အပိုင်း ၁၄၈
Viewers 35k

Chapter 148




ကျိယွီရှောင်က သူ့အား ထိရန်ငြင်းဆိုသည်မှာ ရှက်ရွံ့မှုကြောင့်သာ မဟုတ်ပဲ လင်းလော့ချင်းအား လွတ်လမ်းချန်ထားပေးခြင်း ဖြစ်သည်။ 


လင်းလော့ချင်း အနာဂတ်တွင် နောင်တရကာ မတရားခံစားရမည်ကို စိုးရိမ်သဖြင့် ကျိယွီရှောင် သူ့အား မထိခြင်းပင်။ ကျိယွီရှောင်က သူပြန်ကောင်းလာပြီး သူတို့၏ ဆက်ဆံရေးလေးနက်ကြောင်း အတည်ပြုနိုင်သည်အထိ စောင့်ဆိုင်းစေလို၏။ 


သို့သော် လင်းလော့ချင်း မစောင့်ချင်ချေ။ သူက နောင်တရမည်မဟုတ်ရာ စောင့်ဆိုင်းခြင်းသည် အချိန်ဖြုန်းရုံသာ ဖြစ်ပေလိမ့်မည်။ 


ကျိယွီရှောင် သူ့အတွက် အမြဲတွေးပေး၏။ ကျိယွီရှောင်က သူကုမ္မဏီပြောင်းနိုင်အောင် ကူညီပေးပြီး စာချုပ်တွင်လည်း အထူးအခွင့်အရေးများ ခံစားရစေသည်။ ယခု သူ့အတွက် ရှင်းယီ၏ စီအီးအို နေရာကိုပင် ယူဆောင်ပေးခဲ့၏။ 


ကျိယွီရှောင် သူ့အတွက် အများအပြား တွေးပေးခဲ့သည်။ လင်းလော့ချင်း သည်လည်း သူ့အတွက် တွေးပေးချင်မိ၏။ 


သူက ကျိယွီရှောင်အား အခန်းတွင်းသို့ တွန်းပေးလိုက်သည်။ ကျိယွီရှောင်က သူ့ကိုကြည့်ကာ ဆို၏။ “ကိုယ် ရေသွားချိုးဦးမယ် … ”


လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။ သူက ထိုအချိန်အား အခွင့်ကောင်းယူကာ ဧည့်သည်ခန်းတွင် ရေပြေးချိုးလိုက်သည်။ 


သူ သန့်ရှင်းအောင် ဆေးကြောကာ ဝတ်လေ့ဝတ်ထမရှိသည့် အနက်ရောင် ပိုးသားဝတ်ရုံအား ဝတ်ဆင်လိုက်သည်။ ဝတ်ရုံအပေါ်ပိုင်းတွင် ပျံသန်းနေသည့် အနီရောင်ကြိုးကြာပုံ ပါရှိပြီး ရွှေခြည်ဖြင့် အနားသတ်ထား၏။ ဝတ်ရုံက သူ့အား ပို၍ ကျော့ရှင်းသွားစေသည်။ 


သူ၏ ဖြူဖွေးသော အသားအရည်သည် အနက်ရောင် ဝတ်ရုံကြောင့် ပို၍ထင်ရှားလာ၏။ ၎င်းက ညဘက်တွင် နှင်းကျနေသည့် အလားပင်။ 


လင်းလော့ချင်း အသက်ပြင်းပြင်းရှူကာ မှန်ကိုကြည့်၍ အသင့်ပြင်ဆင်ရင်း အခန်းသို့ ပြန်သွားလိုက်သည်။ 


ကျိယွီရှောင် ရေချိုးခန်းအတွင်းမှ ထွက်လာချိန်တွင် အိပ်ရာပေါ်တွင် ထိုင်နေသည့် လင်းလော့ချင်းအား တွေ့လိုက်ရသည်။ ဝတ်နေကျ ညအိပ်ဝမ်းဆက်အစား အနက်ရောင် ပိုးသား ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးက အနီရောင်ကြိုးကြာကဲ့သို့ မီးရောင်အောက်တွင် တောက်ပလျှက်ရှိသည်။  သူက အေးစက်စက်နှင့် လှပနေ၏။ 


“ဝတ်ရုံကကောင်းသားပဲ … ” ကျိယွီရှောင် ပြောလိုက်သည်။ “မင်းနဲ့ အရမ်းလိုက်တယ် ...”


