~ ခန် ဆောက်လုပ်ခြင်း ~
ချန်းရှောင်ခိုင်ရဲ့ မျက်လုံးက သကြားရည်အုပ်ထားတဲ့ သစ်သီးချောင်းကို မြင်လိုက်တဲ့အခါ တောက်ပသွားပြီး -
" အစ်ကိုကြီး ကံကောင်း လာတာလား ဒါမှမဟုတ် ဘာလဲ ။ "
ချန်းရှောင်ခိုင်က သစ်သီးကို တစ်ကိုက်ကိုက်ကာ မျက်လုံးမှိတ်ရင်း ချိုမြိန်မှုအရသာ ခံလိုက်သည် ။
သကြားရည်အုပ်ထားတဲ့ သစ်သီးချောင်းက သူတို့မိသားစု အတွက်တော့ ဇိမ်ခံပစ္စည်း သဖွယ်ပင် ။ အထူးအချိန်အခါမှသာ သူ့ညီလေးတွေအတွက် ဝယ်ပေးနိုင်သည် ။ နောက်ဆုံးတစ်ခေါက်က ကျားတစ်ကောင်ကို အမဲလိုက်နိုင်တုန်းကပင် ဖြစ်သည် ။ ချန်းရှောင်မီက ပြုံးလိုက်ကာ -
" မင်းပြောတာ မမှားပါဘူး ။ "
ချန်းရှောင်ခိုင်ရဲ့မျက်လုံးတွေက ထိုစကားကြားလိုက်ရတာကြောင့် ပြူးကျယ်လာကာ -
" သားကောင်ကြောင့် အိမ်ထိန်းက ဈေးအမြင့်ကြီးပေးလိုက်တာလား ။ "
ချန်းရှောင်မီရဲ့ မျက်လုံးများက မှေးစင်းကာပြောသည် ။
" ဟုတ်တယ် ၊ အဲ့လိုပုံစံမျိုးပဲ ။ "
ချန်းရှောင်မီက သူ့အတွေးထဲမှာ တွက်ချက်နေပြီဖြစ်သည် ။ သူ လုလင်းကို လက်ထပ်ဖို့အတွက် ငွေဆယ်ပြားပေးလိုက်ရသော်လည်း လစဉ်အခွန် ငွေသုံးပြားကို ရှောင်ရှား လိုက်နိုင်သည် ။ ယခု သူ့လက်ထဲတွင် လုလင်းရဲ့ ဖန်လုံးတွေကြောင့် ငွေခြောက်ပြားရှိနေပြီ ။ သုံးအပေါင်း ခြောက် ဆိုရင် ကိုး ၊ သူ ငွေတစ်ပြားသာလျှင် ကျန်တော့သည် ။
ပြီးတော့ ထိုအရာတွေထက် အရေးကြီးတာက လုလင်း ဟာ အချက်အပြုတ်အလွန်ကောင်းသူဖြစ်သည်။ သူက အိမ်မှာလည်း ကူညီလုပ်ကိုင်ပေးသေးသည်။ ထို့ကြောင့် တွက်ချင်ကြည့်ရင် ဒီလက်ထပ်မှုမှာ သူကနည်းနည်းလေးမှ မရှုံးနိမ့်ခဲ့ပေ ။
ချန်းရှောင်မီက ထိုအရာကိုတွေးမိပြီးနောက် အပြုံးများပိုပီပြင်လာခဲ့သည်။
သူ့အစ်ကိုရဲ့အပြုံးကို မြင်ပြီးနောက် ချန်းရှောင်ခိုင်လည်း ပြုံးပြလိုက်သည် ။
