အပိုင်း ၁၄၇
Viewers 35k

Chapter 147




လင်းလော့ချင်းက လင်းဖေးကို ရှာရန် လာသည့်အခါ သူတို့နှစ်ဦးက အတူတကွ စုဝေးကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်အား တွေ့လိုက်ရသည်။ 


ကျိလဲ့ယွီက လင်းဖေးအား "ကိုကိုက... သေချာပေါက်... ညီလေးကို... အနိုင်ကျင့်ဖို့... ခွင့်မပြုဘူး... သူတို့ရဲ့ ညီလေးကို အနိုင်ကျင့်တဲ့ သူတွေက အကိုကောင်းမဟုတ်ဘူး..."ဆိုသည်များကို ပီပီသသ ရွတ်ပြလာခဲ့သည်။ 


သူက ပြောနေစဉ်တွင် လင်းဖေးအား တိုက်ရိုက်စိုက်ကြည့်ကာ တိကျလှသော ဖော်ပြလိုသည့် အဓိပ္ပာယ်မှာ အလွန် သိသာလှပေသည်။


လင်းဖေး - ...


လင်းဖေးမှာ အစက သူ့အား စနောက်ရန် ရည်ရွယ်ချက်လုံးဝ မရှိသော်လည်း ကျိလဲ့ယွီ၏ စကားများကြားရာ မကြံစည်ပဲ မနေနိုင်ပါချေ။ သူက သူ့ပါးလေးများကို ညစ်ရန် လက်ဆန့်လိုက်ပြီးနောက် ညင်သာစွာ ဆွဲလိုက်ပေသည်။ 


ကျိလဲ့ယွီက လင်းဖေးက အဘယ့်ကြောင့် သူ့ကို ရုတ်တရက် လာဆိတ်သည်ကို နားမလည်နိုင်သော်လည်း သူက လင်းဖေးကို အမြဲလိုလို နာခံတတ်သည်ဖြစ်ရာ သူက ပြန်လည်မတိုက်ခိုက်ပဲ လင်းဖေးကို စိတ်ရှုပ်ထွေးစွာသာ ကြည့်လိုက်သည်။


လင်းဖေးက စိတ်ရှုပ်ထွေးခြင်းများဖြင့် ဖုံးအုပ်နေသော သူ့မျက်လုံးများကိုကြည့်ကာ သူက အမှန်ပင် အနိုင်ကျင့်ရန် လွယ်ကူသည်ဟု ခံစားလိုက်ရသည်။ သူက လက်ကို ပြန်ရုတ်လိုက်ပြီးနောက် ကျိလဲ့ယွီ၏ နီသွားသော ပါးလေးကို ပွတ်ပေးလိုက်သည်။ 


သူက ခေါင်းမော့ကာ လင်းလော့ချင်းကို ကြည့်လိုက်ရာ လင်းလော့ချင်းက ပြုံးကာ ဆိုလိုက်သည်။

"စားဖို့ အချိန်ရောက်ပြီ..."


လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။ သူက စာရွက် နံပါတ်ကို မှတ်ထားလိုက်ကာ စာအုပ်ကို ပိတ်လိုက်ပြီး ၄င်းကို အိပ်ရာဘေးမှ စာပွဲပေါ်သို့ တင်လိုက်သည်။ 


ကျိလဲ့ယွီက သူနှင့်အတူ ကုတင်ပေါ်မှ ခုန်ဆင်းကာ အခန်းထဲမှ ပျော်ရွှင်စွာ ထွက်လာလေသည်။


ကျိယွီရှောင်က အပြင်ဘက်တွင် စောင့်နေသည်။ သူက ကျိလဲ့ယွီ ထွက်လာသည်ကိုမြင်ရာ သူ့ကို စရန် ရည်ရွယ်ပြီး အရွှန်းဖောက်လိုက်သည်။

"TV မကြည့်ဘူးလား..."


"ကြည့်ပြီးသွားပြီ..."

