အပိုင်း ၆၅
Viewers 8k


🐹အခန်း ၆၅

ဝူယိလေး အမှောင်ချခံထားရတယ်




ဆစ်လို၏ အားနာမှုအပြည့် ရှိနေသာ မျက်နှာအား မြင်ရချိန်တွင် မော့ယန်နှင့် အခြားသူများမှာ မျှော်လင့်ချက် မဲ့သွားရလေပြီ။ ရည်ရွယ်ချက်ကောင်းဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည့်တိုင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်သွားရာနည်းလမ်းမရှိတော့‌ပေ။


 မော့ယန်တို့သည် ပြဿနာအား ဖြေရှင်းလိုစိတ် မရှိသော အဆိုးအသွမ်းလေး ဆစ်စလိုအားကြည့်ကာ နှလုံးသားထဲ၌ပင် ပင်ပန်းနွမ်းနယ်လာရသည်။


ကံကောင်းထောက်မစွာဖြင့် ဤအရာမှာ သတင်းဆိုးတော့ မဟုတ်ချေ။ မော့ယန် သက်ပြင်းချကာဖြင့် ပြောလာသည်။


 “အခုတော့ ငါ့ဇနီးအပေါ်မှာပဲ မျှော်လင့်ထားကြတာပေါ့.. ငါ့ရဲ့ ဆက်သွယ်ရေးကိရိယာကို သူ ရှာတွေ့ရင် အဲဒီကနေ ငါ့ရဲ့ နောက်ဆုံးတည်နေရာကို သိနိုင်ဖို့ မျှော်လင့်ရတာပဲ..”


“အိုင်း.. အဲဒီတော့ ကျွန်တော်တို့ ဖြည်းဖြည်းချင်း စောင့်ဖို့ပဲ ရှိတော့တာပေါ့နော်.. ကမ္ဘာကြီးရဲ့ အခုအခြေအနေက အရမ်းကြောက်ဖို့ကောင်းတယ်..”


ပိုဆီယာ လေးတွဲ့စွာ သက်ပြင်းချလိုက်သည်။


ကမ္ဘာပေါ်တွင် လည်ပတ်ရန် လက်အောက်ငယ်သားများအား အာကာသယာဉ်ဖြင့် ပို့ခိုင်းခဲ့ခြင်း ဖြစ်သည်။ ထိုသူများ ပြန်မသွားခင်တွင် သူ့ဆီမှ အချက်ပေး အကြောင်းကြားမှုမရမချင်း လာမခေါ်ရန်နှင့် အခြားမိသားစုဝင်များအား သူ၏တည်နေရာအား ပြောကြားခြင်းမပြုရန် မှာကြားလိုက်သေးသည်။ ယခုတွင်မူ မည်သည့်အချက်ပေးချက်မျှ ပို့နိုင်ခြင်း မရှိသည့်အပြင် ကမ္ဘာပေါ်၌ ပျော်နေသည်ဟုပင် ထင်နေကြလောက်သည်။


ဆက်သွယ်ဖို့ရန် အနှောင့်အယှက်များစွာ ရှိနေသည်အား မည်သို့သိရှိသွားကြမည်နည်းဟု စဉ်းစားမရနိုင်ဘဲ ရှိနေသည်။


ဖုန်းတောက်နှင့် ဖုန်းချန်း ညီနောင်မှာ ကမ္ဘာမြေသို့ ကိုယ်ပိုင်အာကာသယာဉ်ဖြင့် မောင်းနှင်ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့နှစ်ဦး၏ အာကာသယာဉ်အား လနောက်တွင် ဖွက်ထားခဲ့သည်ဟု ဆိုသည်။ ကမ္ဘာမြေနှင့် လအကြားရှိ အကွာအဝေးမှာ သေးငယ်သော်ငြား သူတို့၏ ဆက်သွယ်ရေးကိရိယာသည် အာကာသယာဉ်ရှိရာနှင့် ချိတ်ဆက်နိုင်ခြင်း မရှိပေ။


ဖုန်းတောက် မော့ယန်အားကြည့်ပြီး မမေးဘဲ မနေနိုင်တော့ချေ။


“စစ်သူကြီး.. ခင်ဗျားလည်း ဒီကို အာကာသယာဉ်နဲ့ပဲ လာခဲ့တာ မဟုတ်လား..”


မော့ယန် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆစ်စလိုထံသို့ အကြည့်စူးစူး ပစ်လွှတ်လိုက်ပြီး စီးကရက်တစ်လိပ်လောက် သောက်ချင်လာမိသည်။


“ဒီကို အာကာသယာဉ်နဲ့ လာခဲ့တာတော့ ဟုတ်တယ်.. ဒါပေမဲ့ အခု ငါ့ရဲ့ ဆက်သွယ်ရေးကိရိယာ မရှိဘူးလေ.. ပြီးတော့ ယာဉ်ကလည်း ငါ့ရဲ့အတွေးကို မကြားနိုင်တော့ ဂြိုလ်ပတ်လမ်းကနေ သူ့အလိုလို ဆင်းလာမှာ မဟုတ်ဘူး..”


