အပိုင်း ၅၉
Viewers 8k


🐹အခန်း ၅၉

 ဝူယိလေး ဟိုင်ချန်ကိုရောက်ပြီ



နေ့အချိန် ဖြစ်သည့်အပြင် ပင်လယ်ထဲ၌လည်း အန္တရာယ်များ ရှိနေဆဲဖြစ်သဖြင့် နျဲ့ရှောင်မှာ နူးညံ့ပြည့်ဖောင်းသည် ဟမ်းစတားလေး၏ ခန္ဓာကိုယ်အား ပျော်ဝင်နေရန် အချိန်မရှိသေးပေ။


တပ်မက်မှုများအား ထိန်းချုပ်ပြီးနောက် ချောင်းအသာဟန့်လိုက်သည်။ ထို့နောက် ရိုးသားဖြူစင်သော မျက်နှာပေးဖြင့် ရှောင်ဝူယိအား သေသပ်ကျနစွာ ဝတ်ဆင်ပေးလိုက်သည်။


နှစ်ဦးသား အခန်းအပြင်သို့ ထွက်လာကြသည်။ ထိုအချိန်တွင် သင်္ဘော နောက်တစ်ဖန် ရွက်လွှင့်နေပြီ ဖြစ်သည်။ ဘေးအန္တရာယ် ကြီးကြီးမားမား မရှိဘဲနှင့် ကပ်ဘေးအား ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့သော်လည်း ဝူချင်ဖုန်း၏အဖွဲ့မှ စစ်သည်ရဲဘော်အချို့မှာ ကံမကောင်းစွာဖြင့် ဗိုင်းရပ်ကူးစက်ခံရကာ စတေးခံများ ဖြစ်သွားကြသည်။


ဇွန်ဘီငါးများ ကိုက်ခံရသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးသည် ပင်လယ်ထဲသို့ ခုန်ဆင်းကာ အရိုးတစ်ချောင်းပင်လျှင် ချန်မထားခဲ့ကြပေ။ သူတို့၏ အနစ်နာခံ စတေးမှုအား တွေးမိသည့်အခါ သင်္ဘောပေါ်ရှိ လေထုမှာ အနည်းငယ် ကျဆင်းသွားသည်။


ရှောင်ဝူယိသည် သတိမေ့နေဆဲဖြစ်သော ကျစ်ဟွေ့ကွမ်နှင့် အခြားသူများအား သွားကြည့်လိုက်သည်။


နူးညံ့သော အခင်းပေါ်တွင် အိပ်ပျော်နေသည့် ကျစ်ဟွေ့ကွမ်အားကြည့်ကာ ရှောင်ဝူယိသည် ယင်း၏ သားမွေးများအား လက်ဖြင့်ထိကြည့်လိုက်သည်။ ထို့နောက် သူ၏ဘေးရှိ ပိုဆီယာနှင့် ဆစ်စလိုတို့အား ကြည့်လိုက်ပြီး စိုးရိမ်စွာဖြင့် မေးလေသည်။


“ကျစ်ဟွေ့ကွမ် အဆင်ပြေမှာပါနော်.. ဟုတ်တယ်မလားဟင်..”


ပိုဆီယာ ခေါင်းညိတ်လိုက်သည်။


“အဆင်ပြေပါတယ်.. သူ့ရဲ့စွမ်းရည်ကို အကုန်သုံးလိုက်မိလို့ မောပန်းသွားရုံလေးပဲ.. နိုးလာတာနဲ့ အကောင်းတိုင်း ဖြစ်သွားလိမ့်မယ်.. နီမိုက.... မင်းတို့ တိရစ္ဆာန်လေးတွေရဲ့ ပြန်လည်ကုသနိုင်စွမ်းက အတော်လေး ကောင်းတယ်လေ..”


“တော်ပါသေးရဲ့..”


ရှောင်ဝူယိ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချပြီးနောက် ခေါင်းကလေးအား လက်ဖြင့်ထုကာ သူ့ကိုယ်သူ ပြစ်တင်စကားဆိုသည်။


“လူတိုင်းကို အသိမပေးဘဲ စိတ်ပူအောင် လုပ်ပြီး ထွက်သွားခဲ့မိတာ မှားတာပဲ..”


