~မိတ်ဆွေသစ် ပြုလုပ်ခြင်း~
လွီကွေ့ရုံရဲ့အလုပ်ကို ကျောက်ကြီးရွာကရွာသားတွေ ခိုးယူဖို့ကြိုးစားနေတာကြောင့် သူမုန်းတီးမိပေမယ့်လည်း မကျေမနပ်မှူကိုထုတ်မပြခဲ့ပါ ။ စပ်စုတဲ့ရွာသားတွေနဲ့ စကားစမြည်ပြောဖို့အတွက် သူ့သားလွီဝူ ကို လွှဲပေးလိုက်သည် ။ လွီဝူက ရွာသားတွေကို သူတို့လုပ်အားခအကြောင်းပြောပြနေတာကို တွေ့လိုက်တာကြောင့် လွီဝူအားစိန်းစိန်းဝါးဝါး ကြည့်လိုက်သည် ။
လွီဝူက သူ့အဖေရဲ့ စိုက်ကြည့်တာကိုခံလိုက်ရတာကြောင့် ခေါင်းကိုသာ ကုတ်လိုက်မိသည် ။
သူက စဉ်းစားချင့်ချိန်နိုင်မှုမရှိဘဲ ပြောတတ်သည့် လျှာသွက်အာသွက် သမားဖြစ်သည် ။ ချန်းရှောင်မီ ဒါမှမဟုတ် လုလင်း တို့က ကောင်းမွန်တဲ့သူတွေဖြစ်တဲ့အကြောင်းနဲ့ ရွာသားတွေက သူ့အား စည်းရုံးသိမ်းသွင်းတဲ့အခါ အလွန်စိတ်အားထက်သန်မှုဖြစ်သွားသည် ။ သူတို့သူ့အား မေးဖို့အချိန်တောင်မရလိုက်ပေ ။
လွီဝူက ချန်းရှောင်မီနဲ့လုလင်းအား ခုခံကာကွယ်ကာ ပြောသည် ။ ရွာသားတွေက ကိုယ်ပိုင်အလုပ်တွေနဲ့မအားမလပ်ဖြစ်နေတာကြောင့် သူတို့အဖွဲ့က အလုပ်ရခဲ့တာဖြစ်သည် ။ တချို့ရွာသားတွေက လွီဝူရဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်မှုအပေါ်အခွင့်ကောင်းယူကြသည် ။ သူတို့က တမင်ရည်ရွယ်ပြီး အဓိကကျတဲ့မေးခွန်းတွေကို မေးမြန်းကြသည် ။ လွီဝူက မေ့လျော့ကာ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ပြောမိလိုက်သည် ။
လုလင်းက ကျောက်ကြီးရွာကနေ အလုပ်ကြိုးစားပြီး ရိုးသားတဲ့သူ တချို့ကို ရွေးချယ်လိုက်သည် ။ ရွာသားတွေက လုလင်းရဲ့ကြင်နာမှုအပေါ် အလွန်ကျေးဇူးတင်ကာ အသေအချာအလုပ်လုပ်ကြသည် ။
ထိုအရာက အလွန်စိတ်ဝင်စားဖို့ကောင်းလာသည် ။ ရွာသားတွေနဲ့ လွီကွေ့ရုံတို့အဖွဲ့ကအပြိုင်အဆိုင် အလုပ်လုပ်လာကြပြီး နှစ်ဖွဲ့စလုံး ထူးချွန်ချင်ကြသည်။
လွီကွေ့ရုံတို့အဖွဲ့က ဆယ်ရက်သာအချိန်ယူခဲ့ပြီး အခန်းဆောက်နိုင်ခဲ့ကြသည်။ ကျောက်ကြီးရွာ အဖွဲ့ကလည်း နောက်ကျမကျန်ချင်ခဲ့တာကြောင့် အချိန်ဇယားဆွဲကာ ဘဲခြံ၊ကြက်ခြံနဲ့မြင်းခြံတို့ကို ကောင်းကောင်းဆောက်လုပ်နိုင်ခဲ့ကြသည် ။ လုလင်းက ကျောက်ကြီးရွာအဖွဲ့ကို မြေအောက်ခန်းတူးခိုင်းလိုက်ပြီးတာနဲ့ သူတို့ကအခန်းသစ်မှာ အုတ်တွေခင်းလိုက်သည် ။
