အပိုင်း ၆၃
Viewers 8k


🐹အခန်း ၆၃

 ဝူယိလေး၏ မိခင်ဘက်မှ ဦးဦးဖြစ်သူ စစ်သူကြီး



နျဲ့ရှောင်နှင့် အခြားသူများသည် ယခုကဲ့သို့ ကြီးမားသော ပြောင်းလဲမှုများအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့တည်းမဟုတ် ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက်များစွာ ကြုံတွေ့ခဲ့ရသဖြင့် ဤဖြစ်ရပ်မှန်အား အလွန်လျှင်မြန်စွာ လက်ခံလိုက်နိုင်သည်ဟု ဆိုရမည်။ သို့သော်လည်း ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် ဟိုင်ချန်မှ ရှင်သန်ကျန်ရစ်သူများမှာမူ ဤကဲ့သို့သော အံ့ဖွယ်မျိုးစိတ်များနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ကြုံတွေ့ဖူးခြင်း ဖြစ်သည်။


ဒေါက်တာဝေ့နှင့် ပိုင်ယွဲ့တို့၏ နှစ်ပေါင်းများစွာ လေ့လာထားခဲ့သော သိပ္ပံပညာရပ်များမှာ လေလွင့်ပျောက်ပြယ်သွားသကဲ့သို့ ခံစားမိကြလေသည်။ မော့ယန်အား ကြောင်အစွာဖြင့် ကြည့်နေမိကြပြီး အချိန်အတော်ကြာသည့်တိုင်အောင် အံ့ဩနေရာမှ ရုန်းမထွက်နိုင်ကြချေ။


ရှောင်ဝူယိသည် ကျစ်ဟွေ့ကွမ်၏ ပုံသဏ္ဌာန်အသစ်အားကြည့်ကာ မျက်တောင်ခတ်လိုက်ပြီးနောက် “နားမလည်ပေမဲ့ အတော်လေး မိုက်တယ်ရော်..” ဟူသော မျက်နှာပေးနှင့် ရှိနေသည်။ အနည်းငယ် စိတ်လှုပ်ရှားလာသောကြောင့် အနီးသို့ တိုးသွားလိုက်သည်။


“ဒါဆို ကျစ်ဟွေ့ကွမ်ကလည်း နတ်သားလေးပဲပေါ့..”


“ဒါပေါ့..”


စစ်သူကြီးမော့ယန် ပြုံးလိုက်သည်။ အေးစက်ကာ တောက်ပသည့် ရွှေရောင်မျက်ဝန်းထဲတွင် ရှားပါးသည့် ချစ်ခင်ကြင်နာမှုတို့ ထင်ဟပ်လျက် ရှောင်ဝူယိထံသို့ လျှောက်လှမ်းလာလေသည်။


နျဲ့ရှောင် သူ၏အရှေ့ရှိ ခံ့ညားချောမောသော ဦးလေးကြီးအား ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် သူ၏ အာရုံများ လွန်စွာနိုးကြားလျက်ရှိပြီး မသိစိတ်အရ သူ၏ အကြည့်များတွင် ရန်လိုမှုတို့ ပါဝင်နေသည်။ ကျစ်ဟွေ့ကွမ်နှင့် သူ၏အရှေ့ရှိလူမှာ တစ်ဦးတည်းဖြစ်သည်ကို ပြန်လည်အမှတ်ရမိသည့်အခါ မသက်မသာ ခံစားလာရသည်။ သူ၏ပေါင်ပေါင်းမှာ နေ့စဉ်နေ့တိုင်း ကျစ်ဟွေ့ကွမ်အား ပွေ့ဖက်နမ်းရှုံ့ ပွတ်သပ်ပေးနေတတ်သည်။ 


အဲဒီတော့ ဒီလူက သက်သက်မဲ့ အသားယူနေတာ မဟုတ်ဘူးလားကွ..


