အပိုင်း ၁၄၆
Viewers 34k

Chapter 146



လင်းဖေးက သူ့ကို လှည့်ကြည့်လိုက်သော်လည်း ယခင်ကဲ့သို့ အမူအရာမဲ့နေဆဲပင်။


"ဘယ်လိုလုပ်ရလဲ မင်းမသိဘူးလား..."

ကျိလဲ့ယွီ - ...


သူက အမှန်တကယ်ပင် မည်သို့ချက်ရမလဲ မသိပေ။ 


မိသားစု လေးယောက်ထဲတွင် သူတစ်ယောက်တည်း ဟင်းမချက်တတ်သည်ဟု ဝိုးတဝါး ခံစားလာရသော ကျိလဲ့ယွီ - ...သူက အခုလူတိုင်းနဲ့ ကွဲပြားနေတဲ့ပုံပဲ...


ကျိလဲ့ယွီက သူ့၏ ဖြစ်တည်မှုကို သေးသိမ်သွားစေရန် လည်ပင်းကလေးကို တိတ်တဆိတ် ပုထားလိုက်လေသည်။ 


ကျိယွီရှောင်က လင်းဖေးအား အသက်ငယ်ငယ်လေးနှင့် ချက်ပြုတ်တတ်နေမည်ဟု မထင်ထားပဲ ဆိုလိုက်သည်။ 

"မင်းက ခေါက်ဆွဲပြုတ်တတ်တယ်လား..."


လင်းဖေးက အမူအရာတစ်ခုဖြင့် ခေါင်းညိတ်ကာ ဆိူလိုက်လေသည်။

"ဒါပေါ့..."


လင်းလော့ချင်းမှာ သူဝိညာဉ် ကူးပြောင်းခံလိုက်ရစဉ်က တွေ့လိုက်သည့် မြင်ကွင်းကို ပြန်သတိရသွားမိသည်။ ထိုအချိန်က လင်းဖေးမှာ အိုးတစ်ခုထဲတွင် ခေါက်ဆွဲများထည့်ပြုတ်နေခြင်းဖြစ်သည်။ သို့သော် ၄င်းက ထိုမျှသာ ဖြစ်သည်။ အထဲတွင် တခြားဘာမှမပါပါပေ။ ခေါက်ဆွဲအား ပဲငံပြာရည်ဆားတို့နှင့် ရေထည့်ကာ ပြုတ်ထားခြင်းသာဖြစ်သည်။


လင်းလော့ချင်းက ၄င်းကို တွေးမိကာ ကောင်းမွန်သော အကြံတစ်ခု ရသွားလေသည်။ 

"ငါတို့ ဒီလိုလုပ်ကြမလား... ဒီည ခေါက်ဆွဲ ပြုတ်စားမည်လေ... ငါက ခေါက်ဆွဲလုပ်ပြီး ဖေးဖေးက ပြုတ်လိုက်... ယွီရှောင်က ခရမ်းချဉ်သီး ကြက်ဥကြော်ပြီး ငါက ဆော့စ်နည်းနည်း လုပ်လိုက်မယ်... ငါတို့ အကုန်လုံးကို နည်းနည်းစီစားကြမယ်လေ..."


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက တိတ်တဆိတ် လက်မြှောက်လိုက်သည်။

"အဲ့ဒါဆို သားက ဘာလုပ်ရမှာလဲ..."


သူက လုပ်စရာတစ်ခုမှ မရှိသည့်ပုံရကာ ကျိလဲ့ယွီက အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ 


လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။


"သားက ရေအိုးကိုကိုင်ပြီး သားဒယ်ဒီကို ကူညီလို့ရတယ်... ရေနွေးပွက်ရင် ဒီကို ယူလာခဲ့... မင်းကိုကိုက ခေါက်ဆွဲပြုတ်လိမ့်မယ်..."


ကျိလဲ့ယွီက သူ့ခေါင်းကို အလျင်အမြန် ညိတ်ပြလိုက်၏။ သူက ၄င်းကို မည်သို့ လုပ်ရမလဲဆိုသည်အား သိပေသည်။ 


သူက ရေးအိုးအကြီးကြီးကို သယ်နိုင်တယ်... ရေအပြည့်နဲ့ အိုးအကြီးကြီး...


