အပိုင်း ၆၆
Viewers 8k


🐹အခန်း ၆၆

 ဝူယိလေး ဟိုင်ချန်မှ ထွက်ခွာခြင်း



နံနက်ခင်းအချိန်မှ အဖြစ်အပျက်များအား အချိန်တိုအတွင်းမှာပင် ခေါင်းထဲမှ ထုတ်ပစ်လိုက်ကြသည်။ နောက်ကွယ်မှ တစ်စုံတစ်ခု ရှိနေသည်အား ခံစားမိကြသော နျဲ့ရှောင်နှင့် လူနည်းစုမှလွဲ၍ ကျန်လူများသည် မော့ယန်၊ ပိုင်မေ့နှင့် အခြားသူများမှာ အိပ်ရေးပျက်ခြင်းကြောင့် နွမ်းနယ်နေကြခြင်း ဖြစ်လိမ့်မည်ဟု တွေးကာ ဤကိစ္စနှင့် စပ်လျဉ်း၍ လေးလေးနက်နက် တွေးတောခြင်း မပြုကြပေ။


လက်ရှိတွင် လူတိုင်းသည် ရှင်သန်ကျန်ရစ်သူများနှင့် အနာဂါတ်အစီအစဉ်များအား ရေးဆွဲလျက်နှင့် အချင်းချင်း ရင်းနှီးကျွမ်းဝင်သော အပေါင်းအဖော်များပမာ သတ်မှတ်ထားကြသည်။ အထူးသဖြင့် အခြား မည်သူ့ကိုမျှ အန္တရာယ်ပြုခြင်း မရှိခဲ့ကြသော မော့ယန်နှင့် ထိုလူတစ်စုသည် လူတိုင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကြသည်။ ထို့ကြောင့် ထိုလူများမှ သူတို့အား တစ်စုံတစ်ခု လျှို့ဝှက်ထားသည်ဟု စဉ်းစားရန် ခက်ခဲလွန်းလှသည်။


နံနက်စာ စားပြီးနောက်တွင် လူတိုင်း ကိုယ်စီခံစားချက်များအား ခေတ္တဘေးဖယ်ကာ အလုပ်ကိစ္စအသီးသီး၌သာ နှစ်မြုပ်ထားလိုက်သည်။


ဒေါက်တာဝေ့ဟန်မင်နှင့် အခြားသူများသည် လွန်ခဲ့သည့်ရက်မှစကာ ဟိုင်ချန်ဒေသခံများ ရက်ပေါင်းများစွာ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ရန်အတွက် လုပ်ငန်းစဉ်များ စီစဉ်သတ်မှတ်ပေးထားကြသည်။ ဟိုင်ချန်ဒေသခံများအား ကူညီကာ တစ်ပတ်အတွင်း သေးငယ်ပြီး ပုံမှန်လည်ပတ်နိုင်မည့် အခြေစိုက်စခန်းတစ်ခု လျင်မြန်စွာ တည်ဆောက်ပေးရမည်။ ထိုမှသာ စိတ်ချလက်ချဖြင့် ပြည်မသို့ ပြန်နိုင်မည်ဖြစ်သည်။


ဟိုင်ချန်အခြေစိုက်စခန်းအား ရှန်းယန်မူလတန်းကျောင်း အနီးတွင် တည်ဆောက်ထားသည်။ အနာဂတ်တွင် ဟိုင်ချန်မှ ရှင်သန်ကျန်ရစ်သူများအနေဖြင့် ကိုယ်တိုင် နယ်မြေတိုးချဲ့နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။


သွမ့်ဝမ်ယွီသည် ဝူယိအခြေစိုက်စခန်းမှ စည်းမျဉ်းစည်းကမ်းများ ကူးရေးပြီးနောက် ဟိုင်ချန်နှင့် သင့်တော်မည့် စည်းမျဉ်းအချို့ ပြောင်းလဲသတ်မှတ်လိုက်သည်။ လူတိုင်း စည်းမျဉ်းများအတိုင်း ပြုမူနေထိုင်ကြရမည် ဖြစ်သည်။


