Episode 24
Viewers 8k

~ အဖွားလု Vs အဖွားချန် ~


ချန်းရှောင်မီ ရွာသားတွေဆီက အဖွားလုအကြောင်း ဟာသလုပ်ပြောဆိုနေတာကို ကြားရတာကြောင့် သူ့မိသားစုဆီ ဒီကနေပဲ ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်သည် ။ သို့သော် အိမ်တံခါးကို တွန်းဖွင့်လိုက်တဲ့အချိန်မှာ အပေါ်မှာ မှိုလေးတွေ ဖြူးထားတဲ့ ကြက်ဥနို့ပေါင်း ပန်းကန်တစ်လုံးနဲ့ ပျော်‌ရွှင်နေတဲ့ ချန်းရှောင်မိုင်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည် ။ 


[T/N - အပေါ်မှာ *ခိုးယူတာ ၊ ခိုးယူတာ* လို့ ရေရွတ်တဲ့သူက ချန်းရှောင်မီမဟုတ်ဘဲ မိုင်ပါ ၊ အငယ်ဆုံးလေးပါ ။ ]


' ဘာတွေဖြစ်နေတာလဲ? ရှောင်မိုင်က ဘာကြောင့် သူ့အကြိုက်ဆုံးအစားအစာကို ခုချက်ချင်းကြီး စားနေရတာလဲ ။ စိတ်တိုစရာကောင်းတဲ့ ဟိုမိန်းမကြီးရောဘယ်မှာလဲ။ လုလင်းကရောဘယ်မှာလဲ။ '


ချန်းရှောင်မီအလွန် စိတ်ရှုပ်ထွေးနေသည်။ 


" ပြန်လာပြီလား အစ်ကိုကြီး ။ "


ချန်းရှောင်မိုင်က ‌ချန်းရှောင်မီဆီ တောက်တောက်ပပ ပြုံးပြလိုက်ကာ သူ့ပန်းကန်လုံးကို ချန်းရှောင်မီဆီတွန်းပေးလိုက်ပြီး အတူတူစားရန် အချက်ပြလိုက်သည် ။


ချန်းရှောင်မီက ချန်းရှောင်မိုင်ရဲ့ ဆံပင်ကိုပွတ်သပ်ပေးလိုက်ကာ -


" မင်းမှာရှိတယ် မိုင်... "(You have it,mai)


ချန်းရှောင်ခိုင် စိတ်ရှုပ်ထွေးစွာတွေးလိုက်သည် ။


' ငါနဲ့ကျဘာလို့ ဒီအရသာရှိတဲ့ အစားအစာကို ဘယ်သူမှမျှမစားရတာလဲ။ '


ကောင်ငယ်လေးက သူတို့က သူ့ကို ချစ်ခင်နှစ်သက်ကြတာကြောင့် ကိုယ့်ဘာသာအပြည့်အဝစားစေချင်တဲ့အကြောင်းကို မတွေးမိပေ ။ 


ချန်းရှောင်ခိုင်လည်း ‌ချန်းရှောင်မီကိုနှုတ်ဆက်ရင်း ပြောလိုက်သည် ။ 


" အစ်ကိုကြီး ရယ်စရာအဖြစ်အပျက်ကို ကြားခဲ့ရလား ။ လုလင်းက ဟိုစိတ်ပျက်စရာအဖွားကြီးကို ငါတို့ဆီက ပိုက်ဆံခိုးတယ်ဆိုပြီး စွပ်စွဲလိုက်တာလေ ။ တကယ်တော့ အဲ့ဒါအမှန်မဟုတ်ဘူးသိလား ။ "


ချန်းရှောင်မီ မျက်လုံးကို မှေးကြည့်လိုက်ကာ -


" ဒါက ငါတို့ဘာသာပဲ ပြောလို့ရမယ်နော် ။ တစ်စုံတစ်ယောက်က အဲဒီအကြောင်းနဲ့ပတ်သတ်ပြီး မေးခဲ့ရင် အမှန်လို့ပဲဖြေရမယ်... ခိုင်? ။ "


