Episode 32
Viewers 7k

~ဈေးပွဲတော်သို့အတူတူသွားခြင်း~


အဖွားရှန်က အိမ်မှာလုလင်းရှာတွေ့ခဲ့တဲ့ သားရေတွေနဲ့ လက်အိတ်အစုံတစ်ရာကျော် ချုပ်ခဲ့သည် ။ လုလင်းက အဖွားရှန်ကို နှစ်စုံပြန်ပေးပြီး အနားယူစေသည် ။


" အစ်ကိုကြီး နောက်ရက်နည်းနည်းလောက်နေရင် ပွဲဈေးကိုသွားမှာလား ။ "


ချန်းရှောင်ခိုင်ရဲ့အမေးကို ချန်းရှောင်မီခေါင်းငြိမ့်ပြလိုက်ကာ -


" ငါတို့အားလုံးသွားကြမှာ ။ "


ချန်းရှောင်မီက လက်အိတ်တစ်စုံကို စမ်းဝတ်ကြည့်ပြီး ပြောသည် ။


" ဒီလက်အိတ်တွေရောင်းဖို့ သွားမှာ ။ "


အဖွားရှန်က လက်အိတ်ပုံစံနှစ်မျိုးပြုလုပ်ပေးသည် ။ တစ်မျိုးက လက်ချောင်းမဖော်ထားပဲ လက်တစ်ချောင်းချင်းစီတိုင်း လုံလုံခြုံခြုံဖုံးအုပ်ထားသည် ။ တခြားတမျိုးက လက်မနဲ့ လက်ချောင်းတွေကို ထုတ်‌လို့ရအောင်လုပ်ထားပေးသည် ။ ချန်းရှောင်မီ သူတို့ကိုအလွန်စိတ်ဝင်စားနေသည် ။ လက်ချောင်းတွေကချက်ချင်းနွေးထွေးလာသလိုခံစားရပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့လဲရသည် ။ 


ချန်းရှောင်ခိုင်လည်း တစ်စုံစမ်းဝတ်ကြည့်ကာ တိုးတိုးတိတ်တိတ်ပြောမိသည် ။ 


" ဒါတွေကိုရောင်းလို့ရမယ်လို့ မထင်မိဘူးနော် ။ ဒါတွေက နွေးထွေးပြီး လှပပေမယ့် လယ်အလုပ်လုပ်တဲ့လူတွေအတွက် အနှောင့်အယှက်ဖြစ်နိုင်တယ် ။ ပြီးတော့ အလွယ်တကူ ညစ်ပတ်နိုင်တယ် ။ "


" ငါယုံကြည်တယ် ။ ဒီပွဲတော်က ကြီးမားတဲ့ပွဲတော်ဖြစ်တာကြောင့် ချမ်းသာတဲ့လူငယ်တွေ လာကြလိမ့်မယ် ။ လက်အိတ်ကလှပနေဆဲပဲမို့ သူတို့တွေ ကြိုက်ကြမယ်လို့ ထင်တယ် ။ မိန်းကလေးတွေကို ပြသဖို့ အစုံရေအနည်းအကျင်းလောက်တော့ဝယ်ကြမှာပဲ ။ "


" အစ်ကိုကြီး ၊ သေချာအောင်ထပ်မေးချင်လို့ ။ ကျွန်တော်နဲ့ရှောင်မီကို ပွဲတော်ခေါ်သွားမှာကတကယ်လားဟင် ။ "


ချန်းရှောင်မီခေါင်းညိတ်ကာ အတည်ပြုပေးလိုက်သည် ။


" အဲ့ဒါအမှန်ပဲ ၊ ငါတို့အားလုံးသွားကြမှာ ။ "


ချန်းရှောင်မီက အမြဲတမ်း အရောင်းပြခန်းတွေနဲ့ပွဲတော်တွေဆီကို သူ့ညီနှစ်ယောက်အားခေါ်သွားချင်ခဲ့သည် ။ သို့သော် သူတို့မှာ လှည်းမရှိတာကြောင့် ထိုစိတ်ကူးကိုသိမ်းထားခဲ့ရသည် ။ အခုတော့မြင်းလှည်းရှိနေပြီဖြစ်ပြီး ပွဲတော်တိုင်းကို အတူတူဆင်နွှဲလို့ရပြီဖြစ်သည် ။ 


ပွဲတော်က မြို့ပေါ်မှာအကြီးဆုံးဆောင်းရာသီပွဲတော်ဖြစ်သည် ။ အနီးအနားကရွာသားတွေနဲ့ မြို့ပေါ်မှနေတစ်ဆင့် ဖောက်သည်တွေရနိုင်သည် ။ 


ဒီမနက် လုလင်းစောစောထပြီး ချန်းရှောင်မီနဲ့အတူတူ မနက်စာချက်ပြုတ်ကာ ကလေးနှစ်ယောက်ကို နှိုးသည် ။ လူတိုင်းက ပျော်ရွှင်မှုတွေဝေဖြာနေသည် ။


