Chapter 145
တစ်နေ့လုံးတွင် လင်းလော့ချင်းက မူလက ထွက်သွားရန် စီစဉ်ထားသည့် အနုပညာရှင်များကို တစ်ယောက်ချင်း တွေ့ဆုံလိုက်သည်။ သူက သူတို့အားလုံးကို တောင်းပန်စေကာ ရှင်းရီနှင့် စာချုပ်ထပ်တိုးလိုက်လေသည်။
အဲ့လစ်အား စာရွက်စာတန်းများ စီစဉ်ခြင်းကို ကူညီပြီးနောက် သူက အလုပ်မှ ပြန်လာလိုက်လေသည်။
ချန်လီဝေ့က လင်းလော့ချင်း အနုပညာရှင် ငါဦးနှင့် တစ်ယောက်ချင်း တွေ့သည်ကိုကြားပြီး ချက်ချင်း စိတ်လှုပ်ရှားလာပြီး ချန်းရှန့်ကို ဖုန်းခေါ်လိုက်သည်။
သို့သော် ချန်းရှန့်က ဖုန်းမဖြေသည့်အပြင် တိုက်ရိုက်ပင် ဖုန်းချလိုက်ကာ ချန်လီဝေ့ကို blacklistထဲသို့ ထည့်လိုက်လေသည်။
ကျန်လေးဦးသည်လည်း မခြားနားပါပေ။
သူတို့၏ အပြုအမူများမှ သူတို့၏ သဘောထားကို ချန်လီဝေ့က အခြေခံနားလည်မှုတစ်ခုကို ရရှိပြီးဖြစ်သည်။ စုထုံက သူ့အပိုင်ဖြစ်နေသရွေ့ သူက အောင်နိုင်သူဖြစ်လေသည်။ ပြိုင်ပွဲက သူ့အပိုင် ဖြစ်နေဆဲပင်။
သူက စုထုံကို အလျင်အမြန် ဖုန်းခေါ်ကာ သူနှင့်အတူ ထွက်သွားရန် တွေးတောပြီးပြီလားဆိုသည်ကို မေးလိုက်လေသည်။
စုထုံ၏ အသံမှာ ယခင်ကဲ့သို့ ပျင်းရိနေပေသည်။
"ငါစဉ်းစားနေတုန်းပဲ.... မလောပါနဲ့..."
"ငါက ဘယ်လိုလုပ် မလောပဲ နေနိုင်မှာလဲ... ရှောင်ထုံ... ငါ့စိတ်ရင်းမှန်ကို မင်းလည်း သိပြီးသားပါ... မင်းဘာတွေ စဉ်းစားနေသေးတာလဲ..."
"ဆုံးဖြတ်ချက်ချရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်... ငါမှာ ဆုံးဖြတ်ချက်တွေ ချဖို့ အခက်အခဲရှိတာ မင်းမသိဘူးလား... စောင့်နေစမ်းပါ..."
"အဲ့ဒါဆို အနည်းဆုံး ငါ့ကို အချိန် အတိအကျလေး ပြောပေး... မင်း ဒီလိုလုပ်နေရင် ငါက ဘယ်လိုလုပ်ပြီး စိတ်အေးအေး ထားနိုင်မှာလဲ..."
စုထုံက သူ့၏ နားပူနားဆာလုပ်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်သည်ဟု ခံစားလိုက်ရပေသည်။
"လော... လော... လော... မင်းက လောဖို့ပဲ သိတယ်... မင်း ဒီလိုလုပ်နေရင် ငါမသွားချင်တော့ဘူး... ငါမသွားတော့ဘူး... မင်းတစ်ယောက်တည်းသာ သွားတော့... စိတ်ရှုပ်စရာကောင်းလိုက်တာ..."