များမကြာမီတွင် ဝေ့ဟန်မင်၊ ပိုင်ယွဲ့နှင့် အခြားသိပ္ပံပညာရှင်များသည် ပိုမိုအဆင့်မြင့်သော ဆက်သွယ်ရေးကိရိယာအား တည်ဆောက်ကာ ထန်ယို့ရှန်၏အဖွဲ့အား မည်သို့ ပြုပြင်ထိန်းသိမ်းသုံးစွဲရမည်ကို သင်ကြားပေးကြသည်။ မူလတန်းကျောင်း၏ ပိုက်လိုင်းနှင့် ဓာတ်အားလိုင်းများ လုံးလုံးလျားလျား ပျက်စီးသွားခြင်း မရှိဘဲ အနည်းငယ် ပြုပြင်ရန်သာ လိုအပ်သည်။ မီးအတွက် လောင်စာဆီ လုံလုံလောက်လောက် ရှိနေသရွေ့ အခြေခံ ဓာတ်အားသုံး ပစ္စည်းအချို့အား သုံးစွဲနိုင်မည် ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သော ကမ္ဘာပျက်ကပ် ကာလ၌ လူတိုင်းသည် လိုအပ်လျှင် အသုံးပြုနိုင်ရန် လောင်စာနှင့် လျှပ်စစ်ကို သိမ်းဆည်းထားကြပေလိမ့်မည်။


ထိုအချိန်တွင် နျဲ့‌ရှောင်နှင့် ရှောင်ဝူယိတို့အဖွဲ့သည် အပြင်ဘက်တွင် များစွာသော ရိက္ခာပစ္စည်းများအား စုဆောင်းလျက်ရှိကြသည်။ သူတို့သည် ဟိုင်ချန်မြို့မှ ရှင်သန်ကျန်ရစ်သူများအား ကူညီကာ ဇွန်ဘီများအား ရှင်းလင်းကာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ကြသည်။ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွင် စွမ်းရည်ပိုင်ရှင် အများအပြားအား ကယ်ထုတ်နိုင်ခဲ့သည်။


အမျိုးမျိုးသော စွမ်းရည်ပိုင်ရှင်များအား အခြေစိုက်စခန်း တည်ဆောက်ရာတွင် အင်အားဖြည့်တင်းနိုင်သည့်အတွက် တစ်ပတ်အတွင်းမှာပင် အခြေစိုက်စခန်းငယ်လေးအဖြစ် ပုံပေါ်လာလေပြီ။


စွမ်းရည်ပိုင်ရှင်များအား ရေတွက်ရင်းနှင့် နျဲ့ရှောင်တို့သည် ယခင်က သတိမထားမိခဲ့သော အရာတစ်ခုအား သတိထားမိလာသည်။ ယခုအခါ စွမ်းရည်ပိုင်ရှင်များသည် ဒုတိယအဆင့် နိုးထခြင်းအား ကျော်ဖြတ်ရန် အလွန်ခက်ခဲလာသည်။ ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ပင်လျှင် ပြီးခဲ့သည့် ရက်ပိုင်းမှသာ ဒုတိယအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ကြခြင်း ဖြစ်သည်။


ဤသည်ကို ကြည့်ခြင်းအားဖြင့် စွမ်းရည်ပိုင်ရှင်များ၏ အဆင့်ချိုးဖြတ်နိုင်စွမ်းမှာ နျဲ့ရှောင်တို့အဖွဲ့ထက် များစွာနိမ့်ကျလေသည်။


ထို့ကြောင့် အဆင့် ၃ စွမ်းရည်ပိုင်ရှင် နျဲ့ရှောင်နှင့် အဆင့် ၃ သို့ ချိုးဖြတ်ကာနီးဖြစ်သော သွမ့်ဝမ်ယွီနှင့် ကျန်းချိုးတို့သည် အသန်မာဆုံး သူများထဲမှ အသန်မာဆုံးများ ဖြစ်လာကြသည်။


စွမ်းရည်ပိုင်ရှင်များ၏ ဆင့်ကဲပြောင်းလဲမှုနှုန်းတွင် နျဲ့ရှောင်တို့၏အဖွဲ့၏ အမြန်နှုန်းမှာ ကောင်းကင်ကိုပင် ကျော်ဖြတ်နိုင်လောက်သော အဆင့်၌ရှိသည်ဟု ဆိုရပေမည်။


ဤအခြင်းကိစ္စနှင့် စပ်လျဉ်း၍ ဒေါက်တာဝေ့ဟန်မင်နှင့် အခြားသူများပင်လျှင် ဤကိစ္စနောက်မှ လျှို့ဝှက်ဆန်းကြယ်မှုအား သိချင်မိကြသည်။ စွမ်းရည်ပိုင်ရှင်များအနေဖြင့် တူညီသော အမြုတေများကိုသာ စုပ်ယူကြသည့်တိုင် ထိုအဖွဲ့၏ ဆင့်ကဲပြောင်းလဲမှုမှာ မည်သည်ကြောင့် ဤမျှ မြန်ဆန်နေရသနည်း။