ထိုစကားအား ကြားပြီးနောက် ဆစ်စလို ကြောက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်သည်။ 


မော့ယန်သည် ပိုဆီယာနှင့် ဖုန်းညီနောင် ဝတ်ဆင်ထားသော လက်ပတ်များအား တွေ့ချိန်၌ ထိုလက်ပတ်များအား ငှားယမ်းပြီး အမှားအယွင်း ရှိမရှိအား စစ်ဆေးကြည့်လိုက်သည်။


သူတို့၏ ဆက်သွယ်ရေးကိရိယာများအကြောင်း ထပ်ပေါင်းပြောရမည်ဆိုလျှင် ထိုအရာများတွင် ကွမ်တမ်ဦးနှောက်များ ပါဝင်သည်။ သို့သော်လည်း ကမ္ဘာမြေမှာ ကြယ်အစုအဝေး၏ ဆက်သွယ်ရေးကွန်ယက် ဧရိယာအတွင်း မပါဝင်ချေ။ သို့တည်းမဟုတ်ပါက သူတို့၏ ကွမ်တမ်ဦးနှောက်မှ စာပို့အချက်ပြလိုက်ရုံနှင့် လာခေါ်နိုင်မည်ဖြစ်ပြီး အထူးဆက်သွယ်ရေး ကိရိယာအား ယူဆောင်ကာ ခရီးသွားရန် မလိုအပ်ချေ။ 


ပိုဆီယာတို့သည် သူတို့၏ ဆက်သွယ်ရေး ကိရိယာများအား မော့ယန် စစ်ဆေးကြည့်ရှုနေသည်ကို တွေ့ပြီးနောက် ဝိုင်းအုံကာ ကြည့်လာကြသော်လည်း နောက်ဆုံးစစ်ဆေးချက်အရ ဆက်သွယ်ရေး ကိရိယာများထံတွင် ပြဿနာမရှိဟု အဖြေထွက်လာသည်။


ပြဿနာအတိအကျအား မည်သို့မျှ မသိနိုင်ချေ။


ထိုအချိန်တွင် ဆစ်စလို ရုတ်တရက် လက်ကလေးမြှောက်လာသဖြင့် လူကြီးလေးယောက်၏ အာရုံအား ဆွဲဆောင်လိုက်နိုင်သည်။ သူ၏ ဝတ်ရုံထောင့်စွန်းအား လက်ကလေးဖြင့်ချေပြီးနောက် တုန်လှုပ်စွာ ပြောလေသည်။


“အန်.. ဟိုဟာ‌လေ.. ဘာတွေဖြစ်နေတာလဲ ကျွန်တော် သိသလိုပဲ.. ကျွန်တော့်ရဲ့ အသံလှိုင်းကိုလည်း ထုတ်မရဘူး.. အသံလှိုင်းက လေထုကို ထိလိုက်တဲ့အချိန်တိုင်း တစ်ခုခုက ပိတ်ဆို့ထားသလိုပဲ.. အန်း.. ဘယ်လိုပြောရမလဲဆိုရင် ကမ္ဘာကြီးကို ကျန်စကြဝဠာကနေ ခွဲထုတ်ထားတဲ့ လေထုအလွှာတစ်ခု ရှိနေသလိုမျိုး..”


ထိုစကားအား ကြားချိန်တွင် မော့ယန်နှင့် ကျန်သုံးဦးသည် နှလုံးသားအတွင်းထိ ထိတ်လန့်သွားကြပြီး အမူအရာများသည်လည်း တစ်မဟုတ်ချင်း လေးနက်လာကြသည်။


“လိုဇီ* မင်း သေချာလား..”


ဖုန်းတောက်သည် ဆစ်စလို၏ လက်ကလေးအား ဆွဲယူပြီးနောက် တင်းမာသော အမူအရာဖြင့် မေးလေသည်။


ဆစ်စလိုသည် လူတိုင်း၏ တုံ့ပြန်ပုံကြောင့် ကြောင်အသွားသော်လည်း သေချာကြောင်း ခေါင်းညိတ်ပြလေသည်။ သွေးစုပ်ဖုတ်ကောင် မျိုးနွယ်ဝင်များ၏ ဂုဏ်သိက္ခာအရ အမှားအယွင်းဖြစ်ရန် အကြောင်းမရှိပေ။


“လုံးဝ သေချာတယ်... အဲဒါကို ကမ္ဘာပျက်ကပ် အစကတည်းက ခံစားမိတာ.. လူတွေလုပ်ထားတဲ့ ဂြိုလ်တုတွေတောင် အပြင်ဘက်မှာ ခွဲထားခံလိုက်ရတယ်..”


ဆစ်စလို ခေါင်းညိတ်ကာ အမှန်အတိုင်း ပြောလိုက်သည်။ ကနဦးတွင် သူ၏အသံလှိုင်းတစ်မျိုးတည်း ထုတ်လွှတ်နိုင်ခြင်း မရှိဟု ထင်ခဲ့မိသဖြင့် ထိုအကြောင်းနှင့် ပတ်သက်၍ များများစားစား မတွေးမိခဲ့ပေ။ လူတိုင်း၏ ဆက်သွယ်ရေးကိရိယာများ အသုံးမပြုနိုင်ကြောင်း သိလိုက်ရချိန်တွင် သူ၏စိတ်ထဲ၌ ဤအကြောင်း ရောက်လာခြင်းပင်။