ရွာသားတွေက အလုပ်ဆက်လုပ်နိုင်ပြီး ပိုက်ဆံရမှာကြောင့် အလွန်ပျော်ရွှင်ကြပေမယ့် သူတို့ကိုလုပ်အားခထပ်ပေးနိုင်တဲ့ ချန်းရှောင်မီနဲ့လုလင်းအကြောင်းကို တွေးမိကာ အံ့ဩကြရုံမှတစ်ပါး မတတ်နိုင်ပေ။
ရွာသားတွေက လွီကွေ့ရုံတို့အဖွဲ့ဆီက ဘာအခွင့်အရေးမှ မရယူနိုင်ကြောင်း သိလိုက်ပြီး စဉ်းစားတွက်ချက်လိုက်ကာ ချန်းရှောင်ခိုင်ကို ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည် ။
ချန်းရှောင်ခိုင်လည်း ပျားတစ်ကောင်သဖွယ်အလုပ်ရှုပ်နေသည် ။ သူက တိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရပြီး တစ်နေ့ကို သုံးကြိမ်အစာကျွေးဖို့ တာဝန်ရှိသည် ။ ထို့ကြောင့် ရွာသားတွေက ချန်းရှောင်ခိုင်အား အနည်းငယ်မျှသာ ခြံဝင်းထဲမှာ သေချာမြင်ရတာဖြစ်သည် ။ ရွာသားတွေက ချန်းရှောင်ခိုင်ဆီက သတင်းအချက်အလက်တွေ စပ်စုဖို့အတွက် မြေကွက်ရိုင်းတွေနားမှာ လှည့်ပတ်သွားလာနေကြရသည်။ သူတို့က ချန်းရှောင်မီတို့ဘယ်လို ရုတ်တရပ်ကြီး ချမ်းသာသွားရလဲဆိုတဲ့အကြောင်းကို သဲလွန်စ တစ်ခုလောက်ရဖို့ မျှော်လင့်နေကြသည် ။
မကြာမီ ချန်းရှောင်မီနဲ့လုလင်းက အခန်းသစ်မှာလဲ ခန်ကိုဆောက်လုပ်ဖို့ ဆုံးဖြတ်လိုက်သည် ။ လွီကွေ့ရုံတို့အဖွဲ့ရော ကျောက်ကြီးရွာသားအဖွဲ့ကပါ သူတို့ခန်ဆောက်လုပ်တဲ့နေ့တွေမှာ စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည် ။
ကျောက်ကြီးရွာ အဖွဲ့က သူတို့ကိုခန်ဆောက်နည်း သင်ပြီး ကြည့်ရှုခွင့် ပေးတာကြောင့် သူ့တို့ရဲ့ သုံးရက်စာ လုပ်အားခကို မပေးတော့ဖို့ ပြောသည် ။ လုလင်းနဲ့ချန်းရှောင်မီက ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သူတို့အဆိုကို လက်ခံလိုက်ကြသည် ။
သူတို့က ခန်ဘယ်လိုဆောက်ရမလဲ သင်ယူပြီးနောက် မြန်မြန်ဆန်ဆန်အလုပ်ဖြစ်လာကြသည် ။ တချို့ချမ်းသာတဲ့မိသားစုတွေက ဆောင်းရာသီမှာ ခန်ဆောက်လုပ်ဖို့အတွက် ဈေးမြင့်မြင့်ပေးကာ ငှားရမ်းကြသည် ။ တခြားရွာသားတွေကလည်း ချန်းရှောင်းမီနဲ့ကောင်းမွန်တဲ့အဖွဲ့အစည်း တစ်ခုဖြစ်ဖို့ ဆန္ဒရှိကြသည် ။ ချန်းရှောင်မီဆီက သင်ယူကာ ကံကောင်းနေကြတဲ့ သူတို့သူငယ်ချင်းတွေကို မနာလိုဖြစ်လာကြသည် ။
ရွာသူကြီး ကျန်းချန်ကလည်း ထိုကိစ္စတွေကြောင့် စိတ်မချမ်းမသာဖြစ်နေသည်။