ချန်းရှောင်မီသည် သူ့အဖေမရှိတော့တဲ့နောက် ပြုံးရယ်ခဲလာသည် ။ ချန်းရှောင်ခိုင် ထိုအခိုက်အတန့်ကို အလွန်မြတ်နိုးမိသည် ။ တစ်ခါတစ်ရံ အတင်းအဖျင်းပြောတဲ့ရွာသားတွေရဲ့ ရှေ့မှာ သူ့အစ်ကိုကို သူကာကွယ်ပေးချင်သည်။ သူ့အစ်ကိုက ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့သူမဟုတ်ကြောင်း သူသိသည့်အပြင် သူ့အစ်ကိုမှာ နူးညံ့တဲ့နှလုံးသားလေးလည်း ရှိသည် ။
လုလင်းလည်း သစ်သီးတုတ်ထိုးကြိုက်တဲ့ ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင်ကို ကြည့်ပြီး ပျော်ရွှင်လာသည် ။
' ဆင်းရဲတဲ့ကလေးတွေအတွက် သရေစာမူန့်ဆိုတာမရှိဘူး ။ ငါ့ရဲ့ စတိုးဆိုင်ထဲမှာ နောက်ဆုံးပေါ် ချိုချဉ်တွေနဲ့ သကြားလုံးတွေရှိရင်တောင် သူ့တို့ကို ထုတ်ပြနိုင်ဖို့ နည်းလမ်းလိုအပ်သေးတယ် .... '
ချန်းရှောင်မီ အမဲလိုက်တာကို ရပ်ထားဖို့ဆုံးဖြတ်လိုက်ပြီး ဆောင်းရာသီမှာ ယိုစိမ့်မှုမဖြစ်အောင် ခေါင်မိုးပေါ်ကိုပြုပြင်မွမ်းမံဖို့ အုတ်နဲ့ အုတ်ကြွပ်ပြားတွေကို ဝယ်ယူလိုက်သည်။
" ရှောင်မီ ၊ ခန်ဆောက်ဖို့ မင်းဘယ်လိုတွေးမိလဲ ။ "
ချန်းရှောင်မီ လုလင်းကို ဖြတ်ခနဲလှမ်းကြည့်ကာ -
" ခန်ဆိုတာက ဘာလဲ ။"
လုလင်း ခဏမျှတွေးကာ ရှင်းပြလိုက်သည် ။
" ခန် ဆိုတာ အပူပေးလို့ရတဲ့ အုတ်ကုတင် လေ ။ ချက်ပြုတ်ဖို့အတွက်နဲ့ အပူထိန်းဖို့အတွက် မီးဖိုကိုတောင် ငါတို့ဆောက်လုပ်ကြသေးတာပဲ ၊ ဒါက(ခန်) ဆောင်းရာသီ ညဘက်တွေမှာ အအေးဒဏ်က ကာကွယ်ပေးတာကြောင့် အအေးမိတာ မဖြစ်လာနိုင်တော့ဘူး ။ "
ချန်းရှောင်မီ လုလင်းဆီမှ အအေးမိတာဖြစ်မလာနိုင်ဘူး လို့ကြားလိုက်ရတာကြောင့် အလွန်စိတ်ဝင်စားသွားသည်။ သူ့ညီအငယ်ဆုံးလေး ချန်းရှောင်မိုင်သည် အလွန်အားနည်းသောကြောင့် ဆောင်းရာသီမှာ ဖျားနာလွယ်သည်။ ဆောင်းရာသီတိုင်း ဖျားနာတတ်သည့် သူ့ညီငယ်လေးကိုမြင်ရတာဟာ ချန်းရှောင်ခိုင်အတွက် ဖြည်မဆည်နိုင်ပေ။ ထပ်ပေါင်းပြောရရင် ဒီနှစ်က ပုံမှန်ထက် ပိုအေးမှာ သေချာလေသည်။
" ခန် နဲ့ပတ်သတ်ပြီး မင်းဘယ်လိုသိလဲ ။ "