ထို့နောက် သူက တိုက်ရိုက်ပင် ဖုန်းချလိုက်လေသည်။
ချန်လီဝေ့က သူဤသို့ တုံ့ပြန်မည်ဟု မမျှော်လင့်ထားပါပေ။ သူက အထိတ်တလန့် ထပ်ခေါ်လိုက်သော်လည်း စုထုံက သူ့ခေါ်ဆိုမှုများကို ငြင်းဆိုလိုက်သည်။
စုထုံက လင်းလော့ချင်းအား Wechatစာတစ်စောင် ပို့လိုက်ပေသည်။
[ငါ့သူ့ကို ငြင်းလိုက်ပြီ... စိတ်ရှုပ်စရာ ကောင်းလိုက်တာ...]
လင်းလော့ချင်းက သူ့ကို ခေတ္တမျှ ချော့မော့လိုက်လေသည်။ ထိုအချိန်မှသာ စုထုံက ပြန်လည် လန်းဆန်းလာသည်ဟု ခံစားလိုက်ရသည်။
လင်းလော့ချင်းက သူ့အား ချန်လီဝေ့၏ ဖုန်းနံပါတ်တောင်းကာ ကိုယ်တိုင် ဖုန်းခေါ်လိုက်သည်။
ချန်လီဝေ့က သူထင်ထားသည်ထက်ပင် လျင်မြန်စွာ ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို..."
"ငါပါ... လင်းလော့ချင်း..."
ချန်လီဝေ့က ခေတ္တမျှ တိတ်ဆိတ်သွားလေသည်။
"မင်းစွမ်းအင်တွေကို ဖြုန်းတီးမနေနဲ့တော့..."
လင်းလော့ချင်းက ပြတင်းပေါက်အပြင်မှ မြင်ကွင်းကို ကြည့်ကာ ရယ်လိုက်လေသည်။
"ဘယ်သူမှ မင်းနဲ့ ထွက်သွားမှာ မဟုတ်ဘူး... မင်းတစ်ယောက်တည်းသာသွား... မင်း ဖန်ရှန့်ကျယ်ကို ခေါ်သွားချင်ရင် သူ့အတွက် အလျော်ပေးပြီး ခေါ်သွားလိုက်... ငါစိတ်မဆိုးဘူး..."
"မင်းဘာသိထားလဲ..."
ချန်လီဝေ့မှာ သူရှုံးသွားသည်ကို မယုံကြည်နိုင်ပေ။
"အဆုံးထိ ဘယ်သူက အောင်နိုင်သူလဲ ငါတို့ မသိနိုင်ပါဘူး..."
"မင်း စုထုံကိုပြောနေတာလား... အဲ့ဒါဆိုရင်တော့ မင်းက အရမ်းစိတ်ရှုပ်စရာကောင်းတယ်ဆိုပြီး သူ့ငါ့ကို စာပို့လာတယ်ဆိုတော့ ငါပြောနိုင်တယ်... နည်နည်းစဉ်းစားပြီးတော့ သူက ရှင်းရီမှာပဲနေဖို့ ဆုံးဖြတ်လိုက်တယ်..."
ချန်လီဝေ့ - ...
ချန်လီဝေ့က ၄င်းကို မယုံနိုင်ပေ။
သူက ဘယ်လိုလုပ်ပြီး စိတ်ရှုပ်စရာ အရမ်းကောင်းရမှာလဲ... သူဒီလောက်အများကြီး လုပ်ထားတာကို... သူက တခြားအနုပညာရှင်တွေကိုတောင် လက်လျော့ထားတာ... ဒါပေမဲ့ အဲ့လို မရင့်ကျက်တဲ့ အကြောင်းပြချက်လေးနဲ့ စုထုံက သူ့ကို ဒီလိုမျိုး ငြင်းလိုက်တယ်ပေါ့...
အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
မဖြစ်နိုင်ဘူး...
"အဲ့ဒါ မဖြစ်နိုင်ဘူး... ငါမင်းကို မယုံဘူး..."
"အဲ့ဒါဆို မင်းစုထုံကို သွားမေးလို့ရတယ်... သူမင်းကို စကားပြောချင်တယ်ဆိုရင်ပေါ့..."
"လင်းလော့ချင်း..."