ထပ်ပေါင်းပြောရလျှင် နျဲ့ရှောင်၊ ကျန်းချိုးနှင့် အခြားသူများ၏ စွမ်းရည်များမှာ ပုံစံတစ်မျိုးတည်းရှိသော စွမ်းရည်များ မဟုတ်ကြဘဲ စနစ်တစ်ခုလုံးအား လွှမ်းခြုံထားနိုင်သော မျိုးကွဲများ ဖြစ်ကြသည်။ ဖုန်းချန်တွင် ကျန်နေခဲ့သော ဝူဝမ်ချီ အပါအဝင် သူတို့အဖွဲ့၌ လေ၊ မိုးကြိုး၊ သတ္တု၊ သစ်သား၊ ရေ၊ မီး နှင့် မြေ စနစ်အားလုံး စုစည်းပါဝင်နေသည်။


ဤကိစ္စအား ဝေ့ဟန်မင်နှင့် အခြားသိပ္ပံပညာရှင်များပင် အဖြေမရှာနိုင်သည့်အတွက် အဆုံးတွင် သန်မာသည့်သူများ အဖွဲ့လိုက် ပေါ်ထွက်လာသည်ဟုသာ ကောက်ချက်ချနိုင်တော့သည်။


ပိုင်ယွဲ့သည် အစ်ကိုဖြစ်သူ ပိုင်မေ့နှင့် ပြန်လည်ဆုံစည်းချိန်မှစ၍ သူ၏လှုပ်ရှားမှုများ ပိုမိုအသက်ဝင်လာသည်။ ထိုအချိန်မှာပင် သူ သတ္တိရှိရှိနှင့် တံတွေးတစ်ချက် ထွေးလိုက်ပြီး မနာလိုစွာပြောလိုက်သည်။


“ဖီ.. ဒီလိုဆိုရင်တော့ ငါတို့က အားနည်းနေတာ မဟုတ်ဘဲ မင်းတို့က ပုံမှန်မဟုတ်လောက်အောင် သန်မာနေတာကွ..”


“ဟမ့်.. အရမ်းထက်မြက်လွန်းတာက ငါတို့ရဲ့ ပင်ကိုအရည်အသွေးပဲနေမှာ.. ငါတို့လိုလူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုက သာမန်လူတွေထက် သေချာပေါက် သာရမှာပေါ့..”


နင်ဖုန်း အရှက်မဲ့စွာ ရယ်မောလိုက်ပြီး ကျန်လူများ၏ ချဉ်စူးနေသော အကြည့်များအား လက်ခံလိုက်ရသည်။


သွမ့်ဝမ်ယွီသည် နင်ဖုန်း၏ခေါင်းအား အသာပွတ်ပြီးနောက် ပြုံးလျက်နှင့်ပြောလိုက်သည်။


“သိုသိုသိပ်သိပ် နေစမ်းပါကွာ.. မဟုတ်ရင် နောက်ပိုင်းကျ အိတ်*နဲ့စွပ်ခံရလိမ့်မယ်နော်..”


လူတိုင်း ထိုပြဿနာအား လျင်လျင်မြန်မြန် မေ့သွားကြသော်လည်း နျဲ့ရှောင်တစ်ဦးတည်းသာ တိတ်ဆိတ်သွားလေသည်။ သူ၏အကြည့်များမှာ အနီးပတ်ဝန်းကျင်မှ လူတိုင်းနှင့်အတူ ရယ်မောပျော်ရွှင်နေသော ရှောင်ဝူယိထံသို့ ရောက်ရှိသွားသည်။ သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် ထိုအကောင်ပေါက်လေးမှာ အဓိကအကြောင်းအရင်းဖြစ်သည်ကို သိနိုင်ပေသည်။ သွမ့်ဝမ်ယွီနှင့် နင်ဖုန်းတို့သည် သူတို့၏ စွမ်းရည်များဖြစ်သော ရေ နှင့် မီးစွမ်းရည်များ နိုးထလာခဲ့ပြီး ကျန်းချိုးပင်လျှင် ဆင့်ကဲပြောင်းလဲခဲ့သည်။ ထိုသူအားလုံးမှာ ကမ္ဘာပျက်ကပ် မတိုင်မီ ဟမ်းစတားလေးနှင့် မကြာခဏ ထိတွေ့ဆက်ဆံခဲ့ကြဖူးသည်။


