Chapter 87
လေ့ကျင့်ရေး၏အနှောင့်အယှက်များ
လူသစ်လမ်းညွှန်က သူမ၏စိတ်စွမ်းအင်အား ပိုမိုသန်မာလာအောင်လေ့ကျင့်လိုပါက ပထမဦးစွာ စမ်းသပ်စစ်ဆေးရမည်ဟုဆိုသည်။ ယောင်စစ်က သူမ၏စိတ်စွမ်းအင်အား အရိပ်ဂြိုလ်ပေါ်ရှိ အသေးငယ်ဆုံးသက်ရှိသတ္တဝါများဖြစ်သော ယုန်များဖြင့်စတင်စစ်ဆေးသည်။
ယောင်စစ်က အာရုံစုစည်းကာ သူမရှေ့ရှိ မြေပြင်ပေါ်မှ အမွေးဖြူဖြူသတ္တဝါအား စူးစိုက်ကြည့်လျက် ပြင်ပဆွဲငင်အား ကိုအသုံးပြုနိုင်ရန်ကြိုးစား အားထုတ်နေသည်။
" သခင်မလေး လုပ်ထား သခင်မလေးကြိုးစားထား..."
" သခင်မလေး ရခါနီးပြီ... နည်းနည်းလောက်ဆိုထိန်းချုပ်နိုင်တော့မှာ..."
" အသက်ပြင်းပြင်းရှူသခင်မလေး စိတ်စွမ်းအင်ကိုအားစိုက်ထုတ် ဒီယုန်သခင်မလေးရဲ့စိတ်စွမ်းအင်တွေအောက် ပြိုလဲတော့မှာ..."
" ရတော့မယ် ရတော့မယ်..."
" ရပြီကွ သခင်မလေးလုပ်နိုင်သွားပြီ ဟိုယုန်သခင်မလေးရဲ့ ကြီးမြတ်တဲ့စွမ်းအင်ကြောင့် ထွက်ပြေးသွားရပြီ..."
နင်တို့ကောင်တွေကြောင့် လန့်ပြေးသွားတာဟဲ့...
အဘယ်ကြောင့် သူမက ဤလူများဖြင့် လေ့ကျင့်ရပါမည်နည်း။ ၎င်းတို့က သူမ၏အလုပ်အား နှောင့်နှေးစေရန် ရောက်ရှိနေကြခြင်းပါပေ။
" မင်းတို့လေးယောက် ငါရှိကြီးခိုးပါတယ် ငါလေ့ကျင့်တဲ့နေရာနားမှာမနှောင့်ယှက်လို့ရမလား..."
သူမငိုချင်နေပြီ။
" ဟိုထောင့်လေးမှာ သွားထိုင်နေကြပေးလို့ရမလား..."
သွေးစုပ်ဖုတ်ကောင်လေးဦးက တစ်ဦးမျက်နှာတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ခေါင်းငြိမ့်ပြလာကြသည်။
" ဟုတ်ကဲ့ပါသခင်မလေး..."
" အမိန့်အတိုင်းပါခင်ဗျ..."
" ဒါပေါ့ရပါတယ်သခင်မလေး..."
" ကိစ္စမရှိပါဘူးသခင်မလေး..."
ထိုလေးယောက်သည် ထောင့်တစ်နေရာတွင်ထိုင်ချကာ ယောင်စစ်အား ကြည်ညိုပူဇော်သောအကြည့်များဖြင့်ကြည့်ရှု နေကြလေ၏။
ယောင်စစ်၏မျက်နှာပေါ်ရှိ အကြောများက တွန့်လိမ်သွားကာ သူမတစ်ဖက်သို့လှည့်လိုက်သည်။ သူမ၏ အမြင်အာရုံအား မနှိပ်စက်လိုပါပေ။
ယောင်စစ်က မြက်ခင်းပြင်ပေါ်တွင်ထိုင်ချ၍ အစောပိုင်းရှိ ယုန်နှင့်သူမအဖြစ်အား တွေးတောနေမိသည်။ သူမ၏အခြေအနေမှာ သူမမျှောမှန်းထားသည်ထက် များစွာဆိုးဝါးနေဟန်တူလေသည်။
ယောင်စစ်တစ်ယောက် တစ်ခါသော်မျှအသုံးမပြုခဲ့ဘူးသော စိတ်စွမ်းအင်အား မည်သို့ထိန်းချုပ် အသုံးချရမည်မသိ ဖြစ်နေရချေ၏။
သူမ လူသစ်လမ်းညွှန်တွင် ဖော်ပြထားသော အခြေခံတကာ့ အခြေခံအကျဆုံး နည်းလမ်းကိုသာ ကြိုးစားကြည့်ရန်တတ်နိုင်သည်။ ယောင်စစ်က သူမ၏မျက်လုံးများကို ပိတ်ဆို့လိုက်ပြီး ပတ်ဝန်းကျင်အား တိတ်ဆိတ်စွာ အာရုံစူးစိုက် လိုက်သည်။
အမြင်အာရုံကို ဖယ်ခွာလိုက်သည်နှင့် အခြားအာရုံများအား ခံစားနိုင်မှု တိုးတက်လာမည်ဟု ဆိုကြသည်မဟုတ်လော။ ပတ်ဝန်းကျင်ကို သတိချပ်ရန်မှာ စိတ်စွမ်းအင်၏ တစ်စိတ်တစ်ပိုင်းဟု မှတ်ယူရသည်။ အခြားသောပြင်ပနယ်ပယ်မှ အချက်အလက်များကိုလည်း ကျယ်ပြန့်စွာတိုးချဲ့လာရမည်ဖြစ်သည်။
သူမ ပတ်ဝန်းကျင်ကိုသာ အာရုံခံနိုင်ပါက ၎င်းအားစိတ်စွမ်းအင် အသုံးပြုခြင်းဟု သတ်မှတ်နိုင်ပါမည်လော။ ထိုအကွာအဝေးတစ်ခု၏ သတ်မှတ်ချက်ဧရိယာက ယောင်စစ်၏ စိတ်စွမ်းအင် ပမာဏအား အဆုံးအဖြတ်ပေးလိမ့်မည်ပေ။
ယောင်စစ် သူမ၏ ခန္ဓာနှင့်ဝိဉာဥ်ကို ပတ်ဝန်းကျင်အား ခံစားသိရှိနိုင်ရန် မြှုပ်နှံလိုက်ချေသည်။
မိနစ်သုံးဆယ်ကြာသောအခါ...