ဝတ်ရုံမှာ ညအိပ်ဝမ်းဆက်များထက် ပို၍သင့်လျော်သဖြင့် လင်းလော့ချင်း ရွေးချယ်လိုက်ခြင်းဖြစ်၏။ ကြိုးကိုဆွဲလိုက်သည်နှင့် ဝတ်ရုံမှာ ပြေလျော့သွားမှာဖြစ်သည်။ ကျိယွီရှောင် ၎င်းကို သဘောကျလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ 


အရမ်းကောင်းတယ် … ဘုရားသခင်က သူ့ကိုကူညီနေတာပဲ … 


“တကယ်လား … ” လင်းလော့ချင်း ညှင်သာစွာ မေးလိုက်သည်။ 


သူက မကြာသေးခင်က ရေသောက်ခဲ့ခြင်း ဖြစ်သော်လည်း အသံမှာ အနည်းငယ် အက်ရှနေ၏။ လင်းလော့ချင်းက လက်ထဲတွင် ကိုင်ထားသည့် ကြိုးစအား လိမ်ယှက်ရင်း ကျိယွီရှောင်ကို ကြည့်လိုက်မိသည်။ သူ့မျက်နှာက အနည်းငယ် နီရဲလာ၏။ 


‘သူဘာလို့ ရုတ်တရက်ကြီး ရှက်သွားတာလဲ … သူချီးကျူးလိုက်လို့လား …’ ကျိယွီရှောင် တွေးလိုက်၏။


“ပူလို့လား … အပူချိန်လျှော့ပေးရမလား … ” သူက မေးလိုက်သည်။ 


လင်းလော့ချင်း ခေါင်းယမ်းလိုက်ပြီး ဘာမှပြန်မပြောချေ။ 


သူက မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်နေမိသည်။ နောက်ဆုံးတွင် တုန်ယင်နေသည့် နှလုံးသားနှင့် သူက ပါးစပ်ကို ဖွင့်လိုက်၏။ 


သူ့နှလုံးခုန်သံမှာ အလွန်မြန်ဆန်နေသည့် အလျောက် စကားများသည်လည်း ဗလုံးဗထွေးဖြစ်နေ၏။ သို့သော် သူ၏ စကားလုံးများမှာ ကျိယွီရှောင်နားထဲတွင်မူ ရှင်းလင်းလှသည်။ 


“ကျိယွီရှောင် … ငါတို့ လက်ထပ်ထားတာ နှစ်ဝက်တောင်ရှိပြီ … ဒီနေ့က နှစ်တစ်နှစ်ရဲ့ နောက်ဆုံးနေ့ပဲ … ငါမင်းနဲ့ ပိုပြီးနက်ရှိုင်းတဲ့ အစားထိုးမရနိုင်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ချင်တယ် ...”


“မင်းရှက်နေမှန်း ငါသိပါတယ် … အဲဒါကြောင့် ငါမကြည့်ဘူးလေ ...”


သူစကားပြောပြီးသည်နှင့် လက်ကိုမြှောက်လိုက်၏။ ထိုအခါမှသာ သူ၏ လက်အတွင်းရှိ အနက်ရောင်အဝတ်စအား ကျိယွီရှောင် ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ 


ကျိယွီရှောင်က လင်းလော့ချင်း မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း နားလည်သွား၏။ 


“လော့ချင်း … ကိုယ်ပြောတာ နားထောင်ပါ … ”


သို့ရာတွင် လင်းလော့ချင်းက နားမထောင်ခဲ့။ အနက်ရောင်ဖဲစနှင့် သူ့မျက်ဝန်းများအား ဖုံးအုပ်ကာ အသေချည်လိုက်၏။ သူ့ဟာသူ ပြန်ဖြည်၍ မရသလို ဖြည်လည်း မဖြည်ချင်ပေ။ 


ကျိယွီရှောင်က လင်းလော့ချင်း ထိုမျှ ဆုံးဖြတ်ချက် ခိုင်မာနေမည်ဟု မထင်ထားခဲ့။ ကျိယွီရှောင် သူပြောမည့် စကားလုံးများအား မြိုချလိုက်ရပြီး ဘာမှမပြောနိုင်တော့ချေ။ 


သူက မျက်စိရှေ့ရှိ လူငယ်လေးအား ကြည့်လိုက်၏။ လင်းလော့ချင်းက သူတို့အိပ်ရာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ 

လူငယ်လေးက အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ရှင်းသန့်သော လည်တိုင်နှင့် ပါးပြင်တို့သည် ကြွေထည်အလား၊ ပြစ်ချက်ကင်းသော နှင်းမှုန်များအလား ဖွေးဆွတ်နေ၏။ 


သူ့မျက်နှာလေးက နီစွေးနေပြီး မျက်ဝန်းများကိုမူ အနက်ရောင်ဖဲစဖြင့် ဖုံးအုပ်ထား၏။ လူငယ်လေးက ချစ်ဖို့ကောင်းနေကာ တစ်ချိန်ထဲမှာပင် ဆွဲဆောင်မှု ရှိနေသည်။ 