ချန်လီဝေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းရဲ့ လေတွေကို ဖြုန်းတီးမနေနဲ့... မင်းက ထွက်သွားပြီဆိုတော့ ဟန်ကိုယ့်ဖို့လုပ်ပြီး သဘောထားကြီးကြီးနဲ့ ထွက်သွားလိုက်... မင်းက ငါ့ထက် လုပ်နိုင်စွမ်းရှိတယ်လို့ တကယ်ခံစားရရင် တခြားတစ်နေရာမှာ ပိုပြီးတောက်ပတဲ့ အနာဂတ်တစ်ခုနဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုကို ရှာသင့်တယ်... အဲ့အစား မင်းက ငါ့ကိုပဲ ကြည့်ပြီး ငါ့ကိုပဲ နိုင်ချင်နေတယ်... မင်းအတွက် နိုင်တယ်ဆိုတာ သဘာဝပဲ... ဘာမှ ဖြစ်မှာမဟုတ်ဘူး... ဒါပေမဲ့ အခုတော့ မင်းက ရှုံးနေပြီ... မင်း ကိုယ့်မျက်နှာကို ပြန်ရိုက်လိုက်တာမဟုတ်ဘူးလား..."
"ဒီကိစ္စသာ ပြန့်သွားရင် မင်းအလုပ်သစ်တစ်ခုဘယ်လိုရှာပြီး အလုပ်လုပ်မှာလဲ..."
ထို့နောက် လင်းလော့ချင်းက တိုက်ရိုက်ဖုန်းချလိုက်သည်။
သူက ချန်လီဝေ့၏ ပါးနပ်မှုမှာ သူ့အား ပိုကောင်းအောင်ပြုလုပ်ကာ အပြန်အလှန်အနေဖြင့် သူကိုယ်တိုင်အား တုံးအအောင် ပြုလုပ်လိုက်သည်ဟု ခံစားရပေသည်။ သူ့၏ လျှို့ဝှက်အကြံအစည်ကြောင့် ချန်လီဝေ့မှာ ထွက်သွားရန် အကောင်းဆုံးအချိန်ကို လွတ်သွားပေသည်။
သူက ကျိယွီရှောင် အလုပ်ဖြုတ်လိုက်ပြီးနောက် ထွက်သွားပါက အရာရာမှာ သူ့အတွက် အလေးသာနေမည် ဖြစ်သည်။
ထိုအချိန်က မည်သူကမှ လင်းလော့ချင်းအား အကောင်းမမြင်ပေ။ ချန်လီဝေ့က လင်းလော့ချင်း၏ အမည်ကို သူအလိုရှိသလို အစွန်းအထင်းပြုလုပ်နိုင်ပေသည်။ သို့သော် ယခုတွင် ဤကိစ္စအပြီး၌ သူက အောင်နိုင်မှုနှင့် ထွက်ပေါ်လာပြီး ချန်လီဝေ့က ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားပေသည်။ သူက မည်သည့် စီမံခန့်ခွဲရေး အတွေ့အကြုံမှပင်မရှိသည့် CEOအသစ်နှင့်ပင် မယှဉ်ပြိုင်နိုင်ပေ။
ဘယ်ကုမ္ပဏီက ချန်လီဝေ့ကို လိုချင်ဦးမှာလဲ...
အနည်းဆုံးတွင် တခြားသော ဖျော်ဖြေရေး ကုမ္ပဏီကြီးများက မလိုချင်ကြတော့ပေ။
သူဘာလို့ အဲ့လို လုပ်သေးလဲ...