ထိုအကြောင်းအား တွေးမိလေလေ နျဲ့ရှောင်၏မျက်နှာ ပိုမိုမဲမှောင်လာလေ ဖြစ်သည်။ ထို့အပြင် ဤကိစ္စရပ်များအားလုံးမှာ သူ၏ရှေ့မှောက်မှာပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်ကြောင့် သူ၏နှလုံးသား တင်းကြပ်ကာ သွေးအန်တော့မတတ် ဖြစ်လာလေသည်။


နျဲ့ရှောင်သည် ရှောင်ဝူယိအား သူ၏နောက်သို့ မသိမသာပို့လိုက်ပြီး မော့ယန် အနားကပ်ပြီး ထိတွေ့ခွင့်မရစေရန် ကာကွယ်ထားလိုက်သည်။ မော့ယန် ထိုမြင်ကွင်းအား မြင်သည့်အခါ နဖူးကြောများပင် ထောင်လာပြီး နျဲ့ရှောင်အား ကြည့်လေလေ မနှစ်မြို့လေလေ ဖြစ်လာသည်။


ရှောင်ဝူယိက နျဲ့ရှောင်၏ လက်မောင်းအား ဆုပ်ကိုင်ထားလျက်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော မော့ယန်အား ကြည့်လိုက်ပြီးနောက် သဘာဝမဆန်သော အမူအရာဖြင့် ရှိနေသည့် နျဲ့ရှောင်အား မော့ကြည့်လိုက်သည်။ သူ၏နှာခေါင်းလေးအား တရှုံ့ရှုံ့လုပ်ပြီးနောက် ရုတ်တရက် လေထုထဲ နှစ်ဆတိုးလာသည့် ရှာလကာရည်နံ့အား ရှူရှိုက်မိသွားလေသည်။


စစ်သူကြီးမော့ယန် နျဲ့ရှောင်၏ရှေ့တွင် ရပ်လိုက်သည်။ တူညီသော အရပ်အမြင့်နှင့် လူနှစ်ယောက်သည် တင်းမာသော မျက်နှာထားဖြင့် မျက်နှာချင်းဆိုင် ရပ်နေပြီး ရန်လိုပြင်းထန်သည့် အကြည့်များမှာ အချင်းချင်း ပွတ်တိုက်မိကာ လေထဲတွင် မီးပွားများ ပွင့်ထွက်နေသယောင်ပင်။


နင်ဖုန်းနှင့် ဘေးမှကြည့်နေကြသူများမှာ ဤအခြေအနေမျိုး၌ ကြားဝင်နှောင့်ယှက်ဖို့ မရဲကြချေ။ မိနစ်တိုင်း၊ စက္ကန့်တိုင်းအား လွတ်သွားခြင်း မရှိစေရန် မျက်လုံးများ အစွမ်းကုန် ပြူးကျယ်ထားကြသည်။ ဖရဲစေ့တဖောက်ဖောက်ကိုက်ရင်း အတင်းပြောဖို့ရန် မစောင့်နိုင်တော့ချေ။


မားမားရား.. ဘယ်လိုအခြေအနေလား.. *အသူရာကွင်းပြင်များလားနော်..


ရှောင်ဝူယိရဲ့ ရည်းစားဟောင်းများလား.. ဘော့စ်ရဲ့ အချစ်ရေးမှာ အခက်အခဲတွေ ရောက်လာတော့မှာလား..


ဖုန်းညီနောင်နှင့် ပိုဆီယာတို့သည် စစ်သူကြီးမော့ယန်အား ကြည့်နေရင်း သွင်ပြင်နှင့် အမည်မှာ အလွန်အမင်း ရင်းနှီးနေသည်ဟု ခံစားမိလာကြသည်။ နောက်ဆုံးတွင် အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် စဉ်းစားပြီးနောက် ထိုလူအား မည်သည့်နေရာတွင် မြင်တွေ့ဖူးသည်ကို အမှတ်ရမိသဖြင့် မျက်လုံးထဲ အလင်းတန်းတစ်ခု ပေါ်လာသည်။ ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်ဆံများပင် ကျဉ်းသွားကြသည်။


ဖာ့ခ် ဖာ့ခ် ကျစ်ဟွေ့ကွမ်က တကယ်ကြီး ကျစ်ဟွေ့ကွမ် (စစ်သူကြီး) ဖြစ်နေတာဟ..