ကျိယွီရှောင်က လူတိုင်းသည် သူတို့၏ သက်ဆိုင်ရာ ဝန်များကို စီစဉ်နေသည်ကိုကြည့်ကာ ရေနွေးနွေးလေးတစ်အိုးအား သူ့ရင်ဘတ်ဆီသို့ လောင်းချလိုက်သည်ဟု ခံစားလိုက်ရပေသည်။ ၄င်းမှာ နွေးထွေးမှုဖြင့် ပြည့်နှက်နေကာ လှိုင်းငယ်လေးများ ဖူးပွင့်နေပေသည်။ 


သူက သူ့မိသားစုနှင့် ဤကဲ့သို့အရာတစ်ခုလုပ်ခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သည်။ 


ဤသည်မှာ အလွန်ရိုးရှင်းသော အရာတစ်ခုဖြစ်သည်မှာ ရှင်းလင်းနေသော်လည်း သူ့အတွက် ကြုံရခဲသောအရာတစ်ခုလည်း ဖြစ်ပေသည်။ ၄င်းက သူ့အား... အိမ်ဟူသော ခံစားချက်တစ်ခုပေးနေပေသည်။ 


သူက လင်းလော့ချင်းအား နွေးထွေးကာညင်သာသော အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ဤအိမ်မှာ သူ့ကြောင့် တစ်ဖန်ပြန်လည် အသက်ဝင်ကာ နွေးထွေးလာပေသည်။ 


လင်းလော့ချင်းက ညနေခင်းအတွက် စီစဉ်ပြီးနောက်တွင် သူ့အခန်းထဲသို့ ပြန်သွားရန် ပြင်ဆင်လိုက်သည်။


သူက ထရပ်ကာ ကျိယွီရှောင်အား သူနှင့် လိုက်ချင်သလားဆိုသည်ကို မေးလိုက်သည်။


ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လင်းလော့ချင်းက သူ့နောက်သို့ လျှောက်လာပြီး ဘီးတပ်ကုလားထိုင်ကို ကူတွန်းပေးလိုက်သည်။


လင်းဖေးက သူတို့ ထွက်သွားသည်ကိုမြင်ကာ ထရပ်လိုက်၏။ 


သူထရပ်လိုက်သည့်အခါ ကျိလဲ့ယွီမှာ ထိုင်ခုံပေါ်တွက် TVကို စူးစိုက်ကြည့်နေဆဲ ဖြစ်သည်ကို သဘောပေါက်သွားလေသည်။ 


လင်းဖေး - ...


ကျိလဲ့ယွီက သူ့အကြည့်ကို အာရုံခံမိကာ ခါးမတ်ထိုင်လိုက်သည်။ သူက မည်သည်ကိုမှ သဘောမပေါက်သကဲ့သို့ မျက်တောင်ခတ်လိုက်လေသည်။


ဒါက နှစ်သစ်ကူးကျောင်းပိတ်ရက်ရဲ့ ပထမဆုံးနေ့လေ...


သူ အိမ်စာ မလုပ်ချင်ပါဘူး...


ပြီးတော့ ဒါက နှစ်သစ်ကူး ပွဲတော်လေ...


သူဒီနေ့ကို အိမ်စာရေးပြီး မကုန်ဆုံးချင်ဘူး... 


အဲ့ဒါက အရမ်း သနားစရာကောင်းတယ်လေ...


လင်းဖေးက သူ့၏ လှုပ်ရှားမှုကလေးများကို အာရုံခံမိကာ ခေါင်းခါပြီး မျက်လုံးတစ်ဖက် ပိတ်ကာ တစ်ဖက်ဖွင့်ထားရန် ဆုံးဖြတ်လိုက်သည်။ သူက ယနေ့အတွက် ကျိလဲ့ယွီကို အလိုလိုက်လိုက်မည်။ 


ဤသည်က အားလပ်ရက်ဖြစ်ရာ ကလေးငယ်များက အိမ်စာမလုပ်လိုသည်ကို လင်းဖေးသိပေသည်။ 


ကျိလဲ့ယွီကိုဆို ပြောစရာတောင်မလိုဘူး...


