Chapter 89
ဝက်ခေါင်းတိုက်ပွဲ
လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် အအေးဓာတ်က သူမအားလွှမ်းခြုံသွားသည်။ ပြင်ပရှိအပူချိန်နှင့် ကွာခြားစွာ သူမ၏လက်မောင်းတစ်လျှောက်အား မွေးညင်းများ ထောင်တက်လာစေသည်။
အေးလိုက်တာ အေးလိုက်တာ...
လူသစ်များအတွက် အဆင့်တိုးမြှင့်လက်ဆောင်များ ရံဖန်ရံခါရရှိတတ်သော်လည်း ရှားပါးကာ အန္တရာယ်များတတ်သဖြင့် ယောင်စစ်က မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
သို့သော် ကံအားလျော်စွာဖြင့် သူမဤနေရာသို့ ရောက်ရှိလာခဲ့ရပေသည်။
လူသစ်များအတွက် ကြိုဆိုလက်ဆောင်များက တစ်ခုနှင့်တစ်ခုမတူညီဟု လမ်းညွှန်တွင်ဖော်ပြထားသဖြင့် ယောင်စစ်အား မည်သို့သောအရာက စောင့်ကြိုနေမည်ကိုမသိရပေ။ ဂူအတွင်းသို့ ရောက်ရှိလာလေ အပူချိန်ကကျဆင်းသထက်ကျဆင်းလာလေဖြစ်ပြီး အလင်းရောင်လည်းပျောက်ဆုံးလာသည်။
ယောင်စစ်က နတ်ဆိုးနယ်မြေမှ ဧရာမပိုးကောင်ကြီးအား ရုတ်ချည်းအမှတ်ရသွားမိသည်။ ဤနေရာတွင်ရော ထိုသို့ သားရဲများ ရှိနေနိုင်ပါသလော...
" ဟီးဟီးဟီး တစ်ယောက်ယောက်ကတော့ သူ့ခြေထောက်နဲ့သူ ရောက်လာပါရောလားဟေ့..."
ကောင်းသောရည်ရွယ်ချက်တို့ရှိဟန်မတူသော အသံတစ်သံထွက်ပေါ်လာသည်။
ထိုအသံက တိုးတိမ်ကာ အေးခဲနေသောအသံဖြစ်သည်။ ယောင်စစ် မည်သို့အာရုံခံပါစေ ထိုအသံမည်သည့်နေရာမှထွက်ပေါ်လာသည်အား မခန့်မှန်းနိုင်ရှိရသည်။
သူမက မတ်မတ်ရပ်၍ လက်မြှောက်ကာ နှုတ်ဆက်လိုက်သည်။
" ဟိုင်း..."
သူမ၏ပတ်ပတ်လည်သည် အေးစိမ့်မှောင်မဲနေကာ တတောက်တောက်ကျဆင်းနေသောရေသံက သူမကြားနိုင်သည့် တစ်ခုတည်းသောအသံဖြစ်သည်။
" ဘာလဲ စိတ်စွမ်းအင်မရှိတဲ့လူတစ်ယောက်ပဲလား..."
ထိုအသံက စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်တူသည်။ ထို့နောက် အမှောင်
ထုအတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
၎င်းပုံရိပ်မှာ မရှည်လျားသော်လည်း ပိန်ပါးလှသည်။ အရိုးတည်ဆောက်ပုံကို သူ၏အရည်ပြားကိုပင် ဖောက်ထွင်း၍ မြင်နိုင်နေသည်။ ဦးခေါင်းထက်တွင်လည်း ရှည်လျားသောဝတ်ရုံတစ်ခုဖြင့် ဖုံးအုပ်ထားကာ သူ၏သွင်ပြင်အားကွယ်ဝှက်ထားသည်။
ထိုသူပေါ်ထွက်လာသည်နှင့် ယောင်စစ်၏အနံ့ခံအာရုံအတွင်း မနှစ်မြို့ဖွယ်အနံ့ဆိုးများပြည့်နှက်လာသည်။
" ဟဲလို ကျွန်မ..."