“အဆင်ပြေပါတယ်.. ကောင်းတဲ့လုပ်ရပ်လေးပဲလေ..”


ပိုဆီယာသည် ဟမ်းစတားလေး၏ခေါင်းအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် ဆစ်စလိုအား ခေါ်ဆောင်သွားသည်။ ထို့နောက် ပြုံးကာဖြင့် ရှောင်ဝူယိအား ပြောလေသည်။


“ကျစ်ဟွေ့ကွမ် ကောင်းကောင်းအနားယူပါစေ.. အခု အပြင်သွားပြီး မင်း ဒယ်ဒီရဲ့ ဇာတ်လမ်းကို နားထောင်ကြမယ်.. သူပျောက်သွားပြီး ပြန်ပေါ်လာတော့ ရုတ်တရက် အရမ်းသန်မာလာတယ်.. ရန် နဲ့ တု သွေးကြောတွေ ပွင့်သွားသလိုပဲ..”


“အွန်း..”


ရှောင်ဝူယိ အပြည့်အဝ သဘောတူပြီးနောက် ကျစ်ဟွေ့ကွမ် အိပ်စက်နေသော အခန်းအတွင်းမှ ပိုဆီယာ၊ ဆစ်စလိုတို့နှင့်အတူ ထွက်လာသည်။


ထိုအချိန်တွင် နျဲ့ရှောင်တို့မှာ သင်္ဘောကုန်းပတ်ပေါ်တွင် ရှိနေကြသည်။ လမ်းကြောင်းသတ်မှတ်ပြီး ဖြစ်သဖြင့် နင်ဖုန်းသည်လည်း အချိန်ပြည့်စောင့်ကြည့်ရန် မလိုတော့ချေ။


လူတိုင်း ကုန်းပတ်ပေါ်တွင် အနားယူနေကြပြီး တိုက်ပွဲအောင်မြင်ပြီးနောက် ဆာလောင်လာကြသည်။


ထိုလူအုပ်သည် စားရင်းသောက်ရင်းဖြင့် စွမ်းရည်များသုံးကာ ပင်လယ်ထဲ၌ အစုလိုက်ရှိနေသော ဇွန်ဘီငါးများအား အချိန်နှင့်အမျှ ရှင်းလင်းလျက်ရှိသည်။


နျဲ့ရှောင်သည် ကျစ်ဟွေ့ကွမ်၏ အခန်းမှထွက်လာသည့် ရှောင်ဝူယိအား မြင်သောအခါ သူ၏ဘေးတွင် ထိုင်စေသည်။ လက်မြှောက်ကာ ပေါင်ပေါင်း၏ ဦးခေါင်းလေးအား အသာပွတ်ပြီးနောက် မေးလေသည်။


“ဘယ်လိုလဲ.. ကျစ်ဟွေ့ကွမ် အဆင်ပြေရဲ့လား..”


‌ရှောင်ဝူယိ ရိုးရိုးသားသားပင် ခေါင်းညိတ်လိုက်သည်။


“အဆင်ပြေမှာပါ..”


နျဲ့ရှောင်သည်လည်း ခေါင်းညိတ်လိုက်ပြီးနောက် ကောင်ငယ်လေးအား အစာစားစေသည်။ အပြုအမူကောင်းကောင်းဖြင့် စားသောက်နေသော ပေါင်ပေါင်းအားကြည့်ကာ နျဲ့ရှောင်၏ မျက်လုံးထဲတွင် နူးညံ့မှုများ ပြည့်နှက်လာသည်။


ကျစ်ဟွေ့ကွမ်မှအပ လူစုံနေပြီ ဖြစ်ကြောင်း မြင်သည့်အခါ သွမ့်ဝမ်ယွီသည် စားသောက်နေခြင်းအား ရပ်ကာ နျဲ့ရှောင်အား မေးခွန်းထုတ်လေသည်။


“ဘော့စ်ရေ.. မင်းပျောက်သွားပြီး ရုတ်တရက်ကြီး အရမ်းသန်မာလာတယ်လေ.. ဘာတွေများ ဖြစ်သွားတာတုန်း..”


