Episode 33
Viewers 7k

~လမ်းဘေးဈေးသည်လေး ရှောင်ခိုင်နဲ့ရှောင်မိုင်~


လုလင်းနဲ့ ချန်းညီအစ်ကိုတွေက ဆိုင်ခန်းကောင်းကောင်းကို အစောဆုံးရယူလိုက်နိုင်သည် ။ 


ပျံကျဈေးသည်တွေက ဆိုင်ခန်းအတွက်‌ ငွေပေးချေဖို့လိုအပ်ပေမယ့် ဆောင်းရာသီပွဲတော်မှာတော့ ခြွင်းချက်ပင် ။ 


" ပထမဆုံးလာတဲ့သူက ပထမဆုံးရရှိမယ် ။ "


လုလင်းနဲ့ ချန်းညီအစ်ကိုတွေက ဆိုင်ခန်းကို စတင်ပြင်ဆင်တဲ့အချိန်၌ လမ်းထဲသို့အခြားဈေးသည်တွေတစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည် ။ သူတို့တွေက မီးအိမ်ရောင်းတဲ့သူ၊ သရေစာရောင်းတဲ့သူ ၊ မီးဖိုချောင်သုံးပစ္စည်းရောင်းတဲ့သူ ၊ အထည်တွေရောင်းတဲ့သူ စသဖြင့် လိုချင်တာအားလုံးရနိုင်သည် ။ 


လုလင်း လက်အိတ်ကိုအမျိုးအစားသုံးခုခွဲလိုက်သည် ။ ဘယ်ဘက်ကို ဆင့်သုံးရာ ၊ ညာဘက်ကို ဆင့်ငါးရာ ၊ အလယ်ကို ငွေနှစ်ပြားဟူ၍ပင် ။


" ဘာ! ငွေ‌နှစ်ပြားဟုတ်လား ။ "


ချန်းရှောင်ခိုင် အလွန်အံ့အားသင့်စွာမေးလိုက်သည် ။


လုလင်းခေါင်းညိတ်ပြလိုက်တာကြောင့် ချန်းရှောင်ခိုင်ရဲ့ မျက်ဝန်းအစုံက ပြူးကျယ်သွားကာ -


" ‌ငွေနှစ်ပြားက ကန်စွန်းဥ ကီလိုငါးရာတောင်ဝယ်နိုင်တယ်လေ ။ ဆင့်သုံးရာကတောင်အတော် ဈေးကြီးနေ‌ပြီထင်‌နေတာကို ငွေနှစ်ပြားတဲ့လား ။ "


"ဒါက မြေခွေးသားရေနဲ့လုပ်ထားတာလေ ။ ဒါဘယ်လောက်တောင် ရှားပါးလည်း မင်းသိလား ။ "


လုလင်းက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည် ။


မြေခွေးသားရေက မြို့ပေါ်ရှိအရေးပါအရာရောက်သူများနဲ့ နံမည်ကြီးအရာရှိကြီးများကြားတွင် ခေတ်စားသည် ။ မြေခွေးက ချန်းရှောင်မီထောင်ထားသော ထောင်ချောက်ထဲ၌ အထိအခိုက်များသွားကာ သားရေကအခြေအနေသိပ်မ‌ကောင်းတော့ခြင်းက စိတ်မကောင်းစရာပင် ။ ထို့ကြောင့်လုလင်းက အဖွားရှန်အား လက်အိတ်ချုပ်ရန်အပ်လိုက်ခြင်းဖြစ်သည် ။ 


" ခိုင် ၊ မိုင်.... မင်းတို့ကလေးတွေကို ဝယ်သူတွေကိုဆွဲဆောင်ဖို့အတွက် အားကိုးလိုက်မယ်နော် ။ ငါတို့ လက်အိတ်တွေရောင်းကြစို့ ။ မင်းတို့အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် ငါမင်းတို့ကို ပျားရည်ကိတ်မုန့် ဝယ်ကျွေးမယ် ။ "