ချန်းရှောင်ခိုင် ခေါင်းညိတ်လိုက်သည် ။


ချန်းရှောင်မီ ထိုအရာကို ကြားရတုန်းက အမှန်တကယ်အံ့ဩမိသည် ။ သူတို့က ရွာငယ်လေးထဲမှာဖြစ်ပြီး နံမည်ဂုဏ်သတင်းက အလွန်အရေးကြီးသည်။ ရွာသားတွေကအတင်းအဖျင်းပြောရတာကို နှစ်သက်ပြီး သူတို့က အချိန်အကြာကြီး ထိုအကြောင်းကို ပြောဆိုကြမှာ အသေအချာပင် ။ ချန်းရှောင်ခိုင်လည်း သူ့အစ်ကိုကြီး ထိုသို့ပြောသည်မှာ ခိုင်မာတဲ့အကြောင်းပြချက်ရှိမှန်းသိတဲ့အတွက် သူ့အစ်ကိုကြီး ဘက်မှာပဲ လိုလိုလားလား နေမှာဖြစ်သည် ။ 


‌ချန်းရှောင်မီ ရွာထဲက သူ့ဂုဏ်သတင်းအကြောင်းတွေးမိတဲ့အခါ အကူအညီမဲ့သွားသည် ။ သူက သူ့ညီငယ်လေးတွေအတွက်လည်း စိတ်မကောင်းဖြစ်မိသည်။ ရွာသားတွေက သူ့ကိုမနှစ်သက်သည့်အတွက် သူ့ညီတွေကိုပါ မကြိုက်ကြပေ ။


ခိုးမှုက ကျောက်ကြီးရွာလို ရိုးစင်းတဲ့တောရွာအတွက်တော့ ကိစ္စသေးလေး မဟုတ်ပေ ။ အဖွားလု‌က သူ့မိသားစုတစ်ခုလုံးကို နံမည်ပျက်မှုတွေသယ်ဆောင်လာတာကြောင့် အရှက်ရလုနီးပါးပင် ။ အထူးသဖြင့် နိုင်ငံအဆင့် အင်ပါယာစာမေးပွဲအတွက် ပြင်ဆင်နေတဲ့ သူ့မြေးလေး လုချောင်ယုအပေါ်ပင် ။ သူ့ရဲ့အလားအလာရှိတဲ့ တရားဝင်အစိုးရအလုပ်နဲ့ သူ့ဂုဏ်သတင်းက ပျက်စီးနိုင်သည် ။ အဖွားလုကြောင့် လုမိသားစုထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲဖြစ်နေမလဲဆိုတာ ချန်းရှောင်မီ စဉ်းစားကြည့်လို့တောင်မရပေ။


စိတ်ထဲတွေးရင်းနဲ့ပင် လုလင်းကိုရှာဖို့ မီးဖိုချောင်ကို သွားလိုက်သည် ။ 


" လုလင်း ငါ့အထင် ရွာသူကြီးက မင်းကိုစပြီး သဘောမကျလောက်တော့ဘူး ။ "


" ငါကဘာလို့ သူ့အမြင်ကို ဂရုစိုက်ရမှာလဲ ။ "


လုလင်းပြုံးကာပင် ပြန်ပြောလိုက်သည် ။


ရွာသူကြီးစိတ်ထဲမှာ လုချောင်ယုက မြင့်မားတဲ့အခြေအနေနဲ့ အမြဲရှိနေမှန်း လုလင်းသိသည် ။ သူက လုချောင်ယု အင်ပါယာစာမေးပွဲမှာ အကောင်းဆုံးဖြစ်လာပါက သူတို့ရွာသားတွေဆီပါ ဂုဏ်သတင်းကျော်ဇောမှုရဖို့ မျှော်လင့်နေတာဖြစ်သည် ။


ဒါက ရွာသူကြီးအဖွားလုအပေါ် အခုလို ဘက်လိုက်ရတဲ့အကြောင်းအရင်းပင်။ ခိုးတဲ့မကောင်းသတင်းအကြောင်း အလွန်ကျော်ကြားသွားအောင် လုလင်း လုပ်လိုက်မှာကို သူမလိုချင်ပေ ။ အဖွားလုက လုချောင်ယုရဲ့အဖွားဖြစ်နေပြီး လုချောင်ယုအပေါ်မှာ မကောင်းသတင်းထင်ဟပ်သွားမှာ မဖြစ်စေချင်ပါ ။ 