ရွာသူကြီးက သူတို့တစ်ရွာလုံးဆင်းရဲခြင်းမှလွတ်မြောက်ပြီး ကြီးပွားချမ်းသာလာဖို့ အလိုရှိပါတယ် ။ သူက တခြားရွာသားဖြစ်တဲ့ လွီကွေ့ရုံတို့အဖွဲ့ကို ခန်ဆောက်လုပ်ဖို့သင်ပေးလိုက်တဲ့အပေါ် လုလင်းနဲ့ချန်းရှောင်မီအားအပြစ်တင်သည် ။ ကိုယ့်ရွာသားတွေကို သီးသန့်သင်ပေးသင့်တယ်လို့ အခိုင်အမာ တွေးတောနေသည် ။ ဒါဆို ရွာသားတွေက မြို့ပေါ်က ချမ်းသာတဲ့မိသားစုတွေဆီမှာ အလုပ်သွားလုပ်နိုင်သည်။
ကျန်းချန်က မျက်လုံးကိုမှေးစင်းလိုက်ကာ သူတို့ရွာသားပဲ ခန်ဆောက်နည်းကို သိရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးတောမိနေသည် ။ ရွာသားတွေက လွီကွေ့ရုံတို့အဖွဲ့နဲ့ ယှဉ်လို့မရပေ ။ သူတို့အဖွဲ့က ကိုယ့်ဘာသာ ဈေးကွက်ရှာနိုင်ကြသည် ။
စွန့်စားသွားလာပြီး မြို့ပေါ်အလုပ်ရှာဖို့ကြိုးစားနေကြတဲ့ သာမန်အလုပ်သမားတွေက ခန် ဘယ်လိုဆောက်လုပ်ရမှန်းမသိကြပါ ။ ဒါကြောင့် လွီကွေ့ရုံတို့အဖွဲ့ကော ကျောက်ကြီးရွာသားအဖွဲ့ကပါ မြို့ပေါ်မှာဈေးကောင်းကောင်းရနိုင်သည်။ သူတို့က မြို့မှာခန်ဆောက်လုပ်ရင်း အလုပ်များနေတာကြောင့် သူတို့ရဲ့ သေမတတ်ခန်ကိုလိုချင်နေကြတဲ့ အပေါင်းအသင်းတွေကို ခန်ဆောက်နည်းသင်ပြဖို့ အချိန်မရှိပေ ။
ကျန်းချန်က ချန်းရှောင်မီရဲ့တံခါးကို တဝုန်းဝုန်းသွားထုကာ သူတို့ရွာသားတွေကိုပဲ သင်ပြပေးရမယ့်အစား လွီကွေ့ရုံတို့အဖွဲ့ကိုပါ နည်းပြလိုက်တဲ့အတွက် အပြစ်တင်လေသည် ။ သို့သော် လုလင်းက ပြန်ပြောလိုက်သည် ။
" ရွာသူကြီး ၊ ရွာသားတွေက ကျွန်တော်တို့အတွက်အလုပ်လုပ်ပေးဖို့ မအားတဲ့အကြောင်းပြောတဲ့သူက ခင်များပဲမလား ။ ကျွန်တော်တို့ရွာက ကူညီပေးမယ့်သူမရှိမှတော့ ပင်လယ်ကွေ့ရွာက အကူအညီတောင်းလိုက်ရတာပေါ့ ။ "
ကျန်းချန်ဒီလိုဖြစ်လာမယ်လို့မထင်ထားပေ ။ လုလင်းလိုလူက သူ့လိုအသက်ကြီးတဲ့သူကိုပြန်ပြောလိမ့်မယ်လို့ မမျှော်လင့်ထားပါ ။ သူက ရှက်ရွံ့မှုနဲ့ ဒေါသတကြီးလှည့်ပြန်သွားသည် ။
ချန်းရှောင်မီဆီက သင်ယူထားတဲ့ရွာသားအဖွဲ့က မြို့ပေါ်မှာအလုပ်များနေတာကြောင့် သူတို့ရွာသားတွေကိုသင်ပေးဖို့စိတ်မဝင်စားတဲ့အခါ ရွာသူကြီးက ပိုတောင် ဒေါသထွက်လာသည် ။
ရွာသားတွေ ကျန်းချန်ကို ဘာကြောင့်ဂရုမစိုက်လည်းဆိုတာ လုလင်းနားလည်ပါသည် ။ရွာသားတွေက ဆင်းရဲနွမ်းပါးတာကြောင့် သူတို့အတွက်ပဲသူတို့ ကြည့်နိုင်သည် ။ သူတို့ခန်ဆောက်နည်းပြန်မမျှဝေခင်မှာ ငွေစုဆောင်းထားချင်ကြသည် ။
ချန်းရှောင်မီ၏ အိမ်တွင် ...
