အပိုင်း ၈၈
Viewers 16k

Chapter 88

သယ်ယူပို့ဆောင်ရေးခေါ်ယူခြင်း


"ပိုင်ရိ နင်သေချာလား" 


 ယောင်စစ်က ပန်းကန်လုံးတစ်ခုလုံးကို တစ်ကျိုက်တည်းမော့ချရင်း မေးလိုက်သည်။


ပိုင်ရိက အားတက်သရော ခေါင်းညိတ်ပြလာသည်။  သူကခေါင်းကုတ်ကာ မြေပုံအား သူမထံကမ်းပေးလာပြီး ယောင်စစ်၏ နောက်ခံအသစ်နှင့်ပတ်သတ်၍ အသားမကျဖြစ်နေဟန်ပေါ်သည်။ 


 "သခင်မလေး ကျွန်တော်တို့ရောက်နေတဲ့နေရာနဲ့ နီးနေပြီလား..."


ယောင်စစ် ကြည့်ရှုလိုက်သောအခါ မြေပုံပေါ်တွင် ပေါ်နေသောအနီစက်လေးက သူမတို့နှင့် ငါးကီလိုမီတာကျော်ခန့်တွင်တည်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။


လူသစ်များအတွက် တတိယခရိုင်တွင် အထူးလက်ဆောင်များ ရံဖန်ရံခါ ရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ဆောင်မှုအဖွဲ့သားများမှ ပြောခဲ့ဖူးသည်။  လက်ဆောင်များသည် လူသစ်တို့၏ စိတ်စွမ်းအင်ကို ထိရောက်စွာ မြှင့်တင်ပေးနိုင်သော်လည်း ၎င်းတို့အား တွေ့ရှိရန်အခွင့်အရေးမှာ ရှားပါးလှသည်။  ထို့အပြင် လက်ဆောင်ရယူနေစဥ်အတွင်း အန္တရာယ်များစွာလည်း ကပ်ပါလာနိုင်သဖြင့် ယောင်စစ်က မျှော်လင့်ချက်ကြီးကြီးမားမား မထားပေ။


သို့သော် တစ်နည်းနည်းဖြင့် သူမ၏ ကံကြမ္မာက ခန့်မှန်းထားသည်ကိုအတော်လေး ကျော်လွန်သွားခဲ့သည်။


 "ကောင်းပြီ၊ မြန်မြန်သွားရအောင်..."  


ယောင်စစ်က အားကြိုးမာန်တက် ခရီးစရန်ပြင်ဆင်လိုက်သည်။ သူမထံသို့ ကောင်းကင်ဘုံမှ စွန့်ကြဲလိုက်သော လက်ဆောင်မွန်အား အလဟဿဖြစ်မခံသင့်ပေ။


" ခဏနေပါဦး သခင်မလေး..."


ကုရှုချန်းက သူမအားတားဆီးလိုက်သည်။


" ငါးကီလိုမီတာဆိုပေမဲ့လည်း လမ်းလျှောက်သွားဖို့ဆိုဝေးသေးတယ် ခရီးလည်းနှောင့်နှေးနိုင်တယ် ကျွန်တော်တို့ပျံသွားကြရင်ရော..."


ယောင်စစ် အံ့သြသွားသည်။


" နင် ပျံသန်းရေးကိရိယာတွေယူလာတာလား..."


 စည်းမျဥ်းများအရ လေ့ကျင့်ရေးနယ်မြေသို့  ကွန်ပြူတာလက်ပတ်မှလွဲ အာကာသမျိုးနွယ်ပစ္စည်းမဟုတ်သော မည်သည့်ပြင်ပကိရိယာကိုမျှ ယူဆောင်လာခွင့်မရှိဟု ကန့်သတ်ထားသည်မဟုတ်ပါလော။


"  ဟင့်အင်း..."


ကုရှုချန်းက ခေါင်းခါပြသည်။


" ဒီလိုအခြေအနေမျိုးတွေဖြစ်လာမှာစိုးလို့ ကစားသမားတွေအတွက် ရိုးရှင်းတဲ့သယ်ယူပို့ဆောင်ရေးကိရိယာတွေပေးတယ်လေ..."


ထို့နောက်သူက ယောင်စစ်အား လူသစ်လမ်း ညွှန်ကိုဖွင့်ပြလာသည်။


အဲ့လိုဝန်ဆောင်မှုတွေလည်းရှိသေးတာလားဟ...


ကြိုသိခဲ့ပါလျှင် သူမအနေဖြင့် အနှီကံမကောင်းရှာသော ဇန်ဇီချန်ထံမှ ခရီးတစ်ကြောင်း ကုန်းဆင်းမိခဲ့မည်မဟုတ်ပါချေ။


ယောင်စစ်က သူမ၏ ကွန်ပြူတာလက်ပတ်ကို အလျင်အမြန်ဖွင့်၍ ကြည့်ရှုစစ်ဆေးလိုက်သောအခါ ထိုနေရာတွင် အမှန်တကယ်ကို သယ်ယူပို့ဆောင်ရေးအတွက် ဝန်ဆောင်မှုရှိနေသည်။ သူမ ထိုနေရာသို့နှိပ်လိုက်သောအခါ ခရမ်းရောင်အလင်းတန်းတစ်ခု ကွန်ပြူတာလက်ပတ်အတွင်းမှ ထွက်ပေါ်လာကာ ကောင်းကင်သို့ဆန်တက်သွားလေသည်။


ဘယ်လိုကိရိယာမျိုးပေးမှာပါလိမ့်...


