အပိုင်း ၆၀
Viewers 9k


🐹အခန်း ၆၀

 ဝူယိလေးနဲ့ အခြားသူတွေ တွေ့ပါပြီ 



တစ်ညတာ အေးချမ်းစွာ ကုန်ဆုံးသွားသည်။ 


နံနက်မိုးသောက်ချိန်တွင် သူတို့အားလုံး ဟိုင်ချန်မြို့လယ်ရှိ ဗဟိုပြဇာတ်ရုံသို့သွားရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ စာတိုပို့ထားသော အချက်အလက်များအရ သိပ္ပံပညာရှင်များသည် ယခုထိတိုင် ကယ်တင်ခံရခြင်း မရှိလျှင် ပြဇာတ်ရုံထဲ၌သာ ရှိနေကြပေဦးမည်။ အကယ်၍ တစ်ဦးတစ်ယောက်မှ လာရောက်ကယ်တင်သွားမည် ဆိုလျှင်ပင် ခပ်ဝေးဝေးသို့ ရောက်ကြဦးမည် မဟုတ်ချေ။ ကျန်အရပ်ဒေသများနှင့် နှိုင်းစာလျှင် ဟိုင်ချန်မှာ မြို့ကြီးတစ်မြို့ဟု မဆိုနိုင်ပေ။


လူတိုင်း ဗိုက်ပြည့်စေရန် နံနက်စာ အတူစားပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။ မထွက်ခွာမီ သင်္ဘောအား နေရာလွတ်ထဲ၌ သိမ်းထားပေးရန် ရှောင်ဝူယိထံ တောင်းဆိုကြသည်။ ထိုအချိန်တွင် ရှောင်ဝူယိသည် သူတို့လျစ်လျူရှုထားမိသော ဖြစ်တည်မှုတစ်ခု ရှိနေသေးကြောင်း သတိပေးလာသည်။


“ကျစ်ဟွေ့ကွမ်က အခုထိ မနိုးသေးဘူး..”


ရှောင်ဝူယိသည် သူ၏ ပါးဖောင်းဖောင်းလေးနှစ်ဖက်အား ဆူဖောင်းလိုက်ပြီး ကျစ်ဟွေ့ကွမ်အား မေ့လျော့နေသူ တစ်စုအပေါ် မကျေနပ်ကြောင်း ပြလေသည်။


ယမန်နေ့ ပြင်းထန်သည့် တိုက်ပွဲတွင် ကျစ်ဟွေ့ကွမ်မှာ စွမ်းအင်များစွာ အသုံးပြုခဲ့ရသဖြင့် ယခုထိတိုင်အောင် သတိပြန်လည်ခြင်း မရှိသေးပေ။ ဘေးပတ်လည်ကို ကြည့်လိုက်သည့်တိုင် ထိုကြောင်ကြီးအား မည်သူမျှ မမြင်ချေ။ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ကျစ်ဟွေ့ကွမ်၏ အခန်းသို့ လျှောက်လှမ်းသွားကြသည်။


လိမ္မော်ရောင်နှင့် အနက်ရောင်အစင်းကြားများ ပါဝင်သော ကျားကြီးသည် နူးညံ့သည့် အခင်းပေါ်တွင် လဲလျောင်းနေဆဲဖြစ်ကာ နိုးထလာမည့် အရိပ်အရောင် မရှိပေ။


ဆစ်စလိုနှင့် ပိုဆီယာတို့သည် တစ်စုံတစ်ခု မှားယွင်းနေသယောင် ခံစားမိကြသည်။ ပုံမှန်အခြေအနေတွင် ဤမျှလောက်အထိ အိပ်စက်နေနိုင်မည် မဟုတ်။ နီမိုတော်ဝင်မျိုးနွယ်၏ ခုခံနိုင်စွမ်းနှင့် တိုက်ခိုက်စွမ်းအားမှာ ကြယ်စုတစ်ခုလုံးတွင် အကောင်းဆုံးဖြစ်သည်ကြောင့် ယခုကဲ့သို့ အားနည်းနေရန် အကြောင်းမရှိချေ။


ဆစ်စလိုက သူ၏လက်အား ကိုင်ထားသည့် မော့ယဲ့ထံမှ ခြေလှမ်းသေးသေးလေးများဖြင့် ကျစ်ဟွေ့ကွမ်ထံသို့ ပြေးသွားလိုက်သည်။ သူ၏ လက်ကလေးအား ကျစ်ဟွေ့ကွမ်၏ နဖူးပေါ် တင်လိုက်ပြီးနောက် မျက်နှာအမူအရာ ထူးဆန်းလာသည်။


ထိုသည်ကို မြင်သည့်အခါ လူတိုင်း စိတ်ပူကာ ထိတ်လန့်သွားကြသည်။


“ဘာဖြစ်တာလဲ.. တစ်ခုခု မှားနေလား..”


