အပိုင်း ၁၄၄
Viewers 35k

Chapter 144



အုပ်စုထဲမှ ပါဝင်သူများက တိတ်ဆိတ်သွားလေသည်။ သူတို့က ချန်လီဝေ့၏ "ကောင်းပြီ... ငါမင်းတောင်းဆိုသမျှကို လက်ခံမယ်... ငါမင်းကလွဲရင် ဘယ်သူ့မှ မခေါ်တော့ဘူး..."ဆိုသော စကားတွင် နစ်မြုပ်နေဆဲ ဖြစ်ဟန်ရပေသည်။ 


သူတို့က သူတို့နှင့် စုထုံ၏ ကြားမှ ကွာခြားချက်ကို ကောင်းကောင်းသိသော်လည်း ဤသည်မှာ ချန်လီဝေ့သူတို့အား သဘောတူထားသည့်အရာ မဟုတ်ပါပေ။ သူက သူတို့အား ပျိုးထောင်ပေးမည်၊ သူတို့အား ဦးစားပေးမည်၊ သူ့တို့အား ရင်းမြစ်များပေးမည်ဟု ဆိုခဲ့ပေသည်။ အနာဂတ်တွင် သူတို့အားလုံးက အဓိက ဇာတ်ဆောင်များ ဖြစ်ရပေမည်။


ထိုကတိအားလုံးမှာ ချန်လီဝေ့၏ ယခုပြောလိုက်သောစကားတစ်ခွန်းဖြင့် ပျက်စီးသွားပေပြီ။


သူက ဆုံးဖြတ်ချက်ကို အလွန်လျင်မြန်စွာ ပြုလုပ်ခဲ့၏။ 


စုထုံက များစွာပင် မပြောရသေးခင်မှာပင် သူက တုံ့ဆိုင်းခြင်းမရှိ သူတို့အား စွန့်လွတ်ခဲ့ပေသည်။ စုထုံက "မင်းက ဆုံးဖြတ်ချက်ကို မြန်မြန်ကြီး ချလိုက်တာပဲ... မင်းက သူတို့ကို ဂရုစိုက်တယ်လို့ ငါထင်နေတာ... ကြည့်ရတာ အဲ့လောက်လည်း မဟုတ်ဘူးထင်ပါတယ်..."ဟု ဆိုလာသည့်အခါတွင်လည်း သူက မငြင်းဆိုခဲ့ပါပေ။ 


၄င်းမှာ သူ့(clw)အတွက် သူတို့က မည်မျှ အရေးမပါသည်ကို သက်သေပြလိုက်ပေသည်။ သူတို့က စုထုံနှင့် အသေးငယ်ဆုံး သဘောထားကွဲလွဲမှုလေးဖြစ်လာလျှင်ပင် ချန်လီဝေ့က သူတို့အား လက်လျော့လိုက်မည် ဖြစ်သည်။ 


အဲ့လိုသာဆိုရင် ချန်လီဝေ့နဲ့ ထွက်သွားရမယ့် အကြောင်းအရင်းက ဘာများလဲ...


သူတို့ရင်းနှီးပြီးသား ကုမ္ပဏီအား မရင်းနှီးသည့် ကုမ္ပဏီတစ်ခုအတွက် ထွက်ခွာခြင်းက အစကတည်းမှ စွန့်စားမှုများ ရှိနေပြီး ဖြစ်သည်။ သို့သော် သူတို့က ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခုကို မျှော်လင့်ခဲ့မိသည်။ သို့သော်လည်း ဤအနာဂတ်သို့ မလျှောက်လှမ်းရသေးခင်မှာပင် သူတို့က အဆုံးသတ်ကို ဝိုးတဝါးမြင်နေရပြီ ဖြစ်သည်။


လူငါးဦးမှာ စိတ်ဓာတ်ကျသွားသည်ဟု ခံစားလိုက်ရသည်။ 


စုထုံက သူတို့အား အုပ်စုဖွဲ့ ခေါ်ဆိုမှုတစ်ခုထဲသို့ ဆွဲခေါ်ခံလိုက်ရသည့် အချိန်က သူတို့က စိတ်ရှုပ်သွားခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဤသည်က ကုမ္ပဏီ၏ အကောင်းဆုံး အနုပညာရှင် ဖြစ်လေသည်။ 


ပုံမှန်ဆိုရင် သူတို့က အချင်းချင်း ဆက်သွယ်လေ့ မရှိကြပါဘူး... ဒါပေမဲ့ အခု ကုမ္ပဏီရဲ့ အကောင်းဆုံး အနုပညာရှင်က သူတို့ဆီကို စပြီး ဆက်သွယ်လာတယ်... ဘာလို့လဲ...