ထိုခဏတွင် မော့ယန်တို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အတွေးတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူတို့၏ မျက်နှာတွင် အံ့ဩရိပ်များ ထင်ဟပ်လာသည်။ ဆစ်စလို၏အပြော မှန်မည်ဆိုပါက ကမ္ဘာတစ်ခုလုံးအား အာကာသ၏ အချက်ပြမှုများမှ ပိတ်ဆို့ကာ သီးခြားခွဲထုတ်နိုင်သော နည်းပညာမျိုးမှာ ကမ္ဘာမြေမှ ပိုင်ဆိုင်ထားနိုင်သည့်အရာ မဟုတ်ပေ။ ထို့အပြင် ယခုကဲ့သို့ ဇွန်ဘီဗိုင်းရပ် ပျံ့နှံ့နေချိန်၌ ကမ္ဘာသားများသည် ၎င်းတို့၏ ဂြိုလ်တုများအား အသုံးမပြုနိုင်စေရန် သီးခြားခွဲထုတ်မှုမျိုး ပြုလုပ်ရမည့်အကြောင်း မရှိချေ။


ကမ္ဘာသားများ၏ ဆက်သွယ်ရေးကွန်ယက် ပြိုလဲသွားခြင်းမှာ အံ့ဩဖွယ် မဟုတ်တော့ချေ။ အခြေခံအုတ်မြစ်ဖြစ်သော ဂြိုလ်တုများအားလုံးနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်းကြောင့် ဖြစ်ပေမည်။


မော့ယန် မျက်မှောင်ကြုတ်ကာ လက်သီးဆုပ်လိုက်သည်။


“သေချာစဉ်းစားကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ကပ်ဆိုးက အရမ်းထူးဆန်းတယ်.. ကြယ်အစုအဝေးမှာ ကမ္ဘာမြေလိုမျိုး တည်ငြိမ်လုံခြုံတဲ့ ပတ်ဝန်းကျင်ဆိုတာ စကြဝဠာ တစ်ခုလုံးမှာ ရှားပါးတဲ့ တည်ရှိမှုလို့ သတ်မှတ်ထားကြတာ.. ပြီးတော့ ကမ္ဘာအနှံ့ ဥက္ကာခဲမိုးရွာတာ အထူးဆန်းဆုံးနဲ့ ကြောင်တောင်တောင် အနိုင်ဆုံးပဲ.. အရိပ်အယောင် မပြခဲ့ဘူး.. ကမ္ဘာပေါ်က နက္ခတ်ဗေဒပညာရှင်တွေကလည်း ဒီလောက် ကြီးမားတဲ့ ဥက္ကာခဲမျိုး ရွာမယ်ဆိုတာကိုတောင် ကြိုတင်ခန့်မှန်းထားတာမျိုး မရှိခဲ့ဘူး.. လူသားတွေက ကြယ်ကြွေတာကိုကြည့်ရတာ အရမ်းကို သဘောကျကြတယ်.. သူတို့သာ ကြိုသိခဲ့မယ်ဆိုရင် ဟိုးအရင်ကတည်းက သတင်းထုတ်ပြန်ထားကြမှာ.. အဲဒီတော့.. ဒီဥက္ကာခဲမိုးရွာတဲ့ အဖြစ်အပျက်က ကြယ်ကြွေတာမဟုတ်ဘဲ ဗိုင်းရပ်ဗုံးတွေ ပေါက်ကွဲတာမျိုး ဖြစ်ရမယ်..”


ထိုစကားအား ကြားပြီးနောက် ဆစ်စလို ချက်ချင်းဆိုသလို ဖုန်းတောက်၏ အင်္ကျီစအား ကြောက်လန့်တကြား ဆွဲယူကာ မျက်နှာဖြူဖျော့သွားသည်။


“ဒါ.. ဒါဆိုရင် ကမ္ဘာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာပေါ့.. အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ..”


ဖုန်းညီနောင်နှင့် ပိုဆီယာသည်လည်း မျက်နှာပျက်ယွင်းနေကြသည်။ ဤရှင်းလင်းချက်အတိုင်းသာ ဖြစ်မည်ဆိုလျှင် အမှန်တကယ်ကိုပင် ကျိုးကြောင်းဆီလျော်မှုရှိသည်။ ထို့ကြောင့် မေးစရာရှိသည်မှာ မဟာမိတ်ဥပဒေအား ပြောင်ပြောင်းတင်းတင်း ချိုးဖောက်ပြီး ကမ္ဘာကဲ့သို့ ကြယ်တာယာခေတ်သို့ ဝင်ရောက်ခြင်း မရှိသေးသည့် သာမန်ဂြိုလ်တစ်လုံးအား ပစ်မှတ်ထားနေသူမှာ မည်သူဖြစ်မည်နည်း။


“သေလိုက်ပါတော့.. ဒီစောက်ရေးမပါတဲ့ ကိစ္စကြီး တစ်ခုလုံးကို လူတစ်ယောက်တည်းက ကြိုးကိုင်နေတာပေါ့..”


