~ဈေးကွက်ပြည့်နှက်နေခြင်း~
ကျောက်ကြီးရွာမှာ ချန်းရှောင်မီတို့ လက်အိတ်ရောင်းခြင်းကနေ အမြတ်အစွန်းများများရလာတဲ့သတင်းကို မနာလိုစွာ ပြောဆိုလာကြသည်။
ရွာသားအများစုက တစ်နှစ်ပတ်လုံးအလုပ်လုပ်ရင်တောင် အမြဲတမ်း ငွေ ခုနှစ်ပြား ၊ ရှစ်ပြားလောက်သာ ရသည်။ သို့သော် ချန်းရှောင်မီကတော့ ဆောင်းရာသီပွဲတော်တစ်ခုတည်းကတင် ငွေပြားငါးဆယ်ကျော် ရခဲ့သည် ။
မြေခွေးသားရေ လက်အိတ်တွေက မြို့ပေါ်ရှိသခင်လေးတွေကြားမှာ လိုချင်မှုအများဆုံး ပစ္စည်းဖြစ်လာသည် ။ ထိုအရာက ချမ်းသာကြွယ်ဝတဲ့ အဆင့်အတန်းပြ သင်္ကေတတောင် ဖြစ်လာသည် ။
လူတချို့က မြေခွေးသားရေ လက်အိတ်မရတာကြောင့်ယုန်သားရေ လက်အိတ်ကိုသာ ယူထားကြရသည် ။ သူတို့က မြေခွေးသားရေကို ဝယ်ကာ အပ်ချုပ်ဆိုင်များတွင် လက်အိတ်များ ချုပ်ရန်အပ်ကြသည် ။
မြို့ပေါ်ရှိ သားရေဈေးကွက်ကပါ ခေတ်စားသွားသည် ။
လက်အိတ်တွေက မကြာခင်မှာပဲ ဆန်းကြယ်နေခြင်း မရှိတော့ပေ ။ ချမ်းသာတဲ့သခင်လေးတွေက မြေခွေးသားမွှေး ကြိုက်သလို သာမန်လူတန်းစားတွေကတော့ ယုန်သားမွှေးကို ကြိုက်ကြသည် ။ လူများစွာက ဈေးတန်းမှာ ဆိုင်ခန်းတွေငှားရမ်းပြီး လက်အိတ်များကို ကိုယ်တိုင်ချုပ်လုပ်ရောင်းချကြတော့သည် ။
ချန်းရှောင်မီ ထိုနေ့က မသွားဖြစ်သော်လည်း ကျောက်ကြီးရွာက ရွာသားတွေပါ မြို့ပေါ်မှာလက်အိတ်ရောင်းပြီး ကြိုးစားနေကြကြောင်းကို တစ်ချက်နှစ်ချက် ကြားမိသည် ။ မည်သူမျှ အကျိုးမဖြစ်ထွန်းကြောင်းကိုလည်း ကြားရသည် ။ ချန်းရှောင်မီ ရွာသားတွေရဲ့ရှုံးနိမ့်မှုအပေါ် ကျေနပ်နေသည် ။
" လုလင်း အခုလက်အိတ်ဈေးတွေ ကျနေတဲ့အကြောင်း မင်းသိပြီးပြီလား ။ "
ပွဲတော်မှာ ချန်းရှောင်မီတို့ ကံကောင်းခဲ့ကြကြောင်းကို ကြားပြီးတဲ့နောက် ရွာသားအများစုက ပုံစံတူတွေလုပ်လာကြသည် ။ သားမွှေးတွေကို အလုအယက်ဝယ်ကြပြီးနောက် ထိုအခြင်းအရာကြောင့် သားမွှေးဈေးတက်သွားပြီး ကုန်ကျစရိတ်လည်း မြင့်မားသွားသည်။ နောက်ကျမှလာသူတွေအများစုတောင် အရှုံးပေါ်ကြသည် ။
လုလင်းပြုံးလိုက်ကာ -
" အဲ့ဒါက ခက်ခဲပြီးရှုပ်ထွေးတဲ့အရာမဟုတ်တာကြောင့် အသစ်အဆန်းဖြစ်နေတဲ့အချိန်မှာသာ ဈေးကောင်းကောင်းနဲ့ရောင်းလို့ရတာ ။ ဒါပေမယ့် နောက်ထပ်တော့ အဆင်မပြေနိုင်တော့ပါဘူး ။ "
အဖွားရှန်ရဲ့ အချုပ်အလုပ်က ကောင်းပေမယ့်လည်း မြို့ပေါ်က ချမ်းသာတဲ့မိသားစုတွေဆီမှာ အဆင့်အတန်းမြင့်ပြီး လက်ရာမြှောက်တဲ့ ပန်းထိုးသမားတွေရှိကြသည် ။ ပြီးတော့ ဈေးထဲမှာလည်း လိုချင်တဲ့လက်အိတ်တွေကို မှာယူလို့ရသည် ။