ယောင်စစ်က သူမ၏လာရင်းကိစ္စအား ပြောကြားမည့်ဆဲဆဲတွင် ထိုသူက သူမ၏စကားအား ကြားဖြတ် နှောင့်ယှက်လိုက်သည်။
ထိုသူက ယောင်စစ်အား နည်းနည်းမျှ အမှုမထားဘဲ လှောင်ပြုံးတစ်ခုပြုံးလိုက်သည်။
" ကဲထားပါ စိတ်စွမ်းအင်မပါတဲ့ ဝိဉာဥ်အလွတ်လေးဆိုရင်လည်း ဝမ်းဖြည့်ဖို့လုံလောက်ပါတယ် ကြည့်ရတာ ကံကြမ္မာက မင်းကိုငါ့ဆီပို့ပေးလိုက်တဲ့ပုံပဲ..."
" နေ နေပါဦး..."
ဒါကဘာအခြေအနေကြီးလဲလို့...
ငါ့လက်ဆောင်လေးကိုလာယူတာလေ...
" ငါမင်းရဲ့လက်ဆောင်လေးကိုယူလိုက်ပါ့မယ်..."
ယုတ်မာသောအပြုံးတစ်ခုနှင့်အတူ လေထုအပူချိန်ကပိုမိုကျဆင်းလာပြီး အေးစိမ့်သောလေပြင်းများတိုက်ခတ်လာ၏။
ယောင်စစ်က မမြင်နိုင်သောစွမ်းအင်များက သူမအားဆွဲချရန်ကြိုးစားနေသကဲ့သို့ခံစားလိုက်ရသည်။ နတ်ဆိုးနယ်မြေတွင် ဖြစ်ခဲ့သလိုပင်။
ယောင်စစ်၏ မျက်လုံးများပြူးကျယ်သွားကာ သဘောပေါက်သွားခဲ့သည်။
ဤသူက ရှေးလူရိုင်းမျိုးနွယ်စုမှလူဖြစ်သည်ပေ။
သေလိုက်ပါတော့...
" ဘာ..."
ထိုသူက ကြောင်အသွားပြီး လေပြင်းများလည်းရပ်တန့်သွားသည်။
" မင်းက ဝိဉာဥ်တိုက်စားလေကို ခံနိုင်ရည်ရှိတာလား..."
ထိုအခါ သူ၏မျက်လုံးများက ရုတ်ချည်းတောက်ပလာပြန်သည်။
" ကောင်းတယ် သိပ်ကောင်း ဒီလို ပြင်ပဆွဲငင်အားမျိုးနဲ့လူတစ်ယောက်ကို မကြုံဖူးသေးဘူး ငါမင်းရဲ့ဝိဉာဥ်စွမ်းအင်ကိုဝါးမြိုပြီး ငါ့ဝိဉာဥ်ရဲ့ဆာလောင်မှုကို ဖြေသိမ့်ပေးရမယ်..."
"ဝိဉာဥ်ဝါးမြိုမယ်တဲ့လား..."
အဲဒါဘာကြီးလဲ...
ဒါကြီးက မလွန်လွန်းဘူးလား ငါ့ရဲ့အဆင့်တက်လက်ဆောင်လေးဘယ်မှာလဲ...
ဒါကြီးကလွန်တယ်လို့...
ထိုလူက သူ၏လက်ကိုမြှောက်လိုက်ပြီး ထူးဆန်းသော လက်ဟန်များကို ပြုလုပ်လိုက်သည်။ လေထုအလယ်ရှိ အနက်ရောင်ဝတ်ရုံက ရုတ်ချည်းအနီရောင်အဖြစ်သို့ ပြောင်းလဲသွားကာ အားပြင်းသောစုပ်ဝဲတစ်ခု ဖန်တီးနေလေသည်။
ယောင်စစ် သူမခန္ဓာကိုယ်ပေါ့ပါးလာသည်ကိုခံစားနေရပြီး သူမ၏စိတ်အစဥ်ကလည်း မငြိမ်မသက်ဖြစ်လာကာ အနီရောင်အလံကြီးအတွင်းသို့ စုပ်ယူမခံရစေရန် ရုန်းကန်နေရသည် ။
ဖြစ်ပျက်နေသည်များအား နားလည်သွားသောအခါ ယောင်စစ်၏ နှလုံးသားလေး လေးလံသွားရသည်။
ယီးပဲ ဒါလားနင်တို့ပြောတဲ့လက်ဆောင်...