ရှဲ့ကျွင်း၊ မော့ယဲ့၊ ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ကဲ့သို့ စွမ်းရည်အမျိုးမျိုးရှိသူများမှာလည်း ဟမ်းစတားလေးနှင့် အနီးကပ် ဆက်ဆံပြီးနောက်တွင် အဆင့်တက်နှုန်း မြန်ဆန်လာသည်ဟု အခြေခံအားဖြင့် ဆိုနိုင်သည်။


ကမ္ဘာတစ်ဝှမ်းရှိ အခြေစိုက်စခန်းများထဲတွင် စွမ်းရည်ပိုင်ရှင် အများဆုံးနှင့် အသန်မာဆုံးမှာ ဖုန်းချန်ရှိ ဝူယိအခြေစိုက်စခန်း ဖြစ်သည်။


နျဲ့ရှောင် ရုတ်တရက်ဆိုသလို ထိတ်လန့်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခုအား မတော်တဆ ဖော်ထုတ်မိသလို ခံစားရလေသည်။ မသေချာသေးသော်လည်း အရာအားလုံးမှာ သူ၏မိသားစုမှ ရှောင်ဝူယိနှင့် ဆက်နွယ်နေသည်မှာ သေချာသည်ဟု ခန့်မှန်းမိလေသည်။


အဝေးတွင် ရှိနေသော ရှောင်ဝူယိသည် နျဲ့ရှောင်၏အကြည့်အား ခံစားမိသဖြင့် ခေါင်းကလေးလှည့်ကာ အနောက်သို့ကြည့်လာသည်။ ပျော်ရွှင်စွာဖြင့် နျဲ့ရှောင်၏လက်မောင်းကြား ပြေးဝင်လာသည်။


“ဒယ်ဒီ နေမကောင်းလို့လားဟင်..”


နျဲ့ရှောင်သည် ခန့်မှန်းချက်များအား အဝေးသို့ပို့ပြီးနောက် ကောင်ငယ်လေး၏ ဦးခေါင်းအား အသာဖွရင်း ပြုံးလိုက်သည်။ 


“ဘာမှမဟုတ်ပါဘူးကွာ.. ပေါင်ပေါင်းက ဒယ်ဒီ့ရဲ့ ပေါင်ပေ့ကြီးဆိုတာ ရုတ်တရက် သိလိုက်ရလို့ပါ..”


ဤကဲ့သို့ ပျားရည်ကဲ့သို့ ချိုသာသော စကားမျိုးအား နျဲ့ရှောင်ထံမှ ကြားရခဲလှသဖြင့် ရှောင်ဝူယိ ပျော်ရွှင်မြူးထူးကာ ခေါင်းကလေး တဆတ်ဆတ် ညိတ်လိုက်သည်။


“ပေါင်ပေါင်းက ဒယ်ဒီ့ရဲ့ ပေါင်ပေ့ကြီး..”


အခြေအနေကိုမသိကြသော ပတ်ဝန်းကျင်ရှိ လူများ : "...."


စောက်ကျိုးနည်းဟေ့.. လူမြင်ကွင်းကြီးမှာ ဘယ်လိုတောင် ချစ်ကြည်နူးနေကြတာတုန်း..


*****


တစ်ပတ်ဟူသောအချိန် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဟိုင်ချန်အခြေစိုက်စခန်းသည်လည်း တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည်။ 


နျဲ့ရှောင်နှင့် အခြားသူများသည် တတ်စွမ်းသမျှ ကူညီပေးခဲ့ကြပြီးဖြစ်သည်။ ယခုအချိန်တွင် အခြေစိုက်စခန်းအား တိုးချဲ့ရန်နှင့် ကျွန်းတစ်ဝိုက် ဇွန်ဘီရှင်းလင်းရေး ပြုလုပ်ရန်မှာ ဟိုင်ချန်ဒေသခံများ၏ တာဝန်သာဖြစ်လေသည်။


ခွဲခွာချိန်ရောက်လာသည့်အခါ ဟိုင်ချန်ကောင်းကင်တစ်ဝိုက်၌ ခွဲခွာခြင်း အငွေ့အသက်များ လွှမ်းခြုံထားသည်။ ဖုန်းညီနောင် ကယ်တင်ပေးခဲ့သော ညီငယ်လေးများ အပါအဝင် ထန်ယို့ရှန်၏အဖွဲ့သည်လည်း ခွဲခွာခြင်းအား ရင်မဆိုင်လိုကြပေ။ သို့သော်လည်း အဆုံးတွင် ဤခွဲခွာခြင်းမှာ ကောင်းသောအရာများ ဖြစ်လာရန်အတွက် ဖြစ်သည်။ မခွာခွာမီညအချိန်တွင် အားလုံး အတူတကွ စုဝေးကာ စားကောင်းသောက်ဖွယ်များ စားသောက်ကြသည်။