ကျိလဲ့ယွီက ချိုမြန်စွာ ဆိုလိုက်သည်။


ကျိယွီရှောင်က ရယ်မောကာ သူ့၏ ဘီးတပ်ကုလားထိုင်ကို ဓာတ်လှေကားဆီသို့ တွန်းသွားလိုက်၏။ 


လင်းလော့ချင်းက သူ့ကို တွန်းပေးလိုက်သည်။ ကျိလဲ့ယွီက လင်းဖေးနှင့်အတူ လျှောက်လာပြီး သူတို့အောက်ဆင်းလာစဉ်တွင် သူတို့ ဖတ်လာခဲ့သော စာအုပ်အပေါ်အမြင်အား စိတ်အားထက်သန်စွာ ဖော်ပြနေသည်။ 


မိသားစု လေးဦးမှာ မီးဖိုချောင်ထဲသို့ ဝင်လာလိုက်သည်။


လင်းလော့ချင်းက ဂျုံနှင့် ရေအနည်းငယ်ကို ခပ်လိုက်ပြီး ခေါက်ဆွဲစတင် လုပ်လိုက်သည်။ 


ကျိလဲ့ယွီနှင့် လင်းဖေးတို့က စိတ်ဝင်တစားကြည့်နေပေသည်။ လင်းဖေးက ခေါက်ဆွဲလုပ်နေစဉ်တွင် သူက လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ရှင်းပြလိုက်သည်။ အချိန်ရောက်သည့်အခါ သူက ကျိလဲ့ယွီနှင့် လင်းဖေးတို့အား ကစားရန် ဂျုံလုံးတစ်လုံးစီပေးလိုက်သည်။ 


"မင်းလည်း တစ်ခု လိုချင်လား..."

သူက ကျိယွီရှောင်ကို တမင်တကာ ဆိုလိုက်သည်။


ကျိယွီရှောင် - ...


ကျိယွီရှောင်က တစ်ခါတစ်ရံ သူ့ဇနီးက အမှန်ပင် ဆိုးသွမ်းသည်ဟု ခံစားလိုက်ရပေသည်။


ကျိလဲ့ယွီက ဂျုံလုံးကို ယူကာ တစ်ခါတစ်ရံ အလုံးလုံး တစ်ခါတစ်ရံ အပြားပြားလိုက်လုပ်ကာ အလွန်ပျော်ရွှင်နေပေသည်။ 


လင်းဖေးက များစွာ မကစားပါပေ။ သူက လင်းလော့ချင်းလုပ်သည်ကို ဆက်မကြည့်မီတွင် အနည်းငယ်သာဖိလိုက်လေသည်။


လင်းလော့ချင်းက ဂျုံနယ်ပြီးနောက် ၄င်းတို့ကို ခေါက်ဆွဲအဖြစ် ပုံဖော်ရန် ပြင်ဆင်လိုက်သည်။


သူက အလွန်လျင်မြန်စွာ ပြုလုပ်လိုက်ရာ မကြာမီတွင် ရှည်လျား သေးသွယ်သည့် ခေါက်ဆွဲများ ထွက်လာပေသည်။ 


ကျိလဲ့ယွီက မြှောက်ပင့်ကာ ဆိုလိုက်သည်။

"ဝါး... ပါးပါးက အရမ်း အထင်ကြီးစရာကောင်းတာပဲ..."


"ဟုတ်ပါပြီ..."

လင်းလော့ချင်းက အပြုံးတစ်ခုနှင့် ဆိုလိုက်ပေသည်။


ထို့နောက် သူက ရေခဲသေတ္တာဆီသို့ သွားကာ ခေါက်ဆွဲအချို ဆောစ့်၊ ဝက်သားစင်းကော၊ တို့ဟူးခြောက်နှင့် တခြားပါဝင်ပစ္စည်းများကို ထုတ်ကာ ဆော့စ် စတင်ကာပြုလုပ်လေသည်။


လင်းဖေးနှင့် ကျိလဲ့ယွီတို့က စိတ်ဝင်တစား ကြည့်နေကြသည်။ ရနံ့ စတင်ထွက်လာသောအခါ ကျိလဲ့ယွီက တုံ့ဆိုင်းခြင်းမရှိ ချီးကျူးလိုက်ပြန်သည်။


"အနံ့က အရမ်းမွှေးတာပဲ..."