သူက နီမိုတော်ဝင်မျိုးနွယ်ရဲ့ ဂုဏ်သရေရှိ စစ်သူကြီး မော့ယန် ဟေ့..


သုံးယောက်သား တဒိန်းဒိန်းခုန်နေသော နှလုံးသားလေးအား ဆုပ်ကိုင်ထားကာ နျဲ့ရှောင်၏အနောက်ရှိ ချစ်စဖွယ် ကောင်ငယ်လေးအား လှည့်ကြည့်ကာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ကြသည်။ 


ကြောက်ဖို့ကောင်းလိုက်ပုံများနော်.. ကြီးကျယ်ခမ်းနားတဲ့လူတွေနဲ့ မတော်တဆ ဝင်တိုက်မိသွားပုံပဲ..


“ဖယ်စမ်း..”


မော့ယန် ထိုသို့ပြောရင်း မျက်နှာတွင် မကျေနပ်မှု အထင်းသားပင်။ နျဲ့ရှောင်၏ ရဲတင်းမောက်မာသည့် သွင်ပြင်အားကြည့်ကာ ဒေါသကြောင့် ကိုယ်တွင်းအင်္ဂါများပင် နာကျင်လာရသည်။


ဒီအရိုင်းအစိုင်းကောင်ကတော့..


နျဲ့ရှောင်သည် မော့ယန်အား မျက်ခုံးများ တွန့်ချိုးကာဖြင့် အေးစက်စက် စိုက်ကြည့်နေသည်။ လက်ဆန့်ကာ မော့ယန်အား သူ၏ပေါင်ပေါင်းအနားသို့ တစ်လက်မမျှပင် နီးကပ်မသွားနိုင်စေရန် တားဆီးလိုက်သည်။


“ခင်ဗျားက ဘယ်သူလဲ.. ကျွန်တော့်ဝူယိလေးနဲ့ ဘယ်လိုပတ်သက်တာလဲ..”


“ငါက မင်းအဖေလေ..”


မော့ယန် ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုက်သည်။ သူတို့၏ မင်းသားလေး အတိတ်မေ့နေချိန် စောင့်ရှောက်ပေးထားခဲ့သော ကျေးဇူးတရားများသာ ရှိမနေပါက သူ၏ရှေ့ရှိအကောင်အား စတင်ရိုက်နှက်နေလောက်ပြီ ဖြစ်သည်။


မော့ယန်သည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီးနောက် စိတ်ထဲရှိ မကျေလည်မှုနှင့် ဒေါသအား ထိန်းချုပ်လိုက်သည်။ သူတို့မိသားစုမှ မင်းသားလေးအား ငုံ့ကြည့်လိုက်ပြီးနောက် လတ်လတ်ဆတ်ဆတ် ဂေါ်ဖီထုပ်လေးအား နှုတ်သီးဖြင့် တူးထုတ်သွားသော လူရိုင်းဝက်ကောင် နျဲ့ရှောင်အား ကြည့်လိုက်ပြန်သည်။ အံတင်းတင်းကြိတ်ကာ သွားကြားမှထွက်လာသော လေသံဖြင့် ပြောလေသည်။


“ငါက သူကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့တဲ့ သူ့ဦးလေးပဲ.. ငါနဲ့ ငါ့ဇနီးက သူ တစ်လသားကစပြီး အသက် ၁၅ နှစ် မတော်တဆ ပျောက်မသွားခင်အထိ သေသေချာချာလေး ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်လာခဲ့တာကွ.. ဒီတော့ ငါဘယ်သူလဲဆိုတာ မင်းပြောကြည့်စမ်း..”


“!!!"


အချက်အလက်အများအပြားအား ကြားလိုက်ရခြင်းကြောင့် နင်ဖုန်းနှင့် ကျန်လူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ 


ဘုရားဘုရား.. ဘာတွေ ကြားလိုက်ရတာလဲနော်.. အချစ်ပြိုင်ဘက်တွေကနေ ဦးလေးဖြစ်လာတာတဲ့လား.. အရမ်းအရမ်း ကြောက်ဖို့ကောင်းတဲ့ ဧရာမ ဖရဲသီးကြီးဖြစ်နေပါရောလား..