သူက နောက်ကျောကို မတ်ထားကာ မျက်နှာကို မော့ထား၏။ သူက ကျိယွီရှောင်အား တည်ငြိမ်စွာကြည့်နေသည်။


လင်းလော့ချင်းသည် သူ့အဖြေအား စောင့်မျှော်နေခြင်း ဖြစ်သော်လည်း သူ၏ ချဉ်းကပ်လာမှုအား စောင့်မျှော်နေသည့် ကြင်စဦး ဇနီးလေးနှင့်လည်း တူနေသည်။ 


ကျိယွီရှောင် ထိုမျှ ရှုပ်ထွေးသည့် အခြေအနေသို့ တစ်ခါမှ မကျရောက်ခဲ့ဖူးချေ။ သူက လင်းလော့ချင်းအား ထပ်ခါထပ်ခါ ကြည့်ရင်း စကားလုံးများကို ပြန်လည်မြိုချနေမိ၏။ 


ပထမဆုံးအကြိမ် သူဘာပြောရမှန်း မသိတော့။ စကားမှားသွားမည်ကို စိုးရိမ်ရသလို ဘာမှမပြောပဲနေ၍လည်း မသင့်တော်ချေ။ 


သူက တိတ်ဆိတ်နေသည့် လင်းလော့ချင်းထံသို့ ဝှီးချဲလ်အား တွန်းသွားလိုက်၏။ 


လင်းလော့ချင်းက သူ၏ ချဉ်းကပ်လာမှုကြောင့် စိုးရိမ်စိတ်ဝင်သွားသည်။ သူက ကျိယွီရှောင်၏ လက်ရှိအခြေအနေကို မတွေ့ရချေ။ 


ကျိယွီရှောင် သဘောတူလောက်မှာပါ … ဟုတ်တယ်မလား … 


သို့သော် ကျိယွီရှောင်က ဘာမှပြောမလာချေ။ 


လင်းလော့ချင်း ဘာမှနားမလည်နိုင် ဖြစ်နေမိ၏။ သူက ကျိယွီရှောင်၏ အမူအရာကို မဆိုထားနှင့်၊ တစ်ဖက်လူကိုပင် မမြင်ရလေရာ ကျိယွီရှောင် သဘောတူရန် မျှော်လင့်ရုံသာ တတ်နိုင်၏။ 


သူထိုသို့ တွေးနေစဉ်မှာပင် သူ့လက်အား အကိုင်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ကျိယွီရှောင်က သူ၏ လက်ကို ညှင်သာစွာ ဆုပ်ကိုင်ခြင်းဖြစ်၏။ 


သူ့လက်က အလွန်နွေးထွေးလှည်။ လင်းလော့ချင်းက တစ်ဖက်လူ၏ လက်ကို ပြန်လည်ဆုပ်ကိုင်ကာ မျှော်လင့်တကြီး မေးလိုက်၏။ “အဲဒီ့လိုလုပ်လို့ ရမလားဟင် … ”


ကျိယွီရှောင် ဘာမှပြန်မပြောချေ။ 


သူက လင်းလော့ချင်း၏ လက်ကလေးကိုသာ ငုံ့ကြည့်လိုက်သည်။ ထိုလက်ကလေးမှာ ကျောက်မျက်ရတနာအား ထွင်းထားသကဲ့သို့ သေးသွယ်နူးညံ့နေပြီး အပြစ်အနာအဆာ မရှိချေ။  


ထိုလူ၏ မျက်နှာက လက်ကလေးထက်ပင် ပိုမိုလှပ၏။ အထူးသဖြင့် လက်ရှိအချိန်တွင် လင်းလော့ချင်း၏ နူးညံ့သော မျက်နှာထက်တွင် အနက်ရောင်ဖဲစရှိနေရာ လူများအား ပြစ်မှုကျူးလွန်ရန် ဖိတ်ခေါ်နေသကဲ့သို့ ရှိသည်။ 


သူက သူ၏ ခံစားချက်အားလုံးကို အနက်ရောင်ဖဲစနှင့် ထုပ်ပိုးလျှက် သူ၏ မျက်ဝန်းများကို ဖုံးအုပ်ကာ သူ့ကိုယ်သူအား အပ်နှင်းလာခဲ့ခြင်းဖြစ်သည်။ ကျိယွီရှောင် လုပ်ချင်သည့် အရာအားလုံးကို လုပ်ပိုင်ခွင့်ရှိကြောင်း ဖော်ပြနေသကဲ့သို့ပင်။ 


ကျိယွီရှောင်က ထိုလက်ကလေးအား အတန်ကြာ ဆုပ်ကိုင်ထားပြီးနောက် ပြောလိုက်သည်။ “လော့ချင်း … ဒီလိုလုပ်စရာမလိုပါဘူး ...”