လင်းလော့ချင်းက ခေါင်းခါလိုက်သည်။ သူက ပြတင်းပေါက်ကို မှီကာ စိတ်အေးသွားမိသည်။
သူက ခက်ခဲသည့် တိုက်ပွဲတစ်ခုကို အနိုင်ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ့နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးက ပေါ့ပါးသွားကာ နောက်ဆုံးတွင် သူက နွေဦးလေပြည်ကို သက်သောင့်သက်သာ ခံစားနိုင်ပြီ ဖြစ်သည်။
မနက်ဖြန်မှာ ဒီဇင်ဘာ ၃၁ရက်ဖြစ်ပြီး နှစ်တစ်နှစ်၏ နောက်ဆုံးရက်ဖြစ်သည်။ သူက ဤနေ့ကို သူဂရုစိုက်သော ရင်းနှီးသူများနှင့် ခံစားနိုင်ပြီး နှစ်သစ်ကို အတူတကွ ရရှိနိုင်ပေသည်။
လင်းလော့ချင်းက သူ့မျက်လုံးများကိုပိတ်ကာ တစ်ရေးအိပ်လိုက်သည်။
ဤနှစ်၏ ဒီဇင်ဘာ ၃၁ရက်နေ့မှာ စနေနေ့ဖြစ်သည်က တိုက်ဆိုင်မှုဖြစ်သည်။ မည်သူကမှ အလုပ်လုပ်စရာမလိုသလို ကျောင်းသွားစရာလဲ မလိုအပ်ပေ။ သူတို့က နောက်တစ်နေ့နံနက်တွင် စောစောထစရာမလို၍ နောက်ကျမှ အိပ်နိုင်သည်။
လင်းလော့ချင်းက နိုးလာသည့်အချိန်မှစ၍ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။
သူက နိုးနေပြီဖြစ်ကာ သူ့ဖုန်းကို ကြည့်နေသည့် ကျိယွီရှောင်ကို လှမ်းကြည့်လိုက်သည်။ လင်းလော့ချင်းက ပြုံးလိုက်သည်။
"မင်္ဂလာ မနက်ခင်းပါ..."
"မင်္ဂလာ မနက်ခင်းပါ..."
ကျိယွီရှောင်သည်လည်း အပြုံးတစ်ခုနှင့် ပြန်ဖြေလိုက်သည်။
လင်းလော့ချင်းက သူ့၏ ထွေးပွေ့မှုထဲတွင် မှီခိုလိုက်ပြီး သူ့မျက်နှာကို ကျိယွီရှောင်၏ ခါးဖြင့် ပွတ်သပ်နေလိုက်သည်။ ကျိယွီရှောင်မှာ သူ့အား ဖြည်းညင်းစွာ"နိုးထလာခြင်း"ဆိုသည်မှာ မည်သည်ကို ဆိုလိုသည်အား တိုက်ရိုက်ပြသလိုစိတ်ပင် ပေါက်လာမိသည်။
"မင်းက နေ့တစ်နေ့ရဲ့ အန္တရာယ်အများဆုံးအချိန်ဖြစ်တဲ့ မနက်စောစောမှာ ငါ့ကို ဒီလိုမျိုး လှုံ့ဆော်ပေးဖို့ လိုလို့လား..."
လင်းလော့ချင်းက သူ့ခေါင်းကို မော့ကာ အပြုံးတစ်ခုပေးလိုက်ပြီး ရှက်ရွံ့စွာ ဆိုလိုက်သည်။
"ဒီလောက်လေးကို လှုံ့ဆော်တယ်လို့ ခေါ်လို့လား..."
ကျိယွီရှောင် - ...
ကျိယွီရှောင်က မြေခွေး ဝိညာဉ်တစ်ခုနှင့် အလွန်ဆင်တူနေသည့် သူ့ကိုကြည့်ကာ အန္တရာယ်ရှိသည်ဟု ခံစားလာရသည်။
သူက တုံ့ဆိုင်းခြင်းမရှိ လက်ဆန့်ကာ သူ့ဇနီး၏ တင်ပါးကို ဆွဲဆိတ်လိုက်သည်။
"မတွေးသင့်တာတွေကို မတွေးနဲ့တော့... မင်းနိုးနေပြီဆိုမှတော့ သွားပြီး ကိုယ်လက်သန့်စင်လိုက်... စားဖို့အချိန်ရောက်ပြီ..."