"အဲ့ဒါဆို နောက်ကျရင် ပိုစားဖို့ မှတ်ထားနော်..."

လင်းလော့ချင်းက ပြုံးကာ ဆိုလိုက်သည်။


ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။

"အင်း... အင်း..."


လင်းလော့ချင်းက ဆော့စ်လုပ်ပြီးနောက် ကျိယွီရှောင်က ခရမ်းချဉ်သီး ကြက်ဥကြော်ပြုလုပ်ရန် အလှည့်ရောက်လာပေပြီ။


လင်းလော့ချင်းက အစပိုင်းတွင် ကျိယွီရှောင်၏ ခြေထောက်များနှင့် အဆင်မပြေပါက ဤသည်ကို မလုပ်ရန် တွေးထားသော်လည်း ကျိယွီရှောင်၏ ပေါ့ပါးကာ ရွှင်ပျသော အမူအရာများကိုမြင်ရာ ဘာမှမပြောလိုက်တော့ချေ။ သူက ခရမ်းချဉ်သီးများကို တိတ်တဆိတ် လှီးပေးကာ ကြက်ဥခေါက်ပေးလိုက်သည်။


ကျိယွီရှောင် - "...အဲ့တော့ ငါက တကယ်ကြီး မီးဖိုကို ကိုင်ရုံပဲပေါ့..."


"အဲ့ဒါ မကောင်းဘူးလား..."

လင်းလော့ချင်းက သူ့ကို ကြည့်လိုက်ပေသည်။ 


ကျိယွီရှောင်က ကူကယ်ရာမဲ့ ရယ်ရန်သာ တတ်နိုင်ပေသည်။ 


သူဘာပြောရမှာတဲ့လဲ... လင်းလော့ချင်းက တစ်ခါတစ်လေ သူ့ကို အရမ်း ဂရုစိုက်လွန်းတယ်...


"ဟုတ်ပါပြီ..."

သူက တမင်တကာ လေးတွဲ့တွဲ့ဆိုလိုက်သည်။ 


"ငါ့အိမ်သူက စဉ်းစားပေးတတ်ပြီး ညင်သာတာပဲ... အဲ့ဒါ ဘာမကောင်းစရာရှိလို့လဲ..."


ထို့နောက်တွင် လင်းလော့ချင်းက သူ့ဆီရောက်လာကာ ကျိယွီရှောင်ကို ရှေ့ဖုံးခါးစည်းတစ်ခု ကူချည်ပေးလိုက်သည်။ ကျိယွီရှောင်က ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ပေ။ 


"ငါက ဟင်းတစ်ပွဲပဲ ချက်မှာပါ... အဲ့ဒါက တကယ်ပဲ လိုလို့လား..."


"ကောင်းကောင်းချက်နော်... ကံကောင်းပါစေ..."


"ကံကောင်းပါစေ ဒယ်ဒီ..."

ကျိလဲ့ယွီသည်လည်း အော်လိုက်သည်။ 


ကျိယွီရှောင်၏ မျက်နှာထက်မှ အပြုံးက ပိုပို၍ ထင်ရှားလာ၏။ မိနစ်ပိုင်းအတွင်းမှာပင် ဟင်းပွဲက ပြီးစီးသွားသည်။


ထိုအခိုက်တွင် သူက ကြွားရန်လည်း မမေ့ပါချေ။

"အိုး... ငါ ဒါကို မလုပ်တာ အတော်တောင်ကြာနေပြီ... ငါအထိအတွေ့နည်းနည်းတောင် ဆုံးရှုံးသွားတယ်..."


လင်းလော့ချင်းက သူ့ကိုယ်သူ အလွန်ကျေနပ်နေသည်က သိသာနေသော်လည်း ဟန်ဆောင်ထားသည့် သူ့ကို ကြည့်လိုက်သည်။

...ကော ငါတို့အကုန်လုံးက အတွင်းသိတွေ ချည်းပါပဲ... မင်းက ဘယ်သူ့အတွက် လာပြီး ကိုယ့်ဘာသာကို မြှောက်ပင့်နေတာလဲ...


