အပိုင်း ၆၂
Viewers 8k



🐹အခန်း ၆၂

 ဝူယိလေးနှင့် စစ်သူကြီး မော့ယန်



“ကော...”


ပိုင်မေ့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မလုပ်ရသေးခင်မှာပင် ရုတ်တရက် ပြေးထွက်လာသော ပိုင်ယွဲ့သည် သူ့အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်လာသည်။ ထို့နောက် သူ၏ လည်ပင်းမှာ တစ်ဖက်လူကြောင့် စိုစွတ်လာသည်ဟု ခံစားမိသည်။ အနည်းငယ်တုန်ယင်နေသော ခန္ဓာကိုယ်လေးကြောင့် ပိုင်မေ့သည် ညီငယ်လေးထံမှ အစစ်အမှန် ပျော်ရွှင်မှုနှင့် စိုးရိမ်ပူပန်မှုတို့အား ခံစားမိလာသဖြင့် နှလုံးသားထဲတွင် စိတ်ခံစားချက်တို့ မြင့်တက်လာရသည်။


သူ၏ မျက်လုံးအား အနည်းငယ် အောက်သို့ နှိမ့်လိုက်ပြီးနောက် ပိုင်မေ့သည် လက်တစ်ဖက်ဆန့်ကာ ပိုင်ယွဲ့၏ လည်ပင်းအား တိတ်တဆိတ် ညှစ်လိုက်သည်။ သူ၏ မျက်လုံးများ ထိန်းချုပ်မရနိုင်အောင် နီရဲလာပြီး ညီငယ်လေး၏ နာမည်ကိုသာ တဖွဖွ ခေါ်နေမိသည်။


အရပ်ပုသည်ဟု မဆိုသာသော ဉာဏ်ကြီးရှင် ကောင်ကလေးသည် အစ်ကိုကြီးဖြစ်သူ၏ ရင်ဘတ်တွင် ခေါင်းမှီထား၏။ 


ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုသို့တွေ့လိုက်ရခြင်းကြောင့် ဝေ့ဟန်မင်နှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားမိကြသည်။ ဤတစ်လျှောက်လုံးတွင် ပိုင်ယွဲ့သည် တောက်ပ ရွှင်လန်းကာ အားကိုးအားထားပြုနိုင်သော လူငယ်လေးတစ်ဦးဟူသည့် အမြင်ကိုသာ ပေးခဲ့လေသည်။ ငယ်ရွယ်သေးသော်ငြား ပတ်ဝန်းကျင်ရှိ လူများအား တက်တက်ကြွကြွ အားပေးဖေးမလေ့ရှိသည်။


ဉာဏ်ကြီးရှင်တစ်ဦး၏ ဉာဏ်ပညာနှင့် စွမ်းရည်အပြင် လူကြီးများထက် မနိမ့်လှသော တည်ငြိမ်မှုများနှင့် ကောင်လေးတစ်ဦး ဖြစ်နေသောကြောင့် အခြားသူများသည် ပိုင်ယွဲ့မှာ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်သာ ရှိနေသေးသော ဆယ်ကျော်သက်လေးတစ်ဦး ဖြစ်သည်ကို မေ့လျော့နေခဲ့ကြသည်။


ပိုင်ယွဲ့သည် ခေါင်းမော့ကာ ရဲရဲနီနေသော မျက်လုံးများဖြင့် ပိုင်မေ့အားကြည့်နေသည်မှာ သူ၏ အစ်ကိုကြီး ဟုတ်၊ မဟုတ် စစ်ဆေးနေသလိုပင်။ ညီငယ်လေး၏ ရိုးသားပြီး တောင့်တမှုအပြည့်ပါဝင်သော ရိုးရိုးရှင်းရှင်း မျက်ဝန်းတစ်စုံနှင့် အကြည့်ခံရချိန်တွင် ပိုင်မေ့သည် အမြဲတစေ ချုပ်တည်းထားခဲ့ရသော ကြောက်ရွံ့ထိတ်လန့်မှုများ ပေါ်ထွက်လာပြီး အကူအညီမဲ့သလို ခံစားလာမိသည်။


“ကျွန်တော် ကောကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေခဲ့တာ..”


ပိုင်ယွဲ့သည် ဤအရာမှာ ပုံရိပ်ယောင်တစ်ခု မဟုတ်ကြောင်း ထပ်ကာတလဲလဲ အတည်ပြုစစ်ဆေးလေသည်။ 


“ကောနဲ့ ပြန်တွေ့ရတာ တကယ်ကောင်းလိုက်တာ..”


ပိုင်မေ့သည် အောက်သို့ငုံ့ကြည့်ရင်း ညီလေး၏ ဆံပင်ရှည်လေးများအား အသာအယာ ပွတ်သပ်ပေးရင်း နူးညံ့တိုးညင်းစွာ ပြောလေသည်။


“ကော အဆင်ပြေတယ်နော်..”


