~အဖွားရှန်စိတ်သက်သာရာရခြင်း~
ဆောင်းရာသီပွဲတော်ပြီးသွားပြီးနောက် လုလင်းနဲ့ချန်းညီအစ်ကိုတွေအကြောင်း ရွာသားများကြားမှာ ထပ်မံ၍ အပြောများလာသည် ။
" သူတို့တွေ ဈေးထဲမှာ လက်အိတ်ရောင်းတာ ငွေပြား ငါးဆယ် ရတဲ့အကြောင်း ကြားပြီးကြပြီလား ။ "
" အမှန်ပဲ ၊ ဒီလူချမ်းသာတွေက လက်အိတ်တစ်စုံကို ငွေနှစ်ပြားတောင် ပေးပြီး အသေအလဲ ဝယ်ချင်နေကြတာ မယုံနိုင်စရာပဲ ။ အကုန်လုံးတောင် ရောင်းထွက်သွားတာတဲ့ ။ "
" ချန်းရှောင်မီ နောက်ထပ် ကံကောင်းမှုတစ်ခုထပ်ရလာပြန်ပြီ ။ "
" ငွေပြားငါးဆယ်တောင်မကဘူး ။ ဒါက ကံကောင်းတာပဲ ။ "
" သူတို့လက်ထဲက ကံကြမ္မာက ပိုပိုပြီးကောင်းလာတာပဲ ။ "
" သူတို့အတွက် ချုပ်လုပ်ပေးတဲ့သူက အဖွားရှန်လို့ကြားမိတယ် ။ "
" ဟုတ်တယ် အဖွားရှန်က သူတို့ရဲ့ ဆောင်းတွင်းဝတ်အနွေးထည်တွေကို ချုပ်ပေးထားတာ ။ "
" အဖွားရှန်က ဖြတ်ညှပ်ပြီး ယူထားမလား သိချင်လိုက်တာ ။ "
" အဲ့ဒါက စဉ်းစားစရာပဲ ။ လုလင်းက သူ့လုပ်ငန်းအတွက် အဖွားရှန်ကိုငွေပေးချေထားတာလေ ။ အဖွားရှန် ပိုက်ဆံဘယ်လောက်ရရ ဖြတ်ယူထားမှာမဟုတ်ဘူး ။ သူမအချုပ်အလုပ်ကနေ ငွေရနေသရွေ့ ဒါမျိုးမစဉ်းစားမှာ သေချာတယ် ။ ပြီးတော့ လုလင်းက ကျန်းတာ့ကျူးတို့ကိုတောင် အဖွားရှန်အတွက် ခန်အလကား ဆောက်ခိုင်းထားသေးတယ်လေ ။ "
ရွာသားတွေက လုလင်း ချန်းရှောင်မီတို့မိသားစုဆီ လက်ထပ်ဝင်သွားတုန်းက စိတ်မကောင်းဖြစ်ခဲ့ကြပေမယ့် အခုတော့ လုလင်းဟာ ကောင်းမွန်ငယ်ရွယ်တဲ့ကောကို လက်ထပ်နိုင်ခဲ့တဲ့အတွက် ကံကောင်းတယ်ဟု တွေးနေမိကြပြီဖြစ်သည် ။ ချန်းရှောင်မီရဲ့ ကြောက်စရာကောင်းကာ ပြသနာရှာတတ်တဲ့ပုံစံကိုသာတွေ့ဖူးပြီး အခုအရမ်းချမ်းသာလာကာ ကျန်းတာ့ကျူးနဲ့ အဖွားရှန်တို့လို ချန်းရှောင်မီအတွက် အလုပ်လုပ်ပေးတဲ့သူတွေတောင် ချမ်းသာနေပြီဖြစ်တာကြောင့် ချန်းရှောင်မီအကြောင်းများကို အံ့ဩထိတ်လန့်မှုတွေနဲ့ ကြောက်ရွံ့မှုတွေရောထွေးကာ ပြောလာကြသည် ။
ရွာသားတွေအားလုံးက ချန်းရှောင်မီဘက်မှာနေဖို့ လက်ခံလိုက်သည် ။
ချန်းရှောင်မီရဲ့ အိမ်တွင် -
ချန်းရှောင်မီ ခန်ပေါ်မှာ တင်ပျဉ်ခွေကာ ထိုင်နေပြီး စုဆောင်းထားသောငွေများကို ထပ်ကာထပ်ကာ ရေတွက်နေသည်။
လုလင်းအသည်းယားစဖွယ် ပြုံးလိုက်ပြီး -