လူတွေအများကြီးဖြတ်လျှောက်သွားတာကို မြင်လိုက်ရတဲ့အခါ လုလင်းအနည်းငယ်ရှက်ရွံ့သွားသည် ။ ဒါကြောင့် သူ့ထက် ချန်းကလေးတွေက ပို၍ကြည့်ကောင်းပြီးအဆင်ပြေတာကြောင့် သူတို့အားရောင်းရန် တာဝန်ပေးလိုက်သည် ။


ချန်းရှောင်ခိုင် လုလင်းကိုလှမ်းကြည့်လိုက်ပြီး လုလင်းရဲ့ အပြုအမူကိုအထင်သေးပေမယ့် သူကအနည်းငယ်အမျှော်အမြင်ရှိသည်လို့တော့ ထင်မိသည် ။ 


သို့သော် ‌ချန်းရှောင်မိုင်ကတော့ သူ့ပါးစပ်ကိုရိုက်လိုက်ကာ အံ့ဩတကြီးမေးလေသည် ။


" ပျားရည်ကိတ် ၊ တကယ်ကြီးလား ။ "


လုလင်းခေါင်းညိတ်လိုက်ကာ လေးလေးနက်နက်ဖြင့် ပြန်ဖြေလိုက်သည် ။


" ဟုတ်တယ် ၊ ပျားရည်ကိတ်တွေ မင်းလိုချင်သလောက်ရစေရမယ် ။ "


ချန်းရှောင်မိုင်လက်ချောင်းတွေကိုချိုးကာ ခဏအကြာ စဥ်းစားပြီးတာနဲ့ အဆုတ်ကွဲမတတ်အော်ဟစ်တော့သည် ။


" လက်အိတ်တွေနော် ၊ အံ့ဩစရာကောင်းတဲ့ သားရေလက်အိတ်တွေ ဝယ်ကြပါ ။ "


ချန်းရှောင်မိုင် အစွမ်းကုန်ကြိုးစားနေတာကိုကြည့်ပြီး ချန်းရှောင်ခိုင် နှဖူးဖိလိုက်မိသည် ။


' ငါ့ညီလေးက အရမ်းအယုံလွယ်တာပဲ ။ လူတွေအများကြီးအရှေ့မှာ အော်ဟစ်နေတာက မယုံနိုင်စရာပဲ ။ ပျားရည်ကိတ်မုန့်တစ်ပိုင်းတစ်စအတွက်တဲ့လေ ။ '


ချန်းရှောင်မိုင် ချန်းရှောင်ခိုင်အား ကူညီပေးရန်စိုက်ကြည့်လိုက်သည်။ ချန်းရှောင်ခိုင် သူ့ခေါင်းကိုယမ်းလိုက်ကာ စိတ်ကိုတွန်းအားပေးပြီး သူ့ညီနဲ့ဝင်ပေါင်းလိုက်သည် ။ 


ချန်းရှောင်မိုင်က ကျားရုပ်ချည်ထိုးထားတဲ့ ခေါင်းဆောင်းပါသော ဆောင်းတွင်အပေါ်ထပ် အသစ်လေးကို ဝတ်ဆင်ထားပြီး လုလင်းရဲ့ အထူးဂရုစိုက်ထားမှုကြောင့် ပါးပြင်မှာ ပန်းနုရောင်သန်းနေကာ သာယာတဲ့အသံခပ်မြင့်မြင့်ဖြင့် အော်နေသည် ။ မကြာခင်မှာပဲ သူတို့ဆိုင်ခန်းနားတွင် ဝယ်သူတွေစုရုံးလာတော့သည် ။ သို့သော်လည်း ဝယ်သူအများစုက ဈေးနှုန်းမြင့်မားလွန်းတာကြောင့် ချက်ချင်း လှည့်ပြန်သွားကြသည် ။


ထိုအရာကိုချန်းရှောင်ခိုင်မြင်တဲ့အခါ အနည်းငယ် စိတ်တိုလာပြီး လုလင်းအား ဈေးလျော့ရောင်းရန် အကြံပေးလိုက်သည် ။ 