ထို့နောက်တွင် စုထုံ သူတို့အား မေးလာသည်ကို တွေ့လိုက်ရသည်။

[မင်းတို့အားလုံး ချန်လီဝေ့နဲ့ ထွက်သွားဖို့ ပြင်ဆင်နေကြတာလား...]


သူတို့က ယခုထက်ထိတိုင် ထွက်မသွားရသေး၍ သူတို့၏ အစီအစဉ်ကို ဝန်ခံရန် ကြောက်နေကြသည်။ သူတို့က တုံးအချင်ယောင်ဆောင်ရန် ဆုံးဖြတ်ကာ ပြန်ဖြေလိုက်သည်။

[စုကော... ဘာတွေ ပြောနေတာလဲ... ဟဟဟ...]


စုထုံက သူတို့ တုံးအချင်ယောင်ဆောင်နေသည်ကို ဂရုမစိုက်ပဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

[သူက မင်းတို့ကို ခေါ်သွားမှာမဟုတ်ဘူး... သူက ငါ့ကို ခေါ်သွားဖို့ ကြိုးစားနေတာ... ငါသူနဲ့ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ရင် မင်းတို့ကို သူနဲ့ လိုက်ခွင့်မပြုဘူး...]


အုပ်စုက တိတ်ဆိတ်သွားလေသည်။


စုထုံက ဆက်ပြောလိုက်သည်။

[မှန်းကြည့်လိုက်... ချန်လီဝေ့က သဘောတူမယ်ထင်လား... သူသေချာပေါက် သဘောတူမယ်လို့ ငါထင်တယ်... ဘာပဲဖြစ်ဖြစ် မင်းတို့အကုန်လုံးက သူ့အတွက် တန်ဖိုးနည်းနည်းပဲ ရှိတာ... ငါက မတူဘူး... ငါတို့အကုန်လုံးက သူ့အတွက် ငါကဘယ်လိုအဓိပ္ပာယ်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိမယ်ထင်ပါတယ်...]


[သူက မင်းတို့ကို ဂရုတောင်မစိုက်ဘူး... သူက မင်းတို့ကို အလွယ်တကူ လက်လွတ်ပစ်မှာ...]


[မင်းတို့ အဲ့ဒါကို ယုံလား... မယုံရင် ဒီညနေကျရင် ကောင်းကောင်းနားထောင်လိုက်...]


အနုပညာရှင် အုပ်စုက စာကိုဖတ်ကာ စိတ်မအေးဖြစ်သွားလေသည်။ 


သူတို့က သူတို့ကိုယ်သူတို့ စိတ်ချထားကာ သက်သောင့်သက်သာ ဖြစ်ရန် အသည်းအသန် ကြိုးစားခဲ့ရသည်။ သူတို့က ချန်လီဝေ့က သူတို့အား ထိုသို့ မလုပ်လောကဟု ဖျားယောင်းခံခဲ့ရသည်။ သူက သူတို့အား အကောင်းဆုံး ရင်းမြစ်များနှင့် ပိုကောင်းသော အနာဂတ်တစ်ခုပေးမည်ဟု ပြောခဲ့ပေသည်။ 


သို့သော် ယခုတွင် ချန်လီဝေ့က တုံ့ဆိုင်းခြင်းမရှိ၊ ဂရုစိုက်ခြင်းမရှိ သူတို့အား မည်သို့ စွန့်ပစ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့က တစ်ချက်ပင် ဂရုမစိုက်ပဲ စွန့်ပစ်၍ ရသည့် နယ်ရုပ်များသာဖြစ်သည်။ 


စုထုံက ဖုန်းချကာ လူငါးဦးအား ဝရုန်းသုန်းကားအခြေအနေနှင့် ချန်ခဲ့လိုက်သည်။ 


ဘယ်သူမှ မသိဘူးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ...


စုထုံတောင် သိပြီးသားဆိုရင်... လင်းလော့ချင်းရော သိလား...