နျဲ့ရှောင်သည် မော့ယန်၏ ပြတ်သားပြီး ယုံကြည်မှုရှိသော စကားများကြောင့် အလွန်ထိတ်လန့်သွားကာ လှုပ်ရှားမှုများ အနည်းငယ် အားနည်းသွားသယောင်ပင်။ နျဲ့ရှောင်၏ လက်မောင်းအား ကိုင်ထားသူ ရှောင်ဝူယိမှာ နောက်တစ်ကြိမ် “နားမလည်ပေမဲ့ အတော်လေး မိုက်တယ်ရော်..” ဟူသည့် အမူအရာ ဖြစ်လာပြန်သည်။


“ဟမ့်..”


မော့ယန်သည် နျဲ့ရှောင်အား မကျေနပ်မှုအပြည့်ဖြင့် တွန်းဖယ်လိုက်ပြီးနောက် ကြောင်ငေးနေဆဲဖြစ်သည့် ရှောင်ဝူယိအား လက်မောင်းကြားထဲ ဆွဲယူပွေ့ဖက်လိုက်သည်။ ရွံရှာဖွယ်ကောင်းသော လူရိုင်းကောင် နျဲ့ရှောင်အား တတ်စွမ်းသ၍ အစွမ်းကုန် အနှောင့်အယှက်ပေးရန် စိတ်ပိုင်းဖြတ်ထားလေသည်။


သူတို့၏ မင်းသားလေးမှာ သူတို့၏ လက်ပေါ်မှာပင် ကောင်းမွန်စွာ ကြီးပြင်းလာခဲ့သည်။ ယခုအခါတွင် ဤနေရာ၌ မော့ယန် ရှိနေပြီဖြစ်သည့်အတွက် အခြားလူယုတ်မာများ ဝေးဝေးသို့ ရှောင်ဖယ်နေရမည်ပင်။


မော့ယန်သည် အနည်းငယ်ကြီးပြင်လာပုံရှိသော သူတို့မိသားစု၏ ရတနာလေးအား ကြည့်ကာ ဖောင်းအိအိ ပါးလေးအား ညင်သာစွာ ထိလိုက်သည်။


"မင်းသားလေး"


ရှောင်ဝူယိသည် မော့ယန်၏ ပွေ့ဖက်မှုအား နားမလည်နိုင်လောက်အောင် အသားကျနေမိသည်။ မော့ယန်၏ မျက်နှာအားကြည့်ရန် ခေါင်းမော့လိုက်ပြီးနောက် တစ်ဖက်သူ၏ မျက်နှာအား ထိကြည့်ရန် လက်ဆန့်လိုက်သည်။ ထို့နောက် ဖော်ပြရန် ခက်ခဲလွန်းသော ရင်းနှီးနေသော ခံစားချက်နှင့်အတူ အချိန်အတော်ကြာ မျှော်လင့်စောင့်စားနေရသော ခံစားချက်များ နှလုံးသားထဲ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်။


“ကျစ်ဟွေ့ကွမ်က တကယ်ပဲ ငါ့ရဲ့ ဦးဦးလားဟင်..”


“အင်း.. မင်းရဲ့ မယ်တော်က ငါ့ရဲ့ အစ်မတော်ပဲ..”


မော့ယန် ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်နှာတွင် အပြုံးများ ပြည့်လျှံလာသည်။ သူတို့မိသားစု၏ မင်းသားလေးမှာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားပြီးနောက် ပိုမိုကာ ချစ်စဖွယ်ကောင်းလာဟန်ပင်။


“ဒါ.. ဒါပေမဲ့ ကျားမေမေက ဘယ်လိုလုပ်ပြီး ဟမ်းစတားလေးကို မွေးတာလဲဟင်..”