ချန်းရှောင်မီ သူတို့ရဲ့စုငွေတွေကို ရေတွက်ပြီးနောက် နှုတ်ခမ်းစူလာသည် ။
" ငါတို့မှာ ငွေဆယ်ပြားတောင်မကျန်တော့ဘူး ။ ငါတို့ရဲ့ဆောက်လုပ်မှုတွေက ခန့်မှန်းထားတာထက်ကျော်သွားတယ် ။ နောက်ထပ်ငွေနှစ်ပြားတောင် သုံးလိုက်ရပြီ ။ "
ချန်းရှောင်မီ ငွေကိုစေ့စေ့စပ်စပ်ရေတွက်နေပုံကြောင့် လုလင်းသဘောကျနေမိသည် ။ ချန်းရှောင်မီက အမဲလိုက်ထွက်တဲ့အချိန်မှာ ကျားတစ်ကောင်နဲ့တူနေပြီး ပိုက်ဆံရေတွက်နေချိန်မှာတော့ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ရှဉ့်နဲ့တူတယ်လို့ ခံစားရသည် ။
လုလင်းခေါင်းညိတ်လိုက်ကာ -
" ဟုတ်တယ် ကိုယ်တို့ စီစဉ်ထားတာထက်ပိုပြီး ငွေသုံးမိသွားတယ် ။ ဒါပေမယ့် ဆောင်းရာသီမှာ သက်သောင့်သက်သာနဲ့ဖြတ်သန်းဖို့တော့ ကိုယ်တို့အတွက် လုံလောက်နေဆဲပဲလေ ။ အရက်နောက်တစ်သုတ်ရောင်းလိုက်ရင် လက်ထဲမှာငွေပိုထွက်လာမှာပေါ့ ။ "
" အဲ့ဒါလည်း ဟုတ်တာပဲ ။ "
" ရက်အနည်းငယ်လောက်ဆိုရင် အခန်းအသစ်အတွက် နောက်ဆုံးအဆင့်ပြီးတော့မယ် ။ "
လုလင်းပေါ့ပေါ့ပါးပါး ပြောလိုက်သည် ။
ချန်းရှောင်မီက ရိပ်မိလိုက်တာကြောင့် ရှက်သွေးဖြန်းသွားသည် ။
" အဲ့ဒါရောင်းဖို့သိမ်းထားတာလား ။ "
လုလင်း တံခါးမှာပုံထားတဲ့ တိရစ္ဆာန်အရေခွံကိုညွှန်ပြကာ မေးလိုက်သည် ။
ချန်းရှောင်မီ ခေါင်းညိတ်လိုက်သည် ။ သူတို့ အရက်ရောင်းခြင်းကနေ ကံကြမ္မာကောင်းရနေရင်တောင် အမဲလိုက်မှုအပေါ် အားထုတ်မှုမလျော့နိုင်ပေ ။ သူကအမြဲတမ်း အမဲလိုက်ခဲ့တာကြောင့် ခြေကုပ်ယူထားကာ ဘယ်တော့မှ စွန့်လွှတ်မည်မဟုတ်ပေ ။ သို့သော်လည်း အမဲလိုက်တဲ့အခါမှာတော့ ပိုသတိထားတတ်သည် ။ ငွေအတွက်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိရစ္ဆာန်တွေအပေါ် သူ့အသက်ကို မစွန့်စားတော့ပေ ။
လုလင်း သားရေကို သေချာကြည့်လိုက်ပြီး -
" မင်းဒါကိုရောင်းဖို့ မစဉ်းစားရသေးတာလား ။ ဒါက ဆောင်းတွင်းအပေါ်ထပ်အတွက် အတွင်းဝတ်အနေနဲ့ချုပ်လို့ရတယ် ။ အဖွားရှန်ကိုတောင် ကိုယ်တို့အတွက် လက်အိတ်အချို့ ချုပ်ခိုင်းလို့ရတယ် ။ ဒီနေရာက သားရေတွေက တကယ့်ကိုအရည်အသွေးကောင်းတယ် ။ ငါတို့သာ လက်အိတ်တွေကို သေချာလုပ်ရင် ဈေးကောင်းကောင်းနဲ့ရောင်းလို့ရတယ် ။ "