"လွန်ခဲ့တဲ့ ဆယ့်ငါးမိနစ် ၊ ငါးမိနစ် ၊ ငါးစက္ကန့် တုန်းက ကိုယ်တို့ရေတွက်ခဲ့တာ ငွေ ရှစ်ဆယ့်(၈၃)သုံးပြားနဲ့ ငါးရာသုံးဆယ့်ခြောက်(၅၃၆)ဆင့် ရှိမှန်း မှတ်မိပါသေးတယ် ။ "
ချန်းရှောင်မီ အံကြိတ်လိုက်ကာ -
" ငါသေချာရဲ့လားဆိုတာ ထပ်ပြီးရေတွက်ကြည့်လိုက်ပါဦးမယ် ။ "
" မင်းရေတွက်တာ မှန်ပါတယ် ။ ကိုယ်သက်သေလုပ်ပေးလို့ရတယ် ။ "
" အခုလို ငွေတွေအများကြီးရှိနေတာကို မယုံကြည်နိုင်ဘူး ။ "
ချန်းရှောင်မီ အနည်းငယ်စိတ်လှုပ်ရှားနေမိသည် ။
" ဒီငွေ ပမာဏရဲ့နှစ်ဆလောက် ရှိမယ်ဆိုရင် မြို့ပေါ်မှာ အိမ်ဆောက်လို့ရနိုင်မယ်လို့ မင်းထင်လား ။ "
ချန်းရှောင်မီ ပင့်သက်ရှိုက်မိကာ -
" မြို့မှာ ? "
ချန်းရှောင်မီလည်း တခြားရွာသားများနည်းတူ မြို့ပေါ်မှာပြောင်းနေဖို့က ကြောက်စရာကောင်းတယ်လို့ တွေးမိသည် ။
" ငါတို့ မြို့ပေါ်မှာ ဘယ်လိုနေလို့ရမှာလဲ ။ ငါတို့ဒီမှာ လယ်မြေမရှိရင်တောင် ခြံဝန်းထဲမှာ ဟင်းရွက်တွေ စိုက်လို့ရသေးတယ် ။ ပြီးတော့ ငါကနေ့တိုင်းအမဲလိုက်မထွက်နိုင်ဘူး ။
ငါဘာမှမလုပ်ပဲ ပျင်းရိပြီးထိုင်နေရင်တောင် ငါတို့မှာရှိနေတဲ့အရာတွေကို သုံးစွဲလို့ရတယ်လေ ။ "
လုလင်း ပြုံးလိုက်ကာ -
" ဒီအတိုင်း အတွေးတစ်ခုပါပဲ ။ သေချာပေါက်တော့ ထပ်စဉ်းစားကြည့်ဖို့လိုတာပေါ့ ။ "
ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ လုလင်းသူ့ကိုလက်ထပ်ခဲ့တဲ့အတွက် အရမ်းဝမ်းသာနေမိသည် ။ လက်ဖွဲ့ငွေအတွက် အကြိမ်များစွာစဉ်းစားပြီးမှ ငွေဆယ်ပြားသုံးစွဲခဲ့တာဖြစ်သည် ။ ယခုတော့ ကြည့်ပါဦး ၊ သူတို့မိသားစုအတွက် လုလင်းက ငွေပြားရှစ်ဆယ်ကျော်ရရှိအောင် လုပ်ပေးသည် ။
" ငါတို့မှာ ပိုက်ဆံရှိလာပြီဆို မြေတွေပိုဝယ်သင့်တယ်လို့ထင်တယ် ။ ဒါပေမယ့် ရွာသားတွေက လယ်ထွက်ပစ္စည်းတွေရဖို့ ယာမြေတွေလိုအပ်တာကြောင့် သူတို့မြေတွေကို ရောင်းချင်ကြမှာ မဟုတ်ဘူး ။ "
လုလင်း မျက်မှောင်ကြုတ်လိုက်ကာ -
" လယ်ယာမြေဝယ်တာတော့ ကိုယ်အားမပေးဘူး ။ အလုပ်များတယ် ။ "
ချန်းရှောင်မီ စိတ်ထဲကနေမျက်လုံးလှိမ့်လိုက်မိသည် ။
' လူချမ်းသာ ဗီဇက ပေါ်လာပြီ ။ ယာမြေဝယ်တာ အားမပေးဘူးဆိုတာ သူမှ လယ်အလုပ်မလုပ်ချင်တာ ။ '
လုလင်းမျက်တောင် အကြိမ်ရေအနည်းခတ်ကာ ပြောလိုက်သည် ။
" ကောင်းပြီ ၊ ကိုယ်တို့ ယာမြေတချို့ဝယ်ပြီး ငှားရမ်းခနဲ့ လယ်အငှားချမယ် ။ "