နျဲ့ရှောင် မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူ၏ဘေးရှိ ရှောင်ဝူယိ၏ မျက်နှာတွင်လည်း စိုးရိမ်မှု အထင်းသားပင်။


လူတိုင်း အာရုံစူးစိုက်၍ ကြည့်နေစဉ်မှာပင် ဆစ်စလို၏ အကြည့်များ အနည်းငယ် ပြောင်းလဲသွားသည်။ ပါးပြင်အား ရှက်ရွံ့စွာ ကုတ်လိုက်ပြီးနောက် ပြောလေသည်။


“ဒါက ငါသူ့အပေါ်မှာ သုံးထားတဲ့ ‘နီယို’ စွမ်းရည်က ပျောက်တော့မှာ.. အခု ကျစ်ဟွေ့ကွမ်က အိပ်မက်မက်ရင်းနဲ့ မှတ်ဉာဏ်ပြန်ရနေနတဲ့ အခြေအနေပဲ..” 


“ဒီအခြေအနေမှာတော့ သူနိုးလာဦးမှာ မဟုတ်ဘူး..”


လူတိုင်း : "……"


ဆစ်စလို၏ အဖြေကြောင့် ခေတ္တမျှ ဆွံ့အသွားခဲ့ကြသော်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ ယခုအချိန်တွင် ဤသည်မှာ သတင်းကောင်းဟု ဆိုနိုင်သည်။ ရှောင်ဝူယိသည်လည်း ပျော်ရွှင်နေမိသည်။ ကျစ်ဟွေ့ကွမ် မှတ်ဉာဏ်ပြန်ရနေပြီ ဖြစ်သည့်အတွက် သူတို့နှစ်ဦး ယခင်က သိရှိခဲ့ခြင်း ရှိ၊ မရှိအား အတည်ပြုနိုင်တော့မည် ဖြစ်သည်။


ရှောင်ဝူယိသည် အခင်းပေါ်တွင်အိပ်နေသည့် ကျစ်ဟွေ့ကွမ်အနား တိုးကပ်သွားပြီးနောက် လက်ကလေးဖြင့် ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် အပြစ်ရှိစိတ် ခံစားနေရရှာသော သွေးစုပ်ဖုတ်ကောင်လေးအား လှည့်ကြည့်ကာ မေးလေသည်။


“ကျစ်ဟွေ့ကွမ်က အရင်မှတ်ဉာဏ်တွေ ပြန်ရလာရင် ဒီအတောအတွင်း ငါတို့နဲ့ ရှိနေတဲ့ မှတ်ဉာဏ်က ကျန်နေဦးမှာလား.. မမေ့သွားလောက်ပါဘူးနော်.. ဟုတ်တယ် မဟုတ်လား..”


“မမေ့ပါဘူး..”


ဘယ်လိုလုပ်ပြီး မေ့သွားမှာလဲလို့...


ဆစ်စလိုမှာ ထိုသို့ပြောရင်း စိတ်ထဲ၌ မျက်ရည်မကျဘဲ ငိုချင်နေပြီ ဖြစ်သည်။


ကျစ်ဟွေ့ကွမ် မှတ်ဉာဏ်ပြန်ရလာချိန်တွင် အတိတ်မေ့ရခြင်း၏ ဆိုးဝါးလှသည့် နောက်ခံအကြောင်းအရင်းအား မေ့သွားဖို့ရန် မျှော်လင့်မိပါသည်။ သို့မှသာ လက်စားချေမည်ကို ကြောက်ရွံ့နေရန် လိုမည်မဟုတ်ပေ။


ကျစ်ဟွေ့ကွမ် နိုးလာတာနဲ့ ဝေးဝေးမှာ နေမှပဲနော်..


“အဲတော့ အခု ဘယ်လိုလုပ်ကြမတုန်း.. အကုန်လုံး စောင့်နေလို့ မရဘူးလေ..”