ထိုအချိန်တွင် နျဲ့ရှောင်တို့အဖွဲ့သည် ပိုင်ယွဲ့၏ အသွင်သဏ္ဌာန်အား ရှင်းရှင်းလင်းလင်း တွေ့မြင်ပြီးနောက် သွေးသားရင်းညီအစ်ကိုများ ဖြစ်ကြသည်ကို ယုံမှားဖွယ်မရှိတော့ဟု ခံစားမိလေသည်။ သူတို့နှစ်ဦး၏ မျက်ခုံးများမှာ အလွန်ဆင်တူသော်လည်း ပိုင်ယွဲ့၏ ပုံပန်းသဏ္ဌာန်မှာ အချိုးအစားမှာ ချောမောပြီး နေရောင်ခြည်ကဲ့သို့ တောက်ပကာ ပိုင်မေ့မှာမူ ပိုမိုနူးညံ့သိမ်မွေ့ပြီး မိန်းကလေးဆန်သည့် ခံစားချက်မျိုး ပေးစွမ်းလေသည်။


ပြန်လည်ဆုံစည်းကာ ပွေ့ဖက်နေကြသော ညီအစ်ကိုနှစ်ဦး၏ လှပသောမြင်ကွင်းအားကြည့်ကာ အနီးအနားရှိ လူများမှာ အနှောင့်အယှက် မပေးလိုကြချေ။ ကမ္ဘာပျက်ကပ်အတွင်း ဤကဲ့သို့ ပြန်လည်ဆုံစည်းမှုမျိုးမှာ ရှားပါးခက်ခဲလွန်းလှသည်။ စိတ်ခံစားလွယ်သူအချို့မှာမူ တိတ်တဆိတ် မျက်ရည်ကျနေကြသည်။


ထိုအချိန်တွင် နျဲ့ရှောင်တို့အဖွဲ့၏ အထောက်အထားများမှာလည်း သိသာထင်ရှားလာသည်။ ဝေ့ဟန်မင်နှင့် မုန့်ကျုံးသဲ ကဲ့သို့သော သိပ္ပံပညာရှင်များနည်းတူ ကျောင်းထဲရှိ ရှင်သန်ကျန်ရစ်သူများမှာ ဖော်ပြရန် မစွမ်းသာသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြသည်။


လူအုပ်အား စာသင်ဆောင်အတွင်းရှိ အစည်းအဝေးခန်းမကြီးတစ်ခုအတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။ လူတိုင်း ထိုင်ကာ အနားယူကြပြီးနောက် အချက်အလက်များအား ဖလှယ်ကြလေသည်။


ဤအချိန်တွင် ပိုင်ယွဲ့သည်လည်း စိတ်တည်ငြိမ်သွားပြီး ဖြစ်ရာ ပိုင်မေ့၏လက်အားဆွဲကာ အစည်းအဝေးခန်းမအတွင်းသို့ ဝင်သွားလိုက်သည်။ ကမ္ဘာပျက်ကပ်၌ မိဘများ သေဆုံးသွားသည်ကို သိလိုက်ရချိန်တွင် ပိုင်ယွဲ့သည် ဝမ်းနည်းကြေကွဲမိသောကြောင့် တစ်ဦးတည်းသော အစ်ကိုဖြစ်သူအား ပိုမိုအလေးထားရန် ဆုံးဖြတ်လိုက်လေသည်။


 ထို့ကြောင့် ပိုင်မေ့အနားတွင် တိတ်တဆိတ် ကပ်တွယ်နေရခြင်းအား သဘောကျနေရှာသူ လောယွင်ဟိုင်မှာ တိတ်တဆိတ် ရှောင်ထွက်သွားရတော့သည်။


ခန်းမထဲ၌ နျဲ့ရှောင်သည် ပြည်မကြီးမှ အခြေအနေနှင့် ဟိုင်ချန်သို့ လာရသည့် ရည်ရွယ်ချက်အား ရှင်းပြပြီးနောက် ဝေ့ဟန်မင်နှင့် အခြားသူများအား ပြည်မကြီးသို့ မည်သည့်အချိန်တွင် ထွက်ခွာလိုသည်ကို တိုက်ရိုက်မေးလေသည်။ သိပ္ပံသုတေသန ပြုလုပ်ရန် ဟိုင်ချန်နှင့် ပြည်မကြီး၏ အခြေအနေမှာ အလွန်ကွာခြားလွန်းသည်။ ဟိုင်ချန်တွင် သင့်တော်ကောင်းမွန်သော အခြေစိုက်စခန်းတစ်ခုပင်လျှင် ရှိမနေသဖြင့် လုံခြုံစိတ်ချရသော ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ဖို့ရန်မှာ အလှမ်းဝေးလေသည်။