သူသာသိရင် သူတို့ ဘာလုပ်သင့်လဲ... သူတို့ ဆန္ဒရှိရင်တောင် ချန်လီဝေ့နဲ့ တစ်လှေတည်း စီးလို့မရတော့တာ အသိသာကြီးကို... ဒါပေမဲ့ လင်းလော့ချင်းက သူတို့ ရှင်းရီကို ပြန်လာဖို့ ခွင့်ပြုမှာလား...


ထိုအချိန်တွင် သူတို့က စတင်၍ နောင်တရစ ပြုလာမိသည်။ သူတို့က ချန်လီဝေ့၏ ဖျားယောင်းမှုအားနားထောင်ကာ အငိုက်မိသွားသည်ကို နောင်တရသလို သူတို့၏ လောဘနှင့် လျှို့ဝှက်အကြံအစည်အတွက်လည်း နောင်တရမိသည်။


တစ်ဖက်တွင် စုထုံက သူ့၏ လိမ္မော်သီးကို အေးအေးလူလူ အပြီးသတ်လိုက်သည်။ ထို့နောက် သူက လက်ဆေးကာ လင်းလော့ချင်းကို စာတစ်စောင်ပို့လိုက်၏။

[ပြီးပြီ...]


[သူတို့ နားထောင်ကြလား...]

လင်းလော့ချင်းက မေးလိုက်လေသည်။ 


စုထုံ - [သူတို့က အကုန်လုံးကို ရှင်းရှင်းလင်းလင်းကြားကြတယ်... အထင်မလွဲအောင် ငါအကုန်လုံးကို သေချာထပ်ပြီး ပြောထားတယ်...]


လင်းလော့ချင်းက သူ့အား လက်ခုပ်တီးနေသည့် အီမိုဂျီတစ်ခုပိုလိုက်လေသည်။

[တော်တယ်...]


သို့ဖြစ်၍ ထွက်သွားချင်သော လူများက မထွက်သွားချင်တော့သည်သာမက သူမနက်ဖြန် သူတို့နှင့် စကားပြောကာ သူတို့အား ဆက်ထားရန် ဆုံးဖြတ်လိုက်သည့်အခါ သူတို့က အကြွေးတင်ကာ ကျေးဇူးတင်သည်ဟု ခံစားရမည် ဖြစ်သည်။


မည်သို့ပင်ဆိုစေ သူတို့က ယခုလောလောဆယ်တွင် သူတို့အနာဂတ်က မည်သို့ဖြစ်မည်ကို စိုးရိမ်နေကြသည်ပေမည်။


ကျိယွီရှောင်က သူ့၏ နှုတ်ခမ်းထောင့်လေး ကွေးတက်သွားသည်ကို ကြည့်ကာ စိတ်ဝင်တစားမေးလိုက်လေသည်။

"မင်းဘာတွေတွေးနေတာလဲ... အရမ်းပျော်နေတယ်ပေါ့..."


လင်းလော့ချင်းက တွေးတောလိုက်ကာ ကျိယွီရှောင်အား သူ့အစီအစဉ်များကို ပြောပြလိုက်ပေသည်။ 


"ယှဉ်ကြည့်ရမယ်ဆိုရင် ငါက ချန်လီဝေ့နဲ့ စာရင် ကျေးဇူးရှင်တစ်ယောက်နဲ့ ပိုမတူဘူးလား... ငါက ပိုကောင်းတဲ့အပြင် အတိတ်ကိုလည်း လျစ်လျူရှုပေးဖို့ ဆန္ဒရှိတယ်... သူတို့က အနည်းဆုံးတော့ ကျေးဇူးတင်သင့်တယ်... အဲ့အခါကျမှသာ သူတို့က အချေကျသွားပြီး အလုပ်ကြိုးစားကြမှာ..."


ကျိယွီရှောင်မှာ စုထုံထံမှ သူ့၏ အစီအစဉ်ကို သဘောတရားနားလည်ထားပြီးဖြစ်သည်။ သို့သော် လင်းလော့ချင်းက သူ့အကြောင်းကို အလွန်တက်တက်ကြွကြွ ပြောနေသည်ကို ကြားရသည်မှာ သူ့အား ပျော်ရွှင်စေသည်။ 


သူက ကျိယွီရှောင်၏ ချီးကျူးမှုကို စောင့်နေဟန်ရသော လင်းလော့ချင်း၏ အမူအရာထဲရှိ အောင်နိုင်မှုနှင့် သူ့မျက်လုံးများထဲမှ အလင်းရောင်ကို ကြည့်လိုက်ပေသည်။ ကျိယွီရှောင်က သူ့အား တုံ့ဆိုင်းခြင်းမရှိ ချီးကျူးလိုက်ပေသည်။

"မင်းလုပ်တာ အရမ်းတော်တယ်..."