လင်းလော့ချင်းက ကျိယွီရှောင်၏ ကာကွယ်ရေးဟန်ပန်ကို ကြည့်ကာ ချက်ချင်း ရွှင်မြူးလာမိသည်။ တိုက်ပွဲအစစ်မှာ ညနေခင်းတွင် ဖြစ်ရာ သူက လောလောဆယ်တွင် အလျင်မလိုပါပေ။
သူက အပြုံးတစ်ခုနှင့် ထထိုင်လိုက်ပြီး ကျိယွီရှောင်ကို အနမ်းတစ်ပွင့်အလျင်အမြန် မပေးပဲ မနေနိုင်တော့ပါချေ။ ထို့နောက်မှသာ သူက အိပ်ရာထဲမှ ပျော်ရွှင်စွာ ထွက်သွားလိုက်သည်။
ကျိယွီရှောင် - ...
သူ့ဇနီးလေးက ဒီနေ့မှ အရမ်းကို စိတ်ကြည်နေတယ်လို့ ဘာလို့ခံစားနေရတာလဲ...
ဒါက နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့တစ်နေ့ပဲ မဟုတ်ဘူးလား...
အဲ့ဒါကြောင့်လား...
ကျိယွီရှောင်က စိတ်ပူလာမိ၏။
လင်းလော့ချင်းက ကိုယ်လက်သန့်စင်ကာ ကျိယွီရှောင် ကိုယ်လက်သန့်စင်သည်ကိုလည်း စောင့်လိုက်သည်။ ထို့နောက် သူနှင့် ကျိယွီရှောင်က လင်းဖေးနှင့် ကျိလဲ့ယွီအား အောက်ထပ်သို့ ဆင်းကာ စားသောက်ရန် ခေါ်ဖို့ သွားလိုက်ပေသည်။
အန်တီကျန်းက မနက်စာပြင်ထားပြီး ဖြစ်သည်။ လင်းလော့ချင်းမှာ ယနေ့က နှစ်သစ်ကူးပွဲတော်ဖြစ်သည်ကိုတွေးတောကာ သူမကို ဆိုလိုက်သည်။
"ဒီနေ့ နားရင် နားလိုက်ပါလား... အိမ်ပြန်ပြီး ကလေးတွေနဲ့ အချိန်ဖြုန်းလိုက်ပါ... တနင်္လာနေ့မှ ပြန်လာခဲ့..."
အန်တီကျန်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။
"မလိုပါဘူး သခင်လေး လင်း... ဒီအသက်အရွယ်ရောက်တော့ ကျွန်မက ပိတ်ရက်တွေကို သိပ်ပြီး အထူးမလုပ်တတ်တော့ဘူး... ကျွန်မက တရုတ် နှစ်သစ်ကူးကျမှပဲ အိမ်ပြန်တော့မယ်..."
"ရပါတယ်... အန်တီက အလုပ်ကြိုးစားခဲ့တာဆိုတော့ ဒီနှစ်ရက်တော့ ကောင်းကောင်းနားသင့်တယ်... ပြန်လိုက်ပါ... ဒီပိတ်ရက်အတွက် လစာမဖြတ်ပါဘူး..."
အန်တီကျန်းက သူဤသို့ပြောသည်ကိုကြားသောအခါ သဘောတူလိုက်သည်။
"အဲ့ဒါဆိုရင် ကျေးဇူးတင်ပါတယ် သခင်လေး လင်း... ကျွန်မ တနင်္ဂနွေနေ့ကျ ပြန်လာခဲ့ပါမယ်..."
"မလောပါနဲ့... တနင်္လာမှသာ ပြန်လာခဲ့ပါ... ကောင်းကောင်းလေး နားလိုက်..."