ယောင်စစ်က ဓားပျံဖြစ်စေ ယာဥ်ပျံတစ်ခုဖြစ်စေ ပေါ်ထွက်လာမည်ကို စောင့်စားနေခဲ့သည်။  


သို့သော်ရုတ်တရက် ကောင်းကင်ထက်မှ ငှက်အော်မည်သံများ ပြန့်လွင့်လာချေ၏။ သူမအလျင်အမြန် မော့ကြည့်လိုက်မိသောအခါ အဝေးတစ်နေရာမှ ပျံဝဲလာနေသောအာကာသငန်း ငါးကောင်အား တွေ့မြင်ရလိုက်ရပေသည်။


○| ̄|_


 


အဲဒါကတကယ်ကြီး အာကာသမျိုးစိတ်တွေရဲ့ သယ်ယူပို့ဆောင်ရေးကိရိယာကြီးပဲ...


ဒါဆိုသူမ ခုနကနှိပ်လိုက်တာက ငန်းခေါ်တဲ့ခလုတ်ပေါ့...


-_-|||


.....


အပိုဆုများ ပေးကမ်းခြင်းကြောင့်ပေလောမသိ ငန်းများက လျင်မြန်စွာပျံသန်းကြကာ အချိန် ငါးမိနစ်ခန့်အတွင်း ဦးတည်ချက်သို့ရောက်ရှိလာ၏။ ငန်းမျာအား အဖိုးအခပေးချေပြီးသောအခါ ယောင်စစ်တို့ လှိုဏ်ဂူတစ်ခုရှေ့တွင် ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရပေ၏။


" အဲ့ထဲမှာလား..."


" ဟုတ်ပါတယ်သခင်မလေး တည်နေရာအရဒီထဲမှာပါ..."


ပိုင်ရိက သူမအမေးအားတုံ့ပြန်ပေးသည်။


ယောင်စစ်က မျက်စိရှေ့ရှိ စိတ်အာရုံခြောက်ခြားဖွယ် လှိုဏ်ဂူကြီးအား ကြည့်ရှုလိုက်သည်။ ထို့နောက် မိမိနှုတ်ခမ်းအား ဖိကိုက်၍ စိတ်ဆုံးဖြတ်လိုက်သည်။


" ငါသွားမယ်..."


" ကြိုးစားထားပါသခင်မလေး..."


သွေးစုပ်ဖုတ်ကောင်များက လက်သီးလက်မောင်းတန်း၍ ယောင်စစ်အား အားပေးအားမြှောက် ပြုနေကြသည်။


ကုရှုချန်းတစ်ဦးတည်းသာ အနည်းငယ် တွန့်ဆုတ်နေ၏။


" သခင်မလေး ကျွန်တော်တို့ကို မလိုက်ခဲ့စေချင်တာသေချာလား အထဲမှာအန္တရာယ်တစ်ခုခုနဲ့တွေ့ရင်ရော  ကျွန်တော်တို့လည်းလိုက်ခဲ့ပြီး သခင်မလေးကိုအားပေးချင်တယ်လေ..."


"..."


ငါ့ကိုအားပေးမယ်ဟုတ်လား  နင်တို့ကပွဲကောင်းကြည့်ချင်နေကြတာပါ...


" ငါအဆင်ပြေပါတယ် ဒါကလည်းလေ့ကျင့်ရေးသဘောပဲမို့ နင်တို့ရှိနေရင် အနှောင့်အယှက်ဖြစ်ရလိမ့်မယ်..."


ထိုအခါ လေးဦးသားက ညိုးငယ်စွာဖြင့် တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ ခေါင်းငြိမ့်ပြလာသည်။


" ကောင်းပါပြီ သခင်မလေး အောင်ပန်းစွတ်ပြီးပြန်အလာကို ကျွန်တော်တို့စောင့်နေပါ့မယ်..."


" ဟုတ်တယ် ကျွန်တော်တို့အတွက်စိတ်ပူမနေဘဲ နောက်ဆံကင်းကင်းသွား..."


" အော် သခင်မလေး ညစာက ခြောက်နာရီနော်..."


" အင်းပါ အင်းပါ မှတ်မိတယ်..."


ယောင်စစ်က စိတ်အနှောင့်အယှက်ဖြစ်စွာ သူမ၏လက်ကို ခါယမ်းပြလိုက်သည်။


ထမင်းလေးတစ်နပ်ကို အဲ့လောက်အဖြစ်သည်းနေဖို့လိုလို့လားတကယ်ပဲ...


ယောင်စစ်က တုံ့ဆိုင်းခြင်းမရှိ ဂူထဲသို့ဝင်လာခဲ့ချေသည်။