သို့ဖြစ်၍ လင်းဖေးက တစ်ခွန်းမှ မဆိုလိုက်တော့ပဲ. သူက လင်းလော့ချင်း၊ ကျိယွီရှောင်တို့နှင့် အတူ ဓာတ်လှေကားထဲသို့ ဝင်သွားလိုက်လေသည်။


ကျိယွီရှောင်က လင်းဖေးက သူတို့နှင့် အပေါ်သို့ တက်လာသည်ကို မြင်သော်လည်း ကျိလဲ့ယွီကို လုံးဝ မတွေ့ပေ။ သူက သိလိုစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ့တူလေးအား ဆိုဖာပေါ်တွင် ကာတွန်းကြည့်နေသည်ကို တွေ့လိုက်ရသည်။


ကျိယွီရှောင်က ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။ သို့သော် မည်သို့ပင်ဆိုစေ ကျောင်းနားရက်တစ်ရက်ဖြစ်လေရာ ကျိယွီရှောင်က လှမ်း၍သာအော်လိုက်ပေသည်။


"TVတွေ အများကြီး မကြည့်နဲ့... ပြီးရင် မင်းအခန်းထဲကို ပြန်သွား..."


"အင်း..."

ကျိလဲ့ယွီက နာနာခံခံ ဆိုလိုက်လေသည်။


ထိုအချိန်မှသာ ကျိယွီရှောင်က ဓာတ်လှေကားထဲသို့ ဝင်လာခဲ့သည်။


ကျိလဲ့ယွီက အသံမကြားတော့သည်အထိစောင့်ကာ နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။ သူ့နောက်ကျောမှာ ပြန်လည်ပျော့ခွေသွားကာ ကာတွန်းအား ငြိမ်းငြိမ်းချမ်းချမ်း ကြည့်ရန်အတွက် ဆိုဖာကို မှီထားလိုက်သည်။ 


ယေး... နောက်ဆုံးတော့ သူစာဖတ်စရာ မလိုတော့ဘူး~


*****


လင်းဖေးက ဓာတ်လှေကားထဲမှ ထွက်ကာ သူ့အခန်းထဲသို့ ပြန်လာပြီး စာထပ်မဖတ်မီတွင် တစ်ရေးအိပ်ရန် စီစဉ်လိုက်သည်။


လင်းလော့ချင်းနှင့် ကျိယွီရှောင်တို့က ထိုကဲ့သို့ အစီအစဉ်မရှိပါပေ။ သူတို့ထဲမှ တစ်ယောက်မှာ ရာထူးအသစ်ကို ရပြီးခါစဖြစ်ကာ တစ်ခြားတစ်ဦးမှာ အမြဲလိုလို အလုပ်ရှုပ်နေပေသည်။ သူတို့က ထိုအစား စာကြည့်ခန်းထဲသို့ တန်းသွားကာ သီးခြားအလုပ်လုပ်ရန် ဆုံးဖြတ်လိုက်ပေသည်။ 


ကျိယွီရှောင်က သူ့ဖုန်းကို အလျင်အမြန် ထိနေသည်ကိုကြည့်ကာ မေးလိုက်လေသည်။ 


"ငါတို့ မင်းအတွက် နောက်ထပ်စာကြည့်ခန်းတစ်ခု လုပ်ရင်ရော... လင်းဖေးစာမေးပွဲ ပြီးသွားရင် မင်းစာကြည့်ခန်းအတွက် ဒီဇိုင်းဆွဲဖို့ အချိန်ရလာမှာ... ငါတို့ မင်းအတွက်လဲ နောက်တစ်ခန်းလုပ်ကြရအောင်..."


"ဒါပေမဲ့ ငါက ရုပ်ရှင်လည်း ရိုက်ရဦးမှာလေ... ပြီးတော့ အချိန် တော်တော်များများလည်း အိမ်မှာရှိမှာမှ မဟုတ်တာ... ငါသုံးနိုင်မှာ မဟုတ်ပါဘူး..."