လုလင်း နည်းနည်းလိုအပ်သွားတယ်လို့ ဝန်ခံပေမယ့် နောင်တတော့မရခဲ့ပါ ။ သူက အဓိပ္ပာယ်မရှိပြောနေတဲ့သူတွေကို ရပ်တန့်ပစ်ဖို့ စဉ်းစားရုံကလွဲပြီး မမျှတတဲ့တောင်းဆိုချက်တွေနဲ့ စိတ်အနှောင့်အယှက်ပေးနေသူတွေကို ရှင်းပြဖို့ အချိန်ရော အင်အားရောမရှိပါ ။ ထပ်ပြောရရင် ရွာထဲမှာ သူရော ချန်းရှောင်မီပါ နံမည်ဂုဏ်သတင်းမကောင်းတာကြောင့် ပိုပြီးဆုံးရှုံးနစ်နာစရာလည်း မရှိပေ ။ 


လုလင်းအပြောကြောင့် ချန်းရှောင်မီထိတ်လန့်သွားသည် ။


" ငါတို့ရွာသူကြီးက ရွာသားတွေကြားမှာ ဂုဏ်သတင်းကြီးပြီး လူတွေကသူ့ကိုခေါင်းဆောင်ကောင်းလို့ ပြောကြတယ် ။ မင်းသူ့ကို ပေါ်ပေါ်ထင်ထင်ကြီး စော်ကားလိုက်သလိုမဖြစ်စေချင်ဘူး ။ "


လုလင်းနှာမှုတ်လိုက်ကာ -


" ငါတို့အပေါ် သူဘာတွေလုပ်ခဲ့လဲဆိုတာ ရေတွက်ပြမနေချင်တော့ဘူး ။ အခု ငါတို့အားလုံး‌ပေါင်းငွေပြားတစ်ရာရအောင် လုပ်ချင်တယ် ပြီးရင် မြို့ပေါ်ကိုယ်ပိုင်ဆိုင်ဖွင့်မယ် ။ အဲ့‌ဒါကြောင့် ဘယ်သူ့ကိုမှ ‌စိတ်ကျေနပ်အောင် လိုက်‌လုပ်ပေးဖို့ လိုအပ်မနေဘူး ။ "


ချန်းရှောင်မီ သူ့မျက်နှာတစ်ပြင်လုံးမှာ လေးစားမှုတွေအပြည့်ဖြင့် လုလင်းကို ကြည့်လိုက်သည် ။ 


ချန်းရှောင်မီ သူ့ညီငယ်နှစ်ယောက်နဲ့ ရွေ့ပြောင်းနေချိန်မှာတောင် မည်သူမှမနှစ်သက်တာကြောင့် သီးခြားဖြစ်သလိုခံစားချက်နဲ့အချိန်တိုင်း နာကျင်မှု၊ဆုံးရှုံးမှုတွေကို ခံစားခဲ့ရသည် ။ သို့သော်အခုလို လုလင်းရဲ့အဖော်ပြုမှုက ချန်းရှောင်မီအား ရဲရင့်သွားစေသည် ။


လုမိသားစုတွင် ...


" သေစမ်း လုလင်းက ငါတို့ဆီ ပြသနာတွေ ယူလာတယ် ။ "


အဖွားလု ဒေါသူပုန်ထနေသည် ။ သူမအပေါ် မိသားစုဝင်တွေတစ်ယောက်မှ ယုံကြည်မှုမရှိတာကို မယုံနိုင်ပေ ။ လူတိုင်းက သူမချန်းရှောင်မီဆီကနေ တကယ်ခိုးချင်နေတယ်လို့ ထင်နေကြသည် ။ သူတို့က သူမကို အမည်းစက်တစ်ခုသဖွယ် မခေါ်ပြောကြတော့ပေ ။ အထူးသဖြင့် လုချောင်ယုဆီကပင် ။