လုလင်းက သူ့ခေါင်းကိုယမ်းခါလိုက်ကာ -


" ဟင့်အင်း ၊ ဒါက အဆင်ပြေတဲ့ဈေးနှုန်းလို့ ငါယုံတယ် ။ "


' လူတွေက ငါတို့ပုံစံကို ကူးယူဖို့စတင်လာကြလိမ့်မယ် ။ လက်အိတ်က ဒီ‌ရက်တွေအတွင်း ဈေးတိုင်းမှာရှိလာမယ်ဆိုရင် ငါတို့ဈေးကောင်းကောင်းနဲ့ရောင်းလို့ရမှာမဟုတ်တော့ဘူး ။ ငါတို့ယုံကြည်မှုရှိဖို့လိုတယ် ။ တန်ဖိုးသတ်မှတ်ထားဖို့လိုတယ် ။ ကလေးတွေ ၊ ချမ်းသာတဲ့မိသားစုက သခင်ငယ်လေးတွေက ငါတို့ပစ်မှတ်ပဲ ။ '


လုလင်းတွေးလိုက်သည် ။


ချန်းရှောင်ခိုင် အကူအညီရရန် ချန်းရှောင်မီအားကြည့်လိုက်ပေမယ့် သူကတုံ့ဆိုင်းမှုမရှိဘဲ -


" လုလင်း စကားကိုနားထောင်လိုက် ။ "


ချန်းရှောင်ခိုင် ခေါင်းငိုက်ကျသွားကာ ထိုစကားကြားလိုက်ရတာကြောင့် အံ့အားသင့်သွားသည် ။ ကြည့်ရတာ သူ့အစ်ကိုကြီးက လုလင်းပြောစကားကို ပိုပိုပြီး နားထောင်လာပုံရသည် ။ ကောတွေက သူ့ခင်ပွန်းရဲ့စကားကို နားထောင်ရမည်ဟု သတ်မှတ်ထားမှန်းသိပေမယ့် သူ့အစ်ကိုကြီးကိုတော့ ကွဲပြားလိမ့်မယ်ဟု ထင်ခဲ့တာဖြစ်သည် ။ 


ချန်းရှောင်ခိုင်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေမှန်း သူမသိပေမယ့် သူ့အမြင်အရတော့ အလွန်ရိုးရှင်းသည် ။ လုလင်းက ပညာပိုတတ်ကာ သူ့ထက် ပိုသွားလာဖူးသည် ။ ပြီးလျှင် လက်အိတ်ချုပ်လုပ်ခြင်းမှာ လုလင်းရဲ့စိတ်ကူး အသစ်အဆန်းဖြစ်နေသည် ။ ဒါကြောင့် လုလင်းစကားကို နားထောင်တာကသာလျှင်အဆင်ပြေမည် ။ 


အဆိုးဆုံးအခြေအနေက ဘာမှမရောင်းရရုံသာရှိပြီး ဒါတွေက အမှိုက်သဖွယ် သိမ်းထားရတဲ့ သားရေတွေသာဖြစ်ပေသည် ။ 


မြေခွေးသားရေခြုံထည်ကို ဝတ်ဆင်ထားတဲ့ သခင်လေးက သူ့နောက်လိုက်တွေနဲ့ ဆိုင်ရှေ့ကဖြတ်သွားတာကို လုလင်းမြင်လိုက်တာကြောင့် ချန်းရှောင်မိုင်အား ချက်ချင်း မျက်စပြစ်ပြလိုက်သည် ။ 


ရှောင်မိုင်နဲ့သူက အိမ်မှာ ကြိုတင်ဇာတ်တိုက်ထားတာကြောင့် မိုင်က ချိတ်ဆက်မိလိုက်သည် ။ သူက သူ့လက်ကလက်အိတ်တွေကို ပိုမြင်အောင် လက်ကိုမြှောက်လိုက်ပြီး အသံကိုမြှင့်ကာ အော်လိုက်သည် ။ 