နင်ဖုန်း ပြောသည်။


“ဒါက အတော်လေး ကြာလောက်တယ်.. အချိန်က ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူးဆိုတော့ အဲသည် သိပ္ပံပညာရှင်တွေကို မြန်မြန်ရှာတွေ့လေ ကောင်းလေပဲ..”


နျဲ့ရှောင်သည်လည်း ထိုပြဿနာအား စဉ်းစားနေခြင်းပင်။ ဆစ်စလိုအား လှည့်ကြည့်ပြီးနောက် မေးလိုက်သည်။


“ကျစ်ဟွေ့ကွမ် ဘယ်အချိန်လောက် နိုးလာနိုင်လဲ..”


ဆစ်စလိုသည် နျဲ့ရှောင်အား ကြောက်ရွံ့သဖြင့် မော့ယဲ့၏နောက်တွင် အမြန်ပုန်းလိုက်သည်။


“အဲဒါက သိပ်မကြာပါဘူး.. မကြာခင် နိုးလာမှာပါ.. ပြောရရင် နေ့လယ်လောက်ကျ နိုးလာနိုင်တယ်..”


“ဒါဆို ကောင်းပြီ..”


နျဲ့ရှောင် ခေါင်းညိတ်လိုက်သည်။


ဤရက်အတွင်း နိုးထလာမည်ဆိုလျှင် ကျစ်ဟွေ့ကွမ်အား စောင့်ရန်အတွက် အဖွဲ့ နှစ်ခု ခွဲသွားရန် မလိုအပ်တော့ချေ။ ကမ္ဘာပျက်ကပ် ကာလအတွင်း သီးခြားခွဲထွက်ရမည့်အရေးမှ ရှောင်နိုင်စွမ်းရှိသ၍ အကောင်းဆုံးကြိုးစားကာ သီးသန့်ခွဲထွက်မည် မဟုတ်ပေ။


နျဲ့ရှောင်သည် ကျစ်ဟွေ့ကွမ်အား အခင်းနှင့်အတူ ထရပ်ကားပေါ်သို့ ရွှေ့ပေးရန် ပြောလိုက်ပြီး ရှောင်ဝူယိအား သင်္ဘောပေါ်ရှိ သူတို့၏ ပစ္စည်းများအား ရှင်းလင်းစေသည်။ ထို့နောက်တွင် ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသူများအား ရှာဖွေရန် မြို့လယ်သို့ ဦးတည်လိုက်ကြသည်။


ဟိုင်ချန်၏ လမ်းမပေါ်တွင် ထရပ်ကားများ မောင်းနှင်လာကြသည်။ ပတ်ဝန်းကျင်မှ ပြိုကျပျက်စီးနေသည့် အဆောက်အဦများအားကြည့်ကာ စိတ်ထဲတွင် နားလည်ရခက်သည့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ ထရပ်ကားမောင်းသံအား ကြားလိုက်ရသော အနီးရှိ ဇွန်ဘီများသည် သူတို့ရှိရာသို့ အလုံးအရင်းနှင့် ပြေးဝင်လာကြသည်။ သွမ့်ဝမ်ယွီနှင့် ကျန်လူများသည် အဆင့်နိမ့်ဇွန်ဘီများအား အလွယ်တကူ ဖြေရှင်းနိုင်ကြသဖြင့် နျဲ့ရှောင် ဝင်ပါရန်ပင် မလိုအပ်ချေ။


သွမ့်ဝမ်ယွီသည် ပျက်စီးယိုယွင်းနေသည့် ဟိုင်ချန်မြို့အားကြည့်ကာ မျက်မှန် ပင့်တင်လိုက်ပြီးနောက် ဝမ်းနည်းစွာဖြင့် ပြောသည်။


“ဟိုင်ချန်မှာရှိတဲ့ ဇွန်ဘီတွေကို ရှင်းပစ်နိုင်မယ် ဆိုရင် ကျွန်းတစ်ခုလုံးကို ဝိုင်းရံထားတဲ့ ပင်လယ်က သဘာဝခံတပ် အတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်.. ဟိုင်ချန်မှာ ရှင်သန်ကျန်ရစ်သူ ဘယ်လောက်ရှိမလဲ သိချင်မိတယ်..”