“ဒါပေမယ့် ငါလုပ်ချင်တယ်လေ … ” လင်းလော့ချင်း ညှင်သာစွာဆိုလျှက် ခေါင်းမာစွာဖြင့် ကျိယွီရှောင်၏ လက်အား ဖျစ်ညှစ်လိုက်သည်။ 


“မင်း ငါ့အတွက် စိတ်မကောင်းဖြစ်ရင် အနာဂတ်မှာ ငါ့ကိုပိုချစ်ပေးလို့ရတာပဲ ...”


“ငါနောင်တရမှာစိုးရင်လည်း နောက်ပိုင်း ပိုချစ်ပေးရင် ရတာပဲလေ ...”


“မင်းက ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး မင်းထက်ပိုသာတဲ့ ရွေးချယ်မှုမျိုး ငါမလုပ်နိုင်ဘူးဆိုတာကို ငါသိအောင် ကြိုးစားပေးပါ ... ကျိယွီရှောင် … မင်းက ယုံကြည်ချက်ရှိပြီးသားပဲလေ … နည်းနည်းလောက် ပိုယုံကြည်ချက်ရှိပေးလို့ မရဘူးလား … မင်းငါ့ကို တခြားလူတွေအားလုံးထက် ပိုချစ်ပေးနေသရွေ့ ငါဘယ်လိုလုပ် နောင်တရမှာလဲ … မင်းမလုပ်နိုင်ဘူးလားဟင် … ”


ကျိယွီရှောင် သူ့စကားများကို နားထောင်ရင်း နှလုံးခုန်သံ မြန်လာ၏။ သူက မျက်စိရှေ့မှလူအား ကြည့်လိုက်သည်။  လင်းလော့ချင်းသည် ငယ်ရွယ်၍ မရင့်ကျက်ချေ။ နူးညံ့သော်လည်း တစ်ချိန်ထဲမှာပင် ခေါင်းမာလှသည်။ သူက အလွန်ကျိုးပဲ့လွယ်သော်လည်း တစ်ခါတစ်ရံ အလွန် စွမ်းအားကြီးနေတတ်ပြန်၏။ သူက တုံ့ဆိုင်းခြင်းမရှိပဲ သူ့ကိုယ်သူ ချည်နှောင်ကာ ကျိယွီရှောင်ထံ အပ်နှင်းရဲ၏။ 


ကျိယွီရှောင်က သူ့မျက်နှာလေးကို တန်ဖိုးကြီး ရတနာကဲ့သို့ ညှင်သာစွာ ထိလိုက်သည်။ 


လင်းလော့ချင်းက သူ့လက်ဖဝါးအား ပါးပြင်နှင့် ပြန်လည်ပွတ်သပ်လာ၏။ သူက နာခံမှုရှိပြီး အလွန်လှပလျှက်ရှိသည်။ 


“ငါ့ကို ဖက်ထားပါ … ငါအကြာကြီးစောင့်နေရတာ … မင်းငါ့ကိုမဖက်ရင် သက်တောင့်သက်သာမရှိပဲ နေလိမ့်မယ် … ”


သူ့အသံက အလိုလိုက်ခံရသော ကလေးလေးကဲ့သို့ နူးညံ့ညှင်သာလှသည်။


ကျိယွီရှောင် သူ့အား ငြင်းရခက်သွားသည်။ 


သူက ကိုယ်ကို ရှေ့သို့ကိုင်းလိုက်ပြီး လင်းလော့ချင်း၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်၏။ လင်းလော့ချင်းက အစတွင် ကြောင်အနေသော်လည်း လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။ 


ကျိယွီရှောင်၏ အနမ်းမှာ နူးညံ့ညှင်သာလှပြီး ဆန္ဒစိုးစဉ်းမျှ မပါရှိပဲ သန့်စင်လှကြောင်း သူ့အား တန်ဖိုးကြီး ရတနာကဲ့သို့ နမ်းရှိုက်နေခြင်း ဖြစ်ကြောင်း လင်းလော့ချင်း ခံစားမိလိုက်၏။ ကျိယွီရှောင်က သူ့အား ပွေ့ဖက်မလာခဲ့ပဲ နှစ်သိမ့်နေသယောင်ရှိရာ တစ်ဖက်လူ၏ အတွေးများကို လင်းလော့ချင်း နားမလည်နိုင်တော့ချေ။ 


ကျိယွီရှောင် သူ့အား လွှတ်လိုက်သည်ကို ခံစားမိလိုက်သဖြင့် ကျိယွီရှောင်ရှိရာ နေရာသို့ အကူအညီမဲ့ဟန်ဖြင့် ကြည့်လိုက်မိသည်။ ကျိယွီရှောင်က စကားမဆိုသော်လည်း အိပ်ရာမှာ အနည်းငယ် နစ်ဝင်သွားကြောင်း လင်းလော့ချင်း ခံစားမိလိုက်သည်။ 