လင်းလော့ချင်းက ထိန်းချုပ်ရန် ခက်ခဲလှသော ပျော်ရွှင်မှုဖြင့် ရှက်ကာ မေးလိုက်သည်။

"တကယ်လား..."


"တကယ်ပေါ့... မင်းက မင်းကိုယ်မင်း လုပ်ဆောင်သူေနရာယူထားနိုင်ချိန်မှာ သူတို့အကုန်လုံးကို ခံရတဲ့လူဖြစ်နေကြတာလေ... အခု မင်းလက်ထဲမှာ အာဏာရောက်လာပြီ... အခုဆိုရင် မင်းက သူတို့ကို ထွက်မသွားစေချင်တာကနေ သူတို့က မင်းကို ဆွဲထားဖို့ မျှော်လင့်နေရတဲ့ အခြေအနေကို ပြောင်းသွားပြီလေ... အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ... အဲ့တော့ မင်းလုပ်တာ အရမ်းတော်တယ်ဆိုတာ အမှန်ပဲပေါ့..."


လင်းလော့ချင်းက သူ့နှလုံးသားထဲတွင် ပြောမပြတတ်သော ပျော်ရွှင်မှုဖြင့် ရယ်မောလိုက်သည်။ 


ဤသည်က သူ ဤရာထူးကို ကိုင်တွယ်နိုင်လောက်သည်ဟု သူပထမဆုံး တွေးမိခြင်း ဖြစ်သည်။


သူက အကောင်းဆုံးမဟုတ်သော်လည်း သူက ပြဿနာများကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်။ သို့ဖြစ်၍ ရှင်းရီက ယခင်ရှင်းရီဖြစ်နေဆဲ ဖြစ်ပြီး ချန်လီဝေ့မှလွဲ၍ မည်သူမှ ထွက်မသွားတော့ပေ။ 


ကျိယွီရှောင်က သူခေါင်းငုံ့ကာ သူ့ကိုယ်ပိုင်ပျော်ရွှင်မှုထဲတွင် တိတ်တဆိတ် နစ်မြုပ်နေသည်ကို ကြည့်လိုက်သည်။ သူက ရှေ့သို့ ကုန်းလိုက်ကာ သူ့နားထဲသို့ "ဟေး..."ဟု တမင်တကာ ရေရွတ်လိုက်လေသည်။


လင်းလော့ချင်းက လန့်သွားကာ သူ့နားရွက်ကို ပွတ်လိုက်၏။

"မင်းဘာလုပ်တာလဲ..."


"သူ့ကိုယ်သူ တိတ်တိတ်လေး ကျေနပ်နေတဲ့လူတစ်ယောက်ရှိပါတယ်... ငါက ထပ်မကြည့်နေနိုင်တော့ပဲ မေးချင်လာလို့... ငါ့ကို ပြောမရတာ ဘာများလဲ..."


လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးလိုက်လေသည်။ 

"ဘာမှမဟုတ်ပါဘူး... ငါက ထင်သလောက်လဲ မဆိုးဘူးလို့ တွေးနေတာပါ..."


ကျိယွီရှောင်က လက်တစ်ဖက်ဆန့်ကာ သူ့ပခုံးကို ကိုင်လိုက်သည်။ 


"အဲ့ဒါက မသိသာဘူးလား... အဲ့လိုမှ မဟုတ်ရင် ငါက တကယ်ကြီး အလှလေးရဲ့ ကြုံရခဲတဲ့ အပြုံးအတွက် ဘာမဆိုလုပ်ချင်တဲ့ ကျို့မင်းသားလေးလား... အဲ့ဒါက ဘာကြောင့်လဲဆိုတော့ မင်းက ငါမင်းကို ပေးလိုက်တဲ့ ရာထူးနဲ့ တကယ်ကို ထိုက်တန်တဲ့ လူမို့ပေါ့..."