ရှောင်ဝူယိသည် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကလေးငုံ့ကာ အသည်းအသန် စဉ်းစားခန်းဝင်တော့သည်။ မိခင်ဖြစ်သူမှာ သူနှင့် မျိုးနွယ်မတူဘဲ ရှိနေမည်ဟု စိတ်ကူးပင် မယဉ်ခဲ့ဖူးချေ။


မော့ယန် :"....."


အိုး.. ကလေးရယ်.. နီမိုတော်ဝင်မျိုးနွယ်ရဲ့ မျိုးရိုးဗီဇက ဒီလိုမျိုး မဟုတ်ဘူးလေကွာ..


နျဲ့ရှောင်နှင့် အခြားသူများ : “...”


အဓိပ္ပါယ်ရှိတယ်နော်..


“အဲဒါဆို ငါက ငါ့ဖေဖေနဲ့ တူတာများလားဟင်..”


ရှောင်ဝူယိမှာ မော့ယန်၏ အဖြေကိုပင် မစောင့်တော့ဘဲနှင့် သူ့ဟာသူ ပြန်ရှင်းနေသယောင်ပင်။ မော့ယန်အား မော့ကြည့်လိုက်ပြန်ပြီးနောက် ရွှင်မြူးစွာ ပြောလေသည်။


“ကောင်းလိုက်တာ.. အခု ငါ့မှာလည်း ဆွေမျိုးတွေရှိလာပြီ..”


“ဒါပေမဲ့ အခုထိ အရင်ကဟာတွေ မမှတ်မိသေးဘူးရယ်..”


ရှောင်ဝူယိ စိတ်ပျက်စွာဖြင့် ခေါင်းကလေးငုံ့ရင်း ပြောလေသည်။


“ဒါက ကိစ္စမရှိပါဘူးကွာ.. ဦးဦးက မင်းပြန်မှတ်မိလာအောင် ကူညီပေးမှာပေါ့..”


မော့ယန်သည် ရှောင်ဝူယိအား ကြင်နာမှုအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းကလေးအား ညင်သာစွာ ပွတ်ပေးလိုက်သည်။ အတိတ်မေ့ခြင်းကဲ့သို့သော အသေးအဖွဲ့ ကိစ္စရပ်များအတွက် သူတို့၏ ဂြိုလ်လုံးဆိုင်ရာ ဆေးရုံသို့ ပြန်လည်ခေါ်ဆောင်ကာ စစ်ဆေးမှု ခံယူပြီးနောက်တွင် လျင်မြန်စွာ ဖြေရှင်းနိုင်ပေလိမ့်မည်။


နှစ်ဦးကြားရှိ စကားဝိုင်းအား နားထောင်ကာ နျဲ့ရှောင်၏ စိတ်ထဲ ထိတ်လန့်တုန်လှုပ်လာကာ ပေါင်ပေါင်းအား သူ့ထံမှ ခေါ်ဆောင်သွားတော့မည်ဟု ခံစားလိုက်ရသည်။ ‌ခြေလှမ်းအနည်းငယ်ခန့် ရှေ့တိုးလိုက်ပြီးနောက် ခန့်မှန်းရခက်သော မျက်နှာထားဖြင့် မော့ယန်အား ကြည့်လိုက်သည်။


“ဒီအကြောင်း နောက်မှ ဆက်ပြောကြတာပေါ့.. ပေါင်ပေါင်းက အခု မှတ်ဉာဏ်ပြန်မရသေးတော့ ခင်ဗျားပြောတဲ့ တစ်ဖက်သတ်စကားတွေကို ကြားရရုံနဲ့ တစ်ထစ်ချ ယုံလို့မရဘူး.. ခင်ဗျားက ပေါင်ပေါင်းရဲ့ ဦးလေးဆိုတာ သက်သေပြစရာရှိလား.. ပြီးတော့ ပေါင်ပေါင်းရဲ့ တခြားမိသားစုဝင်တွေက အခု ဘယ်မှာလဲ.. သေသေချာချာ စဉ်းစားကြည့်ရင် ခင်ဗျား ပြောသွားသမျှမှာ ဟာကွက်တွေ အများကြီးပဲ..”