လင်းလော့ချင်းက လက်ရှိတွင် စိုးရိမ်စိတ်ဝင်နေသဖြင့် ကိုယ်တိုင်ပင် မသိလိုက်ပဲ ခေါင်းကိုငုံ့လိုက်မိသည်။ သို့သော် ထိုအပြုအမူကြောင့် ကျိယွီရှောင် နောက်ဆုတ်သွားမည်ကို စိုးမိသဖြင့် ကျိယွီရှောင် ထိုင်နေသည့် နေရာသို့ တဖန်ပြန်ကြည့်လိုက်ပြန်၏။ 


ကျိယွီရှောင်က သူ၏ အပြုအမူများကို ကြည့်ရင်း တွန့်ဆုတ်နေမိသည်။


သူ၏ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းနှင့် ခံစားချက်များမှာ လွန်ဆွဲနေ၏။ သူ၏ခံစားချက်များ လွတ်ထွက်သွားချိန်တိုင်း ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက သူသည် ထိုအရာနှင့် မထိုက်တန်ကြောင်း သတိပေးနေသည်။  

သို့သော် လင်းလော့ချင်းက လက်ကို ဆန့်တန်းလိုက်သည်။ ကျိယွီရှောင် မည်သည့်နေရာ၌ ရှိနေမှန်း သူ မသိသည့် အလျောက် လက်ကိုဆန့်၍ စမ်းတဝါးဝါးလုပ်နေမိ၏။ ကျိယွီရှောင်က ထိုလက်ကလေးကို ဆုပ်ကိုင်လိုက်ချိန်တွင် လင်းလော့ချင်း သူ့အနားတိုးကပ်ကာ အနမ်းကို အစပျိုးလိုက်သည်။ 


သူက ငှက်မွှေးပေါ် နှင်းကျသကဲ့သို့ ညှင်သာစွာ နမ်းရှိုက်လျှက်ရှိသည်။ ကျိယွီရှောင်၏ လက်အား သူ့ခါးတွင် နေရာချလိုက်ကာ တစ်ဖက်လူ၏ လက်မောင်းများအတွင်းသို့ မှီလိုက်၏။  


သူက ကျိယွီရှောင်၏ နှုတ်ခမ်းများမှတဆင့် မေးဖျားနှင့် လည်တိုင်ထံသို့ ခပ်ဖွဖွ နမ်းရှိုက်လိုက်သည်။ 


ကျိယွီရှောင်က သူ့ပုခုံးကို ဖိချလိုက်သဖြင့် လင်းလော့ချင်းက သံသယအပြည့်ဖြင့် ကြည့်လိုက်မိ၏။ 


သူ့မျက်နှာပေါ်ရှိ သံသယအား ကျိယွီရှောင် တွေ့လိုက်ရသည်။ ကျိယွီရှောင်၏ မျက်ဝန်းများက အနက်ရောင်ဖဲစပေါ်သို့ ကျရောက်သွားသည်။ ဖဲစနောက်ကွယ်ရှိ တစ်ဖက်လူ၏ မျက်ဝန်းများက သန့်စင်ကာ အပြစ်ကင်းလျှက် ရှိပေလိမ့်မည်။ 


လင်းလော့ချင်း မျက်နှာပေါ်ရှိ အမူအယာမှာ မည်သည့်အရာ မှားယွင်းသွားကြောင်း မေးမြန်းနေသကဲ့သိုပင်။ 


ဒီအဆင့်အထိတောင် ရောက်လာပြီပဲလေ … 


ကျိယွီရှောင်၏ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်းက ပြိုလဲသွား၏။ သူက သူတော်စင်တစ်ဦးမဟုတ်ချေ။ သူသည်လည်း ခံစားတတ်ပြီး မထိန်းချုပ်နိုင်သော စိတ်ခံစားချက်များ ရှိ၏။ 


လင်းလော့ချင်း၏ စည်းနှောင်ထားသော မျက်ဝန်းများအား တွေ့ရစဉ်ကတည်းက သူ့နှလုံးသား ရှော့ခ်ရနေခဲ့ပြီး ဖြစ်သည်။ သူ့နှလုံးသားက ထပ်ခါထပ်ခါ တုန်လှုပ်ရလွန်းသဖြင့် သူ့အား သတိလက်လွတ်ပင် ဖြစ်စေ၏။ 