သူတို့အားလုံးသည် ဟိုင်ချန်သို့ မစ်ရှင်ပြုလုပ်ရန် လာခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် မစ်ရှင်၏ ရည်ရွယ်ချက် ပြီးမြောက်ပြီး ဖြစ်သည့်အတွက် အမြန်ပြန်ကာ အစီရင်ခံချင်ပြီဖြစ်သည်။


“ဒေါက်တာဝေ့.. ပရော်ဖက်ဆာ မုန့်.. ကျွန်တော်တို့ ခင်ဗျားတို့ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ခေါ်သွားချင်ပါတယ်.. လက်ရှိ မြို့တော် အခြေစိုက်စခန်းမှာ သိပ္ပံသုတေသန လုပ်ဖို့အတွက် အကောင်းဆုံး ပစ္စည်းတွေ စုဆောင်းထားပြီး ခေါင်းဆောင် ရှ က ခင်ဗျားတို့ ပြန်လာရင် အဆင်သင့်ဖြစ်နေအောင် လုပ်နေတယ်..”


ဝူချင်ဖုန်း ရိုးသားစွာ ပြောသည်။


ဝေ့ဟန်မင်၊ မုန့်ကျုံးသဲနှင့် ကျန်သိပ္ပံပညာရှင်များသည် ဟိုင်ချန်မှ အချိန်မရွေး ထွက်ခွာနိုင်ကြသော်လည်း ဟိုင်ချန်၏ လက်ရှိအခြေအနေအား တွေးမိပြီးနောက် တုံ့ဆိုင်းသွားကြသည်။ ရုတ်တရက် ညှိုးငယ်နွမ်းလျသွားကြသော ဟိုင်ချန်ဒေသခံများအားကြည့်ကာ အနည်းငယ် မသက်မသာခံစားလာမိကြသည်။ အပြန်လမ်းတွင် သူတို့နှင့်အတူ လူများစွာ ခေါ်သွားရန် မဖြစ်နိုင်ပေ။ ထိုလူများအနေဖြင့် ကျွန်းပေါ်တွင် ကျစ်ရစ်ခဲ့ရန်သာ ရှိသည်။


စတင်တွေ့ဆုံသည့် အချိန်မှစကာ မဖြစ်မနေ ခွဲခွာရမည် ဆိုသည်အား ထန်ယို့ရှန် တွေးထားခဲ့ပြီး ဖြစ်သည်။ သူ၏ စိတ်ထဲ၌ အနည်းငယ် ခံစားရခက်နေသော်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။ 


“မိုးကောင်းကင်အောက်မှာ ဘယ်လိုကိစ္စမျိုးမဆို အဆုံးသတ်ကတော့ ရှိလာမှာပဲ.. ဒေါက်တာဝေ့.. ခင်ဗျားတို့အားလုံးက ကောင်းတဲ့အရာကို သွားလုပ်ကြမှာလေ.. ကျွန်တော်တို့အတွက် အများကြီး စိုးရိမ်မနေကြပါနဲ့.. ဟိုင်ချန်က အလယ်အလတ် မြို့လေးတစ်မြို့ပဲမို့လို့ ကျွန်တော်တို့က ဇွန်ဘီတွေကို ဖြည်းဖြည်းချင်း ရင်ဆိုင်သွားနိုင်ပါတယ်..”


“သူပြောတာ မှန်တယ်.. ဒေါက်တာတို့သာ ကမ္ဘာပျက်ကပ်ကို ဖြေရှင်းနိုင်မယ့် ဆေးကို မြန်မြန်လေး ထုတ်ဖော်နိုင်ရင် အားလုံး ပိုကောင်းလာမှာ မဟုတ်ဘူးလား..”


ဖုန်းတောက်နှင့် ဖုန်းချန်းအနီးမှ ညီငယ်လေးများထံမှ တစ်ဦးပြီးတစ်ဦး သဘောတူသံများ ထွက်ပေါ်လာသည်။


ဝေ့ဟန်မင်သည် မျှော်လင့်ချက်အပြည့်နှင့် တောက်ပနေသော အကြည့်များအား မြင်ရချိန်တွင် ရုတ်တရက် လှိုက်ခနဲ ဝမ်းနည်းကာ မျက်လုံးများ နီရဲလာသည်။ ထို့နောက် နျဲ့ရှောင်နှင့် ဝူချင်ဖုန်းတို့အား ကြည့်လိုက်ပြီးနောက် မျက်လုံးထဲတွင် ပြတ်သားမှုတို့ ထင်ဟပ်နေသည်။


“မစ္စတာ နျဲ့.. ဗိုလ်ချုပ်ကြီး ဝူ.. ကျေးဇူးပြုပြီး ဟိုင်ချန်မှာ တစ်ပတ်လောက် နေခွင့်ပြုပါ.. ဟိုင်ချန်ကို ကူချင်လို့ ထွက်မသွားခင် အစွမ်းကုန် အကောင်းဆုံးဖြစ်အောင် လုပ်ပေးခဲ့ချင်တယ်..”


