အပိုင်း ၈၆
Viewers 16k

Chapter 86

အရည်အသွေးမမှီတဲ့မိဘ


လေးဦးသား တောင့်ခဲသွားကြပြီး တစ်ဦးမျက်နှာတစ်ဦး ကြည့်ရှုလိုက်ကြသည်။


ညာဘက်စွန်တွင်ရပ်နေသော လူငယ်လေးတစ်ဦးက ပြောလာ၏။


"သခင်မလေး ဘယ်လိုလုပ်ပြီးသိတာလဲဟင်..."


" ပေါက်ပန်းလေးဆယ်တွေ..."


ဤလေးဦးက ခန်းမအတွင်း၌ သူမ၏စကားများအား လိုသည်ထက်ပို၍ ထောက်ခံနေကြသည်။ တစ်ချက်ကြည့်ရုံဖြင့်  ဤလေးဦးက သူမမျိုးနွယ်စုမှ အမာခံပရိတ်သတ်လေးများဟု မပြောနိုင်ပါလျှင် ယောင်စစ်ကန်းနေခြင်းသာဖြစ်မည်။


"သခင်မလေး က ကျွန်တော်တို့ကို အကြည့်တစ်ချက်နဲ့မှတ်မိတယ် ဘယ်လောက်တောင်ကြည်နူးစရာလဲ..."


"သခင်မလေးက ကျွန်တော်တို့ရဲ့အရှင်မလို့မပြောရဘူး ကြီးမြတ်လွန်းပါတယ် အရှင်မအတွက်ဆို ဘာမဆိုရင်ဆိုင်ဖို့အသင့်ပါ..."


" ဟုတ်ပါတယ် ဓားတောင်ကိုပဲကျော်ရကျော်ရ မီးပင်လယ်ကိုပဲဖြတ်ရဖြတ်ရ ဘာမဆို..."


" အရှင်မဘယ်သူ့ကိုသတ်ချင်လဲပြော..."


" တယ် တိတ်ကြစမ်းး..."


ဗရုတ်သုက္ခတွေပါလားနော်...


" မင်းတို့ကဘယ်သူတွေတုန်း ဒီမှာဘာလုပ်နေကြတာတုန်းဖြေကြလို့..."


ထိုအခါ လေးဦးသားက တစ်ဦးမျက်နှာတစ်ဦး ကြည့်လိုက်ကြပြန်ကာ  ညာဘက်စွန်ရှိလူက ခေါင်းငြိမ့်ပြလာ၏။


၎င်းတို့က ကွန်ပျူတာလက်ပတ်များအား အသက်သွင်းလိုက်ကြသည်နှင့်  တစ်ဦးစီ၏ ကိုယ်ပေါ်မှ အဖြူရောက်အလင်းစက်များဖြတ်ပြေးသွားကာ သွင်ပြင်များပြောင်းလဲသွားကြသည်။


အနီးကပ် ကြည့်လိုက်မိသောအခါ ယောင်စစ်တစ်ယောက် ထအော်မတတ် အံ့အားသင့်သွားရသည်။


" ပိုင်ရိ..."


ဘယ်လိုလုပ် သူဖြစ်နေရတာလဲ...


" ဥက္ကဌ အာ မဟုတ်ဘူး သခင်မလေး..."


ပိုင်ရိက ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခေါင်းအားထိုးဖွလိုက်သည်။ သူက ပြောစရာစကားလုံးများစွာကို ကတုန်ကယင်ဖြင့်စာစီနေကာ မည်သည့်နေရာမှစပြောရမည်မသိဟန်ပင်..."


" မ...မ...မ... မတွေ့ရတာကြာပြီနော်..."


အကယ်၍ ပိုင်ရိကဒီမှာဆိုရင် တူလေးကုရော...


မုချမလွဲပါပေ။ ကုရှုချန်းက ပိုင်ရိ၏ဘေးတွင် ရပ်နေခဲ့သည်။


" ကျွန်တော်တို့လည်း သခင်မလေးလို နွေရာသီသင်တန်းတက်ဖို့ဆုံးဖြတ်လိုက်တာ..."


ယောင်စစ်က သူမ၏မျက်နှာကိုမဲ့၍ ရင်းနှီးသောအခြားမျက်နှာနှစ်ခုကို လှည့်ကြည့်လိုက်သည်။


" သူတို့ကရော ဘာလာလုပ်တာလဲ နွေရာသီသင်တန်းတက်ဖို့ပေါ့လေ..."


 ထိုနှစ်ဦးမှာ သူမအားကူညီလေ့ကျင့်ရန် ယောင်ချမ့်စီစဥ်ပေးခဲ့သူများဖြစ်သည်။ တစ်ဦးက ရေစွမ်းရည် တစ်ဦးကသစ်သားစွမ်းရည်တို့ဖြစ်ကာ နှစ်ဦးစလုံးက ယောင်စစ်ထက်သာ၍တော်ကြသည်သာ။ ထို့အပြင် ထိုနှစ်ဦးမှာ လွန်ခဲ့သောနှစ်ရာချီက ဘွဲ့ယူခဲ့ပြီးဖြစ်သဖြင့် နွေရာသီသင်တန်းကို သေချာပေါက်လိုအပ်မနေပါချေ။


" အယ်အဲဒါက..."