နျဲ့ရှောင် ခေါင်းညိတ်လိုက်သည်။ သွမ့်ဝမ်ယွီ၏အဆိုမှာ ဖြစ်လာနိုင်ချေရှိသည်။ သို့သော် အပြောလွယ်သော်လည်း တစ်ညတည်းနှင့် အောင်မြင်လာနိုင်သည့်အရာမျိုး မဟုတ်‌ချေ။


ရှောင်ဝူယိသည် ထရပ်ကား၏ အတွင်းဆုံးအပိုင်းတွင် အိပ်ပျော်နေသော ကျစ်ဟွေ့ကွမ်အားမှီကာ ထိုင်နေသည်။ ထို့နောက် တိတ်ဆိတ်စွာ ထိုင်နေသည့် ပိုင်မေ့အား ကြည့်လိုက်ပြီးနောက် မေးလေသည်။


“ပိုင်မေ့မေ့က ညီလေးကို မကြာခင် တွေ့ရတော့မှာနော်.. ဘာဖြစ်လို့ မပျော်တာလဲဟင်..”


ပိုင်မေ့သည် ရှောင်ဝူယိ၏ အမေးကြောင့် အံ့အားသင့်သွားသော်လည်း နှုတ်ခမ်းတွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။


“မပျော်တာ မဟုတ်ပါဘူး နည်းနည်းလေး စိတ်လှုပ်ရှားနေလို့ပါ.. သူ့ကို ရှာတွေ့ဖို့ နီးလာတာနဲ့အမျှ ပိုပိုပြီး စိတ်လှုပ်ရှားလာမိတယ်.. ဒီတစ်ချိန်လုံး သူဘယ်လိုတောင် သည်းခံဖြတ်သန်းလာရတယ်ဆိုတာ ငါလည်း မသိရဘူးလေ..”


“ပိုင်မေ့မေ့ရဲ့ ညီလေးက သေချာပေါက် ဘေးကင်းမှာပါ..”


ရှောင်ဝူယိ နှစ်သိမ့်ပေးလိုက်သည်။


ပိုင်မေ့ ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏နှလုံးသားနှင့် စိတ်ခံစားချက်များမှာ အတော်လေး ရှုပ်ထွေးနေပြီး စိတ်အခြေအနေမှာလည်း ဖရိုဖရဲပင်။


 ပိုင်မေ့၏ဘေးတွင် ထိုင်နေသော လောယွင်ဟိုင်၏ ကျောတောင့်သွားပြီး ခေတ္တမျှကြာအောင် မည်သည့်စကား ဆိုရမည်ကိုပင် မသိတော့ချေ။ အဆုံးတွင် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပိုင်မေ့၏ကျောအား ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်ပေးလိုက်သည်။


ပိုင်မေ့ ကြောင်အသွားပြီးနောက် မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ပွင့် ဖြစ်တည်လာသည်ကြောင့် လောယွင်ဟိုင်၏ နားများ နောက်တစ်ဖန် ရဲရဲနီသွားပြန်သည်။


......


လမ်းမပေါ် မောင်းနှင်နေစဉ်တွင် ရုတ်တရက် မြေပြင်မှာ လူတစ်ဝက်စာအမြင့်သို့ ခုံးတက်လာလေသည်။ မောင်းသူနေရာရှိ စစ်သည်ရဲဘော်မှာ အလျင်စလို ဘရိတ်ဆွဲလိုက်ရသဖြင့် အီနားရှားသဘောတရားကြောင့် လူတိုင်း အရှေ့သို့ ယိမ်းထိုးသွားကြသည်။


ထူးဆန်းကာ မှော်ဆန်သည့် မြင်ကွင်းကြောင့် နျဲ့ရှောင်နှင့် အခြားသူများ ချက်ချင်း သတိအနေအထား ဖြစ်သွားသည်။ အနီးတစ်ဝိုက်ရှိ အဆောက်အဦများပေါ်သို့ လေ့လာစူးစမ်းလိုက်သည်။ ဤကဲ့သို့သော စွမ်းရည်မှာ အသုံးပြုနိုင်သည်မှာ အနီးတစ်ဝိုက်တွင် အဆင့် ၃ သို့မဟုတ် ထို့ထက်ပိုမြင့်သည့် ဇွန်ဘီ သို့မဟုတ် စွမ်းရည်ပိုင်ရှင်တစ်ဦး ရှိနိုင်သည်။


