Chapter 83
ဝန်ဆောင်မှုစင်တာအဖွဲ့သား
" စီနီယာ ခင်ဗျား ဂိုဏ်းချုပ်ကိုလာတွေ့တာမဟုတ်လား..."
ဂျန်ကျီ၏ မျက်ဝန်းများအတွင်း အလင်းတစ်ခုဖြတ်ပြေးသွားကာ စိတ်သက်သာရာရသွားဟန်တူသည်။
သူကခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ပြီး...
" ကောင်းပါပြီ ကျွန်တော်လိုက်ပို့ပေးမယ် ဂိုဏ်းချုပ်က ပင်မခန်းဆောင်မှာအကြီးအကဲတွေနဲ့ အစည်းအဝေးလုပ်နေပါတယ်..."
" အစ်မစစ်... "
ဇန်ဇီချန်က ကြောင့်ကြနေသည်။
" မပူပါနဲ့ အဆင်ပြေသွားမှာပါ..."
ယောင်စစ်က ဤဂိုဏ်းရှိလူတိုင်းတွင် အထူးစွမ်းရည်များမုချ ရှိကြသည်ဖြစ်၍ ယုံကြည်ချက်ပြည့်စွာ သူမရင်ဘတ်အားပုတ်ပြလိုက်သည်။
" ဒီကိစ္စကပြေလည်အောင်ရှင်းမှကိုရမယ် သူတို့ဘက်ကကျိုးကြောင်းမသင့်နိုင်ရင်လည်း ငါမင်းကိုအပြင်ပြန်ခေါ်ထုတ်လာနိုင်ဖို့အာမခံပါတယ် ဒီထက်ဆိုးလည်း ဒီထက်ဆိုးစရာမရှိတော့ပါဘူး..."
ဇန်ဇီချန်က အံကြိတ်လိုက်ပြီး သူ၏လက်နှစ်ဖက်အား တင်းကြပ်စွာဆုပ်လိုက်လေသည်။ သို့သော်ခေတ္တအကြာတွင် ပြန်လည်ပြေလျော့သွားကာ ခေါင်းငြိမ့်ပြလာသည်ကို ယောင်စစ်မြင်လိုက်ရသည်။
အဆုံးတွင် သူက ဖြောင့်မတ်ကာ ဟန်မဆောင်တတ်သောကလေးတစ်ဦးပါပေ။
ယောင်စစ်က တစ်ကိုယ်လုံးမီးကျွမ်းထားသဖြင့် ညှော်နံ့ပင်ထွက်လုပြီဖြစ်သော တပည့်၏နောက်မှလိုက်ပါလာသည်။
တံတိုင်းနောက်သို့ဝင်ရောက်လိုက်ပြီးသောအခါ ကောင်းကင်သို့ဆန်တက်သွားသလောအောက်မေ့ရသည့် အင်မတန်ရှည်လျား မြင့်မားသော ကျောက်သားလှေကားထစ်များအားတွေ့ရှိလိုက်ရချေ၏။ ရှည်လျားထွေပြားလွန်းသည်မှာ လမ်း၏အဆုံးသတ်ကိုပင် မမြင်နိုင်ပါပေ။
ငါတို့ဒီလှေကားတက်ရင်း သေသွားလောက်လား...
သို့သော်သူမတွင်ရွေးချယ်စရာမရှိပေ။ ယောင်စစ်က အသက်ပြင်းပြင်းရှူကာ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်သည်။ ရုတ်ချည်းဆိုသလို သူမခြေနင်းလိုက်သောမြေကွက်လပ်မှ မျက်စိကျိန်းဖွယ် အလင်းတန်းများပေါ်ထွက်လာသည်။ ဖြည်းညင်းစွာပြန်လည်မှိန်ဖျော့သွားချိန်တွင်မူ သူမရောက်ရှိနေသော ပတ်ဝန်းကျင်က ပြောင်းလဲသွားပြီဖြစ်၏။
သူမက ပတ်ပတ်လည်တွင် တိမ်စိုင်များဝန်းရံနေသော ခန်းမဆောင်တစ်ခု၏ စင်ဝင်တွင်မတ်တပ်ရပ်နေခဲ့သည်။
ဤလှေကားက နေရာရွှေ့ပြောင်းအစီအရင်တစ်ခု ရှိနေခြင်းပါပေ။ ယောင်စစ်က သူမစာရင်းသွင်းခဲ့သော နေရာရှိ ဆယ်ယူပို့ဆောင်ရေးဧရိယာမှ ပန်းချီကားလျပ်များအား ပြန်လည်အမှတ်ရမိသွားပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိချေသည်။
ဒီတစ်ခါတော့ နေရာမှားမသွားဘူးပဲ...
" စီနီယာ ကျေးဇူးပြုပြီးဒီဘက်ကိုကြွပါ ဂိုဏ်းချုပ်က အထဲမှာရှိပါတယ်..."
ဂျန်ကျီက သူမတို့ရှေ့မှ နေရာအားညွှန်ပြ၍ ဖိတ်ခေါ်လာသည်။
ယောင်စစ်က တံခါးကိုတွန်းမဖွင့်မီ တံခါးနှစ်ချပ်က အလိုအလျောက်ပွင့်ဟသွားသဖြင့် သူမလက်အား အသာပြန်ရုပ်လိုက်ရသည်။
" ဘယ်သူက ကြိုအသိမပေးဘဲဝင်လာရတာလဲ ငါအကြီးအကဲချုပ်နဲ့စကားပြောနေတာမသိဘူးလား..."