ဖုန်းတောက် ဒေါသတကြီး ဆဲဆိုရင်း နံရံအား လက်သီးဖြင့် ထိုးလေသည်။


မော့ယန်နှင့် အခြားသူများမှာလည်း စိတ်မချမ်းသာပေ။


***


မော့ယန်နှင့် အခြားသူများ တိတ်တဆိတ် ဆွေးနွေးတိုင်ပင်နေချိန်တွင် အခြားအခန်းတစ်ခုထဲရှိ ပိုင်မေ့သည်လည်း အိပ်မပျော်နိုင်ဘဲ ရှိနေသည်။ သို့တည်းမဟုတ် အိပ်စက်ရန် မလိုအပ်သောကြောင့်ဟု ဆိုနိုင်သည်။


ယနေ့ညတွင် ပိုင်ယွဲ့သည် သူနှင့်အတူ ရှိနေသဖြင့် ပိုင်မေ့မှာ အိပ်ဟန်ဆောင်နေရသည်။ ပိုင်ယွဲ့သည် သူ့အား အတင်းတွယ်ကပ်ပြီး အတူအိပ်ရန် တောင်းဆိုနေခဲ့သောကြောင့် ရိုးရှင်းစွာပင် မငြင်းပယ်နိုင်တော့ချေ။ ပုံမှန်ညနေခင်းမျိုးသာ ဖြစ်ပါက ပိုင်မေ့သည် ဇွန်ဘီအမြုတေများ တိတ်တဆိတ် စုပ်ယူကာ အဆင့်တက်ရန် ကြိုးစားနေမည် ဖြစ်သည်။


သို့သော်လည်း ပိုင်မေ့သည် သူ၏အနား၌ အဖော်ပြုပေးသူတစ်ဦး ရှိနေခြင်းအား စိတ်အနှောင့်အယှက် မဖြစ်မိပေ။ အိပ်စက်နေသော ညီငယ်လေး၏ ဖြူစင်ပြီး ချောမောခံ့ညားကာ အဘက်ဘက်မှ ပြည့်စုံလှသည့် မျက်နှာလေးအားကြည့်ရင်း သေဆုံးလုနီးနီး နှလုံးသားမှာ ပြန်လည်နွေးထွေးလာသလိုပင်။


မူလတန်းအရွယ်မှစကာ ညီအစ်ကိုနှစ်ဦးမှာ ကိုယ်ပိုင်အခန်းနှင့် အိပ်စက်ကြခြင်း ဖြစ်သည့်အတွက် ညီငယ်လေးနှင့် ယခုကဲ့သို့ ရင်းနှီးနီးကပ်စွာ အိပ်စက်ရခြင်း မရှိသည်မှာ ကြာလှပေပြီ။


သူ၏ကိုယ်ပိုင် ရှက်ရွံ့ဖွယ် အတွေးများကြောင့် အမြဲလိုလို ပိုင်ယွဲ့အား ရှောင်နေခဲ့မိသည်။ မိဘဆွေမျိုးများ၏ အာရုံစိုက် အလေးထားမှုများအား ခိုးယူသွားခဲ့ခြင်းကြောင့် ညီငယ်လေးအပေါ် အမြဲ မနာလိုဖြစ်ခဲ့မိသည်။ ငယ်စဉ်မှစကာ ညီငယ်လေး၏ ပါရမီအရည်အချင်းမှာ ထင်ရှားပေါ်လွင်ခဲ့သည်။ သူ့အနေဖြင့် နာမည်ကြီးကျောင်းအား ဝင်ခွင့်ရခဲ့သလို ဆုများစွာ ဆွတ်ခူးနိုင်ခဲ့သည့်တိုင် ညီငယ်လေး၏ အောင်မြင်မှုများနှင့် မနှိုင်းယှဉ်သာခဲ့ပေ။


ပိုင်ယွဲ့၏ မွေးရာပါ ထူးချွန်မှုကြောင့် သာမန်လူများအကြားတွင် အလွန်ထင်သာမြင်သာ ရှိလှသည်။ ပိုင်ယွဲ့သည် ငယ်ရွယ်စဉ်မှစကာ အမှားပြုလုပ်ခဲ့ခြင်း မရှိဘဲ သူ့အပေါ် မှီခိုရခြင်းအား သဘောကျတတ်သည်၊ ကောင်းသောအရာလေးများ တွေးပေးတတ်သည်။ သို့တိုင်အောင် ပိုင်မေ့မှာမူ သူ၏ ဆိုးဝါးသော စိတ်ခံစားချက်များအား ဖိနှိပ်နိုင်စွမ်း မရှိခဲ့ပေ။


ပိုင်ယွဲ့အား အမြဲ မနာလိုဖြစ်ခဲ့မိသည်။


ပိုင်ယွဲ့ထံတွင် ကုသစွမ်းရည်ရှိကြောင်း သိရချိန်၌ သူ၏ပထမဆုံး တုံ့ပြန်ပုံမှာ ပျော်ရွှင်ရမည့်အစား မနာလိုမိခြင်း ဖြစ်သည်။ အမျိုးမျိုးသော မကောင်းသည့် ခံစားချက်များသည် သူ၏စိတ်အား နှိပ်စက်နေလေသည်။ ပိုင်ယွဲ့မှာ လူသားများ ရှင်သန်ရန် မျှော်လင့်ချက်တစ်ခု ဖြစ်လာချိန်တွင် သူ့မှာမူ အကျည်းတန်ဇွန်ဘီတစ်ကောင် ဖြစ်နေရသည်။ အရာအားလုံးသည် သူ၏ အတွင်းစိတ်ထဲရှိ မှောင်မိုက်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူပြက်အဖြစ်အား တိတ်တဆိတ် လှောင်ရယ်နေသယောင် ရှိသည်။ 