" ငါ့ဦးလေး ချန်းရှိုရှီး လည်း ပင်လယ်ကွေ့ရွာက မုဆိုးဆီမှာ သားမွှေးသွားဝယ်သေးတယ် ။ ပြီးတော့ မြို့ပေါ်ကို နွားလှည်းငှားပြီးတက်သွားတယ် ။ ဒါပေမယ့် သားမွှေးတွေကဈေးမပေါတဲ့အပြင် လက်အိတ်ကအများကြီးလည်း မရောင်းရဘူး ။ သူတကယ် ငွေတွေအများကြီး ကုန်သွားမှာပဲ ။ ရူးလိုက်တာ ။ "
လုလင်း ချန်းရှောင်မီနဲ့ လက်ထပ်ပြီးမှ ချန်းရှို့ရှီးနဲ့ အကြိမ်ရေအနည်းငယ် ဆုံဖူးသည် ။ ချန်းရှို့ရှီးက လုလင်းအား သူ့ဆီမှာ ငွေ ဒါမှမဟုတ် တခြားအရာတွေ အကြွေးတင်နေသလို နှိမ့်ချစွာ ကြည့်တတ်သည် ။
လုလင်းနဲ့ ချန်းရှောင်ခိုင်အခုတလော ရင်းနှီးလာသည် ။ ချန်းရှောင်ခိုင်က လုလင်းအား ချန်းရှောင်မီတောင်ပေါ်မှာ တစ်ညလုံးပိတ်မိဖူးတဲ့အကြောင်း ပြောပြသည်။ ချန်းရှိုရှီးက ချန်းရှောင်မီ သေမယ်ထင်ကာ သူတို့အိမ်ကိုသွားပြီး ရှိသမျှ ပစ္စည်းတွေ သိမ်းယူရန် လုပ်သည် ။ သို့သော် အန္တရာယ် ကင်းကင်းနဲ့ ပြန်လာတဲ့ ချန်းရှောင်မီရဲ့ ရိုက်နှက်မှုကိုသာ ခံလိုက်ရသည် ။
ချန်းရှိုရှီးဟာ လောဘကြီးတဲ့သူတစ်ယောက်ဖြစ်သည် ။ လုလင်းတို့က သူနဲ့ ဘာမှမသက်ဆိုင်တော့တာတောင် သူ့ဆီမှာ ရပိုင်ခွင့်ရှိသေးတယ်လို့ ထင်နေတုန်းဖြစ်သည် ။
' ချန်းရှိုရှီ က သူ့ကို အမြဲတင်တင်စီးစီး ဆက်ဆံနေတာ အံ့ဩစရာတော့မဟုတ်ပါဘူး ။ ချန်းရှောင်မီက သူ့ကိုငွေဆယ်ပြားနဲ့ လက်ထပ်ခဲ့တာလေ ။ ချန်းရှိုရှီးက ငွေဆယ်ပြားက သူတို့ဟာဖြစ်ပြီး သူ့ကိုလည်း သူတို့ပိုင်တယ်လို့ တွေးနေတာဖြစ်မယ် ။ '
လုလင်း တွေးမိလိုက်သည် ။
" ချန်းရှိုရှီးနဲ့ လက်အိတ်အရောင်းအဝယ်ကိစ္စကို ဘယ်လိုသိတာလည်း ။ "
လုလင်း စပ်စုစွာ မေးလိုက်သည် ။
" ကျန်းတာ့ကျူးဆီက ကြားတာ ။ "
" ပြီးတော့ ကျန်းတာ့ကျူးကပြောသေးတယ် ။ အခုရက်ပိုင်းပဲ ငါတို့အတွက် ထင်းနောက်တစ်သုတ်လာပို့ပေးမယ်တဲ့ ။ "
" အင်း ၊ ရွာသားတွေက ငါတို့အကြောင်း ပိုပိုပြီး သတိထားပြောလာကြပြီ ။ "
" အဲ့ဒါ ကောင်းတဲ့အရာပဲလေ ။ "
လုလင်း ပျော်ရွှင်စွာပြောလိုက်သည် ။
ချန်းရှောင်မီ ခေါင်းယမ်းလိုက်ကာ -
" ငါတော့ အဲ့လိုမထင်ဘူး ။ သူတို့က ငါတို့ ဟင်းရွက်စိမ်တွေဝယ်တာတို့၊ အထည်ချုပ်အပ်တာတို့ ကိုတောင် မေးမြန်းကြမှာ ။ ပြီးရင်အဖွားရှန်အစား သူတို့ဆီမှာ ဝယ်ဖို့ပြောကြမှာ ။ "
လုလင်း စဉ်းစားလိုက်ကာ -
" အဖွားရှန်ဆီမှာ ဝယ်တယ်ဆိုတာ သူတို့သိကြတဲ့ပုံပဲ..."