ချန်းရှောင်မိုင်က အလွန်တက်ကြွနေကာ လှည်းပေါ်မှာ ကန့်လန့်ကာ မပြီး အပြင်ဘက်ကို ကြည့်ရှုနေသည် ။ ချန်းရှောင်မိုင်နဲ့ယှဉ်ရင် ချန်းရှောင်ခိုင်က နည်းနည်းတိတ်ဆိတ်တယ်လို့ ဆိုရမှာပေမယ့် သူ့ရဲ့တောက်ပနေတဲ့မျက်ဝန်းအစုံက သူ့ခံစားချက်ကို ဖော်ပြနေသည် ။ ‌ကလေးတွေက အလွန်စိတ်တက်ကြွနေကြသည် ။ 


လုလင်း ပွဲတော်ကိုခြေကျင်သွားနေကြတဲ့ရွာသားတချို့နဲ့ ဆုံမိသည်။ ဒီနေရာမှာ လှည်းရှိတဲ့မိသားစုက လက်တစ်ဆုပ်စာသာရှိပြီး လူတိုင်းက ပွဲတော်ကို သွားကြတာကြောင့် ရွာသားအများစုက လမ်းလျှောက်ကြရသည် ။


ရွာသားတွေက မြင်းလှည်းကိုမနာလိုစွာစိုက်ကြည့်ပြီး -


" ချန်းရှောင်မီတို့ မိသားစုက အရမ်းချမ်းသာတာပဲ ။ သူတို့မှာ အရမ်းကြီးတဲ့ ကိုယ်ပိုင်မြင်းလှည်းကြီးရှိတယ် ။ "


" ဟုတ်တာပေါ့ ၊ ငါကြားတာတော့ ပင်လယ်ကွေ့ရွာကသူတွေက သူတို့ကိုခန်ဆောက်နည်းသင်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ တကယ်ကောင်းတဲ့လက်ဆောင်တွေအများကြီး ပို့ပေးတယ်တဲ့ ။ "


" ငါတို့ရွာက ကျန်းတာ့ကျူးတို့လည်း တူညီတဲ့အကြောင်းပြချက်နဲ့ သူတို့ဆီသွားလည်ပြီး လက်ဆောင်ကောင်းတွေပေးတယ်လို့ ကြားတယ် ။ "


" ငါလည်း ကြားမိသေးတယ် ။ ခုဆို ပင်လယ်ကွေ့ရွာတစ်ရွာလုံးက သူတို့ဆီကနေ ကန်စွန်း‌ဥပမာဏအများကြီး ဝယ်တဲ့အတွက် လုလင်းနဲ့ချန်းရှောင်မီကို နက်နက်နဲနဲကျေးဇူးတင်နေကြတာတဲ့ ။ တခြားတစ်ဖက်ကပြောရရင် ကန်စွန်းဥတွေက နှင်းခါးရိုက်ရင် ပျက်စီးနိုင်တယ်လေ ။ "


ကျန်းတာ့ကျူးနဲ့သူ့အဖွဲ့က ချန်းရှောင်မီကိုကျေးဇူးတင်တဲ့အနေနဲ့ ပိုက်ဆံတချို့ပေးခဲ့ပေမယ့် လွီကွေ့ရုံတို့အဖွဲ့ လက်ဆောင်တွေနဲ့သွားလည်ခဲ့သည့်တိုင်အောင် သူတို့ကတော့ လူကိုယ်တိုင်သွားရောက်ကာ ကျေးဇူးတင်ကြောင်းပြောသင့်ပေမယ့် မသွားခဲ့ပေ ။ 


ယန်းဟန်ကျီး မိသားစုက ဘဏ္ဍာထိန်းလည်း ထိုအကြောင်းကိုကြားသည် ။ သူနဲ့ချန်းရှောင်မီက သားကောင်လတ်လတ်ဆတ်ဆတ်တွေအတွက် အကြိမ်ရေတချို့ ဆက်ဆံဘူးသည်မို့ ချန်းရှောင်မီကို ကောင်းကောင်းသိသည် ။ ခန်ဆောက်လုပ်ဖို့ သူတို့ကိုမသင်ပြတဲ့အတွက်ကျောက်ကြီးရွာကရွာသားတွေက ဆက်လက်အပြစ်တင်နေဆဲဆိုတာ ကြားလိုက်ရတဲ့အခါ သူက သဘာဝကျကျပင် မခံမရပ်နိုင်ဖြစ်နေတော့သည် ။ 


သူက ကျောက်ကြီးရွာကရွာသားတွေဟာ ကျေးဇူးမသိတတ်ဘူးဟုသတင်းဖြန့်လိုက်ပြီး ပင်လယ်ကွေ့ရွာကရွာသားတွေကတော့ ဆန့်ကျင်ဘက်ဖြစ်ကာ အလွန်ကျေးဇူးသိတတ်ပြီး သူတို့ကိုကျွေးတဲ့လက်ကို အလွန်လေးစားသည်ဟု ဆိုလိုက်သည် ။ 