သူ၏ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းအားလုံး ဖိနှိပ်ခံလိုက်ရသည်။ သူ အကောင်းဆုံး ထိန်းချုပ်ထားခဲ့သည့် စိတ်ဆန္ဒများသည် အိပ်ရာပေါ်တွင် ထိုင်နေသည့် လင်းလော့ချင်းကြောင့် ပြိုပျက်သွားရပြီဖြစ်သည်။ 


တုန်ရီနေသော နှလုံးသားနှင့် ကျိယွီရှောင်က လင်းလော့ချင်း၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ 


သူက ထိုကဲ့သို့ လူမျိုးနှင့် တွေ့ဆုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့သလို လင်းလော့ချင်း ထိုသို့ ပြုမူလာလိမ့်မည်ဟုလည်း ထင်မထားခဲ့။ 


သူ့နှလုံးသားတွင်းရှိ ရေပြင်က လှုပ်ခါသွားကာ ဘုန်း ကနဲ့အသံကြီးနှင့်အတူ မြေကြီးတစ်ခုလုံး ပြိုကျသွား၏။ 


နှလုံးသားတွင်းရှိ အတားအဆီးများသည် လှိုင်းထန်သော ပန်းပင်လယ်ကဲ့သို့ တစ်လွှာပြီးတစ်လွှာ ပြိုကျလာခဲ့သည်။ 


ကျိယွီရှောင်က သူ့အား ပိုင်ဆိုင်လိုစိတ် ပြင်းပျစွာ ကြည့်လိုက်၏။ လက်ရှီအခိုက်အတန့်တွင်  သူ၏ လင်းလော့ချင်းအပေါ် ချစ်ခင်မှုမှာ ပို၍ ခိုင်မာလာသည်။ 


သူက ထိုခံစားချက်အား နက်ရှိုင်းစွာ မြှုပ်နှံထားခဲ့သော်လည်း ယခုမူ ထပ်မံချုပ်တည်း၍ မရတော့ပေ။ 


သူက အကြောင်းပြချက်များစွာဖြင့် သူ့ကိုယ်သူ တည်ငြိမ်အောင် ထပ်ခါထပ်ခါ ကြိုးစားခဲ့သည်။ သို့သော် ထိုမြတ်နိုးစိတ်က သူ့နှလုံးသားတွင်း အမြစ်တွယ်နေကာ ကွန်ယက်တစ်ခုသဖွယ် ကြီးထွားလာလျှက် သူ့နှလုံးသားအား ဝန်းရံလိုက်လေပြီ။ 


ကျိယွီရှောင် လင်းလော့ချင်းအား ထပ်ခါတလဲလဲ နမ်းရှိုက်နေမိ၏။ 


သူ့နှလုံးသားရှိ ပိုက်ကွန်သည် ပို၍ တင်းကျပ်လာကာ ပန်းများ ပွင့်လမ်းလာလေသည်။ 


ပန်းများနှင့်အတူ သူ၏ အနမ်းသည်လည်း ပို၍ နက်ရှိုင်းလာ၏။ မကြာခင်မှာပင် သူနှင့်လင်းလော့ချင်းသည် ပန်းများအလယ် အိပ်ရာပေါ်သို့ အတူတကွ လဲကျသွားကြသည်။ 


လင်းလော့ချင်း အနည်းငယ် ထိတ်လန့်နေသဖြင့် ကျိယွီရှောင်အား တင်းတင်းဆွဲထားမိ၏။ 


သူက ပတ်ဝန်းကျင်ကိုရော သူ့အရှေ့မှလူကိုပါ မမြင်ရချေ။ ထို့ကြောင့် ကျိယွီရှောင်၏ လည်ပင်းကိုသာ တင်းကျပ်စွာ ဖက်ထားမိသည်။


သူက ပင်လယ်ထဲတွင် ဦးတည်ရာမဲ့ မျောပါနေသော လှေကလေးကဲ့သို့ပင်။ 


ညနက်နက်တွင် လှိုင်းများခက်ထန်သော ပင်လယ်၌ လှေကလေးက ဒီရေ၏ စေစားရာအတိုင်း လူးလွန့်နေရရှာ၏။ သူက တစ်ခါမှ မခံစားခဲ့ဖူးသည့် ထိတ်လန့်မှုအချို့ကို စတင်ခံစားလာရသည်။ အမည်မသိ ပင်လယ်တွင်းသို့ ဝင်ရောက်ခဲ့မိခြင်းဖြစ်ရာ သိချင်စိတ်များနေပြီး ကြောက်လည်းကြောက်နေမိ၏။ 