ကျန်းချိုးနှင့် အခြားသူများသည်လည်း ခေါင်းမော့ကာ နျဲ့ရှောင်အား သိလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေကြသည်။


ကုန်းပတ်ပေါ်တွင် ရှိနေသည့် လူများထဲတွင် ပိုင်မေ့တစ်ဦးတည်းသာလျှင် နျဲ့ရှောင် မည်သည့်အရာများ ဖြစ်သွားသည်ကို သိရှိလေသည်။ သို့သော်လည်း ပိုင်မေ့ သိရှိထားသည့်တိုင်အောင် ပိုမိုအသေးစိတ်ကျစွာ သိရှိလိုသဖြင့် နျဲ့ရှောင်အား စိတ်အားထက်သန်မှုအပြည့်ဖြင့် ခေါင်းမော့ကြည့်လိုက်သည်။


“ငါ့ရဲ့ စွမ်းရည်အမြုတေ လုံးဝ ကွဲထွက်သွားတာ..”


နျဲ့ရှောင်သည် လူတိုင်း၏ အာရုံစူးစိုက်သည့် အကြည့်များအား တည်ငြိမ်အေးဆေးစွာ ရင်ဆိုင်ရင်း ပြောလေသည်။ ဖုံးကွယ်ထားလိုစိတ် မရှိပေ။


သို့သော်လည်း သူ၏စကားမှာ ထိုလူများအား ဤမျှလောက် ထိတ်လန့်သွားစေလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ထိုအဖြစ်အပျက်ကြောင့် အချိန်တစ်ခုကြာသည်အထိ တုံ့ပြန်မှု ကင်းမဲ့သွားလေသည်။ 


“ကွဲထွက်သွားတာ ဟုတ်လား..”


နင်ဖုန်း တံတွေးမျိုချလိုက်သည်။


“အင်း.. ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အမြုတေကို မခံစားမိတော့ဘူး.. ဒါပေမဲ့ လေနဲ့ မိုးကြိုးကိုတော့ ထိန်းချုပ်နိုင်သေးတယ်.. စွမ်းရည်က ပိုပြီးတော့ လိုက်လျောညီထွေဖြစ်လာတယ်လို့ ပြောရမှာ‌ပေါ့..”


ကျန်းချိုး မျက်မှောင်ကြုတ်လိုက်သည်။


“အဲဒါ ဘာစောက်စကားတုန်း.. လူလိုပြောစမ်းကွာ..”


နျဲ့ရှောင် ကျန်းချိုးအား လှည့်ကြည့်လိုက်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသည်။


“တကယ်တော့ ငါကိုယ်တိုင်လည်း နားမလည်ဘူး..”


လူတိုင်း : "..."


“အဲသည်အချိန်တုန်းက ငါ့ရဲ့စွမ်းရည်တွေက ခမ်းခြောက်နေပြီ.. ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်း စုတ်ဖြဲခံရသလို နာကျင်နေတာ.. ဒါပေမဲ့ ငါမသေချင်သေးဘူး အဲဒါကြောင့် ငါ့ခန္ဓာကိုယ်ထဲက အမြုတေကို အဆုံးထိ တွန်းအားပေးလိုက်တယ်.. အဲဒါလည်းပြီးရော ငါ့ရဲ့ အမြုတေနှစ်ခုလုံး ကွဲအက်သွားတဲ့အသံကို စိတ်ထဲကနေ ကြားလိုက်ရတယ်.. ရုတ်တရက် လေဖိအားနည်းရပ်ဝန်းထဲ ရုတ်တရက် လွင့်ထွက်သွားသလို ခံစားရတယ်လေ.. ပြန်နိုးလာတော့ ငါ့ရဲ့ခန္ဓာကိုယ်က အသစ်ပြန် ဖွဲ့တည်ထားသလိုပဲ.. ကမ္ဘာပေါ်မှာရှိတဲ့ လေနဲ့ မိုးကြိုးကို ဆန္ဒရှိသလို ထိန်းချုပ်ပြီး အသုံးပြုနိုင်သွားပုံပဲ..”


“ခံစားချက်က အတော်လေး ထူးဆန်းတယ်..”