" လက်အိတ်? အဲ့ဒါက ဘာလဲ ။ "
လုလင်း သူ့လက်ကိုကမ်းလိုက်ကာ ရှင်းပြလိုက်သည် ။
" လက်အိတ်ဆိုတာ လက်အတွက်အနွေးဝတ်လိုပဲ ။ ဆောင်းတွင်းမှာ အဲ့ဒါဝတ်ရင် လက်ကအေးပြီးရောင်ရမ်း ကိုက်ခဲတာတွေမဖြစ်တော့ဘူး ။ "
ချန်းရှောင်မီ သူ့ခေါင်းစောင်းလိုက်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သက်ပြင်းရှိုက်မိသည် ။
"အဲ့ဒါက မင်းနေရပ်မှာ လူတိုင်းကြိုက်ကြတဲ့အရာလား ။ အရမ်းအဆင့်မြင့်တာပဲ ။ "
လုလင်း ပြုံးလိုက်ကာ ရှက်ရွံ့မိသွားသည် ။
တကယ်တော့ ချန်းရှောင်မီ ထိုလက်အိတ်ကိုဝတ်ဖို့ စိတ်မဝင်စားတဲ့အကြောင်းထုတ်မပြောလိုက်ပေ ။ သူ့အတွက် ထိုအရာကနုရွလွန်းသည်ဟု ထင်သည် ။ သူလုပ်တဲ့အလုပ်ကြမ်းတွေအားလုံးက ဆယ်မိနစ်အတွင်းမှာပင် ထိုလက်အိတ်ပေါက်ပြဲသွားနိုင်သည်ဟု ထင်သည် ။
လုလင်း ပြောဖို့လိုအပ်သည့် -
" မင်းရဲ့ကလေးတွေကို အခန်းသစ်မှာအိပ်ခိုင်းဖို့လိုတယ်နော် ။ "
အခုဆို အခန်းသစ်ကအားလုံးပြီးစီးသွားတာကြောင့် လုပ်ဆောင်ချက်တွေကိုပို့ချရတော့မည် ။
လုလင်း ချန်းရှောင်ခိုင်ကို ဘယ်လိုနားလည်လွယ်အောင်ပြောရမလဲဆိုတာ တွေးနေရသည်။ သူကကောင်းကောင်းခေါ်လို့မရတာကြောင့် သူ့ဆီသာသွားရန်ဆုံးဖြတ်လိုက်သည် ။
" ရှောင်ခိုင် ၊ မင်းက လူကြီးဖြစ်လာပြီနော် ။ မင်းသိလား ရဲရင့်တဲ့ ယောက်ျားတစ်ယောက်က သူ့အခန်းကိုအရွယ်ရောက်ပြီးသား သူတွေနဲ့မျှမသုံးဘူး ။ မတိုင်ခင်မင်းက လက်ထပ်ရတော့မှာဆိုတော့ ဒါကအလေ့အကျင့်ကောင်းပဲ ။ "
ချန်းရှောင်ခိုင်က နှုတ်ခမ်းဆူလိုက်ပြီး သူကလက်ထပ်ဖို့အကြောင်း စိတ်မဝင်စားပေ ။
" ရှောင်ခိုင် မင်းဘာတွေးနေလဲ ငါသိပါတယ် ။ ဒါပေမယ့် မင်းကမကြာခင် ဒါမှမဟုတ် အချိန်နည်းနည်းကြာတာနဲ့ လက်ထပ် ရတော့မှာပဲလေ ။ အဲ့ဒါ မင်းညီအစ်ကိုတွေကို ဂရုစိုက်နိုင်တဲ့ယောက်ျားတစ်ယောက်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ ။ အခု အားလုံးကိုယ်စီခန်တစ်လုံးရှိကြတာပဲ ။ ပြီးတော့ အကောင်းဆုံးအချက်က ညဘက်မင်းအစ်ကိုဟောက်သံကို မင်းမကြားရတော့ဘူး ။ "
လုလင်းက ဒီအချက်ဟာ ချန်းရှောင်ခိုင် သဘောကျသွားလောက်မည်ဟု ထင်နေသည် ။