“တောက်ကော.. ချန်းကော.. ကောတို့က အမြဲတမ်း ကျွန်တော်တို့ရဲ့ ဘော့စ်ပဲနော်.. ပြီး‌တော့် ကျွန်တော်တို့ကလည်း အမြဲပဲ ကောတို့ရဲ့ နောက်လိုက်ပရိသတ်လေးတွေ ဖြစ်နေမှာလို့..” 😭


ဟိုင်ချန်မှ ညီငယ်လေးများသည် ဖုန်းတောက်နှင့် ဖုန်းချန်းနားသို့ စုဝေးရောက်ရှိလာပြီး မျက်ရည် ပိုးပိုးပေါက်ပေါက် ကျဆင်းနေကြသည်။


မျက်ရည်လည်ရွဲနှင့် ညီငယ်လေးများ၏ နှာရည်များ စီးကျနေသော မျက်နှာများအား မြင်ရချိန်တွင် ဖုန်းညီနောင်သည် အမုန်းစကားများ ပြောမထွက်တော့ချေ။ ဤရူးကြောင်ကြောင်နှင့် ကမ္ဘာသား ညီငယ်လေးများမှာ တစ်ခါတစ်ရံ အလွန်ချစ်ဖို့ကောင်းသည်အား ဝန်ခံရပေမည်။


“ဟုတ်ပြီ ဟုတ်ပြီ.. ဒါက အရေးကြီးကိစ္စမဟုတ်ဘူးလေ.. သေသွားတာ မဟုတ်ဘူး.. ကြည့်ပါဦး ဝက်ဝံတွေလို ငိုနေကြတာများ.. အားလုံးပဲ ကောင်းကောင်းနေကြနော်.. နောက်ကျ အလည်လာခဲ့ဦးမယ်..”


“ဝူး ဝူး ဝူး"


ဟိုင်ချန်မှ ရှင်သန်ကျန်ရစ်သူ အချို့သည် ဤညီငယ်လေးများကဲ့သို့ ဝမ်းနည်းစိတ်ဓာတ်ကျခြင်းမျိုး မရှိသော်လည်း တွန့်ဆုတ်မှုများနှင့် ပြည့်နေသည်။ အတူရှိချိန် မကြာသေးသည့်တိုင် နျဲ့ရှောင်နှင့် ဒေါက်တာဝေ့ဟန်မင်တို့သည် ဟိုင်ချန်အတွက် များစွာဆောင်ရွက်ပေးခဲ့ကြသည်။


သူတို့၏ အတွင်းစိတ်ထဲရှိ ကျေးဇူးတင်မှုအား စကားလုံးများဖြင့် ဖော်ပြရုံနှင့် မစွမ်းသာပေ။ လူတိုင်း သူတို့၏ ကျေးဇူးတင်မှုအား အပြုအမူများဖြင့် ဖော်ပြလျက်ရှိပြီး များများစားနိုင်ရန် ဟင်းပွဲများစွာ ပြင်ဆင်ပေးကြသည်။


ရှောင်ဝူယိ၏ ပန်းကန်လုံးမှာ အလွန်လျင်မြန်စွာ ဖြည့်ပေးခြင်းခံနေရသဖြင့် ထပ်မစားနိုင်တော့ပေ။ ထို့ကြောင့် နျဲ့ရှောင်နှင့် သွမ့်ဝမ်ယွီတို့ထံ လွှဲပေးလိုက်သည်။ ရလဒ်အနေဖြင့် နျဲ့ရှောင်နှင့် အခြားသူများ၏ ပန်းကန်များတွင်လည်း အလျှံအပယ် ဖြစ်လို့နေသည်ကို တွေ့လိုက်ရသည်။


ထိုအရာသည် ရှောင်ဝူယိအား ပျော်ရွှင်စေသလို အနည်းငယ် စိတ်ဒုက္ခလည်း ပေးလေသည်။ ရှောင်ဝူယိ မျက်နှာလေး ရှုံ့မဲ့ကာ သက်ပြင်းချလိုက်သည်။


“ဟင့်အင်း.. မစားနိုင်တော့ဘူး.. ဗိုက်အရမ်းပြည့်နေပြီလို့.. ဘာလို့ ထပ်ထပ်ပြီး ထည့်ပေးနေတာလဲ.. အူးဝူးး”