အန်တီကျန်း ရင်ထဲထိသွားလေသည်။ သူက မသွားခင်တွင် သူတို့ စားပြီးသည်ကိုစောင့်ကာ ဆေးကြောပေးပြီးသည်အထိ နေရန် ဆုံးဖြတ်လိုက်သည်။
ကျိယွီရှောင်က အန်တီကျန်း၏ နောက်ကျောကိုကြည့်ကာ သူ့ဇနီးလေးကို လှည့်ကြည့်လိုက်သည်။
"အခု အန်တီကျန်းကသွားပြီဆိုတော့ ညစာကို ဘယ်လိုလုပ်မလဲ..."
လင်းလော့ချင်းက ဝင့်ကြွားစွာ ဆိုလိုက်သည်။
"အချိန်ရောက်ရင် သိပါလိမ့်မယ်..."
ကျိယွီရှောင်က သူ့အသံနေအသံထားကို သတိပြုမိကာ စိတ်ဝင်တစားမေးလိုက်လေသည်။
"ဘာလဲ.... မင်းချက်မလို့လား..."
လင်းလော့ချင်းက ဘာမှမပြောပါပေ။ သူက ကျိယွီရှောင်အား ဂုဏ်ယူမှုများဖြင့် ပြည့်နေသော မျက်လုံးများဖြင့်သာ ကြည့်လိုက်ပေသည်။
ကျိလဲ့ယွီက သူ့မျက်နှာလေးကို ကိုင်ကာ "ဝိုး..."ဟုဆိုပြီး မေးလိုက်လေသည်။
"ပါးပါးက ဟင်းချက်တတ်တယ်လား..."
"ဒါပေါ့..."
လင်းလော့ချင်းက ပြုံးကာ ဆိုလိုက်သည်။
"သားရော..."
ကျိလဲ့ယွီက ထစ်ထစ်ငေါ့ငေါ့ဆိုလာလေသည်။
"သားက.. မချက်တတ်ဘူး..."
"ဒါပေမဲ့ သားက ပါးပါးကို ကူပေးနိုင်ပါတယ်..."
သူက သူ့၏ လက်မောင်းလေးများကို မြှောက်ကာ ဆိုလိုက်သည်။
"သားက ဟင်းရွက်တွေ ဆေးတတ်တယ်..."
"အဲ့ဒါဆိုရင် သားကလည်း အရမ်းအထင်ကြီးစရာကောင်းတာပဲ..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်လေသည်။
ကျိလဲ့ယွီက ရှက်ရွံ့မနေဘဲ ခေါင်းညိတ်လိုက်လေသည်။ သူ့မိခင်လည်း ထိုသို့ မကြာခဏ ဆိုတတ်ပေသည်။
ကျိယွီရှောင်မှာ သူက အမှန်တကယ်ပင် ကိုယ်တိုင် ချက်ပြုတ်မည်ကို မြင်ကာ မမျှော်လင့်ပဲ မနေနိုင်ပါချေ။ သူက လင်းလော့ချင်း ချက်ကျွေးသည့်အစားအသောက်များ တစ်ခါမှ မစားဖူးပေ။
အဲ့ဒါထက် လင်းလော့ချင်း ဟင်းချက်တတ်တယ်ဆိုတာကို သူသိတောင်မသိဘူးလို့ပြောရင် ပိုပြီး တိကျမယ်...
ခဏနေပါဦး... လင်းလော့ချင်းအကြောင်းရေးထားတဲ့ အစီအရင်ခံစာမှာ သူက အစေ့အဆန်တွေနဲ့ ခြေလက်တွေကိုတောင် မခွဲတတ်ဘူးလို့ ရေးထားတာကို သူဝိုးတဝါး မှတ်မိသလားလို့...
ကျိယွီရှောင်က ၄င်းကို တွေးတောကာ သံသယများကို ထပ်မံ ချိုးနှိမ်လိုက်သည်။
အစီအရင်ခံစာမှ ဖော်ပြထားသည့် လင်းလော့ချင်းနှင့် ယခုလင်းလော့ချင်းမှာ ကွာခြားမှု အလွန်များပေသည်။ ၄င်းကို ယုံကြည်ရသော ကိုးကားချက်အဖြစ် အသုံးပြု၍ မရပေ။ ဤကိစ္စကို စုံစမ်းရန် သူလွတ်လိုက်သော လူများမှာ သူ့ဆီသို့ မည့်သည်အခါမှ ရောက်မလာကာ အမှန်တရားနှင့် ဤမျှ ကွဲပြားသွားခြင်းပင် ဖြစ်နိုင်သည်။
ဒါမှမဟုတ် အရင်တုန်းက လင်းလော့ချင်းကပဲ အယောင်ဆောင်ခဲ့တာလား... ဘာလို့လဲ...