ငါ့စိတ်ခွန်အားကို ငါမထုတ်နိုင်တော့ နင်တို့ကညှစ်ထုတ်ပေးဖို့ ဒေသခံတစ်ယောက်လွှတ်ပေးလိုက်တယ်ပေါ့...
ဤနည်းလမ်းက သူမ၏စိတ်ဝိဉာဥ် လွဖျတ်ထုတ်ရန်အတွက် အမှန်တကယ်သက်ရောက်မှုရှိသည်။ သို့သော် အဓိကအချက်မှာ...
လွင့်ထွက်သွားသည့် စိတ်ဝိဉာဥ်ကို သူမကမည်သို့ပြန်လည်စုစည်းရပါမည်နည်း။
ဤသူက ဒေသခံတစ်ဦးဖြစ်ကာ လေ့ကျင့်ရေးစနစ်၏ NPCတစ်ဦးလည်းဟုတ်မနေ။ သူမ၏စိတ်ဝိဉာဥ် နုတ်ယူခံလိုက်ရမည်ဆိုပါက ပြန်ထည့်သွင်းပေးရန် သဘောထားကြီးမည်မဟုတ်ပါချေ။
ယောင်စစ်၏ မျက်နှာရုတ်ချည်း ဖြူဖျော့လာရသည်။
စင်တာ၏ ကြော်ငြာများက အမှန်တကယ်ကို ယုံကြည်ရခြင်းမရှိပေ။ အထူးသဖြင့်၎င်းတို့က ဝန်ဆောင်မှုအများစုအား အလကားဟု ဖော်ပြထားခြင်းပင်။
ဆိုးလိုက်တာနော်...
ယောင်စစ် တုန်လှုပ်လာမိသည်။ သူမတစ်ယောက်တည်း ဤလှိုဏ်ဂူထဲသို့ ဝင်လာမိခြင်းက ဤမျှဆိုးရွားသော ဆုံးဖြတ်ချက်တစ်ခုဖြစ်နေမည်ဟု မျှော်လင့်မထားခဲ့မိချေ။
ယောင်စစ် သူမနှုတ်ခမ်းအား ဖိကိုက်လိုက်သည်။ သူမ၏လက်ကျန်အသိစိတ်များကိုစုစည်း၍ ရုန်းကန်ကာ နောက်သို့ဆုတ်ရန်ကြိုးစားသည်။
" ထွက်ပြေးဖို့ကြိုးစားနေတာလား..."
ထိုသူက ယောင်စစ်၏ လှုပ်ရှားမှုများအား အာရုံခံမိသွားသည်။
" ငါကလွယ်လွယ်လွှတ်ပေးမယ်များထင်နေသလား..."
ထိုသူက သူ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။
တောက်ပသောအလင်းတန်းတစ်ခုက ယောင်စစ်အား ထိမှန်သွားပြီး သူမလေဖြတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ခြေတစ်လှမ်းက ပေါင်ချိန်တစ်သန်းမျှ လေးလံသွားချေသည်။
သူမ၏နှလုံးသားလေးကမူ ပင့်တင်ခံလိုက်ရ၏။ တစ်ဖက်လူက အထူးစွမ်းရည်များ ထုတ်သုံးလာပြီပင်။
ထိုစဥ် ရင်းနှီးကျွမ်းဝင်သော ခံစားမှုတစ်ခုက သူမဆီသို့တိုးဝင်ချည်နှောင်လာသည်။ လှိုင်ဂူအတွင်းရှိ အအေးဓာတ်နှင့်ဆန့်ကျင်စွာ ပွက်ပွက်ဆူနေသော စွမ်းအင်စီးကြောင်းက သူမခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားပြီး အေးခဲနေသောခြေလက်များအား ပြေလျော့သွားစေသည်။
ယောင်စစ်၏ခန္ဓာကိုယ်က မဆမတန်ပေါ့ပါးသွားကာ အလံ၏ဆွဲငင်မှုအား တွန်းလှန်၍ လှည့်ပတ်ပြေးတော့သည်။ သူမ၏အရှိန်က မြန်ဆန်လှသဖြင့် တစ်ဖက်လူက သူမအားမြင်ပင် မမြင်နိုင်ဖြစ်နေရသည်။
သူမက မြှားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့်ပြေးလွှားနေခဲ့သည်မှာ... နံရံကို ဝင်မတိုက်မိမီအထိသာဖြစ်သည်။
ဘောပဲ...