ထို့နောက် နင်ဖုန်းနှင့်အတူ သူ့အား လှောင်ရယ်နေသူများအား စိုက်ကြည့်လိုက်သည်။


အကြီးအကဲ မုန့်ကျုံးသဲက ရှောင်ဝူယိ၏ ရင့်ကျက်ဟန်ဆောင်ထားသော ချစ်စဖွယ်အမူအရာလေးများအား ချစ်ခင်သော အကြည့်များနှင့် ပြုံးရင်းကြည့်နေသည်။ ထို့နောက် လုပ်ဆောင်ရမည့် ကိစ္စရပ်အား သတိရသွားပြီးနောက် ဟိုင်ချန်၌ နေခဲ့လိုကြောင်းပြောရန် ချောင်းဟန့်လိုက်သည်။


ထိုခဏမှာပင် အခန်းအတွင်းရှိလူများ တိတ်ဆိတ်သွားပြီး အမေးစကားတစ်ခွန်း ထွက်ပေါ်လာလေသည်။


“ပြဿနာတစ်ခုခု ရှိလို့လား ပရော်ဖက်ဆာ မုန့်..”


ဝေ့ဟန်မင်သည် အကြီးအကဲ မုန့်ကျုံးသဲအား နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


မုန့်ကျုံးသဲ ပြုံးလိုက်ပြီးနောက် မျက်နှာထက်တွင် အရေးအကြောင်းများ ထင်ဟပ်နေပြီး လက်ဝှေ့ယမ်းရင်း ပြောလာသည်။


“မင်းတို့ ငါ့ကို ခေါ်သွားဖို့ မလိုဘူး.. ငါ့အသက်ဖြင့် ၈၀၊ ၉၀ တောင် ရှိနေပြီ.. လမ်းခရီးမှာတင် အရိုးတွေ ပြုတ်ထွက်ကုန်မှဖြင့်.. ပြီးတော့ ငါလိုက်ရင် မင်းတို့အတွက် အနှောင့်အယှက်ပဲ ဖြစ်လိမ့်မယ်.. ငါလေ့လာနေတာကလည်း ဆေးပညာနဲ့ ဆက်နွယ်မနေဘူးလေ.. ဇွန်ဘီတွေနဲ့ ပတ်သက်တဲ့ သုတေသနက မင်းအပေါ်ပဲ မူတည်နေတာ.. ငါ့လိုမျိုး လူအိုကြီးကတော့ ဟိုင်ချန်မှာ နေခဲ့တာကပဲ ပိုကောင်းပါတယ်..”


ပိုင်ယွဲ့ စိုးရိမ်တကြီးဖြင့် ပြောလေသည်။


“ဘာဖြစ်လို့ ဒီလိုများ ပြောတာလဲ ဆရာ.. ဆရာလေ့လာခဲ့တဲ့ သုတေသန ရလဒ်တင် အများကြီးပဲ ရှိတာကို.. ပြီးတော့ ဆရာ့ရဲ့ ကျန်းမာရေးအတွက် ကျွန်တော်ရှိတယ်လေ..”


“ငါ ထွက်သွားမှာ မဟုတ်ဘူး.. လုံးဝကို ထွက်မသွားဘူး..”


မုန့်ကျုံးသဲ ခေါင်းခါလိုက်သည်။ သိပ္ပံပညာရှင်များသည် လူတိုင်းလေးစားအားကျရသည့် အကြီးအကဲဖြစ်သူမှာ မည်သည်ကြောင့် ယခုကဲ့သို့ ပြောသည်ကို နားမလည်နိုင်ဘဲ ရှိနေကြသည်။


ထန်ယို့ရှန်၏အဖွဲ့နှင့် ဟိုင်ချန်ဒေသခံများသည်လည်း သူ့အား စတင်ဖျောင်းဖျလာကြသည်။ ဟိုင်ချန်၏ ပတ်ဝန်းကျင်မှာ ပြည်မကြီးကဲ့သို့ ကောင်းမွန်ခြင်းမရှိကြောင်း ပြောလာကြသည်။ ထပ်ပေါင်းပြောရမည်ဆိုလျှင် ပိုင်ယွဲ့နှင့် အခြားသူ အရည်အချင်းရှိသူများလည်း ရှိသဖြင့် ပြည်မကြီးတွင် နေခြင်းမှာ ပို၍သင့်တော်မည်ဟု ပြောနိုင်သည်။


အဆုံးတွင် လူတိုင်း၏ ဝိုင်းဝန်းဖျောင်းဖျမှုကြောင့် မုန့်ကျုံးသဲ ကူကယ်ရာမဲ့လာသည်။ ဟိုင်ချန်ဒေသခံများ၏ နှစ်လိုဖွယ် အပြုအမူအားကြည့်ကာ သူ၏စိတ်ထဲမှ စစ်မှန်သော ဆန္ဒအား ထုတ်ပြောရန်သာ ရှိတော့သည်။