" ငါ့ ဝမ်းကွဲ လုချောင်ယုရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာ ။ "
လုလင်း လိမ်ညာလိုက်သည် ။
" အဲ့ဒါ အဓိပ္ပာယ်ရှိတယ် ။ "
ဗဟုသုတ အလွန်မြင့်မားမှုသည် နားလည်ရန်ခက်ခဲတဲ့အတွက် ဒီခေတ်အခါမှာ လေးစားမှုရှိကြသည်။ လုချောင်ယုသည် နိုင်ငံအဆင့် အင်ပါယာစာမေးပွဲကို မအောင်ခဲ့တာတောင် ကျောက်ကြီးရွာမှာ ယုံကြည်လေးစားကြဆဲပင်ဖြစ်သည် ။ လုချောင်ယုသာ သူတို့ရဲ့ဖိတ်ကြားမှုကိုလက်ခံရင် လူတွေက ရိုးသားမှုအပြည့်ဖြင့် ဂုဏ်ပြုစားပွဲခင်းကျင်းပေးကြမည်ပင် ။
" ဒါပေမယ့် လုတွေမှာ ခန် မရှိဘူး မဟုတ်လား ။ "
ချန်းရှောင်မီက ရှုပ်ထွေးစွာ မေးလေသည် ။
လုလင်းက ပြုံးကာ -
" ငါ့ ဝမ်းကွဲရဲ့စိတ်ထဲမှာ နိုင်ငံအဆင့် အင်ပါယာစာမေးပွဲနဲ့ အချိန်ပြည့်အလုပ်ရှုပ်နေတာကြောင့် တခြားအရာတွေကို ဂရုမစိုက်နိုင်ဘူးလေ ။ "
ချန်းရှောင်မီ : " ငါ ခန်ကို ဘယ်လိုဆောက်ရမယ်ဆိုတာမသိဘူး ။ ဒါပေမယ့် မင်းဘေးမှာ ငါကူညီပေးပါ့မယ်။ "
ချန်းရှောင်မီက လုလင်းပြောတာကို နားထောင်တာကြောင့် ပျော်ရွှင်သွားသည် ။ အတိတ်နေ့ရက် တချို့ကျော်ဖြတ်ပြီးတဲ့နောက်တွင် လုလင်း ချန်းရှောင်မီကို အလွန်သဘောကျလာသည် ။ ချန်းရှောင်မီနဲ့ ရင်းရင်းနှီးနှီးနေထိုင်ဖို့ တွေးထားပေမယ့် ချန်းရဲ့ အိပ်ရာက သေးငယ်ပြီးဟောင်းနွမ်းနေတာကြောင့် လုလင်းတံခါးချပ်ပေါ်မှာသာ ဆက်အိပ်နေရသည် ။
သူတို့အတူတူအိပ်ဖို့ရာအတွက် ခန်း ကြီးကြီး ဆောက်လုပ်ဖို့ အစီအစဉ်ဆွဲထားသည် ။ ညာဘက်ခြမ်းမှာ ကလေးတွေအိပ်ဖို့ သီးခြားဖြစ်အောင် ခန်းဆီးလိုက်ကာ ချိတ်ဆွဲလိုက်မည် ။
လုတွေ ပရမ်းပတာဖြစ်နေချိန်မှာ လုလင်းနဲ့ချန်းရှောင်မီတို့ အချိန်မဆွဲဘဲ အလုပ်လုပ်ကြတော့သည် ။
လုလင်းရဲ့အဖွား ဝမ်က လုလင်းအပေါ်အသရေဖျက်မှုတွေ ဆက်လုပ်နေဆဲပင် ။ လုလင်းရဲ့ သူ့အပေါ်ကျေးဇူးမသိတတ်မှုတွေကြောင့် ကံဆိုးမိုးမှောင်ကျလိမ့်မယ် ဟု ဆိုလေသည် ။