စကားအရှည်ကြီး ပြောပြီးနောက် နျဲ့ရှောင် အာခြောက်လာသည်။ ဤအဖြစ်အပျက်အား ဖော်ပြရန် ဘဝတစ်လျှောက်လုံး သင်ယူခဲ့သည့် စကားလုံးများအား အသုံးပြုလိုက်ရသည်။


သို့သော်လည်း ကျန်းချိုးနှင့် အခြားသူများမှာ နားထောင်လေလေ ပိုမိုရှုပ်ထွေးလာလေ ဖြစ်သဖြင့် ဒေါသတကြီး ဖြစ်လာကြသည်။


“အဲတော့ မင်းက ကြေးစားအဖြစ်ကနေ သဘာဝလွန်လူတစ်ယောက် ဖြစ်သွားတာလား...”


ဟမ်းစတားလေး၏ မျက်လုံးထဲတွင် အမေးသင်္ကေတများ ပြည့်နေသည့်တိုင် အရူးလေးသဖွယ် လက်ခုပ်တီး အားပေးချီးကျူးလေသည်။


“ဒယ်ဒီက အရမ်းအံ့ဩဖို့ကောင်းတာပဲ..”


လူတိုင်း : "..."


အခြားတစ်ဖက်တွင် သွမ့်ဝမ်ယွီသည် အကြမ်းဖျင်း နားလည်သွားပုံရသည်။ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောသည်။


“ဒီလိုဆိုရင် ငါတို့ရဲ့ စွမ်းရည်အမြုတေတွေက အခြေအနေအမျိုးမျိုးမှာ ရှိနေနိုင်တယ်လို့ ခန့်မှန်းမိတယ်.. လက်ရှိ အနေအထားအရဆိုရင် အခြေအနေ ၃ ခုမှာ တည်ရှိနိုင်တယ်.. အစိုင်အခဲ၊ အခဲတစ်ပိုင်း နဲ့ ရောနှောခြင်း ဆိုပြီး‌ပေါ့.. ဘောစ့်ပြောတဲ့ ပြိုကွဲသွားတယ်ဆိုတာ ခန္ဓာကိုယ်နဲ့ တစ်သားတည်း ရောနှောပေါင်းစပ်သွားတာလို့ ထင်တယ်.. အဲဒါကြောင့် သူ့ရဲ့စွမ်းအားက တရှိန်ထိုး မြင့်တက်သွားတာပဲ..”


“ပြီးတော့ ဒီလိုမျိုး ပြောင်းလဲနေတဲ့အချိန်မာ ဘော့စ်ရဲ့ စိတ်.. ဆန္ဒနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုတို့ကလည်း တစ်နည်းမဟုတ်တစ်နည်း ပတ်သက်မှု ရှိရမယ်.. ပြီးတော့ အခုလိုဖြစ်လာအောင် အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကလည်း အခွင့်အရေးတစ်ခုအနေနဲ့ ဖြစ်သွားတာ.. အဲဒါကြောင့် ဘော့စ်က ယုတ္တိတန်တန်နဲ့ အကျိုးအမြတ် ရသွားခဲ့တာပဲ..”


သွမ့်ဝမ်ယွီ၏ ရှင်းပြချက်အား နားထောင်ပြီဂနောက် လူတိုင်း နားလည်သွားကြပုံပေါ်သည်။


“ဒီလိုဆိုရင်တော့ အဓိပ္ပါယ်ရှိသားပဲ..”


စကားပြောခဲ့သော ပိုင်မေ့သည်ပင်လျှင် ခေါင်းညိတ်ထောက်ခံလေသည်။


“အဲဒီလိုဖြစ်မယ်လို့ ထင်တယ်.. အတိအကျ မဟုတ်ရင်တောင် အတော်လေး နီးစပ်လိမ့်မယ်..”