လင်းလော့ချင်းက ခေါင်းကိုညိတ်ကာ ရင်ထဲတွင် ချိုမြနေသည်ဟု ခံစားလိုက်ရလေသည်။ 


သူက ကျိယွီရှောင်ကို ကြည့်ကာ သူ့နှလုံးသားမှာ အရှေ့အနောက် ညင်သာသွာ တိုက်ခတ်နေသော ရေလှိုင်းအား မလွန်ဆန်နိုင်သော လှေငယ်လေးတစ်စင်းသဖွယ် ခံစားလိုက်ရသည်။  


လင်းလော့ချင်းက သူ့ကို အနမ်းတစ်ပွင့်ပေးရန် ရှေ့သို့ မှီလိုက်သော်လည်း သူ့ထံမှ လျင်မြန်စွာ ဆွဲခွာသွားလိုက်လေသည်။ သူ့မျက်လုံးများမှာ တောက်ပနေသည်မှာ အလင်းတန်းတစ်ခုကို ဖုံးကွယ်ထားသကဲ့သို့ပင်။ 


ကျိယွီရှောင်က ကြည့်ကာ သူ့နှလုံးသားထဲတွင် တစ်ချက်ခုန်လာသည်ကို ခံစားလိုက်ရပေသည်။ 


သူက သူ့ရှေ့မှ လူအနီးသို့ မသိစိတ်ဖြင့် တိုးကပ်သွားကာ သူ့ပခုံးများကို ကိုင်ထားလိုက်ပြီး သူ့နှုတ်ခမ်းများကို နမ်းလိုက်၏။ 


လင်းလော့ချင်းက သူ့ကို ဖက်ကာ သူ့ကိုယ်သူ အနမ်းထဲသို့ နစ်မြုပ်လိုက်လေသည်။ သူ့အမူအရာမှာ ထိန်းချုပ်၍ မရသောအပြုံးတစ်ခုကို ကိုင်ဆောင်ထားလေသည်။ 


ညင်သာတယ်... မှန်ကန်တယ်...


နောက်တစ်နေ့နံနက်တွင် လင်းလော့ချင်းက ရှင်းရီသို့ အချိန်မီသွားလိုက်သည်။ 


သူက အဲ့လစ်ကိုခေါ်ကာ အနုပညာရှင် ငါးဦးဆီသို့ ဆက်သွယ်ခိုင်းလိုက်၏။ 


ပထမဆုံး ရောက်လာသူက ဖေဖော်ဝါရီတွင် စာချုပ်သက်တမ်းကုန်မည့် ချန်းရှန့်ဖြစ်သည်။ လင်းလော့ချင်းက စာချုပ်ကိုကြည့်ကာ သူ့ရှေ့မှ အမျိုးသားကို လေ့လာရန်အတွက် ရံဖန်ရံခါ ခေါင်းမော့ကြည့်လိုက်သည်။ 


ချန်းရှန့်မှာ စိတ်လှုပ်ရှားနေသည်မှာ သိသာလှသည်။ သူ့လက်များကို အတူတကွ ဆုပ်ကိုင်ထားပြီး သူ့အကြည့်က အောက်စိုက်ထားကာ လင်းလော့ချင်းနှင့် အကြည့်ချင်းဆုံရန် ကြောက်ရွံ့နေသည်။ 


လင်းလော့ချင်းက စာချုပ်ကို တိတ်တဆိတ် ပိတ်ကာ စိတ်မဝင်စားဟန်ဖြင့် ဆိုလိုက်သည်။


"မင်း ချန်လီဝေ့နဲ့ အတူထွက်သွားချင်တယ်လို့ ငါကြားတယ်... ငါတို့ ဒီလို လုပ်ကြမလား... ငါမင်းဆန္ဒကို ဖြည့်ပေးမယ်... မင်းစာချုပ်က အခုထိ သက်တမ်းမကုန်သေးပေမဲ့ မင်းထွက်သွားလို့ရတယ်... ကုမ္ပဏီက အဲ့ကိစ္စကို အကျယ်မချဲ့တော့ဘူး..."