သူမ၏အသက်ရှူသံများ ငြိမ်သက်လာသည်။
မိနစ်လေးဆယ်ကြာသောအခါ...
သူမ၏ အတွေးများ ပျံ့လွင့်မနေတော့ပေ။
တစ်နာရီကြာသောအခါ...
သူမ၏ ပတ်ဝန်းကျင်အပေါ်တုံပြန်မှုက ပို၍အားကောင်းလာသည်။
တစ်နာရီခွဲကြာသောအခါ...
သူမ၏
" သခင်မလေး နေ့လယ်စာစားချိန်ရောက်ပါပြီ..."
ပူနွေးသော စိတ်ခံစားမှုလှိုင်းတစ်ခုက သူမကိုယ်တွင်း ပြင်းထန်စွာဖြတ်သန်းသွားပြီးနောက် သူမ၏နှာခေါင်းဝတွင် မွှေးပျလတ်ဆတ်သော ဘဲသွေးရနံ့အားရရှိလိုက်ချေသည်။ ယောင်စစ်တစ်ယောက် သူမအားထုတ်ထားသော စွမ်းအင်များအားလုံး လွတ်ထွက်သွားသည်ကို ခံစားလိုက်ရပြီး အောင်မြင်လုပြီ ဟူသောခံစားချက်မှာလည်း လုံးဝဥဿုံလွင့်ပါးသွားချေတော့၏။
" ... "
ယောင်စစ်က ကုရှုချန်း၏ ယုယမှုတို့ပြည့်လျှမ်းနေသော မျက်လုံးအစုံအား စိုက်ကြည့်လိုက်သည်။ ထို့နောက် တုန်ရီနေသောလက်အစုံဖြင့် ပန်းကန်လုံးအားယူ၍ သူမ၏ကြေကွဲမှုကို ဖုံးကွယ်ရန် အစားအသောက်တွင်း ခေါင်းနှစ်လိုက်ရပေသည်။
နာကျင်လိုက်တာ...
" တူလေးကု ..."
" ဟုတ်ကဲ့သခင်မလေး..."
" မင်း ငါ့ပရိတ်သတ်မလုပ်ဖို့ စဥ်းစားဖူးလား..."
" သခင်မလေးဘာမှမပူနဲ့ ကျွန်တော်ကသခင်မလေးကိုအမြဲ ပံပိုးထောက်ခံနေမှာ..."
ကုရှုချန်းက သူ၏ရင်ဘတ်အား ပြင်းထန်စွာ ပုတ်ပြလိုက်ပြီး မျက်နှာထက်တွင် တည်ကြည်ပြတ်သားသော အမူအယာကိုဆင်မြန်းထားသည်။
" ကျွန်တော်တို့သွေးစုပ်ဖုတ်ကောင် မျိုးနွယ်တွေက သစ္စာတရားကြီးမားပါတယ် သခင်မလေးကကျွန်တော်တို့ဘိုးဘေးဖြစ်ပြီး ကျွန်တော်တို့ကလည်း ဇီဝိန်ချုပ်ငြိမ်းတဲ့ထိ သခင်မလေးရဲ့ နောက်လိုက်တွေအဖြစ်ရှိနေမှာပါ သခင်မလေးက ကျွန်တော့်အသက်ကိုလည်းကယ်တင်ပေးခဲ့တယ်လေ..."
" ဒါဆိုလည်း ငါ့ကြင်နာမှုကို အငြိုးတရားလေးနဲ့ပြန်မဆပ်ချင်ဘူးလား..."
"..."
" သခင်မလေးး..."
ယောင်စစ်၏ မျက်နှာထက်သို့ စိတ်ဆင်းရဲမှာများ ပြိုကျလာစဥ် ပိုင်ရိက မှိုရသကဲ့သို့အမူအယာဖြင့် ခုန်ပေါက်ပြေးလွှားလာသည်။
" ရှာဖွေရေးကိရိယာက အချက်ပြလာတယ် အဲဒါ ဒီနားမှာပဲရှိရမယ် ကျွန်တော်တို့ ကံကောင်းသွားပြီ..."
ပိုင်ရိက ခုန်ပေါက်မြူးတူးနေသည်။
" သွားစို့ သွားစို့..."
" သခင်မလေး..."
ကုရှုချန်းက သူမရှေ့သို့ ရောက်ရှိလာပြီး လေးနက်သောအမူအယာဖြင့်ဆိုသည်။
" နေ့လယ်စာကိုအရင်သုံးဆောင်ပါ..."
နင့်မှာတခြားအလုပ်မရှိဘူးလား...