့အပြစ်အတွက်သေသင့်တယ်..."


" ငါမခိုးဘူးလို့..."


" ရပြီ ရပြီ တော်ကြတော့..."


ယောင်စစ်ကကြားဖြတ်လိုက်ရသည်။


" မင်းပြောတာတွေကို ရှင်းရှင်းလင်းလင်းပြန်သုံးသပ်ရင် ဇန်ဇီချန်လုပ်ခဲ့ပါတယ်ဆိုတဲ့ သက်သေမရှိဘူးနော်..."


ထိုနေရာတွင် ခိုးပါသည်ဟုပြောသော ဂိုဏ်းချုပ်နှင့် အကြီးတန်းတပည့်တစ်ဦးသာရှိခဲ့သည်။


ထို့အပြင် မည်သို့ဖြစ်စေ ဇန်ဇီချန်နှင့်ခိုးသည် ဟူသောဝေါဟာရတို့ကို သူမပေါင်းစပ်၍မရချေ။ ဇန်ဇီချန်က အင်မတန် ပြတ်သားဖြောင့်မတ်သူပါပေ။ အန္တရာယ်တောထဲ တိုးဝင်ရမည်ကိုသေချာနေသည့်တိုင် သူမအားတစ်ယောက်တည်းမလွှတ်ဘဲ ခရီးဆုံးသည်ထိ လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ဤလူလိမ္မာလေးက ဆေးလုံးကိုခိုးခဲ့မည်ဟု ယောင်စစ်မည်သို့မျှမယုံပါချေ။