" သခင်လေးခင်ဗျ ၊ သားတို့ရဲ့လက်အိတ်တွေကို ကြည့်ပါဦး ။ "


ပတ်ဝန်းကျင်ကို စူးစမ်းနေတဲ့ သခင်လေးက ချန်းရှောင်မိုင်ရဲ့ဆွဲဆောက်မှုကိုခံလိုက်ရကာ ပြန်လှည့်လာပြီး ဆိုင်ကိုစူးစမ်းသည် ။


" မင်းက ဘာတွေရောင်းတာလဲ ။ "


လုလင်းက သခင်လေးအား မြေခွေးသားရေ လက်အိတ်တစ်စုံကို ပေးလိုက်ပြီး လျှင်မြန်စွာ ရှင်းပြလိုက်သည် ။


" ဒါတွေကို လက်အိတ်လို့ခေါ်ပါတယ် ။ ဝတ်ကြည့်ပေးပါ ။ သူတို့က သခင်လေးပညာလေ့လာနေတဲ့အချိန် အေးခဲတဲ့ညတွေမှာ သခင်လေးလက်တွေကို နွေးထွေးစေပါလိမ့်မယ် ။ သခင်လေး လက်တွေအသုံးမပြုဘူးဆိုရင် အပြည့်ဖုံးအုပ်ထားလို့ရပြီး သခင်လေး စာလေ့လာဖို့ ၊ စာရေးဖို့ဆိုရင် လက်ချောင်းလေးတွေဖော်ထားလို့ရပါတယ် ။ "


သခင်လေးက အလွန်စိတ်ဝင်စားသွားကာ-


" အရမ်းကောင်းတယ် ။ အဲ့ဒါတွေက ဘယ်လောက်လဲ ။ "


လုလင်းက ပြုံလိုက်ကာ -


" ငွေနှစ်ပြားပါ ။ "


သူ့နောက်လိုက်က မျက်မှောင်ကြုတ်ကာ ပြောသည် ။


" ငွေနှစ်ပြား! ဘယ်လိုတောင် ညာစားရဲတာလဲ ။ "


ထိုနောက်လိုက်က လုလင်းကို သေချာကြည့်ကာ -


' မင်းဘာတွေတွေးနေလဲဆိုတာငါသိတယ် ။ လောကကြီးအကြောင်းဘာမှမသိသေးတဲ့ ငါတို့သခင်လေးကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ရုံနဲ့ မတော်မတရားငွေပမာဏကို သူပေးလိမ့်မယ် ဆိုပြီးလေ ။ '


ထိုနောက်လိုက်စကားကို ကြားလိုက်ရတဲ့အခါ သူအံ့ဩမနေပေ ။ 

' တော်လိုက်တဲ့ ကောင်လေး ၊ သူ့သခင်လေးကို ကာကွယ်ဖို့ကြိုးစားနေတာ ။ '


လုလင်းပြုံးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် စတင်ရှင်းပြလိုက်သည် ။


" ဒီအလယ်က လက်အိတ်တွေက ဈေးထဲမှာ သခင်လေးမြင်‌လေ့ရှိတဲ့ အကောင်းဆုံးမြေခွေးသားရေနဲ့ ပြုလုပ်ထားတာပါ ။ ဒီမှာအားလုံးပေါင်းမှ အစုံနည်းနည်းပဲ ရှိတယ် ။ ဒါက အရမ်းဈေးကြီးတယ်လို့ မြင်ရင် ဒီညာဘက်က တစ်ခုကတော့ ယုန်သားရေနဲ့လုပ်ထားတာမို့ သုံးရာဆင့်ပဲရှိပါတယ် ။ ရိုးရှင်းတဲ့ ပုံစံဖြစ်ပေမယ့် သူတို့က ကောင်းကောင်းအနွေးဓာတ်ပေးပါတယ် ။ ကျွန်တော် မြေခွေးသားရေကိုပဲ အကြံပြုရခြင်းက သခင်လေးနဲ့ပိုပြီးသင့်တော်မယ်ထင်လို့ပါ ခင်ဗျ ။ "