ချန်းရှန့်က မလာခင်တွင် လင်းလော့ချင်းက ချန်လီဝေ့ သွေးဆောင်သည့်ကိစ္စကို သိလား မသိလားဆိုသည်ကို တွေးတောနေဆဲ ဖြစ်သည်။ သူက ထိုင်လိုက်သည်မှာ သိပ်မကြာသေးချင်မှာပင် လင်းလော့ချင်းက ထိုကိစ္စကို တည့်တိုးပြောလာမည်ဟု မထင်ထားခဲ့ပါပေ။


သူက ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားလေသည်။

"CEOလင်း ကျွန်တော်မှာ အဲ့လို ရည်ရွယ်ချက် မရှိပါဘူး... အဲ့ဒါတွေက သေချာပေါက် ကောလဟာလတွေနဲ့ အတင်းအဖျင်းတွေပါ... ကျွန်တော်ကို ယုံပေးပါ..."


လင်းလော့ချင်းက အံ့အားသင့်သည့် အမူအရာတစ်ခုကို ပြသလိုက်သည်။ 

"အဲ့တော့ မင်းက ချန်လီဝေ့နဲ့ ထွက်မသွားချင်ဘူးပေါ့..."


"ဒါပေါ့... ကျွန်တော်က အမြဲတမ်း ရှင်းရီရဲ့ အနုပညာရှင်ဖြစ်ခဲ့တာ... ကျွန်တော် ရှင်းရီမှာပဲ နေမှာပေါ့..."


လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးလိုက်သည်။

"ငါက အရူးလုပ်ရတာ လွယ်တဲ့ပုံပေါက်နေလား..."


ချန်းရှန့် - ...


သူက အမှန်တကယ်ပင် အရူးလုပ်ရမလွယ်ကာ ချန်းရှန့်က ချက်ချင်းပင် လင်းလော့ချင်း၏ စကားလုံးများကြောင့် စိတ်ထိခိုက်သွားပေသည်။ 


"မင်းက ချန်လီဝေ့နှင့် ထွက်သွားချင်နေတာ အသေအချာပဲကို... ဒါပေမဲ့ အခု ငါ့ရှေ့မှာတော့ တစ်မျိုးပြောနေတယ်... ကြားထဲမှာ တစ်ခုခုဖြစ်သွားတာ ဖြစ်ရမယ်... ဟုတ်တယ်မလား..."

လင်းလော့ချင်းက အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။ 


ချန်းရှန့်က တစ်ခွန်းမှ ပြန်မပြေလာပါပေ။ 


လင်းလော့ချင်းသည်လည်း သူ့ကို ဖိအားမပေးတော့ချေ။ 

"မင်းမပြောရင် ငါထပ်မမေးတော့ပါဘူး... အဲ့ဒါဆို ဒီလာပြီး စာချုပ်ချုပ်လိုက်..."


ချန်းရှန့် - ...


သူ့မျက်လုံးများက အထိတ်တလန့် ပြူးကျယ်သွားကာ လင်းလော့ချင်းကို ကြည့်လိုက်သည်။ သူက သံသယများဖြင့် ပြည့်နေလေသည်။


လင်းလော့ချင်းက ယခင်အတိုင်းပင် တည်ငြိမ်ကာ ဂရုမစိုက်ဟန် ဖြစ်နေလေသည်။


"ဒါက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်လဲ ဖြစ်တယ်... မင်း ခုဏက ပြောသလိုပဲ မင်းက အမြဲတမ်း ရှင်းရီရဲ့ အနုပညာရှင် ဖြစ်ခဲ့တာ... ဒီနှစ်တွေမှာ ကုမ္ပဏီကို အကျိုးယုတ်စေတာ တစ်ခုမှ မင်းမလုပ်ဖူးဘူး... ငါမင်းကို ဒီတစ်ကြိမ် ခွင့်လွတ်ပေးဖို့ ဆန္ဒရှိတယ်... ဒါပေမဲ့ ဒုတိယအကြိမ် ရှိလာရင်တော့ ကုမ္ပဏီက စိတ်ပြောင်းလဲတတ်ပြီး သစ္စာမရှိတဲ့ အလုပ်သမားတွေကို ထပ်ပြီး သည်းခံမှာမဟုတ်ဘူး... မင်းဘယ်လို ပြောမလဲ..."