ကျိယွီရှောင် သူ့အား ကြွားလိုက်သည်။ “နောက်တစ်ခါ အချိန်ရရင် ငါမင်းအတွက် ခရမ်းချဉ်သီးနဲ့ ကြက်ဉမွှေကြော် လုပ်ပေးမယ် … ” 


လင်းလော့ချင်း “……”


“မင်းငါ့ကို ခရမ်းချဉ်သီး ကြက်ဉမွှေကြော် လုပ်ကျွေးပြီးပြီလေ … ”


မသိရင် ကလေးနှစ်ယောက် အရွယ်လောက်ရှိတဲ့ ဩစတေးလျ ကျောက်ပုစွန် ချက်ကျွေးတော့မယ့်ပုံနဲ့ လာပြောနေတယ် … 


ကျိယွီရှောင် တွေးလိုက်၏။ ‘အင်း … ဇနီးလေးရေ … မင်းရဲ့ချစ်ခင်ပွန်းက ဟင်းသုံးမျိုးပဲ ချက်တတ်တယ် ဆိုတာနဲ့ ခရမ်းချဉ်သီး ကြက်ဉမွှေကြော်ကိုပဲ ကောင်းကောင်း ချက်တတ်တယ်ဆိုတာ မင်းကိုဘယ်လိုလုပ်ပြောရပါ့ … ’


ကျိယွီရှောင် ပြုံးကာ တိတ်တိတ်နေလိုက်ပြီး ထိုအကြောင်းအရာအား သူ့ရင်ထဲတွင် ခဏသိမ်းထားလိုက်သည်။ 


ခရမ်းချဉ်သီး ကြက်ဉမွှေကြော်မှာ အသင့်ဖြစ်နေပြီ ဖြစ်ပြီး ခေါက်ဆွဲများသည်လည်း မကြာခင် နူးတော့မှာပင်။ 


ကျိလဲ့ယွီ ထိုအကြောင်းကို ကြားသည့်အခါ ယဉ်ကျေးစွာ ဆို၏။ “သား … ရေသွားခပ်လိုက်မယ် … ”


ထို့နောက် သူက အိုးတစ်လုံးကို သွားယူလာသည်။ 


လင်းလော့ချင်းက ရေအပြည့်ဖြည့်ထားသည့် အိုးကို ကျိလဲ့ယွီ မ,မနိုင်မည်အား စိုးရိမ်သွား၏။ ထို့ကြောင့် သူက အိုးကို ယူကာ ဇလုံနှင့်အစားထိုးလိုက်သည်။ “ဇလုံထဲကို ရေဖြည့်ပြီးမှ အိုးထဲ လောင်းထည့်နော် ...”


ကျိလဲ့ယွီ ခေါင်းညှိတ်လိုက်၏။ သူက ဇလုံထဲသို့ ရေတစ်ဝက်ဖြည့်ကာ ခွေးခြေပေါ် တက်၍ အိုးအတွင်းသို့ ရေလောင်းထည့်လိုက်သည်။ “လိုသေးလား … ”


“နောက်တစ်ဇလုံထည့်ရင် ရပြီ … ”


ကျိလဲ့ယွီက နောက်ထပ် ရေဇလုံတစ်လုံး ချက်ချင်းဖြည့်လိုက်၏။ 


လင်းလော့ချင်း မီးမွှေးလိုက်သည်။ 


လင်းဖေးက အိုးဘေးတွင် စောင့်နေ၏။ အိုးအတွင်းရှိ ရေမျက်နှာပြင်တွင် ပူဖောင်းများ ထလာသည်ကို တွေ့ရချိန်၌ သူက လင်းလော့ချင်းကို ပြောလိုက်သည်။


 “ခေါက်ဆွဲ ထည့်လို့ရပြီထင်တယ် … ”


“အွန်း … ” လင်းလော့ချင်း သူ့ခေါင်းလေးကို ပွတ်ပေးလိုက်သည်။


လင်းဖေးက ခုံတန်းပေါ်မှ ခုန်ချကာ ခေါက်ဆွဲများအား သွားယူ၍ အိုးအတွင်းသို့ ဂရုတစိုက်ထည့်လိုက်၏။ 


လင်းလော့ချင်းက သူတို့လေးယောက်စာ ခေါက်ဆွဲများအား ခန့်မှန်းကာ တားလိုက်သည်။ “ဒီလောက်ဆိုရပြီ ...”’