သခင်လေးရဲ့ နံမည်က လွီယီဖြစ်ပြီး သူက လုလင်းရဲ့ ပြန်လည်ဖြေရှင်းချက်ကို သဘောကျသွားသည် ။ 


" မင်းကတကယ်တော်တဲ့ စီးပွားရေးသမားတစ်ယောက်ပဲ ။ ဒါတွေက အရမ်းကြည့်လို့ကောင်းတယ် ၊ ငါအဲ့ဒါတွေယူမယ် ။ မြေခွေးသားရေထဲက နှစ်စုံ ၊ ယုန်သားရေထဲက ငါးစုံ ။ "


လွီယီက နားလည်သွားတာကြောင့် မြေခွေးသားရေကို သူ့အတွက် ဝယ်ပြီး သူ့မိသားစုနဲ့ သူငယ်‌ချင်း‌တွေကိုတော့ ယုန်သားရေတွေ လက်ဆောင်ပေးနိုင်သည် ။ 


လုလင်းက ပြုံးလိုက်ကာ -


" ကောင်းတာပေါ့ဗျာ ၊ အားလုံးပေါင်း ငွေငါးပြားနဲ့ ငါးရာဆင့် ကျပါတယ် ။ သခင်လေးက ပထမဆုံးဈေးဝယ်သူဖြစ်တာမို့ ငွေငါးပြားပဲ ပေးပါ ။ "


လွီယီက လက်ခံလိုက်ကာ လုလင်းအား ချက်ချင်းငွေရှင်းပေးလိုက်ပြီးတာနဲ့ လုလင်းကလည်း ချန်းရှောင်မီရဲ့ အိတ်ကပ်ထဲကို ငွေတစ်ခါတည်း ထည့်ပေးလိုက်သည် ။ 


လက်အိတ်တွေက ဒီခေတ်ကာလမှာ ‌အတော်ထူးဆန်းတာမို့ လူတွေအများကြီးကို ဆွဲဆောင်နိုင်သည် ။ ဒါပေမယ့် အများစုကတော့ ကြည့်ရုံသာကြည့်ပြီး သူတို့ကိုယ်တိုင်ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြသည်။  


လွီယီပြီးတဲ့နောက်မှာ သူတို့ ဝယ်သူတချို့ထပ်ရကြပေမယ့် ယုန်သားရေတွေကိုသာဝယ်ကြသည် ။ နာရီတချို့ကြာပြီးတဲ့အခါ ပြည့်ပြည့်ဖြိုးဖြိုးအမျိုးသမီးက နှစ်စုံ လာမဝယ်ခင်အထိ သူတို့မြေခွေးသားရေအား မရောင်းရပေ ။ 


ချန်းရှောင်မီက သူမျှော်လင့်ထားတာထက် အများကြီးပိုရတာကြောင့် ပျော်ရွှင်လာသည် ။ 

'ချမ်းသာတဲ့သူတွေက ဒီလိုသေးငယ်တဲ့အရာလေးအတွက်တောင် ငွေနှစ်ပြားသုံးဖို့ ဆန္ဒရှိနေကြတယ် ။'


ထိုပြည့်ပြည့်ဖြိုးဖြိုးအမျိုးသမီးကြီးထွက်သွားပြီး မကြာခင်မှာပဲ ကောင်းမွန်စွာဝတ်စားထားတဲ့ သခင်လေးအုပ်စု‌ သူတို့ဆိုင်ဆီရောက်လာသည် ။


" မင်းတို့ဆီမှာ မြေခွေးသားရေရှိသေးလား ။"


လုလင်းပြုံးကာ ပြန်ဖြေလိုက်သည် ။ 


" လေးစုံပဲ ကျန်ပါတော့တယ် ။ "