လူတွေက ကျန်းတာ့ကျူးတို့အဖွဲ့ကို စတင်မေးခွန်းထုတ်လာကြသည် ။ 


" မင်းဒီပညာကို ဘယ်ကနေသင်လာတာလဲ ။ "

" မင်းကိုသင်ပေးတဲ့သူကို ကျေးဇူးတင်ပြီးပြီလား ။ "


ကျန်းတာ့ကျူးတို့အဖွဲ့က အလွန်ရှက်ရွံ့သွားခဲ့ပြီး ချန်းရှောင်မီဆီသွားလည်ကာ လက်ဆောင်တွေလည်းယူသွားခဲ့သည် ။ ကျန်းတာ့ကျူးက လုလင်းတို့အိမ်မှာ ခန်နှစ်လုံးရှိမှန်းသိတာကြောင့် စဉ်းစားသမှုပြုကာ ထင်းပမာဏ များများယူသွားပေးသည် ။ 


ကျောက်ကြီးရွာမှရွာသားတွေက ကျန်းတာ့ကျူးရဲ့ ကောင်းမွန်သောလုပ်ဆောင်ချက်အပေါ် မတူညီတဲ့ယူဆချက်တွေရှိနေသည် ။ တချို့က လုံးဝမလိုအပ်ဖူးလို့ထင်ကြပြီး ချန်းရှောင်မီကသာ လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာဟု ယူဆကြသည် ။ တချို့ကတော့ ကျန်းတာ့ကျူးက ချန်းရှောင်မီကို ကျေးဇူးတင်သင့်သည်ဟု ယူဆသည် ။ 


" ဘာတွေဖြစ်နေတာလဲ ။ ချန်းရှောင်မီနဲ့ ပတ်သတ်ပြီး လူတွေကဘာပြောကြလို့လဲ ။ "


" ခု ငါတို့ရွာမှာ သူကအချမ်းသာဆုံးသူ ဖြစ်နိုင်တယ် ။ "


" ဘုရားရေ ၊ သူဘယ်လိုဖြစ်သွားတာလဲ မင်းသိလား ။ "


" တချို့ကတော့ တောင်ပေါ်မှာ ဂျင်ဆင်းတွေတွေ့ပြီး ရောင်းရင်းကနေ ‌ကံကောင်းလာတယ်လို့ပြောကြတယ် ။ "


" ကောင်းကင်ဘုံက ချန်းရှောင်မီလိုလူကို ဘက်လိုက်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ ။ သူက သူ့အဖွားဆီကိုတောင် သားသမီးဝတ်မကျေပြွန်ပဲနဲ့ ။ "


" ငါ့အမြင်ကတော့ ကွဲပြားတယ် ။ အဖွားချန်းက ချန်းရှောင်မီရဲ့အဖေကို အမဲလိုက်ဖို့ တောင်ပေါ်တက်ခိုင်းတာလေ ။ သူ့ရဲ့အဆုံးသတ်ဘယ်လိုဖြစ်သွားလဲဆိုတာ ငါတို့အားလုံးသိတာပဲ ။ ချန်းရှောင်မီရဲ့အဖေက အမဲလိုက်ဖို့သွားလို့ အသက်‌ဆုံးရှုံးသွားရတယ် ။ ပြီးတော့ သခင်ငယ်လေးက အစေခံအမျိုးသမီးနှစ်ယောက်ကို သေတဲ့အထိရိုက်နှက်ခဲ့မှန်း သူသိသိရက်နဲ့ ချန်းရှောင်ခိုင်ကို အဲ့ဒီမိသားစုဆီ ရောင်းစားဖို့ အစီအစဉ်ဆွဲတယ်လေ ။ သူ့ရဲ့အဖိုးအဖွားတွေအပေါ်ထားတဲ့ ချန်းရှောင်မီရဲ့ အပြုအမူကိုငါလုံးဝနားလည်နိုင်တယ် ။ "


ရွာသား‌တချို့ယုံကြည်နေကြတဲ့ ချန်းရှောင်မီက အဖွားချန်းအပေါ် သားသမီးဝတ်တရားမကျေပြွန်ဟု ဝေဖန်ခဲ့တာတွေကို စတင်ကာ ပြောင်းလဲ နားလည်လာကြသည် ။ ပြီးတော့ သူတို့က ချန်းရှောင်မီရဲ့လုပ်ရပ်က မှန်ကန်တယ်လို့ သတ်မှတ်ကြသည် ။ ဘာလို့ဆို သူက မုဆိုးတွေအားလုံးထဲမှာမှ ဂျင်ဆင်းတွေ့ခဲ့ပြီး ကောင်း‌ကင်ဘုံရဲ့ဘက်လိုက်မှုကိုခံရကာ သူ့မိသားစုလည်း ချမ်းသာလာကြသည်လေ ။