လင်းဖေးက ခေါက်ဆွဲ ထပ်မထည့်တော့ပဲ တူတစ်စုံကို ယူ၍ ခေါက်ဆွဲများ မြန်မြန်နူးစေရန် မွှေပေးလိုက်၏။ 


ကျိလဲ့ယွီက ဘေးနားမှ ကြည့်နေရင်း မေးလိုက်သည်။ “ရတော့မှာလား … ”


“အွန်း … ” လင်းဖေး ခေါင်းညှိတ်လိုက်၏။ 


ကျိလဲ့ယွီ “…”


“ဒါက လွယ်တာပဲ … ”


“ဟုတ်တယ် … ”


ကျိလဲ့ယွီ သင်ယူလိုက်ရသလို ခံစားလိုက်ရသည်။ မဟုတ်သေး … သူက ခေါက်ဆွဲချက်တတ်သွားပြီ ဖြစ်၏။ 


“သားလည်း ခေါက်ဆွဲပြုတ်တတ်ပြီ ....”


“ဒါဖြင့် သားကတော်တာပေါ့ ...” လင်းလော့ချင်း သူတို့နှစ်ဦးနောက်မှ ရပ်ကြည့်နေ၏။ 


ကျေနပ်နေသည့် ကျိလဲ့ယွီက ခွေးခြေပေါ်သို့တက်ကာ အိုးအတွင်းမှ ပြောင်းလဲမှုများအား အကဲခတ်လိုက်သည်။ 


ခေါက်ဆွဲကျက်သွားသည့်အခါ လင်းလော့ချင်းက တစ်မျှင်ယူစားလိုက်ပြီး လင်းဖေးနှင့် ကျိလဲ့ယွီကိုလည်း စားကြည့်စေသည်။ ခေါက်ဆွဲနူးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးသည့်နောက် သူက ခေါက်ဆွဲများကို အိုးအတွင်းမှ ဆည်ယူလိုက်၏။ 


သူက ခေါက်ဆွဲများကို ပန်းကန်လုံးအတွင်း ထည့်ကာ ကြက်သွန်မြိတ်အစိမ်းများနှင့် အုပ်လိုက်သည်။ လင်းဖေးနှင့်ကျိလဲ့ယွီတို့က အစပ်များများ မစားနိုင်ချေ။ ထို့ကြောင့် လင်းလော့ချင်းက သူတို့အား ငရုတ်ဆီအနည်းငယ် ယူ၍ မြည်းစေသည်။ ထို့နောက် သူက ငရုတ်ဆီအား အပူပေးကာ ခေါက်ဆွဲများနှင့် ရောနယ်လိုက်၏။  


ကျိလဲ့ယွီက စပ်စုလိုသည့် အလျောက် ခြေဖျားထောက်ကာ ကြည့်လိုက်သည်။ 


သူ အလွန် စိတ်ဝင်စားနေကြောင်း လင်းဖေးတွေ့ချိန်၌ တည်ငြိမ်စွာ ပြောလိုက်၏။


 “ဆီက ဆော့စရာမဟုတ်ဘူး … မီးတွေ၊ဓားတွေလိုပဲ … ဆီကိုလည်း ဆော့လို့မရဘူး ...”


ကျိလဲ့ယွီ “……”


လင်းဖေး သူ့ကို အဆော့မက်တဲ့ ကလေးလို့ ထင်နေတာလား … 


ကျိလဲ့ယွီ အထင်မှားခံရသလို ခံစားလိုက်ရ၏။ “သား မဆော့ပါဘူး ...”