ကျိယွီရှောင်က လင်းလော့ချင်းပြောသည်က အဓိကကျသည်ဟု ခံစားလိုက်ရပေသည်။ သူက စဉ်းစားကာ ဆိုလိုက်လေသည်။

"ဒီလိုလုပ်ရင်ရော... ငါတို့ ဒီစာကြည့်ခန်းကို ပြန်ပြင်ပြီးတော့ မင်းအတွက် စာပွဲတစ်ခုံ ထပ်ထည့်လိုက်မယ်... အဲ့ဒါဆို မင်းလည်း ဒီမှာ အလုပ်လုပ်လို့ရတာပေါ့..."


လင်းလော့ချင်းက ဤအဆိုပြုချက်ကို ကျေနပ်ပေသည်။ 

"အဲ့ဒါဆို ငါနားမလည်တာရှိရင်လည်း မင်းကို မေးလိုက်လို့ရတယ်..."


"အင်း..."

ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။


လင်းလော့ချင်းက သူ့ကိုကြည့်ကာ ညင်သာစွာ ရယ်မောလိုက်သည်။

"ကျေးဇူးပဲ..."


"ရပါတယ်..."

ကျိယွီရှောင်က ညင်သာစွာ ဆိုလိုက်သည်။


ကျိလဲ့ယွီက သူ့၏ ကာတွန်းကို အဆုံးသတ်ကာ TVကို ပိတ်လိုက်လေပြီးနောက် အပေါ်ထပ်သို့ တက်သွားလိုက်သည်။


ကျိလဲ့ယွီက အနည်းငယ် အပြစ်ရှိသည်ဟု ခံစားမိကာ လင်းဖေးအခန်းသို့ တိတ်တဆိတ် လျှောက်လာလိုက်သည်။ ထို့နောက်သူက ဖြည်းညင်းစွာ စူးစမ်းပြီး လင်းဖေး၏ တံခါးကို သတိတကြီး ဖွင့်လိုက်လေသည်။


"ဘာလို့လဲ..."

လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။


ကျိလဲ့ယွီမှာ သူ့၏ ရုတ်တရက် စကားများကြောင့် သတိလက်လွတ်ဖြစ်သွားကာ တံခါးကို ဝင်တိုက်မိမလိုပင် ဖြစ်သွားလေသည်။


သူက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ...


ဘာလို့... ဘာလို့... ဘာလို့ သူက ထပ်ပြီး လူမိသွားပြန်ရတာလဲ...


"ကိုကိုက ဘာလို့ ဒီရောက်နေတာလဲ..."

သူက နားမလည်နိုင်စွာ မေးလိုက်လေသည်။


လင်းဖေး၏ အသံမှာတစ်သတ်မှတ်တည်း ဖြစ်နေလေသည်။ 

"ဒါက ငါ့အခန်းလေ..."


"သားမေးတာက ကိုကိုက ဘာလို့ တံခါးနောက်ရောက်နေတာလဲလို့..."


လင်းဖေးက သူ့လက်ထဲမှ ဖန်ခွက်ကို မြှောက်ပြလိုက်သည်။

"ငါ ရေကုန်သွားလို့ နည်းနည်းသွားယူမလို့..."


လင်းဖေးက သူ့အခန်းထဲတွင် ရေသန့်သာ ထားတတ်ပေသည်။ သူရေကုန်သွားသည့် အချိန်မှသာလျှင် သူက ရံဖန်ရံခါ အောက်ထပ်သို့ ဆင်းကာ ရေထပ်ယူတတ်ပေသည်။


ကျိလဲ့ယွီ - ...


"သားအခန်းထဲမှာ ရေနည်းနည်းရှိတယ်... သားအခန်းကို သွားလိုက်..."


လင်းဖေးက သဘောတူသည်ဟု ယူဆနိုင်ကာ ပြန်မဖြေလာပဲ သူက ကျိလဲ့ယွီနှင့် အတူ ကျိလဲ့ယွီအခန်းသို့ သွားလိုက်သည်။ 


ကျိလဲ့ယွီက သူ့အား ရေကရားကို လှမ်းပေးလိုက်သည်။ သူကိုယ်တိုင်လည်း ဖန်ခွက် တစ်ခွက်ယူကာ လင်းဖေးနောက်မှ လင်းဖေးအခန်းဆီသို့ ပြန်လိုက်ခဲ့သည်။ 


လင်းဖေးက သူ့ကို လှည့်ကြည့်လိုက်လေသည်။

"အခု စာဖတ်ချင်ပြီလား..."