နျဲ့ရှောင်နှင့် ကျန်းချိုးသည် ချက်ချင်းပင် ပိုင်မေ့အား လှည့်ကြည့်လိုက်ကြသည်။ တစ်ဖက်လူ၏ အမူအရာ မပြောင်းလဲဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေသည်ကို တွေ့လိုက်ရသည်။


အခြားသူများသည် ပိုင်မေ့၏စကားအား အလေးအနက် မယူဆဘဲနှင့် အချင်းချင်း ဆက်လက်ဆွေးနွေးကြသည်။


နင်ဖုန်းသည် နျဲ့ရှောင်အားကြည့်၍ မနာလိုစွာ ပြောလေသည်။


“ဇွန်ဘီတွေရဲ့ အဆင့်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘော့စ်ရဲ့ လက်ရှိအဆင့်က အဆင့် ၃ လို့ ပြောရမယ်.. ဘော့စ်ထက်သန်မာတဲ့သူ မရှိတော့ဘူး.. နောက်ပိုင်း ဘယ်လိုပြောင်းလဲမှုတွေ လာနိုင်ဦးမလဲ မသိနိုင်ပေမဲ့ ဒီလိုသာဆက်ပြီး တိုးတက်သွားရင် ကမ္ဘာကြီးကိုတောင် ကုန်လှုပ်နိုင်မှာ အသေအချာပဲ..”


“ငါလည်း အဆင့်တက်ချင်တယ်.. သန်မာချင်တယ်လို့.. အားးးး”


နင်ဖုန်း ရုတ်တရက် ထအော်သည်။


နင်ဖုန်း၏ ကောက်ချက်ချမှုမှာ ပိုမိုရှင်းလင်းသည်ဟု သွမ့်ဝမ်ယွီနှင့် အခြားသူများ ခံစားမိသည်။ ရိုးရှင်းကာ အကြမ်းထည်ဆန်သော်လည်း နားလည်ရန် လွယ်ကူသည်။


“ပိုသန်မာလာမှာပါ..”


နျဲ့ရှောင် နှစ်သိမ့်လိုက်သည်။


ထိုသို့ပြောပြီးနောက် နျဲ့ရှောင်သည် ပင်လယ်သားရဲဇွန်ဘီများအား တိုက်ခိုက်ပြီးနောက် ရရှိလာသည့် အမြုတေများထံ သွားလေသည်။ လက်သီးဆုပ်အရွယ် ဇွန်ဘီအမြုတေ အများအပြားကို စုဆောင်းရရှိခဲ့သည်။


“အရင်ဆုံး ဒါတွေကို ခွဲမယ်..”


ထိုဇွန်ဘီအမြုတေ တစ်ခုချင်းစီသည် ပင်လယ်သားရဲကြီးများ၏ ဦးခေါင်းထဲမှ ထုတ်ယူထားခြင်းဖြစ်ကာ သာမန်ဇွန်ဘီအမြုတေ ရာပေါင်းများစွာနှင့် ညီမျှသည်။ ထိုမှတစ်ပါး အဆင့်နိမ့်ဇွန်ဘီအမြုတေနှင့် ကွာခြားမှုမရှိပေ။ သို့သော်လည်း ကြီးမားသည့် ဇွန်ဘီအမြုတေများအား အထူးခြေအနေအတွက် ပြင်ဆင်ထားရန် ယူဆောင်ထားရပေမည်။


ကြာရှည်ခံပြီး သယ်ဆောင်ရ လွယ်ကူသည်။


သင်္ဘောပေါ်တွင် စွမ်းရည်ပိုင်ရှင် အနည်းငယ်သာ ရှိသဖြင့် တစ်ဦးလျှင် အမြုတေတစ်ခုကျစီ ရရှိပြီး ထိုသည်ကပင် လုံလောက်မှုရှိသည်။


“ကျွန်တော်တော့ ဒီဟာကို တစ်လလောက် စုပ်ယူရမယ်ထင်တယ်..”


နင်ဖုန်းသည် အခွင့်အရေးအား လက်လွှတ်မခံပေ။ သူ၏လက်ထဲရှိ ကြီးမားဝိုင်းစက်သည့် ဇွန်ဘီအမြုတေကြီးအား ပွတ်သပ်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် မျှော်လင့်ချက်အပြည့်ဖြင့် ဆိုလေသည်။


“အမြုတေ.. အမြုတေ.. ငါမင်းကို စုပ်ယူပြီးရင် ငါ့ကို အဆင့်တက်အောင် လုပ်ပေးရမယ်နော်..”


“ဟားဟားဟား.. မင်းက အဆင့်တက်ချင်တယ်ပေါ့.. အဲဒီအစား ရူးသွားချင်တယ်သာ ပြောပါကွာ..”