လုလင်းမျက်လုံးမှေးကြဉ်းလိုက်ပြီး လွီယီ သူ့ရဲ့‌ မြေခွေးသားရေလက်အိတ်ကိုပြလိုက်တာကြောင့် ဒီသခင်လေးတွေရောက်လာတာဖြစ်ရမည်ဟု တွေးမိလိုက်သည် ။


" ငါအဲ့ဒါတွေ အားလုံးယူမယ် ။ "


" ဒါမမျှတဘူး ။ ငါတို့အားလုံး ဒီကိုအတူတူရောက်လာတာ ။ မင်းတစ်ယောက်တည်း အကုန်ယူလို့မရဘူးကွ ။ "


သခင်လေးတစ်ယောက်က လေးစုံလုံး လက်ဝါးကြီးအုပ်ချင်တဲ့ သူ့သူငယ်ချင်းကို စိုက်ကြည့်ကာ ပြောလိုက်သည် ။ 


ချမ်းသာတဲ့ သခင်လေးတွေက ပကာသဏတွေအပေါ် စိတ်ဓာတ်တက်ကြွကြသည် ။ ချမ်းသာတဲ့မိသားစုတွေက သူတို့ဂုဏ်ရည်တူတွေကြားထဲမှာ ကြွားလုံးထုတ်ရတာကို သဘောကြသည် ။ ငွေနှစ်ပြားက သာမန်မိသားစုတွေအတွက်ဈေးကြီးပေမယ့် သူတို့လို ချမ်းသာတဲ့ကလေးတွေအတွက်ကတော့ ထိုသို့မဟုတ်ပေ ။ ရွာက မိသားစုတွေ တစ်နှစ်ပတ်လုံး စားသောက်လို့ရတဲ့ပမာဏကို သူတို့သုံးစွဲနိုင်သည် ။ 


" မင်းသိလား ၊ ဒါတွေအားလုံးသာ ငါ့ကိုရောင်းမယ်ဆို တစ်စုံကို ငွေသုံးပြားဆီပေးမယ် ။ "


" မင်းက ငတုံးပဲ ။ ဒါဘောင်ကျော်နေပြီကွ ။ "


ထိုအဖွဲ့က လက်အိတ်တွေရဖို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်‌ပြိုင်ကြတော့သည်။ လုလင်းနဲ့ ချန်းညီအစ်ကိုတွေက ချမ်းသာတဲ့သခင်လေးတွေကို ကျေးဇူးတင်မိသည် ။


သူတို့ဆိုင်နားမှာ သခင်လေးတွေငြင်းခုန်နေတာကို လူတချို့ပျော်ရွှင်စွာကြည့်နေတာကို လုလင်းသတိထားမိပေမယ့် အာရုံအများကြီးမစိုက်ပေ ။ 


သူတို့က ယုန်သား‌ရေလက်အိတ်ကနေ ငွေ ဆယ့်လေးပြား ၊ မြေခွေးနဲ့ သိုး သားရေလက်အိတ်ကနေ ငွေ လေးဆယ်ပြား ရခဲ့သည် ။ သူတို့က နှစ်နာရီအတွင်းမှာပင် ငွေ ငါးဆယ့်လေးပြားရလိုက်သည် ။ 


ငွေတွေရေတွက်ပြီးနောက် ချန်းရှောင်မီရဲ့ ပါးပြင်မှာ လင်းလက်နေသည် ။ 


" ကိုယ်တို့နေ့ကောင်းလေးမှာ ဈေးဝယ်ထွက်ကြရအောင် ။ "


လုလင်းအကြံပြုလိုက်သည် ။


ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ လုလင်းကို ဖြတ်ခနဲကြည့်ပြီး စိတ်လှုပ်ရှားစွာပြောသည် ။


" ငါလက်အိတ်တွေအများကြီး လုပ်ရမယ် ။ ဒီက‌နေ ငွေအများကြီးရမယ်လို့ မမျှော်လင့်ထားမိဘူး ။ ငါဈေးပေါပေါနဲ့ သားရေတွေရောင်းလိုက်မိတယ်။ အဲ့ဒါတွေကို မရောင်းဘဲ လက်အိတ်ပိုလုပ်ခဲ့ရမှာ ။ "