ရှောင်ဝူယိသည် မေးစေ့လေးအားကိုင်ကာ ခေါင်းတညိတ်ညိတ်ဖြင့် အခြေအနေအား သေသေချာချာ သုံးသပ်နေလေသည်။


“ဒယ်ဒီပြောတာ ဖြစ်နိုင်တယ်..”


“စိတ်အေးအေးထားနော် ပေါင်ပေါင်း.. အယုံမလွယ်နဲ့..”


နျဲ့ရှောင်သည် လက်နှစ်ဖက်ဆန့်ကာ ရှောင်ဝူယိအား မော့ယန်ထံမှ ပြန်လာရန် ပြောလေသည်။


“အွန်း..”


ရှောင်ဝူယိသည် နျဲ့ရှောင်၏ စကားအား ကြားပြီးနောက် အနည်းငယ် ဆီလျော်မှုရှိသည်ဟု ခံစားရသဖြင့် မော့ယန်၏ ပွေ့ဖက်မှုမှ ရုန်းထွက်ကာ နျဲ့ရှောင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။


မော့ယန်သည် ရုတ်တရက် ရင်ခွင်ထဲ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ နျဲ့ရှောင်၏ စကားအနည်းငယ်မျှဖြင့် အသိစိတ်လွတ်ကာ ဦးဦးဖြစ်သူအား မေ့လျော့သွားရှာသော ရှောင်ဝူယိအား တွေ့ရချိန်တွင် အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ ဦးလေးနှင့် တူဖြစ်သူအကြား သွေးကွဲစေသော အရိုင်းအစိုင်းကောင်အား မြင်တွေ့ရသည်မှာ စိတ်ထဲရှိ ငြိမ်သက်နေခဲ့သော ဒေါသများ နောက်တစ်ဖန် ရုန်းကြွလာပြီး မခံမရပ်နိုင် ဖြစ်လာတော့သည်။


“မှတ်ဉာဏ်တွေက အကောင်းဆုံး သက်သေပဲ..”


နျဲ့ရှောင်သည် ရှောင်ဝူယိအား မည်သူမျှ လုယူမသွားနိုင်စေရန် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီးနောက် မော့ယန်အား စိုက်ကြည့်ရင်း အေးစက်စွာ ပြောလေသည်။


“အဲဒါဆိုလည်း ပေါင်ပေါင်း မှတ်ဉာဏ်တွေ ပြန်ရတဲ့အထိ စောင့်နေပေါ့.. ပေါင်ပေါင်း မမှတ်မိခင်ထိတော့ ခင်ဗျားက ဘာမှမဟုတ်ဘူး..”


မော့ယန်သည် နျဲ့ရှောင်အား ပိုမိုမုန်းတီးလာသဖြင့် အံတင်းတင်းကြိတ်ထားမိသည်။ အနှေးနှင့်အမြန် ဤအရိုင်းအစိုင်းကောင်အား သူပြောခဲ့သမျှအတွက် နောင်တရသွားစေမည်။ 


မင်းမှတ်ထားလိုက်..


သူ့ထံ၌ သက်သေပြနိုင်သည့် အထောက်အထားများစွာ ရှိလေသည်။ သို့သော်လည်း ထိုအရာများအား လူသားများရှေ့၌ ထုတ်မပြချင်ရုံသာ ဖြစ်သည်။ 


လက်ရှိအချိန်တွင် အရေးကြီးကိစ္စရပ်များ နှောင့်နှေးမသွားစေရန် မိခင်ကြယ်သို့ ဦးစွာဆက်သွယ်ရမည်။


မော့ယန် ထိုသို့တွေးပြီးနောက် ပိုဆီယာနှင့် အခြားသူများအား စောင်းငဲ့ကြည့်လိုက်သည်။


***


*ဒီနေရာမှာ ရှုရာကွင်းပြင် ၊အသူရာကွင်းပြင်ဆိုတာက ကြမ်းတမ်းတဲ့ တိုက်ပွဲနေရာကိုဆိုလိုတာပါ(အချစ်ပြိုင်ဘက်နှစ်ယောက်တွေ့ကြတာကို ဆိုလိုချင်တာမျိုးဖြစ်မယ်ထင်ပါတယ်)