ရှဲ့ကျွင်း အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။


ဇွန်ဘီအမြုတေများအား ပေးဝေနေသည့် နျဲ့‌ရှောင်အားကြည့်ကာ သွမ့်ဝမ်ယွီ ကြောင်အပြီးနောက် ရဲတင်းသည့် ခန့်မှန်းမှုတစ်ခု ပြုသည်။ 


“ဘောစ့်.. မင်းအတွက် သိမ်းမထားတော့ဘူးလား.. မင်းက အမြုတေစုပ်ယူဖို့ မလိုတော့ဘူးလား..”


နျဲ့ရှောင် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။


“စုပ်ယူရဦးမှာပါကွ.. ဒီအဆင့်တက်တာက သဘာဝကို ဆန့်ကျင်သွားတာ မဟုတ်ပါဘူးကွာ..”


ထိုအချိန်တွင် ရှောင်ဝူယိ ပါးစပ်ဖွင့်ဟလာသည်။


“ဒယ်ဒီ့အတွက် ထူးရှယ်တစ်ခု ချန်ထားတယ်လေ.. ပေါင်ပေါင်း ကိုယ်တိုင် ဝေလငါးကြီးရဲ့ ခေါင်းထဲကနေ တူးထုတ်လာတာ..” ♡⸜(˶˃ ᵕ ˂˶)⸝♡


နျဲ့ရှောင် ကောင်ငယ်လေး၏ မျက်နှာဖောင်းဖောင်းအား နမ်းလိုက်သည်။


“ဒယ်ဒီကလည်း ပေါင်ပေါင်းပေးတာကို အရမ်းကြိုက်..”


အခြားသူများ : "..." သေစမ်း ခွေးစာတွေ


ထို့နောက် ကျန်ခရီးတစ်ဝက်တွင် မည်သည့်အခက်အခဲနှင့်မျှ မကြုံတွေ့ခဲ့ရပေ။ လမ်းတစ်ဝက်တွင် ရေဇွန်ဘီများကြောင့် ခရီးစဉ်နှောင့်နှေးခဲ့ရသော်လည်း မမှောင်ခင်မှာပင် ကမ်းခြေသို့ ရောက်ရှိခဲ့ကြသည်။


မြေပြင်သို့ ခြေချလိုက်သည်နှင့် လူတိုင်း လုံခြုံပြီဟု ခံစားမိကြသည်။


“အားးးးး နောက်ဆုံးတော့ ဟိုင်ချန် ရောက်ပြီကွ..”


လူတိုင်း ဝမ်းသာအားရ အော်ဟစ်ကြလေသည်။ လူတိုင်း ညစာစားပြီး အခြေကျချိန်တွင် ကောင်းကင်၌ လမင်းကြီး တဖြည်းဖြည်း မြင့်တက်လာလေပြီ။


ယနေ့ညတွင် သင်္ဘောပေါ်၌ အိပ်စက်ကြမည် ဖြစ်သဖြင့် သင်္ဘောအား ရေတိမ်တွင် ကျောက်ချကာ ရပ်ထားသည်။ ညကင်းစောင့်ရန် တာဝန်ကျသူ အချို့မှလွဲ၍ လူတိုင်း ချိုမြိန်သော အိပ်မက်ကမ္ဘာသို့ ဝင်ရောက်သွားကြသည်။


ပင်လယ်ရေလှိုင်းများ ရိုက်ပုတ်သံမှာ နားစည်ထိ ရိုက်ခတ်နေလေသည်။


ပိုင်မေ့ အိပ်ရာပေါ်တွင် လှဲနေရင်း ကောင်းကင်ပေါ်ရှိလအား ကြည့်နေမိသည်။ များမကြာမီတွင် ရုတ်တရက် ထထိုင်ပြီးနောက် အမူအရာမျိုးစုံ ပြောင်းလဲသွား၏။


ယနေ့ ကြုံတွေ့ခဲ့ရသော ခါးသီးသည့် အဖြစ်အပျက်ကြောင့် သူသည် ကမ္ဘာပေါ်၌ အသန်မာဆုံးသော ဇွန်ဘီဘုရင် မဟုတ်ကြောင်း သိလိုက်ရသည်။