“ကောင်းပြီ … ” လင်းဖေး တည်ငြိမ်နေဆဲပင်။ 


ကျိလဲ့ယွီ နှာခေါင်းပွတ်လိုက်၏။ သူက လတ်တလောတွင် သိသိသာသာ လိမ္မာလာသော်လည်း  လင်းဖေးကမူ သူ့အား အထင်မှားနေပြန်သည်။ 


“ပွတ်ပေး … ” သူက အခိုင်အမာ တောင်းဆိုလိုက်သည်။ 


လင်းဖေး လက်ကိုမြှောက်ကာ တစ်ဖက်လူ၏ ခေါင်းလေးအား ပွတ်ပေးလိုက်၏။ 


“လိမ္မာတဲ့ ကလေးလေး … ”


“သားလိမ္မာမှန်း ကိုကို သိပြီပေါ့ … ~” ကျိလဲ့ယွီက မကျေနပ်ခြင်းနှင့် နှစ်ခြိုက်ခြင်းတို့ ရောယှက်နေသော အသံဖြင့် ခပ်တိုးတိုးဆို၏။ 


လင်းဖေး တွေးလိုက်သည်။ ‘…အင်း … သူခုနောက်ပိုင်း ပိုလိမ္မာလာသလိုပဲ … ’


လင်းဖေး သူ့ခေါင်းလေးအား ထပ်ပွတ်ပေးလိုက်သည်။ “ဒါပေါ့ … ”


“ဒီမှာ ... ” လင်းလော့ချင်း ကိုယ်ကိုလှည့်ကာ လင်းဖေးနှင့်ကျိလဲ့ယွီအား ပန်းကန်လုံး အသေးလေးနှစ်လုံး ကမ်းပေးလိုက်၏။ 


ကလေးနှစ်ဦးက ပန်းကန်လုံးများကို လျင်မြန်စွာယူကာ ဂရုတစိုက် သယ်သွားကြသည်။


လင်းလော့ချင်းက သူနှင့်ကျိယွီရှောင်၏ ခေါက်ဆွဲပန်းကန်များကို မီးဖိုချောင်အတွင်းမှ သယ်ထုတ်လာ၏။


သူက ခရမ်းချဉ်သီး ကြက်ဉကြော်နှင့် ဆော့စ်ကို အားလုံး၏ ပန်းကန်လုံးအတွင်းသို့ လောင်းထည့်ပေးလိုက်သည်။ ထို့နောက် အရင်ဆုံး ကလေးနှစ်ယောက်၏ ခေါက်ဆွဲများအား သမအောင်နယ်ပေးကာ သူ့ပန်းကန်အတွင်းရှိ ခေါက်ဆွဲများအား ဆက်လက်နယ်လိုက်၏။ 


ကိုယ်တိုင်ပါဝင်၍ ချက်ခဲ့ခြင်း ဖြစ်၍လော သို့မဟုတ် လင်းလော့ချင်း ချက်သည့်ဟင်း ဖြစ်သည့် အတွက်ကြောင့်လော မသိ။ ကျိလဲ့ယွီနှင့်လင်းဖေးက မြိန်ယှက်စွာ စားသောက်ကြသည်။ သူတို့က အမြန်လက်စသတ်ကာ ခေါက်ဆွဲပန်းကန်လုံးများကို ချထားလိုက်၏။ 


“အရမ်း အရသာရှိတာပဲ … သားစားဖူးသမျှ ခေါက်ဆွဲတွေထဲမှာ အကောင်းဆုံးပဲ ...” ကျိလဲ့ယွီက ချိုသာစွာဆို၏။ 


လင်းဖေးသည်လည်း သူအရင်က ချက်ခဲ့သည့် ခေါက်ဆွဲများထက် ပိုမိုကောင်းမွန်သည်ဟု ခံစားရသည်။ 


ကလေးများ၏ နှစ်သက်မှုကြောင့် လင်းလော့ချင်း နှလုံးသားလေး အရည်ပျော်သွား၏။ သူက ကျိယွီရှောင်ဘက် လှည့်ကာ သူ၏ ညွှန်းဆိုမှုအား စောင့်ဆိုင်းနေလိုက်သည်။ 


“အရသာရှိတယ် … ” ကျိယွီရှောင် ပြောလိုက်သည်။ “ကြည့်ရတာ ကိုယ်တို့ နောက်တစ်ခါ ထပ်လုပ်စားရမယ့်ပုံပဲ … ”