ကျိယွီရှောင်မှာ နားမလည်ခဲ့သော်လည်း လင်းလော့ချင်းကို မမေးလိုက်ပေ။
လူတိုင်းတွင် သူတို့၏ လျှို့ဝှက်ချက်များ ရှိကြသည်။
သူကိုယ်တိုင်ပင် လင်းလော့ချင်းအား အပြည့်အဝ မဖွင့်ဟဖူးပေ။ သူက လင်းလော့ချင်းအား သူ့ကို ဖွင့်ဟလာရန် ပြောဆိုခွင့် မရှိပါပေ။ ကျိယွီရှောင်က ဤကိစ္စအား တွေးတောမနေတော့ချေ။
၄င်းကို တွေးနေသည်ထက် သူ့ဇနီးက ယနေ့ည ဘာလုပ်မည်ကို စဉ်းစားသည်က ပိုကောင်းသည်။
"အဲ့ဒါဆို ငါမင်းကို ကူပေးမယ်..."
ကျိယွီရှောင်က ဆိုလိုက်သည်။
လင်းလော့ချင်းက သူ့ကိုကြည့်ကာ သူ့အကြည့်များက အထင်သေးမှုများဖြင့် ပြည့်နေလေသည်။
"မင်းက ဟင်းချက်တတ်လို့လား..."
"မင်းက ဘာလို့ ငါ့ကို အထင်သေးနေတာလဲ... ငါက ရိုးရှင်းတဲ့ အိမ်ချက်ဟင်းနည်းနည်းတော့ ချက်တတ်ပါတယ်..."
"ဘယ်လိုမျိုးလဲ..."
"ခရမ်းချဉ်သီး ကြက်ဥမွှေကြော်..."
"အဲ့ဒါဆို မင်းက အဲ့ဒါလုပ်လိုက်..."
လင်းလော့ချင်းက ဆိုလိုက်သည်။
သူက ကျိယွီရှောင် ချက်ပေးသည့် အစားအသောက်ကို တစ်ခါမှ မစားဖူးပေ။ လင်းလော့ချင်းသည်လည်း ကျိယွီရှောင်၏ လက်ရာကို မြည်းကြည့်ချင်ပေသည်။
"ဟုတ်ပြီ... အဲ့ဒါဆို ဒီည ငါက မင်းနဲ့အတူ ချက်ပြီး ရှောင်ယွီနဲ့ ဖေးဖေးတို့က သစ်သီးတွေး ဆေးပေးနိုင်တယ်... ငါတို့ အလုပ်တွေ ခွဲလုပ်ပြီး အတူတူစားကြတာပေါ့..."
"ဟုတ်ပြီ..."
ကျိလဲ့ယွီက အလွန် ပူးပေါင်းပါဝင်နေသော်လည်း လင်းဖေးက စိတ်မဝင်စားဟန်ဖြင့် ဆိုလိုက်သည်။
"အိုး..."
သို့သော် ထပ်တွေးပြီးနောက် လင်းဖေးက ကျိယွီရှောင်ကို
ပြောလိုက်သည်။
"ကျွန်တော်က ခေါက်ဆွဲဘယ်လိုပြုတ်ရမလဲ သိတယ်..."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီက ကြောင်အသွားလေသည်။
"ကိုကိုက ခေါက်ဆွဲ ဘယ်လိုလုပ်ရမလဲ သိတယ်လား..."
သူက အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ...
သူသိတာ နည်းနည်းလေး အရမ်းများမနေဘူးလား...