" စောင်ရမ်းနာတယ်ဟ..."
ယောင်စစ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလျက် သူမ၏ဦးခေါင်းအား အုပ်ကိုင်ထားသည်။ စမ်းကြည့်လိုက်သောအခါ ထိုနေရာတွင် ဧရာမဘုသီးကြီးတစ်ခုဖြစ်ပေါ်နေသည်ကို တွေ့ရှိလိုက်ရ၏။
ဘာလို့ဒီတစ်ခေါက်စွမ်းရည်က အရှိန်ဖြစ်နေရတာလဲ...
ထိုအခိုက်အတန့်တွင် သူမက လေဖြတ်သကဲ့သို့အနေအထားတွင်ရှိနေခဲ့သဖြင့် တန်ပြန်သက်ရောက်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့ခြင်းပေလော။ သို့ရာတွင် လောကနိယာမများကို ဆန့်ကျင်၍တည်ရှိနေသော သွေးစုပ်ဖုတ်ကောင်များအတွက်မူ ဤသို့စွမ်းရည်မျိုးက ထူး၍သာလွန်အသုံးဝင်ခြင်းမရှိ။ တစ်ခုတည်းသောပြဿနာမှာ သူမက ထိုသို့သောစွမ်းရည်များနှင့် နေသားမကျခြင်းပင်။
" မင်းက အထူးစွမ်းရည်တွေရှိနေတာပဲ..."
ထိုသူက ခေတ္တမျှတောင့်ခဲသွားကာဆိုသည်။
" ကောင်းပြီလေ ဘယ်ထိမြန်မြန်ပြေးနိုင်မလဲကြည့်ကြတာပေါ့..."
ထိုသူက သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ နက်မှောင်ချွန်မြသော ဝိဉာဥ်စွမ်းအင်ဓားများဖြစ်ပေါ်လာသည်။ ထိုဓားသွားများကယောင်နောက်မှ မျက်ခြေမပြတ် လိုက်ပါနေရာ သူမအားစိုက်ကြည့်နေသည့် မျက်လုံးများပါရှိနေသည့်အလားပင်။
ယောင်စစ်က လျင်မြန်သောအရှိန်ဖြင့်ရွေ့လျားကာ မှောင်မဲသော ဂူနံရံများဖြင့် လိုက်လျောညီထွေ ကိုယ်ရောင်ဖျောက်ရန် ကြိုးစားနေရသည်။
ဝိဉာဥ်ဓားများက သူမအားအဆက်မပြတ် လိုက်ပါနေဆဲဖြစ်သည်။ သူမလုပ်နိုင်သမျှမှာ အသားမကျသော အရှိန်စွမ်းအင်ဖြင့် ဓားသွားများကို ရှောင်နိုင်သမျှ ရှောင်ရှားခြင်းသာဖြစ်သည်။
ဓားသွားများကဘယ်ဘက်သို့သွားသောအခါ သူမက ညာဘက်သို့ပြေးကာ အလယ်ရှိလူကို တစ်ချက်မျှဝင်ထိုးပြီးနောက် နံရံနှင့်ဝင်တိုက်မိလေသည်။
အားး နာတယ်...
ဓားသွားများက ညာဘက်သို့သွားသောအခါ သူမက အရှေ့သို့ပြေး၍ အလယ်ရှိလူအား တစ်ချက်မျှဝင်ထိုးပြီးနောက် နံရံနှင့်တိုက်မိပြန်လေသည်။
အားး နာတယ်...
ဓားသွားများက အရှေ့သို့သွားသောအခါ သူမက အနောက်သို့ပြေး၍ အလယ်ရှိလူအား တစ်ချက်မျှဝင်ထိုးကာ နံရံနှင့်ထပ်မံတိုက်မိပြန်သည်။
အားး နာတယ်...
