အပိုင်း ၆၁
Viewers 9k


🐹အခန်း ၆၁

ဝူယိလေးနဲ့ အခြားလူတွေ တွေ့ပါပြီ



“ရှင်တို့က ဒီဒေသခံတွေ ဖြစ်တာတောင် တခြားသူတွေကို ထွက်ကယ်ဖို့ မစဉ်းစားကြဘူးလား.. ရှင်တို့အားလုံးမှာ စွမ်းရည်တွေ ရှိတယ် မဟုတ်လား..”


ရှောင်ယန်သည် ထန်ယို့ရှန်၏အဖွဲ့အားကြည့်ကာ အံ့ဩစွာဖြင့် မေးလိုက်သည်။


ထန်ယို့ရှန်သည် မဲမှောင်နေသည့် မျက်နှာအား လက်ဖြင့်ပွတ်လိုက်ပြီးနောက် ဆိုးဝါးသော မန်ဒရင်းလေသံဖြင့် ပြောလေသည်။


“အပြင်ထွက်ပြီး လူမကယ်ချင်တာမျိုး မဟုတ်ဘူး.. အခု ငါတို့မှာရှိတဲ့ ရိက္ခာက အတော်နည်းနေပြီ.. ရှိတဲ့လူအတွက်တောင် မလောက်ချင်တော့ဘူး.. ဈေးဝယ်စင်တာတွေမှာရှိတဲ့ လေဖောင်းအစားအသောက်တွေကလွဲရင် ကျန်တဲ့ဟာတွေက ပုပ်ပွပြီး ပျက်စီးကုန်ပြီ.. ဟိုင်ချန်ရဲ့ ရာသီဥတုနဲ့က လျှပ်စီးမီးမရှိရင် ရေခဲသေတ္တာထဲ ထည့်မထားတဲ့ ဘယ်ဟာမှ မကောင်းတော့ဘူး..”


“အိမ်တိုင်းက နှစ်ကူးအတွက် အစားအစာတွေများကြီး ဝယ်ထားကြပေမဲ့ ကမ္ဘာပျက်ကပ်စပြီး တစ်ပတ်မပြည့်ခင်မှာပဲ အများစုက မကောင်းတော့ဘူး..”


ထန်ယို့ရှန်၏ အပေါင်းအဖော်တစ်ဦးမှ ထပ်ပေါင်းပြောသည်။ 


“ငါတို့က ငါတို့ရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာတွေမှာ ရိက္ခာရှာနိုင်သလောက် ရှာပြီးပြီ.. ငါတို့ကိုယ်တိုင်အတွက်တောင် မလောက်ငှမှတောင် တခြားသူတွေကို ကယ်ဖို့ ဘယ်လိုလုပ်ပြီး စဉ်းစားနိုင်တော့မှာလဲ..”


ဤအရာများမှာ စဉ်းစားကြည့်ဖို့ရန် ခက်ခဲသော်လည်း တကယ့်လက်တွေ့ အစစ်အမှန်ပင်။ နျဲ့ရှောင်နှင့် အခြားသူများသည် ဟိုင်ချန်၌ တစ်ခါမျှ မနေဖူးကြချေ။ ကမ်းရိုးတမ်းမြို့များမှတစ်ပါး ပြည်မ၏ အခြားမြို့များမှာ မတ်လ မတိုင်မီအထိ ရာသီဥတု အေးလေသည်။ ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားပြီးနောက် ထန်ယို့ရှန်၏အဖွဲ့သည် ပုပ်သိုးလွယ်သော စားစရာများအား ထိန်းသိမ်းပြီး ရိက္ခာစုဆောင်းရန် အချိန်လုံလောက်စွာ ရရှိခဲ့ကြသည်။ ဟိုင်ချန်၏ ရိက္ခာပြတ်လပ်မှုမှာ ကမ္ဘာပျက်ကပ် အစပိုင်းမှာပင် ဆိုးဝါးလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ထို့အပြင် ဟိုင်ချန်မှာ သီးသန့်တည်ရှိနေသဖြင့် ကမ္ဘာကြီးနှင့် အဆက်အသွယ် ဖြတ်ခံထားရသကဲ့သို့ ဖြစ်သည်ကြောင့် ရိက္ခာနှင့် ပတ်သက်၍ အလွန်စိုးရိမ်ဖွယ် အခြေအနေ၌ ရှိနေသည်။ ကျွန်းအပြင်မှ ရိက္ခာအထောက်အပံ့များလည်း ရောက်မလာနိုင်သလို ကျွန်းပေါ်မှလူများလည်း ထွက်ခွာမသွားနိုင်ပေ။