အခြားဇွန်ဘီဘုရင်များ၏ ထိန်းချုပ်ခံရခြင်းမှ ကင်းလွတ်လိုလျှင် ပိုမိုသန်မာရန် လိုအပ်သည်။


ထိုသို့တွေးပြီးနောက် ပိုင်မေ့သည် သူ၏လက်နှစ်ဖက်အား ရှေ့တွင်ထားလိုက်ပြီးနောက် အရောင်အသွေးစုံသည့် စွမ်းရည်အမြုတေများ အိပ်ရာပေါ်တွင် ပေါ်လာသည်။ ထိုစွမ်းရည်အမြုတေများမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က လူသေအလောင်းများထံမှ အဆင့်နိမ့်ဇွန်ဘီများ တိတ်တဆိတ် စုဆောင်းပေးထားသော အမြုတေများဖြစ်သည်။


ပိုင်မေ့သည် စွမ်းရည်အမြုတေများအား စစ်ဆေးကြည့်လိုက်ပြီးနောက် ကနဦး မတော်တဆ ရရှိလာခဲ့သည့် အပြာဖျော့ရောင် စွမ်းရည်အမြုတေအား ရွေးချယ်လိုက်သည်။


ထို့နောက် အင်္ကျီကြယ်သီးဖြုတ်ကာ ခန္ဓာကိုယ်အတွင်းသို့ ရိုက်ထည့်လိုက်သည်။


မူလက ထိုသို့ ပြုလုပ်လိုခြင်း မရှိပေ။


သို့သော်လည်း ယခုအခါတွင် ပိုမိုသန်မာလာရန် လိုအပ်သည်။


ပိုင်မေ့၏ ခန္ဓာကိုယ်အတွင်းသို့ အပြာဖျော့ရောင် စွမ်းရည်အမြုတေဝင်ရောက်ပြီး မကြာမီမှာပင် ယင်းအား ခန္ဓာကိုယ်တွင်း မူလရှိနေသည့် နေရာလွတ်စွမ်းရည်အမြုတေမှ တွန်းထုတ်လေသည်။ ခန္ဓာကိုယ်အတွင်း စွမ်းရည်အမြုတေနှစ်မျိုး ရှိနေခြင်းကြောင့် ပိုင်မေ့ ခန္ဓာကိုယ်တစ်ခုလုံး ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်လာသည်။ တင်းတင်းစေ့ထားသော နှုတ်ခမ်းများကြားမှ သွေးများစီးကျလာသည်။


သို့သော် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် နာကျင်မှုအား ကြိတ်မှိတ်မျိုချရုံသာရှိပြီး အသံတစ်သံမျှပင် မထွက်ရဲချေ။


စွမ်းရည်နှစ်မျိုးပိုင်ရှင် နျဲ့ရှောင်နှင့် မတူညီသည်မှာ ပိုင်မေ့သည် ဇွန်ဘီဘုရင်စွမ်းအား ပိုင်ဆိုင်ထားသည့်တိုင် နာကျင်မှုအား ခံနိုင်ရည် မရှိပေ။


ဇွန်ဘီများသည် လူသားတို့၏ စွမ်းရည်အမြုတေအား အသုံးပြုနိုင်သည်ဟု သိရှိထားသော်လည်း ဇွန်ဘီတစ်ကောင်၏ ကန့်သတ်ချက်မှာ စွမ်းရည်အမြုတေ တစ်ခုမျှသာ ဖြစ်မည်လား မသိရချေ။


ထို့အပြင် သာမန်ဇွန်ဘီများသည် စွမ်းရည်အမြုတေအား ရရှိခဲ့မည် ဆိုလျှင်ပင် ဇွန်ဘီဘုရင်၏ ကူညီပေးမှု မရှိဘဲ အမြုတေတွင် ပါဝင်သော စွမ်းရည်အား ထိန်းချုပ်နိုင်မည် မဟုတ်ပေ။


ပိုင်မေ့ နာကျင်မှုကြောင့် အိပ်ရာပေါ်သို့ လဲကျသွားပြီး အသက်ပြင်းပြင်းရှိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်း အပြာရောင်စွမ်းရည်အမြုတေအား တွန်းထုတ်မှုကြောင့် နာကျင်သည့်ဒဏ်ကို သည်းခံနေရသည်။