လှိုဏ်ဂူအတွင်း တဘုန်းဘုန်း အသံများကျယ်လောင်စွာ ပဲ့တင်မြည်ဟီးနေသည်။ မိနစ်အနည်းငယ်ခန့်အကြာတွင် ယောင်စစ်၏ဦးခေါင်း၌ အဖုအထစ်များပြည့်သိပ်နေအောင် ဖြစ်ပေါ်နေခဲ့ပြီဖြစ်၏။
တစ်ဖက်လူသည်လည်း ထိုနည်းတူပင်။ သူမ၏ အလစ်မပေးသော ထိုးချက်များအောက်တွင် ထိုသူ၏မျက်နှာမှုလည်း ဖောယောင်နေခဲ့ပြီပေ။
ယခုဆိုလျှင် သူမတို့နှစ်ဦးစလုံး ဝက်ခေါင်းများကဲ့သို့ ဖူးယောင်နေခဲ့ကြပြီပင်။
ဂူအတွင်း၌ တိုက်ခိုက်မှုများကြောင့် အသက်ဝင်ဆူညံနေပြီး ပြိုင်ဘက်နှစ်ဦးကား ဝက်မျက်နှာများဖြင့် တစ်ဦးကိုယ်တစ်ဦး မောဟိုက်စွာ စူးစိုက်ကြည့်နေကြသည်။
" မင်း ဟောဟဲ မင်းငါ့မျက်နှာကို ဘယ် လိုတောင်ထိုးရဲတာလဲ ဟောဟဲ..."
ထိုလူက သူ၏မျက်နှာအားဖုံးအုပ်ထားကာ အဆက်မပြတ် အသက်ရှိုက်နေရသည်။
" ထိုးတော့ဘာဖြစ်လဲဟာ..."
ဟောဟဲ ဟောဟဲ
သူ့ကိုထိုးရတာပဲ အရမ်းလွယ်နေသလိုနဲ့ပြောပုံကိုက...
နာတယ်ဟဲ့ သေအောင်နာတယ် ...
ဝက်ခေါင်းအချင်းချင်းကို ဘာတွေနစ်နာချင်ယောင်ဆောင်နေတာလဲ...
" မင်း ငါဒီနေ့မင်းကိုအနိုင်မယူနိုင်ရင် ထိပ်တန်းနတ်ဆိုးကျင့်ကြံသူဆိုတဲ့ နာမည်ကို ခွေးကျွေးပစ်လိုက်ဦးမယ်ကွ..."
ထိုသူက ယောင်စစ်အား စူးစူးရဲရဲစိုက်ကြည့်နေကာ အဆုံးအစွန်ထိရန်စခံလိုက်ရဟန်တူ၏။ ထို့နောက်ထူးဆန်း ရှုပ်ထွေးဆသာ လက်ဟန်များကို ဖန်တီးလိုက်သောအခါ လှိုဏ်ဂူအတွင်း၌ မျက်စိကျိန်းဖွယ်ရာ အနီရောင်အလင်းတန်းများ ပေါက်ကွဲသွားပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ အမှောင်စွမ်းအင်များ ပေါက်ကွဲထွက်လာသည်။
အရိုးထိတိုင်အေးစိမ့်စေသော လေအေးများက လှိုဏ်ဂူအတွင်းလှည့်ပတ်လာသည်။
ဒါကနောက်ဆုံးအကွက်ထုတ်သုံးနေတာများလား...
မှောင်မဲနှင့်ပြီးသော ဂူအတွင်း ပို၍ပင်မမြင်နိုင်ဖြစ်လာသည်။ လည်ပတ်နေသောစွမ်းအင်များက အမျိုးအမည်မသိရသော်လည်း သေချာပေါက်ကောင်းသောအရာ မဟုတ်နိုင်ပါချေ။
ယောင်စစ်က သူမရရှိထားသော အရှိန်စွမ်းရည်ကိုအားပြု၍ စတင်ပြေးသည်။ ဂူအတွင်းမှစွမ်းအင်များထံမှ တွန်းလှန်ကာ ရုန်းထွက်နိုင်ရန် ကြိုးစားနေ၏။
ထို့နောင် သူမ၏မျက်နှာက နူးညံချောမွေ့သော အရာတစ်ခုအားဝင်တိုက်မိသွားကာ သူမအသိတ်စိတ်တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။
အလံမှ အလင်းတန်းများတောက်ပလာချိန်မှ သူမသည် ဝိဉာဥ်ဝါးမြိုအလံအား တည့်တည့်ဝင်တိုးခဲ့မိသည်ကို သတိပြုမိသွားရချေသည်။
ယီးး
ငါ့သေတွင်းထဲ ငါကိုယ်တိုင်ဒဲ့ကြီးခုန်ဆင်းလိုက်တာပေါ့လေ...