ကျိလဲ့ယွီ - ...


"ကိုကိုက သားအပေါ် အဲ့လို ရက်စက်တဲ့ဟာကြီး တကယ်ပဲ လုပ်ချင်တာလား..."


သူက ခေါင်းစောင်းကာ ကူကယ်ရာမဲ့ခြင်းကို ပြသလိုက်လေသည်။


လင်းဖေးက သူ့ကိုကြည့်ကာ ရှင်းမပြတတ်အောင် ရွှင်မြူးလာပေသည်။ သူက လက်ဆန့်ကာ ကျိလဲ့ယွီ၏ ပါးကို ဆွဲလိုက်သည်။ ထို့နောက် သူ ပြတင်းပေါက်ဘောင်ဆီသို့သွားကာ ရှားစောင်းပင်များနှင့် နှင်းဆီပင်များကို ရေလောင်းလိုက်သည်။ 


ဆောင်းရာသီ ရောက်နေပြီ ဖြစ်ရာ နှင်းဆီများက အပွင့်ရပ်သွားပေပြီ။ လင်းဖေးက ဆောင်းတွင်း၌ နှင်းဆီမည်သို့ စိုက်ရသည်ကို ရှာကြည့်လိုက်သည်။ ရေလောင်းပြီးနောက် သူက ကတ်ကြေးအသေးလေးတစ်ခုကိုယူကာ အကိုင်းခြောက်များကို ညှပ်လိုက်လေသည်။


ကျိလဲ့ယွီက သူ့ကို မှီကာ ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်လိုက်လေသည်။ သူက အနည်းငယ် ပင်ပန်းနေသည်ဟု ခံစားရ၍ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်သည်။


"အိပ်ရာပေါ်မှာ အိပ်လေ..."

လင်းဖေးက လှည့်ကြည့်လိုက်ရာ သူ့ကို ဤသို့ မြင်လိုက်ပေသည်။


ကျိလဲ့ယွီက အလိုမရှိပါပေ။

"မအိပ်ချင်ဘူး..."


လင်းဖေးက ပခုံးတွန့်လိုက်သည်။

"မြန်မြန်သွားအိပ်တော့...."


ကျိလဲ့ယွီက သူ့ခါးကို ဖက်ပြီး ချွဲကာဆိုလိုက်လေသည်။ 

"ဒါပေမဲ့သားက ကိုကို့ကို သားနဲ့ အချိန်ဖြုန်းစေချင်တာလေ..."


"ကိုကိုလည်း ပင်ပန်းနေတယ်မလား... မဟုတ်ဘူးလား...."

သူက မျက်တောင်တစ်ဖျပ်ဖျပ်ခတ်ကာ ချစ်စဖွယ်ပြုမူလိုက်သည်။


လင်းဖေးက ထရပ်ကာ သစ်ကိုင်းခြောက်များကို စုစည်းလိုက်သည်။

"ငါက အိပ်ပြီးပြီ..."


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက တိတ်တဆိတ် နှုတ်ခမ်းဆူထားလိုက်လေသည်။ 


လင်းဖေးက အမှိုက်ပုံးဆီသို့ လျှောက်သွားကာ အရွက်ခြောက်များနှင့် အကိုင်းခြောက်များကို အမှိုက်ပုံထဲသို့ ပစ်လိုက်ပြီး ကျိလဲ့ယွီကို ဆိုလိုက်သည်။

"ငါက စာဖတ်တော့မှာ..."


ကျိလဲ့ယွီက ဒေါသဖြင့် နှုတ်ခမ်းဆူကာ မကျေနပ်၍ နှစ်ကြိမ်ခန့် "ဟွန့်..."ဟု နှာမှုတ်လိုက်လေသည်။

လာပြန်ပြီ စာဖတ်တာ...