သူက ကျိယွီရှောင်ကိုနမ်းကာ သူ့အမည်အား ရေရွတ်မိသည်။ 


ကျိယွီရှောင်က သူ့အား တင်းကျပ်စွာပွေ့ဖက်လျှက် သူ့နှုတ်ခမ်းများကို နမ်းရှိုက်နေ၏။ 


လင်းလော့ချင်း ဘာမှ မတွေ့ရသဖြင့် နှလုံးသားအတွင်းမှ မလွယ်ကူမှုကို ထိန်းချုပ်ရန် ချွဲနွဲ့စွာ ဆိုလိုက်၏။ “တစ်ခုခုပြောပါ … ငါမင်းပြောတာ ကြားချင်တယ် … ”


ကျိယွီရှောင်က အနက်ရောင်ဖဲစအား နမ်းလိုက်၏။ လင်းလော့ချင်း၏ နှုတ်ခမ်းများမှာ စွတ်စိုနေပြီး မျက်နှာလေးက နီရဲနေသည်။ သူ့မျက်ဝန်းပေါ်ရှိ အနက်ရောင်ဖဲစက လျှို့ဝှက်ဟန် ပေါ်နေကာ လှုံ့ဆော်မှုအချို့အား ထုတ်လွှတ်လျှက်ရှိ၏။  


ကျိယွီရှောင် သူ့အား ထပ်ခါထပ်ခါ နမ်းရင်း တစ်စုံတစ်ခုကို ရေရွတ်နေသည်။ 


သူက ဘေဘီ … ချင်းချင်း … ဇနီးလေး ဟူ၍ ဆက်တိုက်ရေရွတ်နေ၏။ 


လင်းလော့ချင်းက နောက်ဆုံးနာမ်စားကြောင့် ရှက်ရွံ့သွားကာ နှလုံးသားတွင်းရှိ မလွယ်ကူမှုသည်လည်း ကွယ်ပျောက်သွား၏။ သူက  သားရဲပေါက်ကလေးကဲ့သို့ ကျိယွီရှောင်၏ ပုခုံးပေါ် မီလိုက်သည်။ 


မုန်တိုင်းက မကြာခင်မှာပင် ရောက်လာ၏။ ခက်ထန်သော လှိုင်းများက လှေငယ်လေးထံ ဦးတည်ရိုက်ခတ်လာသည်။ 


လှိုင်းများက ကြမ်းတမ်းကာ အင်အားအပြည့်ဖြစ်၏။ လှေငယ်လေးခမျာ့ နိမ့်တစ်ခါ မြင့်တစ်လှည့်နှင့် ရှေ့တိုးနောက်ငင် လူးလွန့်ကာ လှိုင်းဒဏ်ကို ကြံ့ကြံ့ခံနေရရှာသည်။ 


လင်းလော့ချင်း၏ မျက်ရည်များက အနက်ရောင်ဖဲစအား စွတ်စိုသွားစေ၏။ ကျိယွီရှောင်က သူ့အား နမ်းရှိုက်နေသော်လည်း မျက်ရည်များ ရပ်တန့်သွားစေရန် မစွမ်းသာခဲ့ချေ။ ထိုမျက်ရည်များက အလိုပြည့်မှု၊ ပျော်ရွှင်မှုတို့ဖြင့် ရိုးရှင်းစွာ ကျဆင်းလျှက်ရှိသည်။ 


ကျိယွီရှောင်က သူ့မျက်ဝန်းများအား နမ်းလိုက်သည်။ မျက်ရည်များကြောင့် အနက်ရောင်ဖဲစသည် ပို၍ နက်စွေးလာကာ နမ်းချင်စဖွယ် ဖြစ်နေ၏။ 


သူက လင်းလော့ချင်း၏ မျက်ဝန်းများကို ညှင်သာစွာနမ်းရင်း မေးလိုက်၏။ 


“မကြိုက်ဘူးလား …”  ကျိယွီရှောင် သူ့ကို မေးလိုက်သည်။ 


လင်းလော့ချင်း ခေါင်းယမ်းလိုက်၏။ သူက မနှစ်မြို့ခြင်း မဟုတ်ပဲ မျက်ရည်အလိုလို ကျမိခြင်းသာ ဖြစ်သည်။ 


သို့သော် သူ ကျိယွီရှောင်အား ကြည့်ချင်လှသည်။ 


“ငါမင်းကို ကြည့်ချင်တယ် … ” သူက တီးတိုးဆိုလိုက်သည်။ “ငါ့ကို ဒါကူချွတ်ပေးလို့ရလား … ငါမင်းကို တွေ့ချင်လို့ပါ … ”


သူက ကျိယွီရှောင် သဘောမတူလျှင် ဆက်လက်မပြောတော့မည့်ပုံဖြင့် ညှင်သာစွာဆို၏။ 


ကျိယွီရှောင် လက်ကိုဆန့်လိုက်ကာ အနက်ရောင်ဖဲစအား ထိကြည့်လိုက်သည်။ ဖဲစက မျက်ရည်များကြောင့် နွေးထွေးကာ ရွှဲစိုနေ၏။ လင်းလော့ချင်း၏ သိပ်သည်းသော မျက်တောင်ရှည်များကိုပင် ကျိယွီရှောင် ခံစား၍ရသည်။ 