ဟိုင်ချန်ဒေသခံများ၊ ဒေါက်တာ‌ဝေ့ဟန်မင်နှင့် အခြားသူများ၏ စူးရှသည့် အကြည့်များအား မြင်သည့်အခါ နျဲ့ရှောင်နှင့် ဝူချင်ဖုန်းတို့သည်လည်း စိတ်လှုပ်ရှားသွားပြီးနောက် ဤအကြောင်းနှင့် ပတ်သက်ပြီး အကြောင်းအကျိုးမသင့် မဆုံးဖြတ်ရဲချေ။


နျဲ့ရှောင် ခေါင်းညိတ်ကာ ပြောသည်။


“ဟုတ်ပြီ.. တစ်ပတ်လောက် စောထွက်တာပဲဖြစ်ဖြစ် နောက်ကျသွားတာပဲဖြစ်ဖြစ် သိပ်တော့ မထူးပါဘူး.. ရက်နည်းနည်းလောက် အနားယူဖို့ အချိန်ထွက်လာတာပေါ့.. အကူအညီလိုရင်တော့ ကျွန်တော်တို့ကိုပြောပါ.. အားနာနေဖို့ မလိုပါဘူး..”


“တကယ်လို့ ဒေါက်တာ တစ်ခုခု လုပ်ချင်ရင် ရဲရဲဝံ့ဝံ့သာ လုပ်ပစ်လိုက်.. ဒေါက်တာတို့က ဦးနှောက်သုံးရတာ.. ကျွန်တော်တို့ကတော့ ကြွက်သားကို သုံးရတာလေ..”


ဝူချင်ဖုန်းသည် ရင်ဘတ်အားပုတ်ကာ ပြောလေသည်။


ထန်ယို့ရှန်၏အဖွဲ့နှင့် ဟိုင်ချန်ဒေသခံများသည် ခရီးစဉ် ရွှေ့ဆိုင်းသည့်အကြောင်းအား ကြောင်အစွာဖြင့် နားထောင်နေမိကြသည်။ အသိပြန်ဝင်လာချိန်တွင် အလွန်ပျော်ရွှင်သွားမိကြပြီး နျဲ့ရှောင်၊ ဝူချင်ဖုန်း၊ ဝေ့ဟန်မင်နှင့် အခြားသူများအား ကျေးဇူးအထပ်ထပ် တင်ကြလေသည်။


လက်ရှိတွင် ဤဆုံးဖြတ်ချက်မှာ နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်သည်။ ခရီးစဉ်အား တစ်ပတ်မျှသာ ရွှေ့ဆိုင်းလိုက်သော်လည်း ထိုတစ်ပတ်သည်ကပင် ဟိုင်ချန်မှ ရှင်သန်ကျန်ရစ်သူများအတွက် များစွာအထောက်အကူ ဖြစ်စေပေလိမ့်မည်။


ရှောင်ဝူယိသည် လူကြီးများ၏ ဆွေးနွေးပွဲ၌ ပါဝင်ခြင်း မရှိပေ။ နျဲ့ရှောင်၏ဘေးတွင် နာခံမှုရှိရှိထိုင်ကာ သူ၏ စတော်ဘယ်ရီကျောပိုးအိတ်လေးထဲမှ ဖုန်းအားထုတ်ယူပြီးနောက် အချိန်ကြည့်လိုက်ချိန်မှာပင် ဗိုက်ထဲမှ သံစုံမြည်လာလေသည်။


“ဒယ်ဒီရေ.. တစ်နာရီတောင် ထိုးနေပြီ..”


ရှောင်ဝူယိ သတိပေးလိုက်သည်ကြောင့် ဆွေးနွေးမှုထဲ နစ်မြုပ်နေကြသူများမှာ လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာကြသည်။


လူတိုင်း အံ့အားသင့်သွားကြသည်။ ဆာလောင်နေကြပြီ ဆိုသည်အား ပြောဖို့ရန်ပင် မလိုချေ။ နျဲ့ရှောင် ပြုံးလိုက်ပြီးနောက် ကောင်ငယ်လေး၏ ဦးခေါင်းအား ညင်သာစွာ ပွတ်ပေးပြီးနောက် ဆွေးနွေးမှုအား ခေတ္တရပ်ရန် ပြောလိုက်သည်။ လူတိုင်း စားသောက်ရန် ပြင်လိုက်ကြသည်။


နေ့လယ်စာအား စားသောက်ခန်းထဲ၌ ပြင်ဆင်ထားပြီးဖြစ်သည်။ လူတိုင်း ဆွေးနွေးပြောဆိုရင်း နေ့လယ်စာ စားဖို့ရန် မေ့လျော့သွားခြင်းသာဖြစ်သည်။ 