သူက စာပဲ ဖတ်ချင်နေတာ... လင်းဖေးက သူနဲ့ အချိန်လုံးဝ မဖြုန်းပေးဘူး...


ကျိလဲ့ယွီက သူ့၏ မကျေနပ်ချက်ကို ပြသရန် ပါးနှစ်ဖက်ကို ဖောင်းထားလိုက်လေသည်။

"သား စိတ်ဆိုးတယ်..."


လင်းဖေးက တည်ငြိမ်စွာ ဆိုလိုက်သည်။

"ငါတို့ စာအတူတူ ဖတ်လို့ရတယ်လေ..."


ကျိလဲ့ယွီ - ...


ကျိလဲ့ယွီက ချက်ချင်းပင် စိတ်ဓာတ်ကျကာ သူ့၏ အရှိန်က မျက်လုံးဖြင့်မြင်နိုင်သည့် အဟုန်ဖြင့်ပင် လျော့နည်းသွားလေသည်။


သူက နာနာခံခံပင် အိပ်လိုက်သည်။


သူက လင်းဖေး၏ အိပ်ရာပေါ်သို့ လျှောက်လာပြီး စောင်များကိုဖယ်ကာ လှဲလိုက်သည်။ 


လင်းဖေးက သူ့ကိုကြည့်ကာ တစ်ခွန်းမှ မဆိုပေ။ 


ကျိလဲ့ယွီက မျက်လုံးလှန်ကာ သူ့ဘက်သို့ လှည့်ပြီး ဆိုလိုက်လေသည်။

"သားတစ်ယောက်တည်း အိပ်လို့မရဘူး..."


"အဲ့ဒါဆို ထပြီး စာဖတ်လေ..."


ကျိလဲ့ယွီ - ...


"သားအခု အိပ်တော့မယ်..."


ထို့နောက် သူက မျက်လုံးများကို မှိတ်လိုက်လေသည်။


သို့သော် အတန်ကြာပြီးနောက် သူက လင်းဖေးကို ထပ်ခေါ်လိုက်သည်။

"ကိုကို သားအိပ်လို့မရသေးဘူး..."


လင်းဖေးက နောက်လှည့်လိုက်သည်။


ကျိလဲ့ယွီက သူ့အား မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြရာ ၄င်းက အလွန်သနားစရာ ကောင်းနေပေသည်။

"သားနဲ့ အချိန်နည်းနည်း ထပ်ဖြုန်းပေးပါဦး~"


သူက အမြဲလိုလို ချစ်စရာစဖွယ်နှင့် သနားစဖွယ်ပြုမူနေပေသည်။ ထိုလိမ္မာသော အပြုအမူ... ၄င်းမှာ သူက ကောင်းကင်ဘုံအောက်တွင် ရိုးရှင်းဆုံးနှင့် အပြစ်အကင်းဆုံး ကလေးတစ်ဦးကဲ့သို့ပင်။


လင်းဖေးက ယခုကဲ့သို့ ကျိလဲ့ယွီ၏ သနားစဖွယ် သွင်ပြင်မှာ အယောင်ဆောင်သာဖြစ်သည်ကို အလွန်ရှင်းရှင်းလင်းလင်း သိထားသည်။


သူက လင်းဖေးကို သူနှင့် အချိန်ဖြုန်းကာ သူ့ကို သဘောတူရန်သာ လိုချင်သည်ဖြစ်သည်။


အရမ်း တွယ်ကပ်တာပဲ...


လင်းဖေးက သက်ပြင်းချလိုက်ပြီးနောက် ထရပ်ကာ အိပ်ရာဘေးမှ စာအုပ်တစ်အုပ်ကို ဆွဲယူလိုက်သည်။ သူက ဖိနပ်များကို ချွတ်ကာ သူ့အိပ်ရာပေါ်တွင် ထိုင်လိုက်သည်။


ကျိလဲ့ယွီက ချက်ချင်း နေရာရွေ့ပေးလိုက်သည်။


"အိပ်တော့..."

လင်းဖေးက အမူအရာမဲ့ ဆိုလိုက်သည်။


"ကိုကိုက မအိပ်ဘူးလား..."