ထို့နောက် သူ၏လက်ပေါ်တွင် ကြည်လင်နေသောရေဖြင့် ဖွဲ့စည်းထားသည့် သစ်တော်ပွင့်သဏ္ဌာန်လက်နက်(အပ်)တစ်ခု ဖြစ်တည်လာသည်။


—ယင်းသည် ရေစနစ်၏ မျိုးကွဲတစ်ခု ဖြစ်သည်။


ထိုရေအပ်များမှာ နွားမွေးကဲ့သို့ ပါးလွှာသည်။ ဤစွမ်းရည်အား ဖုံးကွယ်အသုံးပြုနိုင်သဖြင့် သူနှင့်အလွန်သင့်တော်သည်ဟု ခံစားမိသည်။


အဆုံးတွင် ပိုင်မေ့သည် စွမ်းရည်နှစ်မျိုးအား မည်သည့်ပြဿနာမျှမရှိဘဲ အတူယှဉ်တွဲ အသုံးပြုနိုင်ရန် ထိန်းချုပ်နိုင်သွားသည်။


ပိုင်မေ့၏ ခေါင်းမှ ခြေဖျားထိ ချွေးရွှဲရွှဲစိုနေပြီး လက်သည်းများသည်လည်း နက်ပြာရောင်သို့ စတင်ပြောင်းလဲလာလေသည်။ ထို့ကြောင့် အစိမ်းရင့်ရောင်အရည်များပါသည့် ပြွန်တစ်ခုအား ထုတ်ယူကာ သောက်သုံးလိုက်သည်။


ထိုအချိန်မှာပင် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။


ပိုင်မေ့သည် ကုတင်ပေါ်ရှိ ပစ္စည်းများအား ရှင်းလင်းပြီးနောက် သံသယအပြည့်ဖြင့် တံခါးဖွင့်လိုက်သည်။ သို့သော်လည်း တံခါးဖွင့်ပြီးသည်နှင့် လောယွင်ဟိုင်၏ ဂျုံရောင်သန်းနေသော မျက်နှာမှာ ရှက်သွေးဖြာပြီး နီမြန်းနေသည်ကိုသာ တွေ့လိုက်ရသည်။


ထိုစစ်သားမှာ အနည်းငယ် မိုက်မဲပုံပေါ်သည်။


“ဘာကိစ္စ ရှိလို့ပါလဲ..”


ပိုင်မေ့ နွေးထွေးစွာ မေးလိုက်သည်။


“ကျွန်.. နေ့ခင်းတုန်းက မင်း နည်းနည်း အဆင်မပြေတာ ကျွန်တော် မြင်လိုက်လို့ပါ.. ဒီဟာလေးက မင်းအတွက်ပါ..”


လောယွင်ဟိုင်သည် ပိုင်မေ့အား လုံးဝ မကြည့်ဝံ့သည်အပြင် နားရွက်များလည်း နီနေသည်။


သူ့ကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း ယောကျ်ားတစ်ယောက်၏ ဘဝတွင် ဤမျှလှပတင့်တယ်၍ ကျော့ရှင်းသောသူအား မမြင်ဖူးခဲ့ပေ။ ဤသူသည် သူ၏နာမည်အတိုင်း ငြိမ်းချမ်းသော အဖြူရောင်နှင်းဆီတစ်ပွင့်ကဲ့သို့ နူးညံ့၍ ပညာရှင်ဆန်သည့် လေထုအား အမြဲသယ်ဆောင်ထားသည်။


"ဝမ်အန်း!.."


လောယွင်ဟိုင်သည် သူ၏လက်ထဲမှ အရာအား ပိုင်မေ့၏ လက်အတွင်းသို့ လွှဲပြော

င်းပေးလိုက်သည်။ သူ၏နှလုံးခုန်သံများ မြန်နေပြီး သူ၏အခန်းရှိရာသို့ ထွက်ပြေးသွားလေသည်။


ပိုင်မေ့သည် သူ၏လက်ထဲရှိ ဆေးသေတ္တာအား ကြည့်ကာ ရယ်မောနေမိသည်။


သူသည် နေရာလွတ်စွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်ပြီး မည်သည်အရာမျှ ပြတ်လပ်နေခြင်း မရှိချေ။


"အရူး.."