ထန်ယို့ရှန်သည် သူ၏မျက်နှာအား လက်ဖြင့် ထပ်မံပွတ်ပြီးနောက် ပြောပြန်သည်။


“အစကတော့ ဒီနေ့ ရိက္ခာစုဆောင်းဖို့ အပြင်ထွက်လာခဲ့ကြတာ.. ဟိုင်ချန်က ရာသီဥတုကောင်းတော့ ဇွန်ဘီအင်းဆက်တွေ ကောင်းကောင်းရှင်သန်နိုင်ကြတယ်.. အဲဒါကြောင့် လုံးဝ မလိုအပ်ဘူးဆိုရင် အိမ်အပြင်တောင် မထွက်ချင်ကြဘူး..”


ထိုစကားများအား နားထောင်ပြီးနောက် နျဲ့ရှောင်နှင့် အခြားသူများမှာ ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်နိုင်ရန် မည်မျှခက်ခဲကြမ်းတမ်း ရက်စက်သည်ကို နားလည်ခံစားမိကြသည်။ သူတို့အားလုံး ပြည်မမှ လာကြသည်ကို ကြားသည့်အခါ ထန်ယို့ရှန်၏အဖွဲ့ အလွန်စိတ်လှုပ်ရှားသွားကြသည်မှာ မထူးဆန်းတော့ပေ။


ထိုသို့ပြောပြီးနောက် ထန်ယို့ရှန်သည် နျဲ့ရှောင်၏အဖွဲ့မှ လူများအား မြင်သည့်အခါ အနည်းငယ် ကြောင်အသွားမိသည်။ သူတို့အားလုံးသည် ကောင်းမွန်သပ်ရပ်ပြီး အေးမြသော အဝတ်အစားများအား ဝတ်ဆင်ထားကြသည်။ အထူးသဖြင့် ကျားကြီးနှင့်အတူထိုင်နေသော ရုပ်ရည်ချောမောသည့် ကောင်ငယ်လေး ဖြစ်သည်။ သူ၏ ဖြူဖြူဖွေးဖွေး ခြေလက်များ အတိုင်းသားပေါ်နေပြီး ဇွန်ဘီအင်းဆက်များအား မကြောက်ရွံ့ဟန်ပင်။


ထန်ယို့ရှန်သည် သံသယမရှိဘဲ ကြင်နာမှုအပြည့်ဖြင့် ထိုကောင်ငယ်လေးအား သတိပေးလိုက်သော်လည်း များမကြာမီမှာပင် ဆစ်စလို၏ ထူးခြားသောစွမ်းရည်အား သိရှိလိုက်ရသည်။


ပိုဆီယာ ပြုံးလျက်နှင့် ပြောလေသည်။


“မင်းတို့ရဲ့ အပေါ်ဝတ်အထူတွေကို ချွတ်လိုက်ပြီး အေးအေးသက်သာ နေလို့ရတယ်.. ဒီကောင်လေးနဲ့ အတူရှိရင် ဇွန်ဘီအင်းဆက်တွေ အနားတောင် ကပ်မလာနိုင်ဘူး..”


ဤကဲ့သို့ မှော်စွမ်းအင်အား သိရှိလိုက်ပြီးနောက် ထန်ယို့ရှန်မှာ အပေါ်ဝတ်များချွတ်ရန်ပင် မစောင့်နိုင်တော့ချေ။ သူတို့အဖွဲ့မှာ လွန်ခဲ့သည့် အချိန်ကပင် ချွေးတရွှဲရွှဲ ဖြစ်နေကြပြီး ဖြစ်သည်။ ထန်ယို့ရှန်သည် နျဲ့ရှောင်တို့အဖွဲ့အား သေသေချာချာ လေ့လာပြီးနောက် စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပြည်မကြီးမှ အကြီးအကဲများသည် ပင်လယ်အားကူးဖြတ်ပြီး ကယ်ဆယ်ရေးပြုလုပ်ရန် စေလွှတ်လိုက်ကြသည်။ သူတို့အားလုံးမှာ အလွန်အစွမ်းထက်ကြသည်။ အိပ်စက်နေသည့် ကျားကြီးမှာလည်း မြင့်မားသော တိုက်ခိုက်စွမ်းရည် ရှိမည်မှာ သိသာလှသည်။