" မကြာခင် လူတွေက ကိုယ်တို့လိုမျိုးပုံစံတူတွေ စလုပ်လာကြတော့မှာ။ သားရေတွေ မသိမ်းထားမိလို့ ကိုယ့်ဘာသာအပြစ်မတင်ပါနဲ့တော့ ။ ပြီးတော့ အဖွားရှန်ကိုလည်း ကျေးဇူးတင်ရမယ် ။ အချုပ်အလုပ်အရမ်းကောင်းတာပဲ ။ "


ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ-


" ဟုတ်တယ် ၊ အဲ့ဒီလက်အိတ်တွေကို ချုပ်ထားတာအရမ်းတော်တယ် ။ "


ချန်းရှောင်မီက ခိုင်နဲ့မိုင်ကို ပျားရည်ကိတ်မုန့်အပိုင်း တချို့ဝယ်ပေးလိုက်တာကြောင့် ကလေးတွေက မြိန်ရေယှက်ရေဖြင့် ပူးနွေးနူးအိနေတဲ့ ကိတ်မုန့်ကို စားကြသည် ။ 


အလွန်အဆင်ပြေသော စောင်အဟောင်းတွေရှိနေတာတောင်မှ လုလင်းရဲ့တောင်းဆိုမှုကြောင့် စောင်အသစ်နှစ်ထည်ထပ်မံဝယ်လိုက်ရသည် ။ အရင်နှစ် ဆောင်းတွင်းတုန်းကထက် အများကြီး ပိုအဆင်ပြေနေပြီဖြစ်သည် ။ သို့သော် လုလင်းရဲ့အမြင်က ကွဲပြားသည် ။ သူက ယခုသက်သောင့်သက်သာဘဝမှာ နေထိုင်နိုင်ပြီဖြစ်သောကြောင့် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရမည်ဟု တွေးသည် ။


ချန်းရှောင်မီ လုလင်းအား မလိုအပ်ဘဲရေးကြီးခွင်ကျယ်လုပ်တယ်လို့ တွေး‌နေမိရင်တောင် သူ့အကြံပြုချက်ကို မငြင်းပယ်ခဲ့ပေ ။


ချန်းရှောင်မီ လုလင်းအတွက် လက်အိတ်ရောင်းခြင်းကနေရလာသော ငွေတချို့ကိုသုံးစွဲခွင့်ပေးခဲ့ပေမယ့် လုလင်းက အများစုကို ချန်းရှောင်မိုင်အတွက်ပဲသုံးကာ ပစ္စည်းတွေဝယ်ပေးသည် ။ ချန်းရှောင်မိုင်က ဈေးထဲမှာ အလွန်စိတ်လှုပ်ရှားနေပြီး ပစ္စည်းတွေကိုညွှန်ပြကာ လုလင်းအား ချစ်စဖွယ်မျက်ဝန်းများနှင့် စိုက်ကြည့်တတ်သည် ။ ပြီးလျှင်တော့ ထိုအရာအားလုံးကို လုလင်းက ဝယ်ပေးလိုက်တာနဲ့ အဆုံးသတ်သည် ။ 


" ရှောင်မီ ၊ မင်းက ဒီရောက်နေတာလား ။ "


ယန်းဟန်ကျီးက ရုတ်တရက်ပေါ်လာပြီး အံ့အားသင့်စွာပြောလေသည် ။ 


" သခင်လေးယန်း‌လည်း ဒီရောက်နေတာကို ။ "


သခင်ငယ်လေးက စိတ်အားထက်သန်စွာဖြင့် ထိုလူငယ်စုံတွဲကိုစိုက်ကြည့်လိုက်ပြီး -


" ငါဒီမှာမင်းကိုလာရှာတာ ။ မင်းတို့တွေလက်အိတ်ရောင်းတယ်လို့ ငါကြားခဲ့တယ် ။ စိတ်ပျက်စရာ ရူးကြောင်ကြောင်ကောင်တွေကို မင်းဘယ်လိုလုပ် ရောင်းနိုင်မှာလဲနော် ။ "