ချန်းရှန့်က အလျင်အမြန် ခေါင်းညိတ်လိုက်ကာ သူ့ကိုယ်သူ ဆင်ခြေမပေးပဲ မနေနိုင်ပေ။ 

"ဟုတ်ကဲ့... ကျွန်တော်က ချန်လီဝေ့ရဲ့ အဓိပ္ပာယ်မရှိတာတွေမှာ ခဏ ကန်းသွားမိတာပါ... CEO လင်း ကျွန်တော်တကယ်ပဲ မရည်ရွယ်ပါဘူး..."


"ငါနားလည်ပါတယ်..."


လင်းလော့ချင်းက သတိပေးချက်တစ်ခုပေးပါက မျှော်လင့်ချက် တစ်ခုလည်း ပေးသင့်သည်ကို သိပေသည်။


"လူတွေက မြင့်မြင့် မှန်းကြတာပဲ... ရေက နိမ့်ရာကို စီးတယ်... မင်းလည်း ပိုကောင်းတဲ့ အနာဂတ်တစ်ခု လိုချင်မှာပေါ့... အဲ့ဒါက အလွန်အကျူး တောင်းဆိုတာ မဟုတ်ပါဘူး... ချန်လီဝေ့က အမြဲတမ်း ဖြားယောင်းတတ်တဲ့ လူတစ်ယောက်ဖြစ်ခဲ့တာ... သူ့ကို စိတ်ယိုင်မိတာ သဘာဝပဲ... ငါဒီကိစ္စကို အကျယ်မချဲ့တော့ဘူး... မင်းအပိုင်က မင်းအပိုင်အနေနဲ့ပဲ ဆက်ရှိနေမှာ... ရှင်းရီရဲ့ နာမည်က ကြယ်အလင်းကနေ တောက်တောက်ပပ လင်းလက်တာကို မူတည်ထားတာ... မင်းလည်း ရှင်းရီရဲ့ ကြယ်အလင်းတစ်ခုဖြစ်လာပြီး ကူညီပေးမယ်လို့ ငါမျှော်လင့်ပါတယ်..."


သူက ပြုံးကာ ချန်းရှန့်ကို ကြည့်လိုက်သည်။

"စာချုပ်အသစ်ကို တစ်ချက်ကြည့်လိုက်... ပြဿနာမရှိဘူးဆိုရင် လက်မှတ်ထိုးလိုက်တော့..."


ချန်းရှန့်က သူ့စကားများကို နားထောင်လိုက်သည်။ သူ့နှလုံးသားထဲမှ ရင်ထိတ်ခြင်းမှာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသလို ရင်ထဲတွင်လည်းခံစားသွားရ၏။ လင်းလော့ချင်းက သူ့အား ရှင်းရီတွင် ဆက်လက်နေခွင့်ပြုသည်မှာ နတ်ဘုရားကျေးဇူးပင်ဖြစ်သည်။ သို့မဟုတ်ပါက သူက အမှန်ပင် ခက်ခဲသည့် အခြေအနေသို့ ရောက်မည် ဖြစ်သည်။ 


ချန်းရှန့်က သူ့ကိုကြည့်ကာ တုံ့ဆိုင်းစွာ ဆိုလိုက်သည်။ 

"CEO လင်းပြောတဲ့ ကျွန်တော့်ပိုင်တဲ့ဟာက ကျွန်တော်အပိုင်အဖြစ်ပဲ ဆက်ရှိနေမယ်ဆိုတာက အဲ့ဒါကို ဆိုလိုတာလား..."


"ဒါပေါ့..."


လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။

"မင်းစိတ်ပူနေတာကို ငါသိပါတယ်... ဒါပေမဲ့ အဲ့ဒါက မလိုအပ်ဘူး... ကုမ္ပဏီက မင်းဆီကနေ ရင်းမြစ်တွေ ပယ်ထုတ်ပြီး မင်းကို လျစ်လျူရှုထားရင် ဆုံးရှုံးမှုတစ်ခုဖြစ်တာအပြင် ဘာအကျိုးအမြတ်ရနိုင်လို့လဲ...

ငါက အဲ့လို ကိစ္စမျိုး မလုပ်ပါဘူး..."


ချန်းရှန့်က ခေါင်းညိတ်ပြလိုက်သည်။ 


ထိုအချိန်မှသာ သူက လင်းလော့ချင်း၏ ထိုင်ခုံဆီသို့ လျှောက်သွားကာ စာချုပ်ကို ကောက်ကိုင်ပြီး အလေးအနက်ကြည့်လိုက်လေသည်။