ထန်ယို့ရှန်၏အဖွဲ့မှ ဟိုင်ချန်ဒေသခံများ၏ လမ်းညွှန်မှုကြောင့် နျဲ့ရှောင်တို့အဖွဲ့သည် မြို့လယ်သို့ လျင်မြန်စွာ ရောက်ရှိသွားကြကာ သူတို့၏ သဘာဝလွန်စွမ်းအားများအား ထုတ်ဖော်ပြသမှုကြောင့် ထန်ယို့ရှန်၏အဖွဲ့မှာ တံတွေးခက်ခက်ခဲခဲ မျိုချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှုပြုလိုက်ရသည်။


သို့သော်လည်း သူတို့မျှော်လင့်ထားသကဲ့သို့ လူရှာရာ၌ ချောမွေ့မှု မရှိခဲ့ပေ။ ပြဇာတ်ရုံသို့ ရောက်ရှိချိန်တွင် နေရာတစ်ခုလုံး ဗလာကျင်းလျက်ရှိကာ သိပ္ပံပညာရှင်များ ထွက်သွားနှင့်ပြီး ဖြစ်လေသည်။ ဤနေရာတွင် အချိန်အတော်ကြာအောင် လူနေခဲ့သည်ဟူသော အရိပ်အမြွက်သာ ကျန်ရှိတော့သည်။


“သူတို့ကို ကယ်ထုတ်သွားတာလား..”


သွမ့်ဝမ်ယွီ အနီးပတ်ဝန်းကျင်အား လေ့လာရင်း ပြောလေသည်။


နျဲ့ရှောင် ခေါင်းညိတ်လိုက်သည်။


“ဖြစ်နိုင်တယ်..”


နျဲ့ရှောင်နှင့် အခြားသူများသည် ပြဇာတ်ရုံတစ်ခုလုံးအား စေ့စေ့စပ်စပ် လှည့်ပတ်လေ့လာကြည့်ပြီးနောက် သိပ္ပံပညာရှင်များ ကျန်ရစ်ခဲ့မည့် သဲလွန်စများအား ရှာဖွေလေသည်။ သို့သော်လည်း ပြဇာတ်ရုံတစ်ခုလုံးအား လှည့်ပတ်ရှာဖွေပြီးသည့်တိုင် မည်သည့်အရာကိုမျှ မတွေ့ခြင်းနှင့် အဆုံးသတ်လေသည်။


ထိုအချိန်တွင် ဆစ်စလိုသည် ကူကယ်ရာမဲ့စွာဖြင့် ပိုဆီယာ၏ အင်္ကျီစအား လက်ကလေးဖြင့် ဆွဲလိုက်သည်။ သူ၏မျက်နှာပေါ်တွင် စိတ်အားထက်သန်မှုတို့ အတိုင်းသားပင်။


“ပိုဆီယာရေ.. ကိုကိုဖုန်းတောက်နဲ့ ဖုန်းချန်းတို့ ဒီနားမှာရှိတာကို ခံစားမိတယ်.. သူတို့က ငါတို့ရှိတဲ့ဘက်ကို လာနေကြတာ..”


“တကယ်လား..”


ပိုဆီယာ အတော်လေး အံ့ဩသွားမိသည်။


သူတို့နှစ်ဦး ပြောဆိုသံကို ကြားသည့်အခါ နျဲ့ရှောင်နှင့် အခြားသူများ လှည့်ကြည့်လာကြသည်။ ကျန်းချိုးမှ အရင်ဆုံး လက်ဦးမှုယူပြီး ဆစ်စလိုအားကြည့်ကာ မေးလိုက်သည်။


“ဒါဆို အဲဒီလူတွေ ဘယ်ဘက်ကနေ လာတယ်လို့ မင်းခံစားမိလဲ..”


ပြဇာတ်ရုံထဲ၌ မည်သည့်သဲလွန်စမျှ ရှာမတွေ့သည်ကြောင့် ဆစ်စလို၏ အစ်ကိုနှစ်ဦးအား အရင်ရှာဖွေသင့်သည်။ ထိုနှစ်ဦးထံမှ သဲလွန်စအချို့ ရရှိနိုင်မည်ဟု မျှော်လင့်ရပေသည်။


ထိုသို့ဆုံးဖြတ်ပြီးနောက်တွင် လူအုပ်သည် ချက်ချင်းပင် ထရပ်ကားများဆီသို့ ပြန်လာကြသည်။ ရှောင်ဝူယိသည် လက်ဗလာဖြင့် ပြန်လာကြသူများအား မြင်သည့်အခါ အနည်းငယ် စိတ်မပျက်ဘဲ မနေနိုင်ချေ။


သူ နျဲ့ရှောင်အားကြည့်ကာ ပြောလေသည်။ 


“ဒယ်ဒီရေ.. အဲဒီမှာ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူးလား.. ပြဿနာတစ်ခုခု ရှိနေလို့လားဟင်..”