ပိုင်ယွဲ့အား မည်သို့ မျက်နှာချင်းဆိုင်ရမည်ကို မသိခဲ့သော်လည်း ပြန်လည်ဆုံဆည်းချိန်၌ ညီငယ်လေး၏ တင်းတင်းကြပ်ကြပ် ဖက်တွယ်မှုလေးကပင် သူ၏စိတ်ထဲရှိ မကောင်းသော စိတ်ခံစားချက်များအား အငွေ့ပျံ့ ပျောက်ကွယ်သွားစေသည်။


ပိုင်ယွဲ့၏ ရိုးသားသော အကြည့်အောက်တွင် လက်နက်ချ အရှုံးပေးခဲ့ရသည်။


ပိုင်ယွဲ့ထံ၌ ကုသစွမ်းရည်ရှိကြောင်း လက်ခံရပေမည်။ ထိုစွမ်းရည်သည် သူ၏ သေဆုံးနေသော နှလုံးသားကိုပင် ပြန်လည်ရှင်သန်လာစေခဲ့သည်။ ယင်းသည် သူ၏စိတ်ထဲရှိ မကောင်းသောအတွေးများအား ဖယ်ရှားပေးနိုင်သော နေအသေးစားလေးနှင့်ပင် တူလေသည်။


ပိုင်မေ့သည် သူ၏ဘေးတွင် အိပ်စက်နေသည့် ညီငယ်လေးအား ငေးစိုက်ကြည့်ရင်း မျက်ရည်ဝဲလာမိသည်။


မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ သူ၏တစ်ဦးတည်းသော ညီငယ်လေး ဖြစ်လေသည်။


ပိုင်ယွဲ့သည် အိပ်မက်မှ နိုးထလာပုံရပြီး ပိုင်မေ့၏ အေးစက်စက် လက်များအား ထိတွေ့မိသည့်အခါတွင် သတိဝင်လာပုံရသည်။


“ကော.. ကောရဲ့လက်တွေက ရေခဲလိုပဲ အေးစက်နေပါလား.. ပြီးတော့ ဘာဖြစ်လို့ အခုထိ မအိပ်သေးတာလဲ..”


“မင်းသာ ပြန်အိပ်ပါဦး.. ကော သန့်စင်ခန်း ဝင်လိုက်ဦးမယ်..”


ပိုင်ယွဲ့အား ထိုသို့ပြောပြီးနောက် သူ၏လက်ကို ဆွဲထုတ်ကာ စင်္ကြန်၏အဆုံးရှိ သန့်စင်ခန်းရှိရာသို့ ပြေးထွက်သွားလေသည်။


ပိုင်ယွဲ့မှာ မူမမှန်သည့် မည်သည့်အရာကိုမျှ မတွေ့ခဲ့ပဲ တစ်ဖက်သို့ လှည့်ပြီး နောက်တစ်ကြိမ် အိပ်ပျော်သွားပြန်သည်။


ပိုင်မေ့ သန့်စင်ခန်းထဲ ရောက်ချိန်၌ လောယွင်ဟိုင်နှင့် ဝင်တိုးလေသည်။


ရုတ်တရက် ပြေးဝင်လာသော ပိုင်မေ့ကြောင့် လောယွင်ဟိုင် နှစ်စက္ကန့်မျှ ကြောင်အသွားပြီးနောက် ထိတ်လန့်တကြားဖြင့် ဘောင်းဘီဇစ်အား ဆွဲတင်လိုက်သည်။


“မင်း.. မင်း.. မင်းလည်း သန့်စင်ခန်း သုံးမလို့လား..”


“အွန်း..”


ပိုင်မေ့ ခေါင်းအသာညိတ်လိုက်ပြီးနောက် ခေါင်းငုံကာ လောယွင်ဟိုင်ဘေးမှ ဖြတ်သွားပြီး သန့်စင်ခန်းအတွင်းသို့ဝင်ရန် ပြင်လိုက်သည်။


မည်သို့ပင်ဖြစ်စေ ပြတင်းပေါက်မှတဆင့် လရောင်ဖြာကျနေသောကြောင့် လောယွင်ဟိုင်သည် ပိုင်မေ့၏ မျက်နှာပေါ်မှ မျက်ရည်စများအား မြင်တွေ့ကာ မည်သည်ကိုမျှ မတွေးနိုင်တော့ဘဲ လှုပ်ရှားလိုက်ကာ မဆိုင်းမတွပင် ပိုင်မေ့အား ဆွဲထားလိုက်သည်။


“မင်း.. မင်း ငိုနေတာလား.. ဘာဖြစ်လို့လဲကွာ..”


လောယွင်ဟိုင်သည် ပိုင်မေ့ အမူအရာမကောင်းသည်ကို မြင်ရသည့်အခါ သူ၏နှလုံးသားတစ်ခုလုံး စူးအောင့်နာကျင်လာမိသည်။


“ကျွန်တော် မငိုပါဘူး.. ခင်ဗျား အရင်ပြန်နှင့်လေ..”