" ငါ့အစ်ကိုက မဟောက်ဘူး ။ "
လုလင်းပြုံးလိုက်ကာ -
" အိုး ၊ ဒါဆို ဘယ်သူကဟောက်တာလဲ ။ ကြည့်ပါဦး ။ အဆုံးတော့ သူကအလုပ်ကိုအတော်လုပ်တာ ။ မင်းနဲ့ရှောင်မီသာ အခန်းသစ်မှာ အိပ်ရင် ငါနဲ့မင်းအစ်ကိုက မင်းဟောက်သံကိုမကြားရတော့ဘူးပေါ့ ။ "
ချန်းရှောင်ခိုင်က လုလင်းဘာကိုဦးတည်နေမှန်းသိတာကြောင့် ခြေထောက်ဆောင့်နင်းလိုက်ကာ ပြောလိုက်သည် ။
" ကောင်းပြီ ၊ ငါနဲ့ရှောင်မီ အခန်းသစ်မှာအိပ်ပြီး သူ့ကိုကောင်းကောင်းဂရုစိုက်လိုက်မယ် ။ "
" ငါမင်းကိုယုံပါတယ် ။ "
လုလင်းပြုံးဖြီးလိုက်ကာ -
" ငါတို့ ဟင်းရွက်စိမ်တွေကုန်နေပြီ ။ အဖွားရှန်ဆီက မင်းဝယ်ချင်လား ။ "
လုလင်း လတ်တလော အဖွားရှန်ဆီကဟင်းရွက်စိမ်တွေ အနည်းငယ်ဝယ်ဖြစ်သည် ။ တခါတရံ ချန်းရှောင်မိုင်နဲ့ ချန်းရှောင်ခိုင်ကို သူ့အတွက်ဝယ်ပေးဖို့ လက်တိုလက်တောင်းခိုင်းလေ့ရှိသည် ။ ဘာကြောင့်ဆို လူတွေနဲ့စကားပြောဖို့က ကလေးတွေအတွက် ကောင်းတဲ့အချက်ဟုထင်လို့ပင် ။
" သွားလိုက်မယ် ။ "
" လိမ်မာလိုက်တဲ့ကောင်လေး ။ ဒါကမင်းအတွက်ပဲ ။ "
လုလင်း ချန်းရှောင်ခိုင်အား သကြားအုပ်ထားတဲ့သစ်အယ်သီးကို သရေစာစားရန်လက်ထဲထည့်ပေးလိုက်သည် ။
လုလင်း တောင်ပေါ်ကသစ်အယ်သီးအချို့ကိုကောက်လာပြီး ဒီနေ့ကလေးတွေအတွက် သကြားရည်အုပ်ကာ သရေစာလုပ်ထားသည် ။ ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင်က အချိုအရသာကို သဘောကျကြသည် ။
ချန်းရှောင်မီက ရွာသားတွေဟာ သစ်အယ်သီးက အခွံမာကာ ဆူးငယ်လေးတွေရှိတာကြောင့် စားကောင်းမှန်းမသိကြတဲ့အကြောင်းပြောပြတုန်းက အလွန်အံ့ဩမိသည် ။ ရွာသားတွေအတွက်လည်း စိတ်မကောင်းဖြစ်မိသည် ။ သစ်အယ်သီးက အလွန်အရသာရှိတယ်လေ ။
လုလင်း စတိုးထဲမှာ သစ်အယ်သီးတချို့ကို သိုလှောင်လိုက်ပြီး ၊ ကျန်တာကို ဒီနေ့ကလေးတွေအတွက် သရေစာလုပ်ပေးသည် ။ ဒါပေမယ့် ချန်းရှောင်မီလည်း တချို့ကိုယူသည် ။ သူက ပထမတစ်ကိုက်မှာတင် အရသာအပေါ် ကျရှုံးသွားတာဖြစ်သည် ။
" ရှောင်ခိုင် မင်းရဲ့သူငယ်ချင်းတွေနဲ့ မျှဝေစားလို့ရတယ်နော် ။ "
လုလင်း ရှောင်ခိုင့်အား တိုက်တွန်းလိုက်သည် ။