နျဲ့ရှောင် ခေါင်းယမ်းပြီး ကောင်ငယ်လေး၏ ဦးခေါင်းအား လက်ဖြင့် ညင်သာစွာ ပွတ်ပေးလိုက်သည်။ သူ၏လေသံတွင် နှစ်သိမ့်မှုတို့ ပါဝင်နေသည်။


“ရှာမတွေ့ခဲ့ဘူး ပေါင်ပေါင်းရ.. ဒါပေမဲ့ အဆင်ပြေကြမှာပါ.. အထဲမှာ အလောင်းတွေဘာတွေ မရှိဘူး ဆိုတော့ သူတို့အားလုံး အသက်ရှင်နေလိမ့်မယ်.. အခု ဒယ်ဒီတို့က ဆစ်စလိုရဲ့ အစ်ကိုနှစ်ယောက်ကို အရင်သွားရှာကြမှာ သူတို့ တစ်ခုခုများ သိထားမလားလို့ပေါ့..”


“အွန်း..”


ရှောင်ဝူယိ နာခံစွာ ခေါင်းညိတ်လိုက်သည်။ အိပ်ပျော်နေဆဲဖြစ်သော ကျစ်ဟွေ့ကွမ်အားကြည့်ကာ သူ၏လက်ကလေးအား ဆန့်လိုက်ပြီးနောက် ခေါင်းအသာပွတ်ပေးလိုက်သည်။ ထိုအချိန်တွင် စစ်သူကြီး မော့ယန်သည် အိပ်မက်ရှည်ကြီးတစ်ခုအား မက်နေကာ သူ၏မှတ်ဉာဏ်များအား တဖြည်းဖြည်း ပြန်လည်ရရှိလာနေပေပြီ။


ဆစ်စလို၏ စိတ်လှုပ်ရှားပျော်ရွှင်နေသော ညွှန်ကြားမှုများအောက်တွင် ထရပ်ကားများသည် ဖုန်းတောက်နှင့် ဖုန်းချန်းတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လိုက်ကြသည်။ 


အဝေးတွင်ရှိကြသော ဖုန်းတောက်၊ ဖုန်းချန်းနှင့် အခြားသူများသည် အဝေးမှလာနေသည့် ထရပ်ကားများ၏ အသံကို ခပ်ရေးရေး ကြားလိုက်ရသည်။ ယခုကဲ့သို့ တိတ်ဆိတ်နေသော မြို့ပျက်ကြီးတွင် ထရပ်ကား၏ ဆူညံသံမှာ အတော်လေး ထင်ရှားလှသည်။


“အသက်ရှင်နေတဲ့သူတွေ ရှိနေတာပဲ.. ပြည်မက လွှတ်လိုက်တဲ့ လူတွေများလား..”


ညီငယ်လေးတစ်ဦးမှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ 


ဖုန်းညီအစ်ကိုသည် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ညီငယ်လေးများအား ဦးဆောင်ကာ အသံလားရာဆီသို့ ဦးတည်လိုက်ကြသည်။ ဤတစ်ကြိမ် အပြင်ထွက်လာရခြင်း အကြောင်းမှာ အစားအ‌စာနှင့် လိုအပ်သည့် ပစ္စည်းအချို့ ရှာဖွေရန်အပြင် အဓိက ရည်ရွယ်ချက်မှာ ပြဇာတ်ရုံသို့သွားပြီး သူတို့၏ တည်နေရာကို သိရှိစေဖို့အတွက် မှတ်စုချန်ထားရန် ဖြစ်သည်။


ဒေါက်တာဝေ့ဟန်မင်နှင့် အခြားသူများ ရရှိထားသော သတင်းများအရ ပြည်မကြီးမှ ကယ်ဆယ်ရေးအဖွဲ့သည် ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည် ဟူ၍ဖြစ်သည်။ ပန်းတိုင်သို့ ရောက်ရှိလာပြီးမှ လက်ဗလာနှင့် ပြန်သွားခြင်းမျိုး မဖြစ်စေရန် သူတို့၏ တည်နေရာအား ချန်ထားခဲ့ရန် တောင်းဆိုလာကြခြင်း ဖြစ်သည်။


သို့သော်လည်း ဆူဆူညံညံ ကားစက်သံများကြောင့် ဖုန်းတောက်နှင့် အခြားသူများမှာ သဲလွန်စအချို့ ချန်ထားပေးဖို့ရန် မလိုအပ်တော့ဟု ခံစားမိလိုက်သည်။