ပိုင်မေ့ သူ၏မျက်နှာအား တစ်ဖက်သို့ လှည့်ထားလိုက်သည်။ ဝမ်းနည်းအားငယ်နေသည့် အဖြစ်အား အခြားသူများ မမြင်တွေ့စေလိုသဖြင့် အေးစက်စွာပြောရင် းလောယွင်ဟိုင်အား သန့်စင်ခန်းအပြင်သို့ မောင်းထုတ်လိုက်သည်။


လောယွင်ဟိုင် တစ်ဖက်လှည့်ပြီးနောက် ခြေလှမ်းသုံးလှမ်းမျှနှင့် သန့်စင်ခန်းမှ ထွက်သွားလေသည်။ ပိုင်မေ့ စိတ်ငြိမ်သွားချိန်အထိ သန့်စင်ခန်းထဲ၌ အချိန်အတော်ကြာ ယူခဲ့ရသည်။ သို့သော်လည်း သန့်စင်ခန်းမှ ထွက်လာချိန်တွင် လောယွင်ဟိုင်သည် အပြင်ဘက်တွင် ဆေးလိပ်သောက်ရင်း သူ့အားစောင့်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ စစ်သားတစ်ဦး၏ အငွေ့အသက်များ လွှမ်းခြုံလျက်ရှိသည်။


“ခင်ဗျား ဘာဖြစ်လို့ အခုထိ မသွားသေးတာလဲ..”


ပိုင်မေ့ထွက်လာသည်ကို မြင်သည့်အခါ လောယွင်ဟိုင်သည် အလျင်အမြန်ပင် ဆေးလိပ်အား အဝေးသို့ပစ်လိုက်သည်။ ခေါင်းအား လက်ဖြင့်ပွတ်ရင်း နီရဲနေသော မျက်နှာဖြင့် မည်သည့်နေရာမှ ယူလာမှန်း မသိရသည့် နှင်းဆီဖြူတစ်ပွင့်အား နောက်ကျောဘက်မှ ဆွဲထုတ်လိုက်ပြီးနောက် ပိုင်မေ့၏ လက်ထဲသို့ ထည့်ပေးကာဖြင့် နှစ်သိမ့်ပေးလေသည်။


“မငိုပါနဲ့.. မင်းက ပြုံးနေရင် အရမ်းလှတာကို..”


နှင်းဆီဖြူအားကြည့်ရင်း တည်ငြိမ်အောင် ပြုလုပ်ထားခဲ့ရသော စိတ်ခံစားချက်များ တစ်ဖန်ပြန်လည် လှုပ်ရှားလာပြန်သည်။ နှုတ်ခမ်းအားကိုက်ရင်း ပါးပြင်တစ်လျှောက် မျက်ရည်များ စီးကျလာရသည်။ ယခုကဲ့သို့ နုနယ်ပြီး သနားဖွယ်ရာ သွင်ပြင်ကြောင့် လောယွင်ဟိုင် ချွေးစေးများထွက်လာပြီး စိုးရိမ်ပူပန်လာတော့သည်။


ကမ္ဘာပျက်ကပ် မတိုင်မီကပင် လိင်တူလက်ထပ်ခြင်းအား တရားဝင် ခွင့်ပြုထားခဲ့ပြီး ဖြစ်သည်။ ပိုင်မေ့သည်လည်း ယခင်က အမျိုးသားများစွာ၏ အလေးပေးမှုနှင့် ပိုးပန်းခြင်းအား ခံခဲ့ဖူးသည့်တိုင် ယခုကဲ့သို့ သူ့အား စိတ်လှုပ်ရှားစေပြီး သတိထားမိစေနိုင်သော လူမျိုးအား မတွေ့ခဲ့ဖူးပေ။ တစ်ဖက်လူသည် သူ့အား နှလုံးသားအတွင်း၌ အမြတ်တနိုးတန်ဖိုးထားချင်ဟန်ပင်။ 


***


တစ်ညတာအတွင်းမှာပင် ကိစ္စများစွာ တိတ်တဆိတ် ဖြစ်ပွားခဲ့သည်။


ထို့နောက် နွေးထွေးသော မိုးသောက်ယံအလင်း ဖြာကျလာလေပြီ။


နေထွက်ခြင်းသည် ကမ္ဘာမြေကြီး၏ ကျယ်ပြောသော နယမြေများအား အလင်းရောင်ပေးစွမ်းသော်လည်း ယခုအခါတွင် ကမ္ဘာကြီးတစ်ခုလုံး ပျက်စီးယိုယွင်းနေပြီ ဖြစ်သောကြောင့် ယခင်ကဲ့သို့ အလှတရားများ ပျောက်ကွယ်သွားခဲ့ရလေပြီ။


ကြီးမားသော လျှို့ဝှက်ချက်ကြီးအား ဖော်ထုတ်ခဲ့မိကြသော မော့ယန်တို့သည် ညလုံးပေါက်နီးနီး ဆွေးနွေးပြောဆိုခဲ့ကြသည်။ အမှန်တရားအား မသိရှိကြသေးသော ကြင်နာတတ်ပြီး အပြစ်ကင်းသည့် ကမ္ဘာသားများအားကြည့်ရင်း ကိုယ်ချင်းစာသလို ဝမ်းနည်းဒေါသ ဖြစ်မိကြသည်။