လင်းဖေးက သူ့လက်ထဲမှ စာအုပ်ကို မြှောက်ပြလိုက်သည်။

"ငါက စာဖတ်မှာ..."


"အိုး..."

ကျိလဲ့ယွီက နာနာခံခံဖြင့် ဘာမှ မဆိုလာပါချေ။ သူက လင်းဖေးကို ဖက်ကာ မျက်လုံးများကို မှိတ်လိုက်လေသည်။


လင်းဖေးက ကုတင်ခေါင်းရင်းကို မှီကာ သူ့စာအုပ်ကို တိတ်တဆိတ် ဖတ်နေလိုက်သည်။


နေမင်းက အနောက်ဘက်သို့ ဝင်ရောက်သွားပြီဖြစ်ကာ နေ့အလင်းက တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပေပြီ ။ 

လင်းဖေးက ခေါင်းငုံ့ကာ အေးအေးချမ်းချမ်း အိပ်စက်နေသည့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။ ထို့နောက်က သူက တုံ့ဆိုင်းစွာဖြင့် အမှိန်ဆုံးသော ညမီးအလင်းကို ဖွင့်လိုက်လေသည်။ 


ကျိလဲ့ယွီက မနိုးလာပဲ နှစ်ခြိုက်စွာ ဆက်လက် အိပ်ပျော်နေပေသည်။ 


လင်းဖေးက စိတ်ချသွားပြီး ကျန်ရစ်နေသော နေ့အလင်းရောင်နှင့် ညမီး မှိန်မှိန်ထဲတွင် စာအုပ်ဆက်ဖတ်နေလိုက်သည်။ 


*****


ကျိလဲ့ယွီနိုးလာသောအခါ သူက မျက်လုံးများကို ပွတ်ကာ လင်းဖေးကိုကြည့်လိုက်ရာ လင်းဖေးက ညမီးထွန်းထားသည်ကို တွေ့လိုက်ရသည်။


"ညတောင် ရောက်သွားပြီလား..."

သူကကြောင်အစွာ မေးလိုက်သည်။ သူ့အသံက ညင်သာကာ စေးကပ်နေသည်မှာ အုန်းကောက်ညှင်းအလွှာတစ်ခုထဲတွင် ထည့်လိပ်ထားသကဲ့သို့ပင်။ 


လင်းဖေးက သူ့၏ စိတ်ရှုပ်ကာ မကြည်မလင်အမူအရာကို ကြည့်ကာ ဤတစ်ကြိမ်တွင် ကျိလဲ့ယွီက အမှန်ပင် အတော်လေး ချစ်စရာကောင်းသည်ဟု ခံစားလိုက်ရ၏။


အထူးသဖြင့် ယခုတွင် သူ့မျက်နှာက ပန်းရောင်သန်းနေ၍ ဆန်မုန့် အပေါ်တွင် စတော်ဘယ်ရီ အလွှာတစ်ခုရှိနေသကဲ့သို့ပင်။ 


ကြည့်လိုက်တာနဲ့ ချိုပြီး နူးညံ့နေတာပဲ...


"မဟုတ်ဘူး..."


"အဲ့ဒါဆို ဘာလို့ မီးဖွင့်ထားတာလဲ..."


"ငါစာဖတ်ရမှာမို့..."

လင်းဖေးက ဆိုလိုက်သည်။


ကျိလဲ့ယွီက နားလည်သွားလေသည်။ သူက လင်းဖေးကို မှီကာ ထထိုင်လိုက်ပြီး သူ့ဘက်သို့ ရွေ့လိုက်ပြီးနောက် လင်းဖေးလက်ထဲမှ စာအုပ်ကို ကြည့်လိုက်သည်။


လင်းဖေးက သူလည်း စာဖတ်ချင်နေသည်ကို မြင်ရာ စာအုပ်အား ကျိလဲ့ယွီဆီု့သို့ အနည်းငယ် ရွေ့ပေးလိုက်ပြီး ကျိလဲ့ယွီကို ကောင်းကောင်း ဖတ်ခွင့်ပြုလိုက်လေသည်။