ပိုင်မေ့ သူ၏စွမ်းရည်အား ဖြန့်ကျက်လိုက်သည့်အခါ စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်သည်ကို အတည်ပြုလိုက်နိုင်သည်။


များမကြာမီမှာပင် အနီးပတ်လည်ရှိ အဆောက်အဦများမှ စွမ်းရည်ပိုင်ရှင်များ ပေါ်ထွက်လာကြသည်။ ယင်းတို့၏ အမူအရာများမှာ ဖော်ရွေပုံ မပေါ်ပေ။


“ရို့ဟိုးးး လူတွေများကြီးပါလား.. ဒါဆို သေချာပေါက် ရိက္ခာအများကြီး ရှိမှာပေါ့.. ဟားဟားဟား.. မင်းတို့ရဲ့ ထရပ်ကားထဲမှာ ပါသမျှ အားလုံးထားခဲ့ရင် သွားခွင့်ပြုမယ်..”


ထိုစကားအား ကြားချိန်တွင် နျဲ့ရှောင်တို့ အဖွဲ့တစ်ခုလုံး မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ချေ။ ကမ္ဘာပျက်ကပ် အတွင်းမှာပင် ဤကဲ့သို့ တားဆီးပိတ်ဆို့မှုနှင့် ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားမိကြပေ။


ထန်ယို့ရှန်နှင့် သူ၏အသင်းဖော်များသည် လမ်းမအလယ်တွင် ပိတ်ရပ်ထားကြသည်။ တစ်ဦးချင်းစီမှာ အင်္ကျီရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ထားကြပြီး လည်ပင်းမှ ချွေးဒီးဒီး ကျနေသည့်တိုင်အောင် အင်္ကျီချွတ်ရန် ရည်ရွယ်ချက် မရှိပေ။ အပူဒဏ်ထက်စာလျှင် ဇွန်ဘီအင်းဆက်များ ကိုက်ခဲမှုကြောင့် ဇွန်ဘီတစ်ကောင် ဖြစ်လာရမည်ကို ပိုမိုကြောက်ရွံ့ကြသည်။


“မင်းတို့ မကြားဘူးလား.. ပစ္စည်းတွေထားခဲ့ရင် မင်းတို့ကို ထွက်သွားခွင့်ပေးမယ်လို့ ပြောနေတယ်လေ..”


ထန်ယို့ရှန်သည် ကျယ်လောင်စွာ အော်ရင်းနှင့် နျဲ့ရှောင်နှင့် အခြားသူများအား အလယ်တွင်ထားကာ သူ၏ မြေစွမ်းအင်အား အသုံးပြုကာ နံရံတစ်ခု ပြုလုပ်လေသည်။ သူ၏ အဖွဲ့သားများသည်လည်း လက်ဖျားထက်တွင် အရောင်အသွေးစုံသည် စွမ်းရည်အမျိုးမျိုး ထုတ်ဖော်လိုက်ကြသည်။ ပူပူလောင်လောင် နေ့အချိန်တွင် အပြင်ထွက်လာရခြင်းကြောင့် အနည်းငယ် စိတ်မရှည် ဖြစ်လာကြသည်။


ပညာရှင်မဆန်သော ပျော့ညံ့ညံ့ ဓားပြများအားကြည့်ကာ နင်ဖုန်း ရုတ်တရက် ရယ်ချင်လာမိသည်။


“မင်းတို့ လူနည်းနည်းလောက်နဲ့ ငါတို့ကို လုယက်ချင်နေသေးတာလား..”


အထပ်မြင့်မှ ခုန်ချဖျော်ဖြေမှုပြုနေသည့် လူပြက်တစ်ယောက်အား ကြည့်နေရသကဲ့သို့ အေးဆေးကာ သက်သောင့်သက်သာဖြစ်နေသည့် သွမ့်ဝမ်ယွီနှင့် အခြားသူများအား မြင်သည့်အခါ ထန်ယို့ရှန်၏ ရှက်ရွံ့သွားမိပြီးနောက် ခပ်ပြတ်ပြတ် ပြောသည်။


“မြန်မြန်လုပ်စမ်း.. မင်းတို့ပါတဲ့ ပစ္စည်းတွေ ပေးမယ်ဆိုရင် လွှတ်ပေးမယ် ပြောပြီးသား..”