သူက ဖဲစဖြင့် ကာဆီးထားသည့် မျက်ဝန်းများကို နောက်ဆုံးတစ်ကြိမ် နမ်းရှိုက်လိုက်ပြီး ဖဲစအား ဖယ်ရှားလိုက်သည်။


လင်းလော့ချင်း၏ မျက်ရစ်ပါးပါးလေးများက တုန်ရီနေကာ မျက်ဝန်းများကို အသာအယာ ဖွင့်ကြည့်လိုက်သည်။ 


အိပ်ခန်းမီးက တောက်ပခြင်း မရှိချေ။ သို့သော် သူအကြာကြီး မျက်လုံးပိတ်ထားသဖြင့် မျက်စိစူးသွားကာ မျက်လုံးအမြန်ပြန်ပိတ်လိုက်ရ၏။  


လင်းလော့ချင်းက မျက်လုံးထပ်ဖွင့်ရန် ကြိုးစားလိုက်သော်လည်း ကျိယွီရှောင်သူ့အား နမ်းလိုက်သည်ကို ခံစားမိလိုက်၏။ 


ကျိယွီရှောင်က သူ၏ မျက်ခွံများအား ခပ်ဖွဖွနမ်းရှိုက်လာသည်။ လင်းလော့ချင်း အနည်းငယ် ရှက်ရွံ့သွား၏။ ယခင်အနမ်းများတွင် ကြားခံပစ္စည်းအဖြစ် အနက်ရောင်ဖဲစ ရှိနေခဲ့သည်။ ယခုမူ ကျိယွီရှောင်၏ အသက်ရှူနှုန်းနှင့် သူ့နှုတ်ခမ်းများ၏ နွေးထွေးမှုအား ခံစားမိနေ၏။ 


မကြာခင်မှာပင် ကျိယွီရှောင် တွန့်ဆုတ်စွာ အနမ်းကို ရုတ်သိမ်းလိုက်သည်။ လင်းလော့ချင်းက မျက်နှာရဲရဲကလေးဖြင့် မော့ကြည့်လိုက်၏။ 


လောလောလတ်လတ် ငိုထားသည့် သူ့မျက်ဝန်းထောင့်များက ညနေဆည်းဆာကဲ့သို့ နီရဲနေသည်။ သူ၏ မျက်တောင်ရှည်များက စိုစွတ်နေပြီး ပို၍ နက်မှောင်ကာ ကြည်လင်နေ၏။ သူ့မျက်ဝန်းများက ရေတစ်လွှာဖုံးအုပ်ထားသည့်နှယ်  ကြည်လင်နေပြီး  နှလုံးသားအား လှုပ်ယမ်းနိုင်စွမ်းရှိနေသည်။ 


ကမ္ဘာပေါ်သို့ ကြယ်အလင်းရောင်များ ကျဆင်းလာသည့်အတိုင်းပင်။ 


ကျိယွီရှောင် သူ့မျက်ဝန်းများအား နောက်တစ်ကြိမ် ထပ်နမ်းလိုက်သည်။ 


လင်းလော့ချင်း မျက်လုံးမှိတ်ကာ နာခံစွာ အနမ်းခံလိုက်၏။ 


ကျိယွီရှောင် သူ့ကို စလိုက်သည်။ “ပြောတော့ ကိုယ့်ကို ကြည့်မလို့ဆို … ”


“မင်းပဲ ဆက်တိုက်နမ်းနေပြီးတော့ … ” လင်းလော့ချင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ 


“အိုး … ဒါဖြင့် ကိုယ်မနမ်းတော့ဘူးလေ … ” ကျိယွီရှောင် သူ့ကို ဆက်လက်စနောက်နေ၏။ 


လင်းလော့ချင်း မကျေနပ်ချေ။ သူက တစ်ဖက်လူအား စိုက်ကြည့်လိုက်ပြီး အနမ်းကို အစပျိုးလိုက်သည်။ 


ကျိယွီရှောင် ဤတစ်ကြိမ်၌ တစ်ဖက်လူ၏ မျက်ဝန်းများအစား နှုတ်ခမ်းကိုသာ နမ်းရှိုက်လိုက်၏။


(T/N ဒီမှာ မျက်လုံးပိတ်ထားပြီးမှ ကြည့်တယ်ဆိုတဲ့အသုံးလေးက မျက်နှာမူထားတာကို ပြောချင်တာပါ မျက်လုံးပိတ်ထားပေမဲ့ ကြည့်နေတယ်ပေါ့ 😁😁)