" ဟုတ်တယ် ရွာထဲက လူတွေက လျှို့ဝှက်ချက်မထားပဲ အကုန်ပြောကြတယ် ။ "
ချန်းရှောင်ခိုင်က ချန်းရှောင်မိုင်နဲ့အတူ အဖွားရှန်ဆီ အမြဲသွားလည်လေ့ရှိတာမို့ ရွာသားတွေက သတိထားမိကြတာ ဖြစ်သည် ။ ရွာသားတွေက သူတို့အတွက်လက်အိတ်ချုပ်ပေးတဲ့သူက အဖွားရှန်မှန်း သိကြပေမယ့် ထိုသို့ ဆန်းသစ်တဲ့အရာကို ဘယ်လိုလုပ်ရမှန်းမသိကြပေ။ အဖွားရှန်အား လုပ်နည်းမေးသော်လည်း သူမက ဝေတေဝါးတား သာပြောပြသည် ။
ရွာသားတွေ သိတဲ့အချိန်မှာ နောက်ကျသွားပြီဖြစ်သည် ။ ချန်းရှောင်မီက ထိုအသစ်အဆန်းတွေကို ရောင်းချပြီး တကယ်ကြီး ငွေပြား ငါးဆယ်ကျော် ရခဲ့တာဖြစ်သည် ။
လုအိမ်တွင် ...
ထောင်က ချန်းရှောင်မီတို့ နောက်တစ်ကြိမ်ကံကောင်းလာမှုကြောင့် မခံမရပ်နိုင်ဖြစ်ကာ စိတ်ထိခိုက်သွားပြီး ဆဲဆိုနေခဲ့သည် ။
" အမေ ၊ ငွေပြား ငါးဆယ်တဲ့ တကယ်ကြီးလား ။ "
လုထုန် အံ့အားသင့်စွာမေးလိုက်သည် ။ သူမ ဆောင်းရာသီပွဲမှာ ဈေးတန်းဆီသွားလည်ချင်ပေမယ့် လှည်းငှားဖို့အဆင်မပြေတာကြောင့် သွားဖို့ စွန့်လွှတ်လိုက်ရသည် ။
ထောင်က ခေါင်းညိတ်လိုက်ကာ -
" ဟုတ်တယ် ။ မြေခွေးသားရေ လက်အိတ်တစ်စုံကို ငွေနှစ်ပြားတဲ့ ။ ယုန်သားရေလက်အိတ်တွေကလည်း အများကြီးပဲ ။ သူတို့ရတာက ငွေပြားငါးဆယ်ထက်တောင် ပိုဦးမှာ ။ "
" ဒါ ငွေပမာဏ အများကြီးပဲ!! "
လုထုန် အံ့ဩမင်သက်သွားသည် ။
လုမိသားစုက လယ်ယာမြေဧရိယာတွေ ရှိတာကြောင့် အခြေအနေကောင်းမွန်တဲ့မိသားစုဖြစ်သည် ။ သို့သော် လုချောင်ယုရဲ့ ကျောင်းလခက အလွန်ဈေးကြီးသည် ။ သူတို့က ကျောင်းမှာရှိတဲ့ ဆရာတွေအပေါ် အလွန်ရက်ရောကြသည်။ ထိုအရာက ငွေဒါဇင် ကုန်ကျသည် ။
လုထုန် တစ်နှစ်ပတ်လုံး ခက်ခက်ခဲခဲ ကြိုစားရင်တောင် သူမရဲ့ ဝင်ငွေက ငွေနှစ်ပြားသာရမည်ဖြစ်သည် ။ သူမက ချန်းရှောင်မီ တစ်ရက်တည်းနဲ့ ငွေပြားငါးဆယ်ရတဲ့အကြောင်းကို သိရတဲ့အခါ မနာလိုဖြစ်လာသည် ။
ရွာမှာ အလှူကြီးလုပ်ရင်တောင် ငွေပြား သုံးပြားနဲ့ ငါးပြားကြားသာ ကုန်ကျမှာဖြစ်ပေမယ့် ချန်းရှောင်မီကတော့ တစ်ရက်တည်းနဲ့ ငွေပြား ငါးဆယ်ကျော်ရသည် ။