'စာငှက်လေးမှာ သေးငယ်လှသော်လည်း ရှိသင့်ရှိထိုက်သော အင်္ဂါရပ်များ စုံလင်လှသည့်နည်းတူ ရှန်းယန်မူလတန်းကျောင်း၏ ဧရိယာမှာ ကျယ်ဝန်းခြင်း မရှိသည့်တိုင် ကျောင်းတစ်ကျောင်းတွင် ရှိသင့်ရှိထိုက်သော အင်္ဂါရပ်နှင့်အညီ ပြည့်စုံစွာ ရှိလေသည်။ ဝေ့ဟန်မင်နှင့် အခြားသူများသည် ဤနေရာသို့ ရောက်လာသည့် အချိန်မှစကာ အရာအားလုံးအား သေသေသပ်သပ်နှင့် စနစ်တကျ စီမံထားခဲ့ကြသည်။ ရှင်သန်ကျန်ရစ်သူတိုင်းတွင် တာဝန်ကိုယ်စီရှိကြပြီး အခြေစိုက်စခန်းအသေးစားတစ်ခုနှင့် တူလေသည်။


စားသောက်ပြီးချိန်တွင် ရှောင်ဝူယိမှာ အစည်းအဝေးခန်းထဲသို့ ပြန်သွားလိုစိတ် မရှိတော့သဖြင့် နျဲ့ရှောင်အား တောင်းဆိုမှုပြုလိုက်သည်။


“ဒယ်ဒီရေ.. ကျစ်ဟွေ့ကွမ် နိုးလာပြီလားလို့ ပေါင်ပေါင်း သွားကြည့်ဦးမယ်နော်.. အဲဒါ ဒယ်ဒီပဲ အစည်းအဝေးခန်းထဲ သွားလိုက်တော့နော်..”


ရှောင်ဝူယိမှာ အစည်းအဝေးခန်းထဲ၌ မနေလိုတော့ပေ။ ထိုသူများ ပြောဆိုနေကြသော ကိစ္စကြီးများမှာ သူကဲ့သို့ ဟမ်းစတားလေးတစ်ကောင်အတွက် သည်းမခံနိုင်စရာပင်။


ရှောင်ဝူယိ၏ ပြောစကားအား ကြားချိန်တွင် နျဲ့ရှောင် ကြည်နူးသွားမိသည်။ ကောင်ငယ်လေး၏ ပျော့ပျောင်းနူးညံ့သော ဆံနွယ်လေးများအား အသာပွတ်လိုက်ပြီးနောက် ခွင့်ပြုလိုက်သည်။


“အင်း.. ဒါဆိုလည်း သွားလေ.. ကျစ်ဟွေ့ကွမ် နိုးလာရင်တော့ ဒယ်ဒီ့ကို လာခေါ်နော်.. ပေါင်ပေါင်းက ဘယ်သူ့ကိုမှ အနှောင့်အယှက်ပေးမိမှာ မဟုတ်သလို ဘယ်သူကမှလည်း ပေါင်ပေါင်းကို စိတ်မဆိုးဘူး ဟုတ်ပြီလား.. ပြီးတော့ ကျောင်းအပြင်ကို ထွက်မသွားရဘူးနော်..”


“အွန်း..”


ရှောင်ဝူယိသည် နာခံမှုရှိစွာ ခေါင်းညိတ်ပြီးနောက် ဝမ်းသာအားရ ပြေးထွက်သွားလေသည်။ ရှောင်ဝူယိ ပြေးထွက်သွားသည်ကို မြင်သည့်အခါ မော့ယဲ့နှင့် ဆစ်စလိုတို့သည်လည်း လိုက်သွားကြလေသည်။ ပိုဆီယာနှင့် ကျန်လူများမှာမူ အရေးကြီးကိစ္စရပ်များ စီစဉ်ရန် ရှိနေသေးသည်။ ဆော့ကစားရန်မှာ ရှောင်ဝူယိကဲ့သို့သော ရင့်ကျက်မှုမရှိသေးသည့် ကောင်ငယ်လေးများအဖို့သာ ဖြစ်သည်။


သူတို့သည် ရှန်းယန်မူလတန်းကျောင်းသို့ ရောက်ပြီးနောက်၌ ကျစ်ဟွေ့ကွမ် အနားယူရန် တိတ်ဆိတ်သော စာသင်ခန်းတစ်ခုအား စီစဉ်ပြုလုပ်ပေးထားကြသည်။ အနည်းအကျဉ်း စူးစမ်းလိုသူအချို့ရှိသော်လည်း သတိလက်လွတ် မချဉ်းကပ်ရဲကြပေ။


ရှောင်ဝူယိတို့ အခန်းတွင်း ဝင်လိုက်သည်နှင့် ယခုထိတိုင် နိုးလာမည့်ဟန် မရှိသေးသော ကျစ်ဟွေ့ကွမ်အား တွေ့လိုက်ရသည်။ သူတို့မှာ အနည်းငယ်မျှပင် အကူအညီ မပေးနိုင်သဖြင့် စိတ်ပူပေးရန်သာ ရှိလေသည်။ ရှောင်ဝူယိသည် ဆစ်စလိုအား လှည့်ကြည့်ပြီးနောက် ပြောလေသည်။


“ကျစ်ဟွေ့ကွမ်က မွန်းမတည့်ခင် နိုးလာမယ်လို့ မင်းမပြောဘူးလား.. အခုက နေ့လယ် ၂ နာရီတောင် ရှိနေပြီရယ်..”