အဆုံးတွင် အဖွဲ့နှစ်ဖွဲ့မှာ တူညီသည့်လားရာသို့ ဦးတည်လာကြခြင်း ဖြစ်သဖြင့် လမ်းတစ်ဝက်တွင် ဆုံကြမည်ဖြစ်သည်။ ဖုန်းတောက်၏အဖွဲ့သည် ထရပ်ကား၏လမ်းအား ပိတ်ရပ်ထားသောကြောင့် ဘရိတ်သံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာစေသည်။ လမ်းတစ်ဖက်တစ်ချက်စီရှိ ယိုယွင်းပျက်စီးနေသော အဆောက်အဦများသည် ဤသမိုင်းဝင် တွေ့ဆုံမှု၏ မျက်မြင်သက်သေများ ဖြစ်လာကြသည်။


ဆစ်စလိုသည် ရင်းနှီးနေသည့် အစ်ကိုကြီးနှစ်ဦးအား အဝေးမှ လှမ်းမြင်သည့်အခါ ထရပ်ကား ရပ်ချိန်ထိတိုင်အောင် မစောင့်တော့ဘဲ စိတ်မရှည်စွာ ပျံသန်းထွက်ခွာသွားသဖြင့် သူ့ဝတ်စုံလေး၏ အစွန်အဖျားလေးကိုသာ မြင်လိုက်ရသည်။


အနက်ရောင်အရိပ်တစ်ခု ပြေးဝင်လာသည်ကို မြင်သည့်အချိန်တွင် ဖုန်းချန်းသည် သူ၏လက်ထဲရှိ အနီရောင်လှံရှည်အား လွှဲယမ်းမိလုနီးနီးပင်။ ထို့နောက် သူ၏လှံဖျားထိပ်တွင် အလွန်ရင်းနှီးသည့် ကောင်ကလေးအား တွေ့လိုက်ရသည်။ ထိုကောင်ကလေး၏ ငယ်ရွယ်နုနယ်သည့် မျက်နှာလေးတွင် မျက်ရည်များ စိုရွှဲကာဖြင့် အတောမသတ်နိုင်အောင် ငိုကြွေးနေလေသည်။


“ဖုန်းတောက် ကောကော.. ဖုန်းချန်းကောကော.. အူးဝူးဝူးးးး” (˚ ˃‌⌓˂‌ )


“နောက်ဆုံးတော့ ကောကောတို့ကို ရှာတွေ့ခဲ့ပြီ..”


ဖုန်းတောက်နှင့် ဖုန်းချန်းတို့သည် ထိတ်လန့်တုန်လှုပ်ကာဖြင့် အချိန်အတော်ကြာသည့်တိုင်အောင် မည်သို့တုံ့ပြန်ရမည်ကိုပင် မသိကြချေ။ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်မှ ဦးလေးအငယ်ဆုံး၏ အငယ်ဆုံးသားဖြစ်သူအား ဤနေရာတွင် မြင်တွေ့ရခြင်းကြောင့် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် မသက်မသာ ခံစားရပြီး မျက်နှာအမူအရာများလည်း တင်းမာလာကြသည်။ ထိုကောင်ကလေး၏ အနက်ရောင်ဝတ်ရုံအား ဆွဲကာ သူ၏ လှံကို ဖယ်လိုက်သည်။ ထိုကောင်ကလေးအား လေထဲတွင် ဆွဲခါပြီး ရူးသွပ်သွားလုနီးနီးပင်။


“မင်း.. အရှုပ်ထုပ်ကောင်လေး ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာတုန်းကွာ..”


“ဦးလေးက ငါတို့ကို သတ်တော့မှာပဲ.. ဖာ့ခ်”


ထိုအချိန်မှာပင် နျဲ့ရှောင်နှင့် အခြားသူများ ကားပေါ်မှ တစ်ဦးချင်း ဆင်းလာကြသည်။ ညီအစ်ကိုသုံးဦး ပြန်လည်ဆုံစည်းသည့် မြင်ကွင်းအားကြည့်ကာ အရပ်မြင့်ပြီး ချောမောသည့် လူနှစ်ဦးနှင့် သူတို့နှင့်အတူ ပါလာသော ညီငယ်လေးများအား လေ့လာနေကြသည်။