ရိုးသားစွာ ပြောရလျှင် ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ် လုယက်မှုဖြစ်သည့်အပြင် သက်ရှိလူအများအပြားအား အချိန်အတော်ကြာပြီး နောက်တွင် ပထမဆုံးအကြိမ် မြင်ရခြင်းလည်း ဖြစ်သည်။


“မပေးဘူးဆို မင်းဘာလုပ်မလဲ..”


နင်ဖုန်း လက်ပိုက်ရင်း ပြောလိုက်သည်။ သူတို့သည် ကြေးစားများ ဖြစ်ခဲ့ကြသည်မှာ အချိန်အတော်ကြာလှပြီ ဖြစ်သည်။ သူတို့ မမြင်ဖူး မတွေ့ဖူးသည့် ရက်စက်ကြမ်းကြုတ်မှုဆိုသည်မှာလည်း မရှိပေ။ သူတို့ရှေ့ရှိ လူအနည်းငယ်မှာ ဆော့ကစားနေသည်နှင့်တူကာ ကြောက်ရွံ့စိတ် ကင်းမဲ့နေဟန်ရှိသည်။


နျဲ့ရှောင် ဤနေရာတွင် အချိန်ဆွဲမနေလိုပေ။ ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ ဤဓားပြပေါက်စများအား ဖြေရှင်းမည် ပြင်စဉ်မှာပင် လောယွင်ဟိုင်မှ လက်ဦးမှု ရယူသွားသည်။ ခြေလှမ်းလိုက်သည်နှင့် ပတ်ပတ်လည်တွင် ဝိုင်းထားသော မြေနံရံမှာ သဲအဖြစ် ပြောင်းလဲသွားပြီး ထန်ယို့ရှန်နှင့် သူ၏အဖွဲ့အား မြေကြီးအောက် ကိုယ်တစ်ပိုင်း နစ်မြှုပ်ပစ်လိုက်သည်။


ထန်ယို့ရှန်နှင့် အဖွဲ့သားများမှာ မြေကြီးထဲ မည်သို့ရောက်သွားသည်ကို နားလည်နိုင်စွမ်း မရှိကြချေ။ ထို့နောက် ချက်ချင်း ရိုက်နှက်ခံလိုက်ရသည်။


နင်ဖုန်းနှင့် အခြားသူများသည် တစ်ပြိုင်နက်တည်း စွမ်းရည်များ ထုတ်ဖော်ကာ အသုံးပြုလိုက်ကြသဖြင့် သူခိုးအဖွဲ့မှာ မျက်ရည်မကျဘဲ ငိုချင်လာမိသည်။ ရိက္ခာမရှာလိုသဖြင့် ဤလမ်းအား ရွေးချယ်ခဲ့သည့်တိုင် ပထမဆုံး လုယက်မှုမှာပင် သံပြားအား ကန်မိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


ထန်ယို့ရှန် အခြေအနေအား ချက်ချင်း နားလည်သဘောပေါက်ကာ မျက်နှာငယ်နှင့် နေရာမှာပင် လက်နက်ချ အညံ့ခံလိုက်သည်။


“ချစ်လှစွာသော အစ်ကိုကြီးနဲ့ သူငယ်ချင်းများခင်ဗျာ.. အခုနက ငါတို့ရဲ့ ဦးနှောက်ထဲမှာ ရွှံ့တွေပြည့်နေလို့ပါ.. ငါတို့ကို သရဲစီးထားလို့ပါကွာ.. သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးကြပါ..”


နျဲ့ရှောင်သည် ထန်ယို့ရှန်၏ ခါးသီးမှုများပြည့်နေသော မျက်နှာအား ကြည့်လိုက်သည်။ သူ၏ မျက်ခုံးထူထူများမှာ အလွန်အမင်း စိတ်ဓာတ်ကျနေဟန်ဖြင့် 八 အက္ခရာကဲ့သို့ ဖြစ်နေသည်မှာ အလွန်ရယ်စရာကောင်းလှသည်။ ပြောရမည်ဆိုလျှင် သူ၏ မျက်နှာတစ်ခုလုံးကပင် ရယ်စရာကောင်းနေခြင်း ဖြစ်သည်။ နျဲ့ရှောင်၏ နံဘေးရှိ ရှောင်ဝူယိသည် သူ၏ မျက်ခုံးလေးအား လက်ဖြင့်ထိကြည့်ပြီးနောက် ထန်ယို့ရှန်အား အတုခိုးရန် ကြိုးစားသော်လည်း မည်သို့မျှ တူမလာချေ။