ပြီးပြည့်စုံအောင် ဖွံ့ဖြိုးခြင်း မရှိသေးသော လူသားမျိုးနွယ်စုမှာ ပြင်ပလူတစ်ဦး၏ ပယောဂကြောင့် ပျက်စီးယိုယွင်းကာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်လာရသည်။ ဤကိစ္စမှာ အလွန်စိတ်ဆင်းရဲဖွယ်ကောင်းပြီး ဖိအားများလှသည်။


ကမ္ဘာမှာ နုနယ်သေးသော သက်ရှိဂြိုလ်တစ်လုံး ဖြစ်သောကြောင့် ကြယ်စင်မဟာမိတ်အနေဖြင့် မျှော်လင့်ချက်များစွာ ထားရှိလေသည်။ သူတို့၏ မိခင်ကြယ်များအပါအဝင် ဂြိုလ်များအားလုံးသည် ကမ္ဘာမြေ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်နိုင်ရန် စောင့်မျှော်နေခဲ့ကြသည်။


ယခုအခါတွင် လူသားမျိုးနွယ်တစ်ရပ်လုံးသည် နောက်ပြန်လှည့်ရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေလေပြီ။


ကျန်းချိုးက ပိုဆီယာ၏ ပင်ပန်းနွမ်းနယ်နေသော သွင်ပြင်အား တွေ့လိုက်ပြီးနောက် ပိုဆီယာထံသို့ လျှောက်သွားလိုက်သည်။


“ဘယ်လိုလုပ်ပြီး သရဲနဲ့ တူနေရတာတုန်း.. ဆစ်စလိုနဲ့ မအိပ်ပါနဲ့လို့ မပြောထားဘူးလား.. အဲဒီကောင်လေးက မင်းကို ဒုက္ခပေးသေးလား..”


ပိုဆီယာသည် ကျန်းချိုးအား မျက်လုံးပင့်ကြည့်လိုက်ပြီးနောက် လက်နှစ်ဖက်ဖြန့်ကာ ပွေ့ဖက်လိုက်သောကြောင့် ကျန်းချိုး၏ မျက်နှာတစ်ခုလုံး နီရဲကာ သွေးရောင်လွှမ်းလာသည်။


“ဟေ့ ဟေ့ ဟေ့... ဘာလုပ်တာလဲကွ..”


ကျန်းချိုး ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်ချိန်တွင် အခြားသူများ၏ စနောက်လိုဟန် အကြည့်များကြောင့် အတော်လေး ရှက်ရွံ့သွားလေသည်။


မော့ယဲ့သည်လည်း ဆစ်စလို၏ မျက်နှာအား သတိပြုမိပြီးနောက် မေးခွန်းထုတ်လေသည်။


“မင်းမနေ့ညက အစ်ကို ပိုဆီယာနဲ့ ရန်ဖြစ်ထားတာလား.. အခု ခဏလောက် ပြန်အိပ်ချင်လား..”


ဆစ်စလိုသည် မော့ယဲ့အားကြည့်ရင်း မည်သည့်စကားမျှ မဆိုဘဲနှင့် လက်ဆွဲကာ ရှင်းပြရန်ခက်သည့် စကားတစ်ခွန်းအား ရုတ်တရက် ပြောလေသည်။


“မော့ယဲ့ကော.. ငါက ကောကို အရမ်းသဘောကျတယ်‌နော်..”


မော့ယဲ့ ချက်ချင်းပင် ရှက်ရွံ့သွားလေသည်။


ထိုအချိန်မှာပင် နျဲ့ရှောင်၊ ရှောင်ဝူယိနှင့် အခြားသူများ အခန်းအသီးသီးမှ ထွက်လာကြသည်။


 ပိုင်မေ့၊ မော့ယန်နှင့် အခြားသူများ၏ တစ်ခုခု လေးပင်နေသလို ပင်ပန်းနွမ်းနယ်နေသော အမူအရာများအား မြင်ချိန်တွင် လူတိုင်း တစ်ခုခုမှားနေသလို ခံစားရသဖြင့် စိုးရိမ်ပူပန်သောစကားများ ထွက်ကျလာကြသည်။


နင်ဖုန်းက လောယွင်ဟိုင်နှင့် အခြားသူများအား ကြည့်ရင်း ဂရုစိုက်မှုများ ရောနေသော အပြုံးတစ်ပွင့်နှင့် မေးလာသည်။


“ခင်ဗျားတို့တွေ မနေ့ညက နွားခိုးဖို့ အတူတူစုပြီး အိပ်ရင်းလမ်းလျှောက်နေကြတာလား”


ပိုင်ယွဲ့သည်လည်း အစ်ကိုဖြစ်သူ၏ ဖောင်းကားနေသော မျက်ရည်အိတ်များအား မြင်သည့်အခါ အအိပ်ကြမ်းမှုကြောင့် အစ်ကိုဖြစ်သူအား အိပ်မရနိုင်အောင် ဖြစ်စေခဲ့သလားဟု တွေးမိသွားသဖြင့် ရုတ်တရက် အပြစ်ရှိစိတ် ဝင်လာသည်။


“ကော.. ကောရောပဲ ဘာဖြစ်လို့ ပြန်မအိပ်တာလဲ..”


“ကော အဆင်ပြေပါတယ်..”