ဆစ်ဆလို၏ အစ်ကိုနှစ်ယောက်မှာ ရွှေဝါရောင်ဆံပင်နှင့် မျက်လုံးပြာများရှိသော ဥရောပသားများနှင့်တူသည့် သွေးစုပ်ဖုတ်ကောင်များဖြစ်မည်ဟု တွေးမိခဲ့ကြသော်လည်း အနက်ရောင်ဆံပင်နှင့် အနက်ရောင်မျက်ဆံများရှသော အာရှသားများ ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။


.....သိသိသာသာပင် သွေးသားရင်း ညီအစ်ကိုများ မဖြစ်နိုင်ချေ။


ဖုန်းတောက်နှင့် ဖုန်းချန်းတို့သည် ဆစ်စလိုအား ဆူပူကြိမ်းမောင်းရန် စိတ်အားထက်သန်နေသဖြင့် ပတ်ဝန်းကျင်အား ဂရုမစိုက်နိုင်သေးချေ။ သွမ့်ဝမ်ယွီသည်လည်း “နွေးထွေးသော ပြန်လည်ဆုံစည်းခြင်း” အား နှောင့်ယှက်လိုစိတ် မရှိသည့်အတွက် ယခုထိ တုန်လှုပ်နေဆဲဖြစ်သော ညီငယ်လေးများထံ ချဉ်းကပ်လိုက်ပြီး ယဉ်ကျေးပျူငှာစွာ ပြောလေသည်။


“နိဟောင်.. ငါတို့က ပြည်မကြီးမှာရှိတဲ့ ဝူယိအခြေစိုက်စခန်းနဲ့ မြို့တော်အခြေစိုက်စခန်းက လာကြတာပါ.. အခွင့်သင့်မယ်ဆိုရင် ပြဇာတ်ရုံထဲက သိပ္ပံပညာရှင်တွေ ဘယ်မှာရှိသလဲဆိုတာ မင်းတို့ သိကြလား..”


ညီငယ်လေးများထဲမှ တစ်ယောက်သည် သွမ့်ဝမ်ယွီ၏ အမေးစကားကြောင့် စိတ်လှုပ်ရှား တုန်ယင်လာသည်။ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြကာ ပြောလေသည်။


“ကျွန်တော်သိတယ်.. ကျွန်တော်သိတယ်.. သူတို့က အခု ရှန်းယန် မူလတန်းကျောင်းမှာ ရှိနေကြတယ်.. သူတို့ကို ကျွန်တော်တို့ ကယ်ထားတာတောင် သိပ်မကြာသေးဘူး..”


“အားးးး ခင်ဗျားတို့ တကယ်လာမယ်လို့ ကျွန်တော်တို့ ထင်မထားဘူးဗျာ..”


ညီငယ်လေးများမှာ စိတ်လှုပ်ရှားမှုကြောင့် အော်ဟစ်နေကြသည်။


နျဲ့ရှောင်တို့သည်လည်း ဤကဲ့သို့ တိုက်ဆိုင်မှုမျိုးအား မျှော်မှန်းမထားကြချေ။ အပြင်းအထန် ကြိုးပမ်းအားထုတ်ရမည့် ကိစ္စရပ်မှာ ဤကဲ့သို့ လွယ်လွယ်ကူကူ ပြီးစီးသွားခဲ့သဖြင့် ဝမ်းမြောက်သွားမိကြသည်။


ထိုအချိန်မှာပင် ပိုဆီယာ ရှေ့သို့တိုးသွားပြီး ဒေါသတကြီးဖြစ်နေသော ဖုန်းတောက်နှင့် ဖုန်းချန်းအား ကြားဝင်နှောင့်ယှက်လိုက်သည်။ သနားစဖွယ်ကောင်းစွာ ပညာပေးခံနေရသည့် ဆစ်စလိုအား ဆွဲထုတ်လိုက်ပြီးနောက် သူ၏ဘေးတွင်ရှိသော မော့ယဲ့၏ လက်ထဲ ထည့်ပေးလိုက်သည်။


ဖုန်းတောက်နှင့် ဖုန်းချန်းသည် သူတို့အရှေ့မှ လှပပြီး လူသားမဆန်သော အမျိုးသားအား ကြည့်လိုက်ကြသည်။ သူတို့၏ နှာခေါင်းများမှာ အလွန်ထက်ရှလှရာအနံ့ခံကြည့်ပြီးနောက် မည်သည့်အနံ့ဖြစ်သည်ကို ချက်ချင်း ခွဲခြားလိုက်နိုင်သည်။


 ထို့နောက် မျက်ခုံးပင့်ကာ ပြောလေသည်။


“ရေသူထီးလား..”