သွမ့်ဝမ်ယွီသည် ပြဿနာ သေးသေးလေးများအား ရေးကြီးခွင်ကျယ် မလုပ်လိုသဖြင့် ပြုံးပြီး ပြောလိုက်သည်။


“ငါတို့က မင်းတို့နဲ့ ပြဿနာ မဖြစ်ချင်ဘူး.. တစ်ခေါက်လောက်တော့ မေးချင်တယ်.. မင်းတို့ ဒီကိုရောက်တာ ဘယ်လောက်ကြပြီလဲ.. မြို့လယ်က ပြဇာတ်ရုံထဲမှာရှိတဲ့ သိပ္ပံပညာရှင်တွေအကြောင်း ကြားဖူးကြလား..”


ထန်ယို့ရှန်၏အဖွဲ့သည် တစ်ဖက်အဖွဲ့၏ သေသပ်သပ်ရပ်သော ပုံပန်းသွင်ပြင်အရ ကောင်းမွန်စွာ စားသောက်နေထိုင်ရကြောင်း ထင်မြင်ရသဖြင့် ချက်ချင်းပင် အတွေးများ ပြောင်းလဲသွားသည်။ ချက်ချင်းပင် ထိုပေါင်လုံးကြီးများအား ဖက်ထားလိုသဖြင့် သိထားသမျှ အရာအားလုံးအား အမှန်အတိုင်း ဝန်ခံကြသည်။ သူတို့မှာ ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ကျန်ရစ်ခဲ့သော လူသားများသာဖြစ်သည်။ ရက်စက်ယုတ်မာပြီး အထက်စီးဆန် မောက်မာကြသူများ မဟုတ်ကြပေ။


“မရောက်ဖူးဘူးဗျ.. ဒါပေမဲ့ ကမ္ဘာပျက်ကပ် မတိုင်ခင်ကတော့ အဲဒီမှာ ပညာရပ်ဟောပြောပွဲရှိတယ်လို့ ကြားမိတယ်.. မြို့လယ်မှာ ရိက္ခာတွေ အများကြီးရှိပေမဲ့ ဇွန်ဘီတွေများတော့ ကျွန်တော်တို့လည်း မသွားရဲတာကြောင့် ဒီဆင်ခြေဖုန်းတစ်ဝိုက်မှာပဲ သွားလာနေကြရတာ.. လက်ထဲမှာရှိတဲ့ ရိက္ခာတွေ ကုန်တော့မယ့် အချိန်မှာပဲ အစ်ကိုကြီးတို့ကို မြင်လိုက်ရတော့ ကျွန်တော့်ရဲ့ ဦးနှောက်ကဗျာ.. ရုတ်တရက်.. လု.. လုယက်ဖို့ အကြံ ပေါ်လာတော့တာပဲ.. အခု အဲဒီအမှားကို လေးလေးနက်နက် ဆင်ခြင်မိပါပြီ..”


ထန်ယို့ရှန်သည် သူ၏အနီးရှိ လူတိုင်းအား ကြည့်လိုက်ပြီး အားတက်သရော ပြောနေလေသည်။


“အစ်ကိုကြီးတို့ အဲဒီကို သွားချင်တယ်ဆိုရင် ကျွန်တော်တို့ လမ်းပြပေးနိုင်ပါတယ်..”


ထိုစကားကြားသည့်အခါ နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ထိုအဖွဲ့အား မြေကြီးထဲမှ ထုတ်ကာ ထရပ်ကားပေါ်သို့တင်လိုက်သည်။


ကားပေါ်သို့ ရောက်ချိန်တွင် ထန်ယို့ရှန်၏အဖွဲ့သည် အပြုအမူကောင်းများရှိသော မူလတန်းကျောင်းသားလေးများသဖွယ် ခပ်မတ်မတ်ထိုင်နေကြသည်။ နျဲ့ရှောင်နှင့် အခြားသူများ၏ အလွန်ခမ်းနားကြီးကျယ်သည့် အသွင်သဏ္ဌာန်အားကြည့်ပြီးနောက် မထိန်းချုပ်နိုင်ဘဲ မေးလာသည်။


“အစ်ကိုကြီးတို့က ဘယ်ကလာကြတာလဲ.. အစ်ကိုကြီးတို့ လေသံက ဟိုင်ချန်ကလူတွေနဲ့ မတူဘူးနော်.. နွေဦးပွဲတော် မတိုင်ခင် (နှစ်သစ်မကူးခင်) မွေးရပ်မြေကို မပြန်ကြဘူးလား..”