“ငါလည်း မသိတော့ဘူးရယ်.. ပြန်စမ်းကြည့်လိုက်မယ်..”


ထိုသို့ပြောရင်း ဆစ်စလိုသည်လည်း အနည်းငယ် စိတ်လှုပ်ရှားလာသည်။ စိုးရိမ်ထိတ်လန့်စွာ ရှေ့သို့တိုးသွားပြီးနောက် ကျစ်ဟွေ့ကွမ်၏ နဖူးပေါ် လက်တင်လိုက်သည်။


သို့သော်လည်း ဆစ်စလို အဖြစ်အပျက်များအား သတိမထားမိခင်မှာပင် ရုတ်တရက်ဆိုသလို အိပ်ပျော်နေသော မျက်လုံးတစ်စုံ ပွင့်လာကာ ရွှေရောင်မျက်ဝန်းတစ်စုံသည် ဆစ်စလို၏ စိတ်ဝိညာဉ်တစ်ခုလုံးအား ထိတ်လန့်တုန်လှုပ်သွားစေသည်။


ဆစ်စလိုသည် ထိုမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားချိန်တွင် အဝေးသို့ပြေးထွက်ပြီး ကြောက်လန့်တကြား မျက်ရည်များစီးကျလာသည်။


“အားးးးး ဗီလိန်ကြီးနိုးလာပြီ..”


မော့ယန်မှာ သူ၏မှတ်ဉာဏ်များအား ပြန်လည်ရရှိသွားပြီး ဖြစ်သည်။ မျက်လုံးဖွင့်လိုက်သည်နှင့် အဖြစ်အပျက်အားလုံး၏ တရားခံဖြစ်သူ ဆစ်စလိုအား တွေ့လိုက်ရသဖြင့် အံကြိတ်လိုက်မိသည်။ အလွန်အမင်း ဒေါသထွက်နေသောကြောင့် ဆစ်စလိုအား အပိုင်းပိုင်းဖြဲပစ်ချင်နေလေသည်။


လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ နားမခံသာလောက်အောင် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။


ရှောင်ဝူယိနှင့် မော့ယဲ့တို့သည် အခြေအနေအား နားမလည်နိုင်သေးခင်မှာပင် သူတို့ရှေ့တွင် နေရာလွတ်ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ အနက်ရောင်နှင့် လိမ္မော်ရောင် အရိပ်နှစ်ခုသည် သူတို့ဘေးပတ်လည်တွင် လှည့်ပတ်နေသည်။ ကောင်ငယ်လေးနှစ်ယောက်၏ စိတ်ထဲတွင် လေးလေးနက်နက် တွေးမိသည်မှာ ‘ဘာကိစ္စနဲ့ ထပ်ပြီး ရန်ဖြစ်ကြပြန်တာတုန်း..’။


နျဲ့ရှောင်နှင့် အခြားသူများ ထိုင်ခုံပူမလာခင်မှာပင် အပြင်ဘက်မှ ကျားဟိန်းသံ ကြားလိုက်ရသဖြင့် အစည်းအဝေးခန်းမှ ပြေးထွက်လာကြသည်။


ဆစ်စလိုသည် ဖုန်းတောက်နှင့် ဖုန်းချန်းအား တွေ့သည့်အခါ အားကိုးရာ ရှာတွေ့သကဲ့သို့ အမြှောက်ကျည်ဆန်တစ်ခုသဖွယ် ပြေးဝင်လာသည်။


“အူးဝူးဝူးးးးးး တောက်ကော.. ချန်းကော.. ငါ့ကို ကယ်ပါဦး.. ဒီကျားက ငါ့ကို စားပစ်တော့မှာလို့.. အူးဝူးဝူးးး”


ရန်လိုနေသော ကျားကြီးနှင့် ရင်ဆိုင်ရချိန်တွင် ဖုန်းတောက်နှင့် ဖုန်းချန်း ညီအစ်ကိုနှစ်ဦးသည်လည်း ထိတ်လန့်သွားပြီးနောက် ဆစ်စလိုအား သူတို့၏နောက်သို့ပို့ကာ ဝှက်ထားလိုက်သည်။ ကျားကြီးအား ထိပ်တိုက်ရင်ဆိုင်ရန် ကိုယ်စီလက်နက်များ ထုတ်လိုက်ပြီးနောက် “မင်းလာရင် ငါသွားမယ်.. နည်းနည်းလောက် ပတ်လိုက်ကြတာပေါ့..” ဟု ပြောနေသယောင်။


ဖုန်းတောက် သည်းမခံနိုင်စွာ ပြောလေသည်။


“မင်းက ဘာကိစ္စနဲ့ ကလေးတစ်ယောက်ကို အနိုင်ကျင့်ရတာလဲ..”