ကုရှုချန်း၏မျက်လုံးများက ဝေ့ဝဲနေကာ သင့်တော်သော အကြောင်းပြချက်တစ်ခုကို အလျင်စလိုစဥ်းစားလိုက်သည်။


" သူတို့လည်း သွေးပူလေ့ကျင့်ခန်းလေးလုပ်ဖို့ပါ..."


" မှန်မှန်လိမ်စမ်းဟာ..."


ယောင်စစ်က သူမ၏သွေးမျိုးဆက်အာဏာအား ထုတ်သုံးလိုက်သဖြင့် လေးဦးသားလုံး လက်လျှော့လိုက်ကြရချေ၏။


" အဲဒါက အကြီးအကဲကောင်စီရဲ့အကြံပါ..."


အာဟ...ငါသိနေတယ်လေ  အကြီးအကဲကောင်စီရဲ့အကြံတောင်ဟုတ်ချင်မှဟုတ်မှာ...


တစ်ယောက်သောအဖေရဲ့အကြံပဲဖြစ်မှာပေါ့...


ယောင်စစ်၏ဘဝတွင် နေမည်လော သေမည်လော ဟူသောရွေးချယ်မှုများသာရှိသည်။ သို့သော် ယခုနောက်ပိုင်းတွင် သူမလမ်းစဥ်ဆီမှ ချော်ထွက်လာနေသလို ခံစားနေရ၏။


စိတ်အားထက်သန်တဲ့ကျောင်းသားတစ်ယောက်အတွက်  လိုက်ချုပ်ချယ်ချင်တဲ့အုပ်ထိန်းသူကိုရထားတာ ဘယ်လောက်ကံဆိုးလိုက်လဲ...


မူရွှမ်က သူမအား အမှီအခိုကင်းလျှင်အသုံးမကျသော သားသမီးတစ်ဦးအဖြစ် ပျိုးထောင်မည်ကို ယောင်စစ် အမှန်တကယ်စိုးရိမ် ပူပန်သွားမိသည်။


.....


နောက်တစ်နေ့မနက်သို့ရောက်သောအခါ ဇန်ဇီချန်က သူမထက်ဦးစွာ ထွက်ခွာသွားသည်ကို ယောင်စစ် ကြားသိခဲ့ရသည်။ ဖြစ်နိုင်သည်မှာ ဂိုဏ်းချုပ်၏ မကြည်လင်သော ရည်ရွယ်ချက်များအား သတိပြုမိသဖြင့် သူမကိုပင် နှုတ်မဆက်နိုင်ဘဲ အလျင်စလို ထွက်ခွာသွားခြင်းဖြစ်မည်။


ယောင်စစ်က တန်ဖိုးရှိသော အချိန်ကိုဆုပ်ကိုင်၍ လေ့ကျင့်ရေးနေရာဆီသို့ ထွက်ခွာလာခဲ့သည်။  မူလအစတွင် လူတိုင်း၏ စိတ်စွမ်းအင်ပမာဏမှာ ညီတူမျှတူပင်ဖြစ်သည်။ သို့ရာတွင် အချိန်နှင့်တပြေးညီ မတူညီစွာ တိုးတက်ပြောင်းလဲလာကြပြီး အဆုံးတွင် ခန္ဓာကိုယ်မှ လက်သင့်ခံနိုင်သော စွမ်းအင်အထွတ်အထိပ်ထိတိုင် ရောက်ရှိလာကြမည်ဖြစ်သည်။  ဆိုကြသည်မှာ အသက်အရွယ်အလိုက်စွမ်းအင် ပမာဏလည်းတူလေ့ရှိသည်ဟူ၏။


စကြာဝဠာတစ်ခွင် ကျယ်ပြန့်စွာတည်ရှိနေသော စိတ်စွမ်းအင်များသည် အထူးစွမ်းရည်များနှင့်အလားတူဖြစ်သည်။ ၎င်းတို့အား အဆင့် E မှ SSSအထိသတ်မှတ်ထားပြီး ပျမ်းမျှမှာ အဆင့်Cဖြစ်သည်။ သို့သော် ၎င်းက ရာစုနှစ်များကျော်ဖြတ်၍ တည်ရှိလာသော သွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုအတွက်မူ မုချကွဲပြားလိမ့်မည်ဖြစ်သည်။


ကြီးမားသော ပြောင်းလဲမှုမရှိပါက စွမ်းရည်များသည် ကာယကံရှင်အပေါ်တွင်သာမူတည်နေမည်ဖြစ်သည်။


ယောင်စစ် သူမ၏စိတ်စွမ်းအင်အား ထိန်းချုပ်တတ်လာသည်ထိ လေ့ကျင့်ရန်လိုအပ်သည်။ မူရွှမ်၏စကားအရ သူမ၏စွမ်းအင်က အားနည်းခြင်းမဟုတ်ဘဲ နှစ်ကြာညောင်းစွာ ဆောင်းခိုနေခဲ့သဖြင့် လေ့ကျင့်မှုလိုအပ်နေခြင်းဖြစ်သည်။


အာကာသမျိုးနွယ်များတွင်မူ စိတ်စွမ်းအင်အား ပြင်ပဆွဲငင်ခြင်းအား ဟုသမုတ်ကြပြီး ၎င်းကိုထိန်းကျောင်းရန် အကောင်းဆုံးနည်းလမ်းမှာ အားစိုက်ထုတ်ခြင်းဖြစ်ပေသည်။