“အွန်း … အွန်း ….” ကျိလဲ့ယွီ ပူးပေါင်းမှုရှိစွာဖြင့် ခေါင်းညှိတ်လိုက်သည်။ 


လင်းလော့ချင်း ရယ်လိုက်၏။ သူ ယခင်က မိသားစုအတွက် ချက်ပြုတ်မပေးခဲ့ဖူးချေ။ တီဗီကြည့်နေရင်း ထိုသို့သော ဇာတ်ကွက်မျိုး ပေါ်ထွက်လာချိန်မျိုး၌ အနည်းငယ် စိတ်မကောင်းဖြစ်ခဲ့ရဖူး၏။ ယခုမူ မိသားစုအတွက် ချက်ပြုတ်ပေးနိုင်ပြီ ဖြစ်ရာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး နွေးထွေးသည်ဟု ခံစားလိုက်ရသည်။  


“ဒါဆို ကိုယ်တို့နောက်တစ်ခါ ထပ်ချက်စားရအောင် … ”


“ကောင်းတယ် ...” ကျိလဲ့ယွီ ချိုသာစွာ တုံ့ပြန်လိုက်၏။ 


စားသောက်ပြီးနောက် ကျိယွီရှောင်က လင်းလော့ချင်းအား ကလေးနှစ်ဦးနှင့် အတူတူနေပေးရန် တောင်းဆိုပြီး ပန်းကန်ဆေးခြင်းအား သူတာဝန်ယူလိုက်မည်ဖြစ်ကြောင်း ဆိုသည်။ 


လင်းလော့ချင်းက သူတစ်ဦးထဲ ပန်းကန်ဆေးခွင့်မပေးပဲ မီးဖိုခန်းအတွင်းသို့ လိုက်ပါလာသည်။ 


ကျိယွီရှောင် အကူအညီမဲ့သလို ခံစားလိုက်ရ၏။ “ကိုယ် ပန်းကန်တော့ ဆေးနိုင်ပါတယ် … ”


“ငါလည်း ကူပေးမယ်လေ ….” လင်းလော့ချင်း အေပရွန်အား ဝတ်ဆင်လိုက်သည်။ “နှစ်ယောက်လုပ်တော့ ပိုမြန်တာပေါ့ … ပြီးတော့ မီးဖိုချောင်ကိုလည်း ရှင်းရဦးမှာလေ ...”


“ပြီးတော့ … ” လင်းလော့ချင်း သူ့အား ကြည့်လိုက်၏။ “ငါတို့ စောစော ဆေးပြီးရင် ဖေးဖေးနဲ့ရှောင်ယွီ့ကို တီဗီတူတူကြည့်ပေးလို့ ရတာပဲ … ”


ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ 


ကောင်းပြီလေ … သူ့ဇနီးလေးက ဒီလိုဆိုမှတော့ သူဘယ်လိုများ ဆန့်ကျင်နိုင်ပါ့မလဲ … 


သူတို့နှစ်ဦးက ပန်းကန်တူတူဆေးနေကြ၏။ 


ကျိယွီရှောင် ပြုံးကာ ပန်းကန်လုံးတစ်လုံးအား ယူလိုက်သည်။ တစ်ဦးက ပန်းကန်များကို ဆေးကြောနေပြီး ကျန်တစ်ဦးကမူ ၎င်းတို့အား ခြောက်သွေ့အောင် ပြုလုပ်နေ၏။ 


လူနှစ်ဦး အလုပ်လုပ်ခြင်းက တစ်ဦးထဲလုပ်အားထက် ပိုမို မြန်ဆန်၏။ လင်းလော့ချင်းနှင့် ကျိယွီရှောင်က မကြာခင်မှာပင် ပန်းကန်ဆေးပြီးသွားကြသည်။ 


ကျိလဲ့ယွီ ဆိုဖာပေါ်တွင် နေရာယူရင်း လှမ်းမေးလိုက်၏။ “ဒယ်ဒီ … ပန်းကန်ဆေးတာ သားလာကူပေးရဦးမလား …”  


“ရတယ် … ရတယ် … ” လင်းလော့ချင်း ပြန်ဖြေလိုက်သည်။ “ပါပါးတို့ ခဏနေပြီးတော့မှာ ….”