ဆိုရိုးစကားအတိုင်း ၊ မကောင်းသတင်းက ကျော်ကြားလွယ်သည် ။


မကြာခင်မှာပဲ လုချောင်ယုနဲ့ အတန်းဖော်ဖြစ်တဲ့ ကျောက်ကြီးရွာက ကလေးနှစ်ယောက်က ထိုအရှက်ရဖွယ် သတင်းကိုကြားသွားသည် ။ သူတို့ထဲက တစ်ယောက်က ချန်ကျင်းဖြစ်သည် ။


ချန်ကျင်း နောက်မှာကျန်ခဲ့ပြီး ဆရာတွေရဲ့ ကဲ့ရဲ့မှုကို ခံနေရချိန်မှာ လုချောင်ယုက အခြေအနေကောင်းခဲ့သည် ။ ချန်ကျင်းရဲ့ မိသားစုတောင်မှ လုချောင်ယုလို ကြိုးကြိုးစားစား စာလေ့လာဖို့ ချန်ကျင်းကို အမြဲတိုက်တွန်းလေ့ရှိသည် ။ ထို့ကြောင့် ချန်ကျင်းက လုချောင်ယုအပေါ် အချိန်အကြာကြီး မနာလိုမှုတွေ နက်ရှိုင်းလာခဲ့သည် ။ ပြီးတော့ လုချောင်ယုက သူ့ကိုယ်သူ အထင်ကြီးတတ်ပြီး ချန်ကျင်းအပေါ်အမြဲ နှိမ့်ချလေ့ရှိကာ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူးလို့လဲယုံကြည်နေသည် ။ 


လုချောင်ယုရဲ့ အဖွားဖြစ်တဲ့ အဖွားလုရဲ့သတင်းဆိုးကို ကြားလိုက်ရတဲ့အခါ ချန်‌ကျင်းပျော်ရွှင်မိသွားသည်။ 


ချန်ကျင်းက အဖွားလုက သူ့ဝမ်းကွဲ ‌ကော ချန်းရှောင်မီနဲ့ လက်ထပ်ထားတဲ့ လုချောင်ယုရဲ့ဝမ်းကွဲဖြစ်တဲ့လုလင်းဆီက ငွေတွေခိုးယူကြောင်းကို ဖြတ်သွားသူတိုင်းကို ပြောပြသည် ။ သူ့တစ်မိသားစုလုံးက နှလုံးသားအေးခဲနေကြကာ ငွေဆယ်ပြားအတွက် လုလင်းကို ချန်းရှောင်မီဆီ ရောင်းစားလိုက်ကြောင်းလည်း ပါဝင်သည်။ 


ချန်ကျင်းနဲ့ လုချောင်ယုရဲ့အတန်းဖော်တွေက ထိုသတင်းကို ကြားလိုက်ရတဲ့အချိန်မှာ အံ့ဩမှင်တက်သွားပြီး လုချောင်ယုကို အရင်နဲ့မတူ ကွဲပြားစွာမြင်လာကြတော့သည်။ 


ချန်ကျင်းက လုလင်းဟာ ချန်းရှောင်မီရဲ့မိသားစုဆီ လက်ထပ်ဝင်ရောက်ထားတာဖြစ်ပြီး သူနဲ့ချန်းရှောင်မီဟာ ဝမ်းကွဲတွေဖြစ်ကာ ချက်ကျလက်ကျပြောရရင် ချန်းရှောင်မီရဲ့ ငွေဟာ သူတို့မိသားစုဝင်တိုင်းရဲ့ ငွေဖြစ်သည်လို့ပါ ဆိုသည် ။ ထိုအတွေးက မိသားစုထဲမှာ သူတစ်ယောက်ထဲရှိခြင်းမဟုတ်ပါ ။ အဖွားချန်ကလည်း ချန်းရှောင်မီက လုလင်းနဲ့ အတူနေပြီး ကံကောင်းလာတဲ့အကြောင်း ကြားလိုက်ရချိန်မှာ မချင့်မရဲ ဒေါသထွက်နေတာပင်။ သူမက လုလင်းအစားသူမနဲ့သာ ထိုငွေတွေကို မျှဝေသုံးစွဲလိုသည် ။ သူမက လုမိသားစုနဲ့ လုလင်းကို ကျိန်ဆဲတော့သည် ။