ပိုဆီယာ ပေါ့ပါးစွာ ပြုံးလိုက်ပြီး‌နောက် လက်ဆန့်ထုတ်လိုက်သည်။ ထို့နောက် နှစ်ဦးနှစ်ဖက်သည် အချင်းချင်း မည်သူဖြစ်ကြောင်း အလိုလို နားလည်သဘောပေါက်သွားကြသည်။ 


“တွေ့ရတာ ဝမ်းသာပါတယ်..”


နျဲ့ရှောင်သည် သိပ္ပံပညာရှင်များ မည်သည့်နေရာတွင် ရှိနေကြောင်း ညီငယ်လေးများထံမှ သိရှိလာရသည်။ ဖုန်းတောက်နှင့် ဖုန်းချန်းအား ဖော်ရွေမှုရှိရှိ ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလေသည်။


“မင်းတို့မှာ ပြောစရာရှိရင် ကားပေါ်အရင်တက်ပြီးမှ ပြောကြတာပေါ့..”


လမ်းလယ်ခေါင်ကြီးမှာ စကားပြောဖို့ ကောင်းမနေဘူးကွ..


ပိုပိုများလာသည့် လူများအားကြည့်ကာ ရှောင်ဝူယိသည် သူ၏နေရာလွတ်ထဲမှ ထရပ်ကားတစ်စီး ထပ်မံထုတ်ယူလိုက်ပြီး ပထမ ထရပ်ကားတွင် မဆံ့တော့သည့် လူများအား နေရာချပေးလိုက်သည်။


ဖုန်းတောက်နှင့် ဖုန်းချန်းတို့သည် ချစ်စဖွယ် ဆယ်ကျော်သက်ကောင်လေးနှင့် အိပ်ပျော်နေသော ကျားကြီးအားကြည့်ကာ မျက်ခုံးများ ပင့်သွားကြပြန်သည်။ ထို့နောက် ခေါင်းလှည့်ကာ ပိုဆီယာနှင့် မျက်လုံးချင်း အချက်ပြလိုက်ပြီးနောက် အပြုသဘောဆောင်သည် အပြုံးတစ်ပွင့်နှင့် ခေါင်းတစ်ချက် ညိတ်ပြလာသည်ကို မြင်လိုက်ရသည်။


....အခုတော့ “စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်” တွေ စုံသွားကြလေပြီ..


လူတိုင်း ထရပ်ကားပေါ်သို့ ရောက်ရှိပြီးနောက်တွင် အဖွဲ့သည် ရှန်းယန်မူလတန်းကျောင်း ရှိရာသို့ ဦးတည်လိုက်ကြတော့သည်။


နေ့စဉ်နေ့တိုင်း ကလေးများ ခုန်ပေါက်ပြေးလွှား ဆော့ကစားသံများနှင့် ဖုံးလွှမ်းနေတတ်သော အစိုးရမူလတန်းကျောင်းတစ်ကျောင်းဖြစ်သော ရှန်းယန်မူလတန်းကျောင်းသည် ယခုအခါတွင် ကမ္ဘာပျက်ကပ်၌ ရှင်သန်ကျန်ရစ်သူများအတွင် ခိုနားဖွယ်ရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။ 


ကမ္ဘာပျက်ကပ် စတင်ဖြစ်ပွားချိန်တွင် ကျောင်းပိတ်ထားဆဲဖြစ်ကာ စာသင်နှစ်အသစ် စတင်ခြင်း မရှိသေးချေ။ မြင့်မားသော နံရံများမှာ ဇွန်ဘီများအား ပိတ်ဆို့တားဆီးထားသဖြင့် ကျောင်းရှိ အဆောက်အဦနှင့် ပရိဘောဂများမှာ အကောင်းအတိုင်း ရှိနေဆဲပင်။


ကျောင်းရှေ့ရှိ လမ်းကျဉ်းလေးအား ဖြတ်သွားချိန်တွင် ကားစက်သံ ဆူညံမှုကြောင့် ဇွန်ဘီများ စုဝေးရောက်ရှိလာကြသည်။ သို့သော်လည်း နျဲ့ရှောင်နှင့် အခြားသူများသည် ဇွန်ဘီများအား လွယ်ကူစွာ ရှင်းလင်းလိုက်နိုင်သည်။


ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသူများသည် အဝေးမှထရပ်ကားများ၏ အသံကို ကြားသည့်အခါ ကျောင်းတံခါးဝနားတွင် စုဝေးရောက်ရှိလာကြသည်။ ထို့နောက် သံတံခါးအဟမှတဆင့် စစ်စိမ်းရောင် ထရပ်ကားကြီးများ ကျောင်းရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ကြရသည်။


ထိုအခိုက်အတံ့တွင် လူတိုင်း စိတ်လှုပ်ရှားလာကြပြီးနောက် အဆက်မပြတ် အော်ဟစ်စကားပြောကြတော့သည်။


“အဲဒါ စစ်ကားတွေနဲ့တူတယ်နော်.. ဟိုင်ချန်မှာ တပ်စွဲထားတဲ့ တပ်တွေ ဖြစ်နိုင်လား..”