ချန်းရှောင်မီ နှုတ်ခမ်းမဲ့လိုက်မိကာ လုလင်း ဘယ်လိုတောင် ကြောင်တောင်တောင်စကားတွေပြောနေတာလဲဟု စဉ်းစားမိသည် ။
အဖွားရှန်၏ အိမ်တွင် ၊
ချန်းရှောင်ခိုင်က လက်အိတ်အတွက် ဆုကြေးအနေနဲ့ အပိုငွေ လာပေးတာကြောင့် မျက်ဝန်းထဲက ဝမ်းသာမျက်ရည်ကျမိသည် ။
" အဖွား ၊ ရှောင်ခိုင် အဖွားကို ပိုက်ဆံလာပေးတာလား ။"
ရှန်ချီ မေးလိုက်တော့ အဖွားရှန် သက်ပြင်းရှိုက်လိုက်ပြီး -
" ဟုတ်တယ် ၊ လုလင်းက အပိုဆုကြေးလို့ပြောတယ် ။ သူတို့ဘယ်လိုတောင် ချမ်းသာနေကြတာလဲ ။ "
ငွေနှစ်ပြား ၊ ထိုပမာဏက သူမဝက်နှစ်ကောင် ဝယ်မွေးနိုင်သည် ။ သူနဲ့ရှန်ချီ အခုဆောင်းတွင်းအတွက် သက်သောင့်သက်သာနေနိုင်ပြီဖြစ်သည် ။
အဖွားရှန်က လုလင်းသူ့အား ချုပ်ခအနေနဲ့ ဆင့်သုံးရာပေးကာ လက်အိတ်နှစ်စုံပါပေးတာကြောင့် အစက အပိုဆုကြေးကို မယူချင်ပေ ။
သို့သော်လည်း ချန်းရှောင်မိုင်နဲ့အတူ လုလင်းဟာ အဖွားရှန်နဲ့ ရှေ့လျှောက်အလုပ်အတူတူပိုလုပ်ချင်ကြောင်း စကားပါးလိုက်တာကြောင့် သူမအပိုဆုကြေးကို ငြင်းပယ်လိုက်ရင် အလုပ်ထပ်မပေးတော့ဘဲ တုံ့ဆိုင်းသွားမှာစိုးတာမို့ လက်ခံလိုက်ရသည် ။ သူမက လုလင်းတို့နဲ့အတူ အချိန်အကြာကြီး အလုပ်တွဲလုပ်ချင်သည် ။
ရှန်ချီလည်း လုလင်း လက်ဆောင်အဖြစ်ပေးထားတဲ့ လက်အိတ်ကို ချွတ်လိုက်ကာ -
" ချန်းရှောင်ခိုင်က ကျွန်တော့်ကို ဆောင်းရာသီ ပွဲတော်မှာ ငွေပြားငါးဆယ်ရောင်းရတဲ့အကြောင်း ပြောပြတယ် ။ "
ဆောင်းရာသီပွဲတော်မှာ လုလင်းရဲ့ဆိုင်ခန်းကိုမြင်ခဲ့တဲ့ရွာသားတချို့ကတော့ အကြမ်းဖျင်းတွက်ချက်ကြည့်နိုင်သည်။ သို့သော် အဖွားရှန်ဟာ ထိုစကားကြားလိုက်ရတဲ့အချိန် အလွန်အံ့အားသင့်မိသွားသည် ။
" အဲ့လောက်တောင်များတာလား ။ အရမ်းမြတ်မယ်လို့ ငါမထင်ထားခဲ့ဘူး ။ "
အဖွားရှန်က ထူးခြားတဲ့ ထိုလက်အိတ်ကို သားရေ ၊ ကိရိယာအစုံအလင်နဲ့ လုလင်း လာချုပ်ခိုင်းတုန်းက ယုံကြည်ချက်မရှိပေ။ သူမအတွက် ထိခိုက်မှုမရှိတောင်မှ လုလင်းတို့အတွက် စိုးရိမ်မိသေးသည် ။
' ဒီလို ထူးဆန်းတဲ့ပစ္စည်းကို ဘယ်သူမှမဝယ်ရင် ဘယ်လိုလုပ်မလဲ ။ '
သို့သော် အခုတော့ ဒီလိုဆန်းသစ်တဲ့အရာတွေကို ရောင်းပြီး ကံကြမ္မာကောင်း ဖန်တီးနိုင်တယ်ဆိုတာ သိရတော့ စိတ်သက်သာရာ ရသွားသည် ။