အပိုင်း ၈၅
Viewers 16k

Chapter 85

လူသစ်လမ်းညွှန်


သံပတ်ရုပ် လေးရုပ်၏ ထောက်ခံမှုဖြင့် ဇန်ဇီချန်က အပြစ်ဒဏ်မှလွတ်ငြိမ်းသွားရသည်။ သို့သော် ရှစ်ဖန်းဂိုဏ်း၏တပည့်တစ်ယောက် မဟုတ်တော့ပါချေ။  ယောင်စစ်က အခြေအနေအရပ်ရပ်အား စိတ်ချရစေရန် ဇန်ဇီချန်ကို ဝန်ဆောင်မှုစင်တာမှအဖွဲ့သားလေး၏အခန်း၌ ဒဏ်ရာများပျောက်ကင်းချိန်ထိ အနားယူစေသည်။


ဂိုဏ်းချုပ်ယွီဆိုသူက အနာဂါတ်တွင်ပြဿနာထပ်ရှာမည်လောကို ယောင်စစ်မပြောနိုင်ပေ။ဤဂိုဏ်းအတွင်း သူမ၏လုပ်ပိုင်ခွင့်က အကန့်အသတ်နှင့်ဖြစ်သည်။


ပြဿနာများကို ဖြေရှင်းပြီးသောအခါ ဝန်ဆောင်မှုစင်တာအဖွဲ့သားက အနီးပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကိုသေချာအောင်စနည်းနာပြီး နှစ်ကိုယ်ကြားရှင်းပြလာသည်။ သူ၏နာမည်က ချောင်ပုဖြစ်ကာ အသီးရောင်းသောသူ၏ နာမည်နှင့်အတူတူပင်။


ယောင်စစ်ဤ နေရာသို့ရောက်နေခြင်းမှာ စာရင်းသွင်းခဲ့သော နေရာအမှားအယွင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ ယောင်စစ် စာရင်းသွင်းခဲ့သည့် နေရာက အာကာသအဆင့်များ လေ့ကျင့်ရန်သတ်မှတ်ထားခြင်းဖြစ်၏။


တတိယခရိုင်က စဦးအဆင့်များအတွက်နေရာဆိုပါက နဝမခရိုင်က ငရဲပင်ဖြစ်သည်။


ယောင်စစ်က သူမကိုလှည့်ဖျားကာ နေရာအမှားဆီသို့ ပို့ဆောင်ခဲ့သောလူအိုကြီးအား အမှတ်ရလိုက်မိသည်။ 


ဒီလောက်စိတ်ပုပ်တာ ဖောက်သည်မရတာဘယ်ဆန်းမလဲ...


မစ္စတာချောင်က ယောင်စစ်အား ဖြစ်ပျက်သွားသည်များအပေါ် အလွန်အမင်းစိတ်ထိခိုက်ရကြောင်းနှင့် စည်းကမ်းထိန်းသိမ်းရေးသို့ တိုင်ကြားနိုင်မည့်အချက်အလက်များအား ကူညီလမ်းညွန်ပေးသည်။ စာမတင်မီတွင် သူမ၏ထိခိုက်နစ်နာမှုများအတွက် အလျော်အစားပေးလျော်မည့် စာချုပ်တစ်ခုကိုလည်း လက်မှတ်ထိုးစေသည်။


" ဒါက လူသစ်လမ်းညွှန်ပါ..."


ချောင်ပုက သူမအား လေးထောင့်သဏ္ဍာန်ကျောက်စိမ်းတုံးလေးကမ်းပေးလာပြီး သူမနဖူးနှင့် ထိကပ်ရန် လက်ဟန်ပြသည်။


ယောင်စစ်က ကျောက်စိမ်းတုံးလေးအား သူမမျက်ခုံးနှစ်ခုအကြားသို့ မထိကပ်မီ အနည်းငယ်တွေဝေနေခဲ့သည်။ သို့သော် နောက်ဆုံးထိကပ်လိုက်သည်နှင့်တစ်ပြိုက်နက် သူမဦးခေါင်းအတွင်းသို့ များပြားလှသည့်အချက်အလက်များအစီစဥ်တကျရောက်ရှိလာချေသည်။ 


၎င်းက စာကျက်မှတ်ရခြင်းထက်သာလွန်သည် သူမအနေဖြင့်သိရှိရန်လိုအပ်သောအချက်အလက်များအား ရှင်းလင်းချောမွေ့စွာ မှတ်သားနိုင်နေ၏။


ထိုတွင် ဒေသခံမျိုးနွယ်စုများဖြင့် အလွန်အကျွံ အဆက်အသွယ်မလုပ်မိစေရန်နှင့် ဒေသခံများအား ၎င်းတို့၏နေရပ်မှခေါ်မထုတ်ရန် သတိပေးစာကြောင်းတစ်ခုလည်းပါရှိသည်။ 