စစ်သူကြီး မော့ယန် ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ ဆစ်စလိုအား ဖုန်းတောက်နှင့် ဖုန်းချန်းတို့မှ တင်းတင်းကြပ်ကြပ် ကာကွယ်ပေးထားသဖြင့် နှာမှုတ်ကာ စိတ်မပါစွာဖြင့် လွှတ်ပေးလိုက်လေသည်။


ဖုန်းတောက်နှင့် ဖုန်းချန်းတို့သည် နောက်ဆုတ်သွားသော ကျားကြီးအား မြင်မှသာ စိတ်သက်သာရာ ရသွားတော့သည်။ ထို့နောက် ကြောက်လန့်တကြားဖြစ်နေသော ဆစ်စလိုအား လှည့်ကြည့်ပြီးနောက် _ ပြီးမှ မင်းနဲ့ရှင်းမယ် ဟု ဆိုနေသလိုပင်။


ဆစ်စလိုသည် ကြုံခဲ့ရသော ကြောက်မက်ဖွယ် အဖြစ်အပျက်အား ပြန်တွေးမိပြီး မျက်ရည်ကျလာပြန်သည်။


ကျားကြီးသည် ခေါင်းမော့ကာ လူအုပ်ကြားရှိ ပုံရိပ်တစ်ခုအား စိတ်အားထက်သန်စွာ ရှာဖွေလေသည်။ အကြည့်တစ်ချက်နှင့်ပင် ရှောင်ဝူယိအား မြင်တွေ့လိုက်ရသည်။ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်လေးအား မြင်သည့်အခါ မျက်လုံးများ ပူလာပြီးနောက် အပြေးအလွှား သွားလေသည်။


ရှောင်ဝူယိ မတုံ့ပြန်နိုင်သေးခင်မှာပင် ရဲစွမ်းသတ္တိရှိသော ဧရာမကျားကြီးသည် သူ၏ရင်ခွင်ထဲသို့ ပစ်ဝင်လာသည်။ ရှောင်ဝူယိမှာ မြေပြင်ပေါ်သို့ ထိုင်ကျသွားပြီးနောက် ကျစ်ဟွေ့ကွမ်၏ ကြီးမားသော ဦးခေါင်းအား လက်ကလေးဖြင့် ညင်ညင်သာသာ ပွတ်သပ်ပေးလိုက်သည်။


“ကျစ်ဟွေ့ကွမ်ရ... ဘာတွေလုပ်နေတာလဲ..”


စစ်သူကြီး မော့ယန်၏ ရွှေရောင်မျက်လုံးများမှာ ကြည်နူးတောင့်တမှုများနှင့် ပြည့်လျှံနေလေသည်။ ရှောင်ဝူယိအား နဖူးမှ ခြေဖျားသို့တိုင် အပြန်ပြန်အလှန်လှန် ကြည့်နေလေသည်။ ထိုသို့ ကြည့်နေပုံမှ နှစ်ပေါင်းများစွာ ဝေးကွာနေသော သားဖြစ်သူအား ကြည့်နေသည့် ဖခင်အိုကြီးသဖွယ် ဖြစ်သည်။ သူ၏ မင်းသားငယ်လေးအား တစ်လက်မ မကျန်အောင် သေသေချာချာ အကဲခတ်စစ်ဆေးနေခြင်း ဖြစ်သည်။


သူ၏ပေါင်ပေါင်းအား ပွတ်သပ်တိုးဝှေ့နေသည့် ကျစ်ဟွေ့ကွမ်အား မြင်တွေ့ရသည့်အခါ နျဲ့ရှောင်၏ စိတ်ထဲ၌ မနာလိုဝန်တိုမှုတို့ ဖြစ်ပေါ်လာလေသည်။ ရှောင်ဝူယိအား မြေပြင်ပေါ်မှ ဆွဲထူလိုက်ပြီးနော်က ကျားကြီးအား မျက်လုံးများ မှေးကျဉ်းကာဖြင့် ကြည့်လိုက်သည်။


“တစ်ခုခု မှတ်မိတာမျိုးရှိလား ကျစ်ဟွေ့ကွမ်..”