“အရင်ဆုံး အဲဒါကို စိတ်ပူမနေနဲ့.. တံခါးသာ မြန်မြန်လေး ဖွင့်လိုက်ကြ..”


“အားးး အားးးး အားးးး ကျွန်တော်တို့ ကယ်တင်ခံရတော့မှာလား..”


ထရပ်ကားပေါ်မှာ ဦးဆုံး ခုန်ဆင်းလာကြသူများမှာ ဖုန်းတောက်နှင့် ဖုန်းချန်းတို့ဖြစ်သည်။ သူတို့နှင့် ရင်းနှီးနေသော မျက်နှာများအား မြင်လိုက်ရသဖြင့် လူတိုင်း ဝမ်းသာပျော်ရွှင်ကာ စိတ်အေးသွားကြသည်။


 ဖုန်းတောက်က လူတိုင်းအား ကျောင်းတံခါးဝတွင် ပိတ်ရပ်မနေရန် ပြောလိုက်သည်။


“ထရပ်ကားတွေ ဝင်လို့ရအောင် မြန်မြန်ဖယ်ပေးလိုက်ကြဦး..”


လမ်းရှင်းသွားသည်နှင့် နျဲ့ရှောင်တို့ကားများ တစ်စီးပြီးတစ်စီး ရှေ့ဆင့်နောက်ဆင့် ဝင်လာကြသည်။ ထို့နောက်တွင် ကျောင်းတံခါး နောက်တစ်ဖန်ပိတ်သွားပြန်သည်။


ကျောင်း၏အတွင်းပိုင်းအား မြင်ရချိန်တွင် ထန်ယို့ရှန်၏အဖွဲ့ အံ့အားသင့်သွားကြသည်။ မြို့လယ်တွင် ယခုလို အခြေစိုက်စခန်းတစ်ခု ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ယခုကဲ့သို့ များပြားသည့်လူများအား မတွေ့ရသည်မှာ အချိန်ကြာလှပေပြီ။ ထို့ကြောင့် ရုတ်တရက် ရင်းနှီးကျွမ်းဝင်မှုနှင့် ကြည်နူးမှုအား ခံစားမိကြသည်။ လူသားများသည် အစုအဖွဲ့နှင့် နေရခြင်းအား သဘောကျနှစ်ခြိုက်သော သက်ရှိများဖြစ်ကြသည်။ တစ်ကိုယ်ရေစာ လောက်ငှဖူလုံစေရန် ဆင်ခြေဖုံးဒေသများတွင် ပုန်းအောင်းနေခဲ့ရသော်လည်း အထီးကျန်မှုအား ခံစားရသည်မှာ မလွဲမသွေပင် ဖြစ်သည်။


ခြေနှစ်လှမ်းခန့် နောက်ကျနေသော နျဲ့ရှောင်တို့သည်လည်း ကားပေါ်မှ ခုန်ဆင်းလာကြပြီး ပတ်ဝန်းကျင်မှ ဆူညံသံများမှာ နားထဲသို့ ချက်ချင်းတိုးဝင်လာသည်။ အတော်လေး အသက်ဝင်ကာ ဆူညံလှသော်လည်း စိတ်ရှုပ်ထွေးမှုအား မခံစားရချေ။


ဒေါက်တာဝေ့ဟန်မင်သည် သာမန်ထက် ထူးခြားသော အပြုအမူရှိသော နျဲ့ရှောင်၏အဖွဲ့အား မြင်သည့်အခါ ကြိုဆိုမှုပြုရန်အလို့ငှာ လူအုပ်နောက်မှ အလျင်စလို ရှေ့သို့တိုးသွားလိုက်သည်။ သို့သော်လည်း သူ၏နှုတ်မှ အမေးစကားများ မထွက်လာခင်မှာပင် စိတ်လှုပ်ရှားနေသော အော်သံတစ်ခုနှင့်အတူ အရိပ်တစ်ခု ပြေးထွက်လာလေသည်။


“ကော...”




🐹🐹🐹🐹🐹