နောက်တွင် ထပ်မံရှင်းပြထားသေး၏။


အခြေခံအားဖြင့် ဒေသခံများသည် အာကာသအဆင့်များ၏ နောက်ခံတပ်ဖွဲ့များဖြစ်သည်။ တစ်နည်းအားဖြင့် အာကသအဆင့်များ၏ အင်အားစုပါပေ။


အာကာသမျိုးနွယ်များက ဒေသခံများနှင့်ကွဲပြားစွာမွေးဖွားလာခဲ့ကြပြီး SSSအဆင့်ကိုရောက်ရှိချိန်မှသာ စစ်မှန်သောအာကာသအဆင့်အဖြစ်သတ်မှတ်ခြင်းခံရသည်။


ဒေသခံများက ၎င်းအား ဝေဟင်ပျံသန်းမြှင့်တင်ခြင်းဟု ခေါ်ဆိုကြ၏။


ထို့ကြောင့် ဒေဿခံများ၏နေထိုင်မှုပုံစံအား နှောင့်ယှက်မိခြင်း နေထိုင်ရာဂြိုလ်မှထွက်ခွာစေခြင်းတို့ပြုလုပ်မိပါက အခက်တွေ့ရပေမည်။ ၎င်းတို့တွင် ထူးခြားသောခန္ဓာကိုယ်ဖွဲ့စည်းမှုများရှိသဖြင့် အနီးပတ်ဝန်းကျင်ရှိ ဂြိုလ်မှန်သမျှမှ မိုးကြိုးများအား ဆွဲတောင်နိုင်သည်။ SSSအဆင့်ရှိသုမဟုတ်ပါက ထိုမိုးကြိုးဒဏ်များအား ဆန့်ကျင်နိုင်မည်မဟုတ်ပေ။


နောက်ဆက်တွဲ အကျိုးဆက်များဖြစ်ပေါ်လာသောအခါ အခြားသောမျိုးနွယ်စုများကိုလည်း လာရောက်ထိခိုက်နိုင်ချေသည်။


ထို့ကြောင့် လေ့ကျင့်ရန်ရောက်ရှိလာကြသူများသည် ဒေသခံများဖြင့် နီးကပ်စွာဆက်သွယ်ခြင်းမရှိကြပေ။ တစ်ဖက်တည်လည်း အချိန်အပေါ်မူတည်၍ ပေးချေရသော ကုန်ကျစရိတ်ကလည်းကြီးမားသဖြင့် ကြာကြာနေ၍ မဆိုင်သည်များအား စွက်ဖက်လေ့မရှိကြပေ။


" ကောင်းပါပြီ ကျွန်မလိုက်နာပါ့မယ်..."


ယောင်စစ်က ခေါင်းငြိမ့်ပြလိုက်သည်။


" ကောင်းတယ် ဒါဆိုစောစောအနားယူလိုက်ပါဦး လေ့ကျင့်ရေးကမနက်ဖြန်စမှာဆိုတော့... ကျွန်တော့်ကိုခွင့်ပြုပါဦး..."


မစ်စတာချောင်က သူမအားလိုအပ်သည်များ မှာကြားပြီးသည်နှင့် လှည့်ထွက်သွားလေသည်။


" မင်းတို့လေးယောက် တော်ကြတော့..."


ယောင်စစ်က တံခါးအကွယ်မှ လူလေးဦးအား လှမ်းအော်လိုက်သည်။


ချောင်ပုက တစ်ချက်လှည့်ကြည့်ပြီးနာက် မည်သည်ကိုမျှမမြင်သယောင်ပြုကာ အရှိန်မြင့်လျက်လှည့်ပြေးသွားချေသည်။


စပ်စုချင်စိတ်ကကြောင်ကိုသတ်တယ်...


ထို့အတွက်သူက ဤနေရာတွင်ယောင်လည်လည် ဆက်နေရန် စိတ်ကူးမရှိပေ။ မနက်အစောပိုင်းက ရောက်ရှိလာသော ဤလူလေးဦး၏ သတ်ဖြတ်လိုသောအရှိန်အဝါများက သူ့အား မည်သို့ကြက်သီးထစေခဲ့သည်ကို မှတ်မိနေဆဲဖြစ်သည်။ ဤသူများက မည်သည့်မျိုးနွယ်စုမှဖြစ်ပါစေ ၎င်းတို့၏သန်မာသောစွမ်းရည်အော်ရာများကြောင့် ဝေးရာသို့ရှောင်နေသင့်သည်ဟုသာ အာရုံရပေသည်။


ယောင်စစ်က သက်ပြင်းချ၍  မရင်းနှီးသော မျက်နှာလေးခုအား ကြည့်ရှုလိုက်သည်။


" ကဲပြော ဘယ်မျိုးဆက်ကလည်း ဘယ်သူလွှတ်လိုက်တာလဲ..."