နျဲ့ရှောင်၏ စူးစူးစိုက်စိုက်ကြည့်နေမှုကြောင့် စစ်သူကြီးမော့ယန် မသက်မသာ ခံစားလာရပြီး စိတ်ရှုပ်ထွေးလာသည်။ သူ၏အရှေ့ရှိလူမှာ သူတို့၏ အဖိုးတန် မင်းသားလေးအား နှစ်အတော်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့သည့် ကျေးဇူးရှင် ဖြစ်သည့်တိုင်အောင် သူတို့၏ မင်းသားလေးအပေါ် ယုတ်မာလှည့်စားပြီး အပိုင်သိမ်းယူထားခဲ့သည်။ ထိုအဖြစ်အပျက်အား သူ၏မှတ်ဉာဏ်ထဲ ပြန်ပေါ်လာသည့်အခါ သွားများပင် အနည်းငယ် ယားလာသယောင်ပင်။


နျဲ့ရှောင်အား သေသေချာချာ စိုက်ကြည့်ပြီးနောက် ကြည့်လေလေ ဘဝမကျ ဖြစ်လာမိလေလေပင်။


မော့ယန်သည် နျဲ့ရှောင်၏ အမေးအား လျစ်လျူရှုကာ မပျော်ရွှင်စွာဖြင့် ခေါင်းလှည့်လိုက်ပြီးနောက် အမြီးအား ခါယမ်းကာဖြင့် စာသင်ခန်းအတွင်းသို့ ဝင်သွားလိုက်သည်။


နျဲ့‌ရှောင်သည် သူ၏ပေါင်ပေါင်းအား ပွေ့ဖက်ထားလိုက်သည်။ အမည်မသိ ဇစ်မြစ်တစ်ခုထံမှ အကြောင်းမဲ့ မုန်းတီးခံရသလို ခံစားရသဖြင့် နှလုံးသားထဲတွင် နားမလည်နိုင်ဘဲ ရှိနေသည်။ ခေါင်းငုံ့ကာ မြေပေါ်ထိုင်ချထားသော ပေါင်ပေါင်း၏ ဘောင်းဘီပေါ်ရှိ ဖုန်များအား ခါပေးရန် လက်ဆန့်ထုတ်လိုက်သည်။


လူများသည် စာသင်ခန်းထဲသို့ ပြန်ဝင်သွားသော ကျစ်ဟွေ့ကွမ်အားကြည့်ကာ အံ့ဩမှုနှင့် နားမလည်နိုင်မှုတို့အား တစ်ပြိုင်နက်တည်း ခံစားကြရသည်။


ထိုအချိန်တွင် ရှောင်ဝူယိသည် ကျစ်ဟွေ့ကွမ်၏ နျဲ့ရှောင်အပေါ် အလိုမကျမှုအား သတိမထားမိချေ။ နျဲ့ရှောင်အား ပျော်ရွှင်မြူးတူးစွာဖြင့် မော့ကြည့်လိုက်သည်။


“ဒယ်ဒီရေ.. ကျစ်ဟွေ့ကွမ်က ပေါင်ပေါင်းကို မှတ်မိနေပြီ သိလား..”


ထိုသို့ပြောပြီး မကြာမီမှာပင် ယုံကြည်မှုပြည့်ဝပြီး အားမာန်အပြည့်ရှိသော အသက် ၃၀ ခန့်ရှိမည့် လူတစ်ဦးသည် ကျစ်ဟွေ့ကွမ်ဝင်သွားသော စာသင်ခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် ရွေးချယ်စရာ မရှိသဖြင့် ကြုံရာကျပန်း အဝတ်အစားများအား ဝတ်ဆင်ထားလေသည်။


တစ်ဖက်လူ၏ အသွင်အပြင်မှာ ချောမောကြည့်ကောင်းလှပြီး အရပ်ရှည်ရှည် ကိုယ်ဟန်နှင့် လိုက်ဖက်ညီစွာ တောင့်တင်းဖြောင့်စင်းသော ခန္ဓာကိုယ်အချိုးအစား ရှိလေသည်။


ရွှေရောင်ဖျော့ဖျော့ မျက်ဝန်းတစ်စုံနှင့် အနက်ရောင်ဆံပင်တွင် ရွှေရောင်တောက်တောက် ဆံသားအချို့ ရှိနေသည်။


လူတိုင်းသည် ချောမောကြည့်ကောင်းသည့် အမျိုးသားအား ငေးကြည့်ရင်းနှင့် တစ်ချိန်တည်းမှာပင် နားလည်ရခက်သည့် ရင်းနှီးနေမှုအားလည်း ခံစားမိသည်။


“မင်း.. မင်း ဘယ်သူလဲ..”


"မော့ယန်"


မော့ယန် ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်ပြီး မျက်ခုံးတွန့်ကာ မျက်လုံးများ အေးစက်နေသော်လည်း ချောမောကြည့်ကောင်းသည့် ရုပ်ရည်အား ဖော်ပြလျက်ရှိသည်။


“နောက်နာမည်တစ်မျိုးက ကျစ်.. ဟွေ့.. ကွမ်..”


“ဖာ့ခ်..”


🐹🐹🐹🐹🐹