ခန်းဆောင်အတွင်းမှ တင်းမာသော အသံတစ်သံကဆီးကြိုလေသည်။
" ဂိုဏ်းချုပ်..."
ဂျန်ကျီက အလျင်အမြန် ရိုကျိုးစွာဒူးထောက်ဂါရဝပြုလိုက်သည်။
" စီနီယာတစ်ဦးက ဂိုဏ်းချုပ်နဲ့ အရေးတကြီးတွေ့ချင်နေလို့ပါ... ဇန် ဇန်ဇီချန်ကိစ္စပါ..."
" ဘာ ..."
ဂိုဏ်းချုပ်ဆိုသူက အံ့အားကြီးစွာလှည့်ကြည့်လာသည်။
" ဇန်ဇီချန်ဆိုတဲ့ သစ္စာဖောက်ကောင် အသက်ရှင်နေသေးတာလား..."
ယောင်စစ်က အကဲခတ်လိုက်သောအခါ အခန်းတွင်း၌ စုစုပေါင်း လူခြောက်ဦးရှိနေသည်အား တွေ့လိုက်ရသည်။ မေးခွန်းထုတ်လိုက်သော အပြာဝတ်လူမှလွဲ ကျန်ငါးဦးမှာ နေရာတွင်ထိုင်လျက် ရှိကြသည်။
ဂိုဏ်းချုပ်က ဇန်ဇီချန်အားဦးစွာလှည့်ကြည့်လာကာ သူ၏မျက်နှာထက် ကွယ်ဝှက်မထားသော အမုန်းတရားတို့ဖြတ်ပြေးသွားသည်။ ထို့နောက်မှ သူက ဂျန်ကျီဘက်သို့လှည့်ကာ မေးသည်။
" ဘယ်သူက ငါနဲ့တွေ့ချင်တာလဲ..."
" ကျွန်မပါ..."
ယောင်စစ်က လူအုပ်ထဲမှရှေ့သို့ထွက်လာသည်။ သူမလူလုံးပြလိုက်သောအခါ ထိုင်နေသောလူလေးဦးက ရုတ်တရက် တောင့်တင်းသွားကြကာ ချက်ချင်းထရပ်လိုက်ကြလေ၏။ ကျန်တစ်ယောက်ကမူ အနည်းငယ်နှေးကွေးကာ အဆုံးတွင် သူ၏မျက်နှာသည်လည်း ဖြူဖျော့သွားရသည်။
" မင်းကဘယ်သူလဲ..."
ဂိုဏ်းချုပ်က ယဥ်ကျေးမှုစိုးစဥ်းမျှမပြသဘဲ မေးသည်။ ယောင်စစ်က ပြန်လည်ဖြေကြားရန်ပြုလိုက်သော အချိန်တွင်...
" ငါသိတယ်..."
ထိုသူကနောက်ဆုံးမှ မတ်တပ်ရပ်လိုက်သောအကြီးအကဲဖြစ်ကာ သူမဆီသို့လျှောက်လှမ်းလာပြီး သူ၏မျက်နှာထက်တွင် ကြီးမားသော အပြုံးတစ်ခုပွင့်လန်းနေလေသည်။
" မင်္ဂလာပါ မင်္ဂလာပါနော်..."
ဦးလေးကြီး ရှင်ဘယ်သူလဲ...
" အကြီးအကဲ သူကဘယ်သူ..."
" တန်ဖိုးကြီးသူငယ်ချင်းလေ မတွေ့ရတာနှစ်တွေကြာနေတော့ မေ့တော့မလိုတောင်ဖြစ်သွားရတယ်..."
ထိုစကားကိုကြားသောအခါ ဂိုဏ်းချုပ်ဖြစ်သူ၏အမူအရာက တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းလဲသွားကာ ချက်ချင်းဆိုသလို ရိုကျိုးသောအမူအယာဖြစ်လို့သွားသည်။
ယောင်စစ်က ရှုပ်ထွေးနေဆဲဖြစ်သော်လည်း ထိုလူကြီးက ဆက်လောကွတ်ချော်လာ၏။
" မိတ်ဆွေကြီး မင်းရောက်လာပြီပဲ အသိပေးချက်ကိုရပြီးကတည်းက ဘယ်နေ့လာမလဲစောင့်နေခဲ့ရတာ ဘေးကင်းကင်းရောက်လာလို့ဝမ်းသာပါတယ် လက်ဖက်ရည်လေးသောက်ဦးမလား အဲဒါတွေထက် ငါမင်းကိုအခုဘယ်လိုခေါ်ရမလဲ..."
သူငယ်ချင်းဟောင်းတဲ့လား...
" ကျွန်မနာမည် စစ်ယောင်..."
ဒီလို ရှုပ်ထွေးလွန်းတဲ့ ဖော်ရွှေမှူကြီးက...
ဟုတ်တယ် သူတို့ကဝန်ဆောင်မှုစင်တာက ဝန်ထမ်းတွေပဲဖြစ်ရမယ်
သူတို့က သူမကဖောက်သည်ဆိုတာမှတ်မိကြတယ်ပေါ့...
နေပါဦး အခုက အဲဒါတွေအတွက်အချိန်မဟုတ်သေးဘူး...