“ငါပြောတာကို နားထောင်ကြဦး.. အခု ဟိုင်ချန်မှာ အဓိကကြုံနေရတဲ့ ပြဿနာက ဘာလဲသိကြလား.. ဇွန်ဘီတွေက အဓိကပြဿနာ မဟုတ်ဘဲ စားနပ်ရိက္ခာက ပြဿနာ ဖြစ်နေတာကွ.. လူတိုင်း ဒါကို သတိပြုမိကြမှာပါ.. တကယ်လို့ ငါသာ ပြည်မကြီးကို လိုက်သွားမယ်ဆိုရင် ဟိုင်ချန်ကလူတွေကို ဘယ်သူက ထောက်ပံ့နိုင်မှာလဲ.. ပင်လယ်ကိုဖြတ်ရတဲ့ အခက်အခဲကိုကော သိကြရဲ့လား.. ဟိုင်ချန်မှာအခု စားနပ်ရိက္ခာ ရှားပါးနေပြီ.. အခုမှစပြီး စိုက်မယ်ဆိုရင်လည်း မမီတော့ဘူး.. ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သိပ်မကြာခင်မှာပဲ တောင်ကုန်းပေါ်မှာထိုင်ပြီး အငတ်နေရလိမ့်မယ်.. ဇွန်ဘီတွေက သတ်လိုက်ရုံနဲ့ ပြဿနာရှင်းသွားမယ် ဆိုပေမဲ့ ရိက္ခာကျတော့ မတူတော့ဘူး..”


“ငါ့ရဲ့ စွမ်းရည်က မင်းတို့လို စွမ်းအားမကြီးသလို လူတိုင်းကိုလည်း ကူညီမပေးနိုင်ဘူး.. ဒါပေမဲ့ ဟိုင်ချန်က လူတွေ ဗိုက်မဆာအောင်တော့ ထောက်ပံ့ထားနိုင်တယ်..”


ပရော်ဖက်ဆာ မုန့် သက်ပြင်းရှိုက်ရင်း ပြောသည်။ ဟိုင်ချန်အနေဖြင့် ပြည်မနှင့် အဆက်အသွယ် ရခဲ့သည့်တိုင် ပင်လယ် ကာဆီးထားဆဲပင်။ အဝေးမှရေသည် အနီးမှ ရေဆာခြင်းအား မဖြေဖျောက်နိုင်ပါ။


ထိုသို့ ရှေ့ရေးမျှော်တွေးသည့် စကားအား ကြားချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြသည်။ ထန်ယို့ရှန်၏အဖွဲ့နှင့် ဟိုင်ချန်ဒေသခံများ၏ မျက်ဝန်းများ နီရဲလာကြသည်။


ပရော်ဖက်ဆာ မုန့်ကျုံးသဲသည် မူလက ထိုအရာများအား ပြောပြလိုစိတ် မရှိခဲ့ပေ။ လူတိုင်း၏ ကျေးဇူးတင်အကြည့်များအား လက်ခံရချိန်တွင် သူ၏လက်မောင်းအား ပွတ်လိုက်မိသည်။


“ငါ့ကို ဒီလိုမျိုး လာကြည့်မနေကြနဲ့.. ဒါကို မင်းတို့အတွက်ဆိုပြီး လုပ်တာမဟုတ်ဘူး.. ဟိုင်ချန်ရဲ့ ရာသီဥတုက ငါ့လို အဖိုးကြီးအတွက် သင့်တော်တယ်လို့ ခံစားမိလို့ပဲ.. ငါ့တစ်သက်လုံး လယ်ယာထွက်ကုန်တွေကိုပဲ သုတေသန လုပ်လာခဲ့တာ.. ဒီနှစ်ထဲ ဒီမှာနေပြီး အသီးအနှံ သုံးမျိုးတောင် စိုက်ပျိုးနိုင်ခဲ့သေးတယ်..”


“ပြည်မကိုပဲ မောင်းထုတ်မနေကြနဲ့.. ငါ့ရဲ့ အရိုးတွေက ဆွေးမြည့်နေပြီ.. ခရီးဝေး သွားဖို့ မတတ်နိုင်တော့ဘူး..”