' ဒီသခင်လေးက ငါ့ကိုလာကြွားဝါနေတာပဲ ။ သူက လက်အိတ်တချို့လိုချင်နေပေမယ့် ငါ့မှာမကျန်တော့ဘူး ။ ငါဘယ်လိုလုပ်သင့်လဲ ။ '

ချန်းရှောင်မီ မျက်မှောင်ကြုတ်မိသည် ။


" သခင်လေး ယန်း ၊ ကျွန်တော်သိမ်းထားတဲ့ဟာတော့ ကျန်သေးတယ် ။ စိတ်ဝင်စားရင် ယူကြည့်လို့ရပါတယ် ။ ဒီပစ္စည်းတွေကပဲ သခင်လေးရဲ့အမြင်ကိုသတ်မှတ်ပေး လိမ့်တယ် ။ "


ချန်းရှောင်မီ လုလင်းအား အံ့ဩစွာကြည့်နေချိန်မှာ ယန်းဟန်ကျီးက ပြောလာသည် ။


" တကယ်ကြီး ။ "


လုလင်းခေါင်းညိတ်လိုက်ကာ လှည်းထဲက လက်အိတ် သုံးစုံကိုထုတ်ပေးလိုက်သည်။ မြေခွေးသားရေလက်အိတ် တစ်စုံနဲ့ ယုန်သားရေလက်အိတ် နှစ်စုံ ပေးလိုက်သည် ။ 


ယန်းဟန်ကျီး သူ့အတန်းဖော်တွေဝယ်မရတဲ့ မြေခွေးသားရေ လက်အိတ်ကိုမြင်လိုက်ရတဲ့ အချိန် ပျော်ရွှင်လွန်းလို့ရူးမတတ်ဖြစ်သွားသည် ။ 


" ကောင်းလိုက်တာ ၊ မြေခွေးသား‌ရေ လက်အိတ် တစ်စုံပဲ ။ "


" ဈေးထဲမှာ သခင်လေးကို မမြင်လိုက်တာမို့ သခင်လေးအတွက်သိမ်းထားပေးတာ ။ "


လုလင်း လိမ်မာပါးနပ်စွာပြောလိုက်သည် ။


" စဉ်းစားပေးလို့ ကျေးဇူးပဲလုလင်း ။ ငါဒီသုံးစုံလုံးယူလိုက်မယ် ။ ငွေပြန်မအမ်းနဲ့တော့ ။ "


ယန်းဟန်ကျီးက ငွေငါးပြားပေးကာ ထွက်သွားလေသည် ။


သူထွက်သွားတာနဲ့ ချန်းရှောင်မီက မေးလာသည် ။


" ဘာလို့ သုံးစုံကို သိမ်းထားတာလဲ ။ "


" ငါတို့အတွက် သိမ်းထားတာပါ ။ ဒါပေမယ့် ယန်သခင်လေး ယန်းက အခုလို ငွေအများကြီးပိုပေးပြီး ဝယ်သွားလိမ့်မယ်လို့ မထင်ထားဘူး ။ "


ချန်းရှောင်မီ လျို့ဝှက်စွာတွေးမိလိုက်သည် ။

' မြေခွေးသားရေ လက်အိတ်ကို ငါတို့အတွက်ချန်ထားတယ်တဲ့ ။ ဒါအရမ်းဇိမ်ခံလွန်းတယ် ။ ယုန်သားရေလက်အိတ်နဲ့တင် အဆင်ပြေနေပြီကို ။'


လုလင်းနဲ့ချန်းရှောင်မီတို့ ဈေးထဲမှာကောင်းကောင်းလည်ပတ်ခဲ့ကြပြီး ပစ္စည်းများဝယ်ကာ အိမ်ပြန်လာကြသည် ။