လုလင်းမှာ ကံဆိုးမှုတွေ တစ်ခုမှ မရရှိပေ ။ သူက အိမ်အသစ်ပြန်လည်ပြင်ဆင်ဖို့ အလုပ်များနေတဲ့အပြင် ခမ်းနားကြီးမားတဲ့ ခန်ကိုလည်း ဆောက်လုပ်နေသည် ။
ရွာသားတွေက လုလင်းနဲ့ချန်းရှောင်မီတို့ ပစ္စည်းအပြည့် ခြင်းတွေနဲ့ မြို့မှပြန်လာတာကို မြင်ခဲ့ကြသည် ။ သူတို့လည်း အလွန်တော်တဲ့ မုဆိုးဖြစ်ချင်ကြကြောင်း မနာလိုစွာ ပြောဆိုကြသည် ။ ချန်းရှောင်မီက အမဲလိုက်ခြင်းကနေပဲ ကံကြမ္မာကောင်းတွေရလာတာဖြစ်သည် ။
လုလင်းရဲ့ ပထမအဒေါ် ထောင်က ချန်းရှောင်မီဆီက ပိုက်ဆံတွေ ပိုမတောင်းမိခဲ့တဲ့အတွက် စတင်နောင်တရလာသည် ။
လုလင်းနဲ့ ချန်းရှောင်မီတို့ ခန် ဆောက်လုပ်ခြင်းအတွက် နှစ်ရက် အချိန်ယူခဲ့သည် ။ သူတို့မှာ အတွေ့အကြုံမရှိတဲ့အတွက် လုလင်းတွေးထားသလောက် မလှပပေမယ့်လည်း ခန်က သက်သောင့်သက်သာ ရှိလှသည်။
ချန်းရှောင်မီ မီးဖိုအတွင်းသို့ ထင်းများထည့်ပြီးနောက် ခန်တစ်ခုလုံးစတင်နွေးလာသည် ။ ပထမက ခန်နဲ့ ပတ်သတ်ပြီးအဆင်ပြေစေချင်တဲ့ ဆန္ဒဟာ အမှန်တကယ်ကို ကောင်းမွန်စွာ ပြည့်ဝသွားသည် ။
ချန်းရှောင်မီ လုလင်းအပေါ် ကွဲပြားစွာ စတင်မြင်လာမိသည် ။
' လောဘကြီးတဲ့ လုတွေက ဘာကြောင့်များ ငါ့မိသားစုထဲ ကောင်းမွန်တဲ့သူကို လက်ထက်ဝင်ရောက်ခိုင်းရတာလဲ ။'
ချန်းရှောင်မီက ခန်ပေါ်မှာ လှဲအိပ်ကာ တွေးနေမိသည် ။
သို့သော် စက္ကန့်တစ်ခုစာလောက်ပင် ဖြစ်သည် ။ လုလင်းက လက်မထပ်ချင်၍ သတ်သေဖို့ကြိုးစားဖူးတာကြောင့် သူကယ်တင်လိုက်ရတဲ့အထိ ဖြစ်ခဲ့သည်ပင် ။ ချန်းရှောင်မီ ဆက်မတွေးတော့ပေ ။
ခန်ဆောက်လုပ်ပြီး လိုအပ်တာတွေ ဝယ်ယူပြီးနောက် သူ့လက်ထဲတွင် ငွေပြားခြောက်ပြား ကျန်သေးသည်။
' ငွေခြောက်ပြားက ဆောင်းရာသီမှာလိုအပ်တာတွေအတွက် လုံလောက်တယ် ။ ဒါပေမယ့် သက်သောင့်သက်သာဘဝနဲ့နေချင်တယ် ဆိုရင်တော့ ကြည့်သုံးမှရမယ် ။ သမားတော်က ဈေးကြီးတာမို့ တစ်စုံတစ်ယောက်နေမကောင်းဖြစ်လာရင် ပိုက်ဆံအများကြီး ပိုလိုလာလိမ့်မယ်။ '
Coming Soon --- ဆားရည်စိမ် ဟင်းရွက်များ