ပိုင်မေ့ ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းယမ်းပြလိုက်သည်။ ထိုအချိန်တွင် သူ၏ဘေးရှိ လောယွင်ဟိုင်မှာ မလုံမလဲ ခံစားရလေသည်။


ရှောင်ဝူယိသည်လည်း မော့ယန်အားကြည့်ကာ စိုးရိမ်လာမိသည်။ မော့ယန်မှာ သူ၏မှတ်ဉာဏ် ပျောက်ဆုံးမှုကြောင့် စိတ်မကောင်းဖြစ်နေသည်ဟု ခံစားရသဖြင့် နှစ်သိမ့်မှုပေးရန် ကြိုးစားလိုက်သည်။


“ကျစ်ဟွေ့ကွမ်ရေ.. မနေ့က တစ်ခုခုဖြစ်လို့လားဟင်.. စိတ်မပူနဲ့နော်.. ငါ့ရဲ့ မှတ်ဉာဏ်တွေက သိပ်မကြာဘူး ပြန်ရလာမှာပါ.. ကျစ်ဟွေ့ကွမ်က ပေါင်ပေါင်းကို လိမ်မှာမဟုတ်ဘူးလို့ ယုံတယ်..”


မော့ယန်သည် သူတို့မိသားစုမှ အပြစ်ကင်းစင်ပြီး မသိနားမလည်သော မင်းသားလေးအား ငေးကြည့်ရင်း နျဲ့ရှောင်နှင့် အခြားသူများအကြောင်း တွေးမိလိုက်သည်။ ကမ္ဘာသားများအား အဖြစ်မှန် ပြောသင့်၊ မပြောသင့် ချိန်ဆရင်း နှလုံးသားထဲ၌ လွန်ဆွဲနေမိသည်။


အကယ်၌ ကပ်ဘေးသည် ကမ္ဘာမြေ၏ သဘာဝအလျောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ခဲ့လျှင် သူတို့အနေဖြင့် ဝမ်းနည်းသနားမှုသာ ရှိပြီး ယခုကဲ့သို့ အပြစ်ရှိစိတ် ဝင်မိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ယခုဖြစ်ရပ်မှာ ကမ္ဘာမြေအတွက် တိုးတက်မှုများ ယူဆောင်လာပေးမည့် အတွေ့အကြုံမျိုးလည်း မဟုတ်ပေ။


“ဦးဦးက အဆင်ပြေတယ်နော်.. ညက အိပ်မက်ဆိုး မက်လို့ပါ..”


မော့ယန်သည် သူတို့မိသားစုမှ မင်းသားလေး၏ ဦးခေါင်းထက်ရှိ ဆံပင်လေးများအား ညင်သာစွာ ထိတွေ့ရင်း နှစ်သိမ့်ပေးလိုက်သည်။


မော့ယန်၊ ပိုဆီယာနှင့် သူတို့အဖွဲ့မှ ကျန်လူများသည် သူတို့၏ ပင်ပန်းနွမ်းနယ်မှုအား ဖုံးကွယ်ခြင်း မပြုဘဲနှင့် ထိုအမူအရာ စိတ်ခံစားချက်များမှတဆင့် သဲလွန်စများ ရှာတွေ့သွားစေရန် မျှော်လင့်မိကြသည်။


နျဲ့ရှောင် မော့ယန်တို့လူစုအားကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ မော့ယန် သူတို့အား တစ်စုံတစ်ခု ဖုံးကွယ်ထားသည်ဟု ခံစားမိခဲ့သည်။ သို့သော်လည်း ယခုအခါတွင် ပိုဆီယာနှင့် အခြားသူများမှာလည်း ထိုတစ်စုံတစ်ခုအား သိရှိသွားကြဟန်ပင်။


နျဲ့ရှောင် သူ၏ဘေးရှိ ရှောင်ဝူယိအား ပွေ့ဖက်လိုက်သည်။ ယခုကဲ့သို့ အမှောင်ချခံရသည့် ခံစားချက်မှာ စိတ်ပျက်အားငယ်ခြင်းနှင့် မခံမရပ်နိုင်မှုတို့ ဖြစ်လာစေသည်။ သူ၏ဘေးရှိ ပိုင်မေ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ အတွေးများနေသော သွင်ပြင်အားကြည့်ကာ အကြောင်းပြချက်မရှိဘဲ ပိုမိုတုန်လှုပ်လာမိသည်။


အလားတူပင် အမှောင်ချခံထားရသော ‌ရှောင်ဝူယိသည်လည်း တစ်ညအတွင်း များစွာပြောင်းလဲသွား‌သော လူများအားကြည့်ကာ ပထမဆုံးအကြိမ်အဖြစ် သူ၏ အရေးတကြီး မှတ်ဉာဏ်များအား ပြန်လိုချင်လာမိသည်။ သူ၏မှတ်ဉာဏ်များ ပြန်ရမည်ဆိုပါက လက်ရှိအခြေအနေအား ချိုးဖြတ်နိုင်မည်ဟု ခံစားမိလေသည်။


🐹🐹🐹🐹🐹🐹


*ဒီနေရာမှာ လိုဇီဆိုတာက ဆစ်စလိုက လိုနဲ့ haizi (ကလေး) က ဇီ နဲ့ပေါင်းပြီး လိုဇီလို့ခေါ်လိုက်တာပါ