" ဘာကြောင့် အဲ့လိုလုပ်ရမှာလဲ ။ ဒါက ကျွန်တော့်ဘာသာတောင် ကုန်တယ် ။ ပြီးတော့ အဲ့ဒါတွေက ကျွန်တော့ညီအစ်ကိုတွေနဲ့ပဲ အမြဲမျှဝေတာ ။ "
" ဖော်ရွေပြီး ရက်ရောတာက သူငယ်ချင်းကောင်းတွေ ပိုရလာနိုင်တယ် ။ "
" သူငယ်ချင်း ၊ ရွာထဲကကလေးတွေက အရမ်းမိုက်မဲတာ သူတို့နဲ့သူငယ်ချင်းမဖြစ်ချင်ပါဘူး ။ "
ချန်းရှောင်ခိုင် နှုတ်ခမ်းဆူကာ ပြောလိုက်သည် ။
လုလင်းက ချန်းရှောင်ခိုင်ရဲ့အလိုအလျောက်ကာကွယ်တတ်တဲ့အကြောင်းကို နားလည်သည် ။ ဘာကြောင့်ဆို သူက အခြားကလေးတွေနဲ့ အချိန်အကြာကြီး သူငယ်ချင်းဖွဲ့ဖို့ကြိုးစားခဲ့ပေမယ့် အခြားကလေးတွေက သူတို့မိဘတွေပြောတဲ့ ညံ့ဖျင်းတဲ့အကြောင်းအရာတွေကြောင့် သူ့ကိုလိမ်လည်လှည့်စားကြသည် ။ သူကို့အနိုင်ကျင့်ကာ သူနဲ့ဝေးဝေးမှာနေကြသည်။ ထိုအချိန်ကစလို့ ချန်းရှောင်ခိုင်က သူကိုယ်တိုင်အဝေးသို့ထွက်သွားရန် သင်ယုလိုက်သည် ။
ချန်းရှောင်ခိုင်အဆင်သင့်မဖြစ်သေးတာကို သိလိုက်ရတာကြောင့် ဖိအားမပေးတော့ဘဲ ခေါင်းလေးကိုပုတ်လိုက်သည် ။
ချန်းရှောင်ခိုင်က သူ့အိတ်ကပ်ထဲကို သစ်အယ်သီးတွေထည့်လိုက်သည် ။ အိတ်ကပ်က လုလင်းတောင်းဆိုမှုကြောင့် အဖွားရှန်ချုပ်ပေးထားတာဖြစ်ပြီး အလွန်အသုံးဝင်သည် ။အဖွားရှန်က ရှန်ချီအင်္ကျီကိုလည်း အိတ်ကပ်နှစ်ခု စပြီးချုပ်ပေးထားသည် ။
' ငါ နောက်ပိုင်း ရှန်ချီနဲ့ တွေ့ရင် တချို့တလေ မျှဝေပေးရတာ ကိစ္စမရှိပါဘူး ။ '
ချန်းရှောင်ခိုင်တွေးလိုက်သည် ။ သူက ရှန်ချီနဲ့တော်တော်အဆင်ပြေသည် ။ ချန်းရှောင်မိုင်လည်း ချန်းရှောင်ခိုင်က သူနဲ့အတူ အဖွားရှန်ဆီလိုက်ချင်လားလို့မေးတာကြောင့် အလွန်အံ့အားသင့်သွားသည် ။ ချန်းရှောင်မိုင်က လုလင်းအိမ်မရောက်ခင်တွင် အလွန်ဖျားနာတတ်တာကြောင့် အခြားလူတွေနဲ့တွေ့ရတာမျိုး အပြင်ထွက်ရတာမျိုး မရှိပေ ။ အခုသူက ပို၍နေထိုင်ကောင်းလာပြီး အပြင်ပိုထွက်ရတာကြောင့် သဘောကျလာသည် ။
အဖွားရှန်က ခြံဝန်းထဲကကောင်လေးနှစ်ယောက်ကို မြင်လိုက်ရတာကြောင့် ကြိုဆိုလိုက်သည် ။ အဖွားရှန်နဲ့ လုလင်းက ခုရက်ပိုင်းအတွင်းမှာပင် အလွန်ရင်းနှီးလာကြသည် ။ သူမက သူ့အား ဟင်းရွက်စိမ်နဲ့ အဝတ်ချုပ်ပေးတာတွေကနေ ငွေအချို့ရရှိသည် ။