ချန်ကျင်းက အမှန်တကယ် လုမိသားစုနဲ့ လုလင်းကို တိတ်တဆိတ် မုန်းနေမိသည် ။ ထို့ကြောင့်သာ အဖွားလုရဲ့သတင်းကို ကျောင်းမှာဖြန့်လိုက်တာပင် ။ လုချောင်ယုရဲ့အဆင့်ကောင်းတွေကို မနာလိုတဲ့ တခြားသောအတန်းဖော်တွေကလည်း ချန်ကျင်းနဲ့ အတူ ပါဝင်လာကြသည်။ ဆရာတွေကပါ လုချောင်ယုအပေါ် မတူညီစွာ စတင်ကြည့်ရှုလာကြသည်။ 


လုချောင်ယုက ချန်ကျင်းရဲ့မကောင်းတဲ့လုပ်ရပ်ကို စတင်သတိမူမိတဲ့အခါ နှစ်ယောက်သား ရန်ဖြစ်ကြသည် ။ ဆရာတွေက သူတို့နှစ်ယောက်လုံးကို နှစ်ရက်နားခိုင်းလိုက်သည်။ 


သူအိမ်ပြန်လာချိန်တစ်လျှောက်လုံး စိတ်ထဲမှာ တနှံ့နှံ့ဒေါသထွက်နေမိသည်။ သူက အဖွားလုကို ချန်ကျင်းက ကျောင်းမှာ သူ့ကိုနံမည်ဖျက်နေကြောင်းနဲ့ လူတိုင်းသူ့ကို အရင်မတူစွာ ကြည့်ရှုနေကြကြောင်း ပြောလိုက်သည် ။ 


ဒေါသတွေ လွှမ်းမိုးသွားတဲ့ အဖွားလုက အဖွားချန်ရဲ့အိမ်ဆီသွားတဲ့ လမ်းတစ်လျှောက် အော်ဟစ်ဆဲဆိုသွားသည် ။ အဖွားချန်ကလည်း သူ့မြေးပြောတဲ့ရန်ဖြစ်တဲ့အကြောင်းကို ကြားလိုက်ရတဲ့အခါ မထိုင်နိုင်တော့ဘဲ ဆဲရေးတိုင်းထွာတော့သည် ။ 


အဖွားလုရော အဖွားချန်ပါ ဒေါသထွက်လွယ်သောသူများဖြစ်ကာ သူတို့က တစ်ယောက်နံမည် တစ်ယောက်ခေါ်ပြီး အလောတကြီး အချင်းချင်း စွပ်စွဲပြောဆိုကြရင်း သူတို့မြေးတွေအတွက် နှလုံးသားအေးစက် နေကြသည်။ ရွာသူကြီး လာမဖြန်ဖျေခင်အထိ သူတို့နှစ်ယောက်လုံး အလျော့မပေးကြပေ ။ 


ရွာသားတွေက သူတို့ရန်ဖြစ်တဲ့အကြောင်းကို ပြောကာ ရယ်မောကြသည် ။ နေ့ရက်တိုင်း ထိုအကြောင်းကို ပြောကြသည် ။ 


လုလင်းထိုအကြောင်းကို အိပ်ရာဝင်ချိန်မှာ ကြားရတာ ဖြစ်သည် ။ သူ့ရဲ့လိမ်ညာမှုအနည်းငယ်က ထိုသို့ဖြစ်လာမယ်လို့ သူမထင်ထားခဲ့ပေ ။ သူကြောင့် လုနဲ့ချန်းရဲ့ ခင်မင်ရင်းနှီးမှုတွေ အားလုံး ကုန်ဆုံးသွားသည် ။ သို့သော် သူဂရုမစိုက်ပါ ။ သူတို့အားလုံးက လူကောင်းတွေမဟုတ်တဲ့အတွက်ကြောင့် ထိုပရမ်းပတာအခြေအနေကို စိတ်မဝင်စားပေ ။