“ငါတို့အားလုံးက ပြည်မကြီးကပဲ.. တောင်ပိုင်းနဲ့ မြောက်ပိုင်း ပြည်နယ်တွေက လာကြတာ..”


ထိုစကားအား ကြားသည့်အခါ ထန်ယို့ရှန် စိတ်မကောင်းဖြစ်စွာဖြင့် ပြောလေသည်။


“ဒါ အတော်ဆိုးတာပဲ.. အခုတော့ အစ်ကိုကြီးတို့ ကျွန်းက‌နေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး..”


ရှောင်ဝူယိသည် ထန်ယို့ရှန်၏ ကျုံ့နိုင်ကွေးနိုင်ဆန့်နိုင်သော မျက်ခုံးများအားကြည့်ကာ အတော်လေး သဘောကျနေမိသည်။ တစ်ဖက်လူ၏ ညည်းတွားနေမှုအား နားထောင်ပြီးနောက် နှစ်သိမ့်ပေးပြန်သည်။


“မျက်ခုံးနက်ရေ.. စိတ်မပူပါနဲ့နော်.. ငါတို့က မနေ့ကညကမှ ဒီကို ရောက်လာကြတာပါ.. လှေအကြီးကြီး စီးလာကြတာလေ.. အဲဒါနဲ့ ပြန်လို့ရပါတယ်..”


"ဘာဖြစ်တယ်..." 😨


ထန်ယို့ရှန်၏အဖွဲ့မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့ပတ်ပတ်လည်ရှိ လူများအား မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။ နျဲ့ရှောင်နှင့် အခြားသူများ၏ အမူအရာအရ လိမ်ညာနေဟန် မရှိပေ။ ထို့ကြောင့် ချက်ချင်းဆိုသလို အလွန်အမင်း စိတ်လှုပ်ရှားလာကြသည်။ မျက်ရည်များပင် စီးကျလုနီးနီး ဖြစ်လာပြီး နောက်တစ်ကြိမ် မေးလိုက်ပြန်သည်။


“မင်းတို့က တကယ်ပဲ ပြည်မက လာကြတာလား.. အပြင်က အခြေအနေက ဘယ်လိုလဲ.. သတင်းထဲမှာ ပြောထားသလို အခြေစိုက်စခန်းတွေ တကယ်ရှိတာလား.. ဟိုင်ချန်က သီးခြားဖြစ်နေတော့ ကယ်ဆယ်ရေးစဖို့ အချိန်အတော်ကြာဦးမယ်လို့ ထင်နေခဲ့ကြတာ..”


ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ ခေါင်းညိတ်ကာဖြင့် ဝူယိအခြေစိုက်စခန်းနှင့် မြို့တော်အခြေစိုက်စခန်းအကြောင်း ပြောပြလိုက်သည်။


“စိတ်အေးအေးထား.. အခု လူသားမျိုးနွယ်တစ်ခုလုံးက တစ်ဖွဲ့တည်းပဲ.. အသက်ရှင်တဲ့သူ တစ်ယောက်ရှိ အဲဒီတစ်ယောက်ကို မေ့ထားမှာ ပစ်ထားမှာ မဟုတ်ဘူး.. လူတိုင်းရဲ့ နှလုံးသားတွေက တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်ထားကြတာလေ..”


ဝူချင်ဖုန်း ထိုသို့ပြောရင်း ထန်ယို့ရှန်၏ ပုခုံးအား လက်ဖြင့်ပုတ်ကာ နှစ်သိမ့်ပေးလေသည်။ 


ထန်ယို့ရှန်မှာ မျက်ရည်များ တလိမ့်လိမ့်

စီးကျလာသည်။ သန်သန်မာမာ ယောကျ်ားကြီးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် ကလေးများသဖွယ် မချိတင်ကဲ ငိုကြွေးကြသည်။ ထိုအချိန်တွင် လူသားမျိုးနွယ်၏ မျှော်လင့်ချက်ရေးရေးအား မြင်ယောင်လိုက်သလိုပင်။