ပရော်ဖက်ဆာ မုန့်၏ ကလေးဆန်ဆန် အပြုအမူအား မြင်ရချိန်တွင် လူတိုင်းရယ်မောမိကြပြီး မျက်လုံးထောင့်များပင် စိုစွတ်လာသည်အထိ ပြုံးနေမိကြသည်။


ထိုစကားအား ကြားပြီးချိန်တွင် လူတိုင်း မုန့်ကျုံးသဲအား ပြည်မကြီးပြန်ရန် တွန်းအား မပေးတော့ဘဲနှင့် သူ၏ဆန္ဒအတိုင်း ဟိုင်ချန်တွင် နေခဲ့ရန် ခွင့်ပြုလိုက်ကြသည်။


“ဒါဖြင့်လည်း ပရော်ဖက်ဆာ မုန့် က သည်မှာ နေခဲ့လိမ့်မယ်.. ဟိုင်ချန်အခြေစိုက်စခန်းကို ကြီးကြပ်ဖို့လူလည်း လိုနေတာဆိုတော့ လူတိုင်း ပရော်ဖက်ဆာမုန့်ရဲ့ ကြီးကြပ်ကွပ်ကဲမှုကို နာခံလိုက်နာဖို့ မျှော်လင့်တယ်..”


ဝူချင်ဖုန်း စကားဝိုင်းအား အဆုံးသတ်စကား ပြောလိုက်သည်။


ထန်ယို့ရှန်၏အဖွဲ့နှင့် ဟိုင်ချန်ဒေသခံများ တစ်ညီတစ်ညာတည်း ပြန်ဖြေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လာကြသည်။


“ဒါပေါ့.. ငါတို့က လူအိုကြီးကို သေသေချာချာ ဂရုစိုက်ပေးမှာပါ..”


ဟိုင်ချန်တွင် ကျန်ရစ်ခဲ့နိုင်ပြီ ဖြစ်သောကြောင့် မုန့်ကျုံးသဲ အလွန်ကျေနပ်နေမိသည်။ လူတိုင်းအား ကြင်နာသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီးနောက် မျက်လုံးများ မှိတ်သွားအောင် ပြုံးနေလေသည်။


*****


ခွဲခွာရမည့်အချိန်မှာ အမြဲလိုလို မြန်ဆန်စွာ ရောက်လာတတ်သည်။ ညအချိန် လျင်မြန်စွာ ကုန်ဆုံးသွားပြီးနောက် နျဲ့ရှောင်တို့အဖွဲ့သည်လည်း ထွက်ခွာရန် အသင့်ဖြစ်နေသည်။ သူတို့သည် ပရော်ဖက်ဆာမုန့်နှင့် ဟိုင်ချန်ဒေသခံများအား ဟိုင်ချန်အခြေစိုက်စခန်း၏ ဂိတ်ဝတွင် နှုတ်ဆက်လိုက်ကြသည်။


နံနက်စောစော ပင်လယ်လေညင်း တိုက်ခတ်လာပြီး မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသည့် နေရောင်ခြည်မှာလည်း မျှော်လင့်ချက် အလင်းရောင်သဖွယ် လူတိုင်းမျက်နှာပေါ်သို့ ထွန်းလင်းဖြာကျလာသည်။


“ဒီကမ္ဘာပျက်ကပ်ပြီး အဆုံးသတ်သွားတဲ့ အချိန်ရောက်ရင် ငါတို့အားလုံး ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ်.. အရာအားလုံးက ကောင်းသထက် ကောင်းလာမှာပါ.. အားလုံးပဲ ကောင်းကောင်းရှင်သန်နေရမယ်နော်..”


“အားလုံးပဲ ငါတို့ပြန်တွေ့တဲ့အထိ ဂရုစိုက်ကြနော်"


“ဘေးကင်းတဲ့ လမ်းခရီးတစ်ခုဖြစ်ပါစေ"


🐹🐹🐹🐹🐹


*ဇာတ်ကားတွေထဲမှာ ကန်ကျောက် ရိုက်နှက်တဲ့အချိန် ခေါင်း ဒါမှမဟုတ် ခန္တာကိုယ်တစ်ခုလုံးကိုစွပ်ထားတဲ့အိတ်ကို ရည်ညွှန်း*


*အဝေးမှရေသည် အနီးမှရေဆာခြင်းကို မပျောက်စေနိုင်ပေ*ဆိုတာက ပိုပြီး အဆင်ပြေတဲ့ နေရာတစ်ခုခုကလူတွေက အဝေးကလူတွေရဲ့အရေးကိစ္စတွေကို အရေးစိုက်မည်မဟုတ်သလို ကယ်တင်ပေးမည်လဲမဟုတ် -