ကျိလဲ့ယွီက နိုးခါစဖြစ်လေရာ ဤသည်မှာ သူ့၏ အနာခံတတ်ဆုံး အချိန်ဖြစ်သည်။ သူက တိတ်တဆိတ် စာဖတ်ကာ လေမပေါချေ။ 


လင်းဖေးက ကျိလဲ့ယွီက စာစပြီး ဖတ်နေသည်ကို မြင်ပြီးနောက် သူ့ကို များစွာ အာရုံမစိုက်တော့ဘဲ စာအုပ်ဆီသို့ အာရုံပြန်စိုက်လိုက်သည်။ 


သူက အလွန်အလေးအနက် စာဖတ်ကာ ကျိလဲ့ယွီထက်လည်း မြန်သောကြောင့် မကြာမီတွင် သူက ဤစာမျက်နှာကို ဖတ်ပြီးသွားလေသည်။


လင်းဖေးက ကျိလဲ့ယွီကို မေးလိုက်သည်။

"ပြီးပြီလား..."


ကျိလဲ့ယွီက ခေါင်းခါပြလိုက်သည်။



လင်းဖေးက ကျိလဲ့ယွီ ခေါင်းညိတ်ကာ အသံတိုးတိုးနှင့် "အင်း..."ဟုပြောလာသည်အထိ စောင့်လိုက်ပေသည်။ ထိုအချိန်မှသာ လင်းဖေးက စာမျက်နှာကိုလှန်လိုက်၏။


ကျိလဲ့ယွီက လင်းဖေး ပခုံးကို မှီလိုက်သည်။ ၄င်းမှာ လင်းဖေးအတွက် စာရွက်လှန်ရန် အဆင်မပြေ၍ လင်းဖေးက သူ့လက်မောင်းများကို ဆန့်ကာ ကျိလဲ့ယွီကို မှီခိုင်းလိုက်လေသည်။ ကျိလဲ့ယွီက သူ့ရင်ခွင်ထဲတွင် နစ်မြုပ်နေကာ လင်းဖေးက စာရွက်လှန်ရန် လွတ်လပ်သွားပေသည်။


ကျိလဲ့ယွီမှာ ကန့်ကွက်ချက်မရှိပါပေ။ သူက နာနာခံခံဖြင့် လင်းဖေး၏ ရင်ဘတ်ကို မှီလိုက်ပြီး လင်းဖေးနှင့်အတူ စာအုပ်ဖတ်နေလိုက်သည်။


သူက စာအုပ်၏ ရှေ့ပိုင်းကို မဖတ်ထား၍ သူနားမလည်သည့် အပိုင်းများ ရှိနေသည်။


"သူက ဘာလို့ သူ့ကို ထိုးဖို့လိုတာလဲ..."


"သူတို့က အဲ့ညီမလေးကို ဘာလို့ မကူညီကြတာလဲ..."


"အဲ့ဒါက အန်တီလား သူ(မ)ရဲ့ အမေလား..."


လင်းဖေးက ကျိလဲ့ယွီ၏ မေးခွန်းများကို စိတ်ရှည်ရှည်နှင့် ရှင်းပြကာ ဖြေနေခဲ့သည်။ ကျိလဲ့ယွီက သူ့အား ဤသို့ မမေးလာခင်အထိ ဖြစ်သည်။

"ကြက်ဆင်ဆိုတာ ဘာကြီးလဲ... ကြက်လေးတွေ၊ ကြက်မတွေနဲ့ ကြက်ဖတွေ ရှိတာထားပါတော့... ဒါပေမဲ့ အခုဘာလို့ ကြက်ဆင်ပါ ရှိနေတာလဲ..."


သူ့ဘဝတွင် ဤအခေါ်အဝေါ်အား ပထမဆုံးအကြိမ် မြင်ဖူးသည့် လင်းဖေး - ...


လင်းဖေးက ကျိလဲ့ယွီကို စာအုပ်ကမ်းပေးကာ သူ့၏ Tabletကို ထုတ်ရန် အံဆွဲကို ဖွင့်လိုက်လေသည်။


 ထို့နောက် သူက "ကြက်ဆင်"ဟု ရှာလိုက်လေသည်။