သူက သစ်သီးအချို့အား ဆေးကြောကာ ကျိယွီရှောင်နှင့်အတူ မီးဖိုခန်းထဲမှ ထွက်လာသည်။ ထို့နောက်  လင်းဖေး၊ကျိလဲ့ယွီ တို့နှင့်အတူ တီဗီကြည့်လိုက်ကြသည်။ 


မှောင်စပျိုးလာချိန်တွင် သူတို့က စကားပြောရင်း၊ ရယ်မောရင်း နွေးထွေးစွာ တီဗီကြည့်နေကြသည်။ ရှိုးပြီးသွားချိန်တွင် လင်းလော့ချင်း တီဗီကိုပိတ်ကာ ကျိယွီရှောင်အား အပေါ်ထပ်သို့ တွန်းသွားပေးလိုက်၏။ 


ကျိလဲ့ယွီက လင်းလော့ချင်းနံဘေးတွင် လိုက်ပါလာပြီး သူ့လက်ကိုဆွဲကာ မေးလိုက်သည်။ “ပါပါး … သားတို့ ဒီနေ့တူတူအိပ်လို့ရလားဟင် … ”


“မနက်ဖြန်မှနော် … ” လင်းလော့ချင်း ညှင်သာစွာ ပြောလိုက်၏။ “မနက်ဖြန်က နှစ်သစ်ရဲ့ ပထမဆုံးနေ့ဆိုတော့ ပါပါးတို့ တူတူအိပ်ကြမယ် … ”


“ဟုတ် … ” ကျိလဲ့ယွီ နှစ်သစ်အား ဂရုမစိုက်ချေ။ သူက ကျိယွီရှောင်၊ လင်းလော့ချင်းနှင့် လင်းဖေးတို့ အိမ်တွင် ရှိနေသရွေ့ မည်သည့်အရာကိုမှ ဂရုမစိုက်။ 


သူက အခန်းတံခါးထံ လျှောက်သွားကာ လင်းလော့ချင်းအား လက်ပြလျှက် အခန်းတွင်းသို့ ဝင်သွားလိုက်သည်။ 


လင်းဖေးသည်လည်း သူ၏ အိပ်ခန်းအတွင်း ဝင်လိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်အား သူတို့အိပ်ခန်းထံသို့ တွန်းပေးလိုက်သည်။ 


တံခါးနှင့်နီးလာလေလေ၊ လင်းလော့ချင်း ရင်ခုန်မြန်လာလေလေပင်။ သူက စိုးရိမ်နေပြီး အလောတကြီးနိုင်နေ၏။ 


သို့သော် ကျိယွီရှောင်အား ကြည့်လိုက်မိသည့်အခါ ထိုပူပန်မှုများက တည်ငြိမ်မှုတို့ဖြင့် အစားထိုးခံလိုက်ရသည်။ 


သူတို့နှစ်ဦးက အနှေးနှင့်အမြန် ထိုအဆင့်အား ကျော်ဖြတ်ရမှာဖြစ်သည်။ ကျိယွီရှောင်၏ ရှက်ရွံ့ပုံ၊ တာဝန်သိတတ်ပုံအား ကြည့်ရပါက တစ်ဖက်လူ ထိုအဆင့်အား အစပျိုးလာစေရန် သူ အကြာကြီ

း စောင့်နေရလိမ့်ပေမည်။  


ကျိယွီရှောင်၏ ခြေထောက်များ ပြန်ကောင်းခြင်း မကောင်းခြင်းကို သူဂရုမစိုက်။ ထို့အတူ ကျိယွီရှောင် သူတို့၏ လက်ထပ်ခြင်းအား အထမြောက်စေချင်ခြင်း ရှိမရှိကိုလည်း သူ ဂရုမစိုက်ချေ။ 


သူက ကျိယွီရှောင်ရော သူ့ကိုယ်သူပါ ပေါ့ပေါ့ပါးပါး ဖြစ်စေချင်ခြင်းဖြစ်သည်။