(╯‵□′)╯︵┻━┻
နောက်ဆုံးသော တိုက်ကွက်အတွက် အားကုန်ပြင်ဆင် ဟန်ရေးပြနေသော တစ်စုံတစ်ယောက်မှာ ကြောင်အသွားရသည်။
ယောင်စစ်လည်းပဲ ဆွံ့အနေမိသည်။
ငါ့ယီး အရှိန်စွမ်းအင်...
...
မိနစ်ဝက်ခန့်ကြာပြီးသောအခါ...
ဂူထဲရှိလူက ဝိဉာဥ်စုပ်အလံကိုကောက်ယူလိုက်သည်။ သူ၏အသံက စိတ်ရှုပ်ထွေးမှုနှင့် စိတ်ကျေနပ်မှုအကြား ရောယှက်လို့နေသည်။
" ငါ့အားအင်တွေကိုချွေတာပေးလိုက်တာပဲ..."
ထို့နောက်သူက သူ၏အမှောင်စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်သဖြင့် လှိုဏ်ဂူက မူလအလင်းရောင်များပြန်လည်ရောက်ရှိလာသည်။ထို့နောက်ဂူတွင်းသို့ လှည့်ပတ်ကြည့်ရှုကာ တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားလိုက်သည်။
" အလောင်းကဘယ်မှာလဲ ဝိဉာဥ်စုပ်အလံကစားလိုက်တာလား..."
ထိုအခါ သူက သူ၏ဝိဉာဥ်စုပ်အလံ အဆင့်တက်သွားခြင်းဖြသ်မည်ဟုယူဆကာ စိတ်လှုပ်ရှားလျက် ဂူအတွင်းပိုင်းတစ်နေရာသို့ အလံကိုင်၍ ထွက်ခွာသွားပေသည်။
ဂူအပြင်ဘက်တွင်မူ...
ကုရှုချန်းက အချိန်အားတစိုက်မတ်မတ်ကြည့်ကာ တိတ်တဆိတ်ရေတွက်နေသည်။
ငါးနာရီနှစ်ဆယ့်ခုနှစ်မိနစ်၊
သုံးဆယ့်ခြောက်စက္ကန့် သုံးဆယ့်ငါးစက္ကန့် သုံးဆယ့်လေးစက္ကန့်....
ညစာစားချိန်ရောက်လုပြီဖြစ်သည်။
.....
ယောင်စစ်က သူမခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေသည်အား ခံစားရသည်။ စကြာဝဠာကွန်ရက်အတွင်းသို့ သူမပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့စဥ်က ကဲ့သို့ပင်။
သူမ၏စိတ်ဝိဉာဥ်က သူမ၏ခန္ဓာကိုယ်မှ ဖယ်ခွာသွားခဲ့ပြီကို အသေအချာသိရှိနေပါသော်လည်း သူမပတ်ဝန်းကျင်မှအရာများကို ခံစားသိရှိနေနိုင်ဆဲဖြစ်သည်။
သူမထံသို့ မီးခိုးငွေ့ကဲ့သို့ တစ်စုံတစ်ရာလွင့်မျောလာ၏။
ယောင်စစ်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏နှလုံးသားနေရာသို့ ဆုပ်ကိုင်လိုက်သည်။
သူမဘာဖြစ်သွားတာလဲ...
" ဟိတ် နိုးပြီလား လူသစ်..."
တိမ်ထုကဲ့သို့ တစ်စုံတစ်ရာက သူမအားစကားလာပြောနေ၏။
" ဘာကြီးလား..."
ယောင်စစ်က အလန့်တကြားဖြင့် နောက်သို့ထခုန်ရန် ကြိုးစားလိုက်သော်လည်း သူမ၏လက်က တစ်စုံတစ်ရာအား ဖြတ်သန်းသွားသကဲ့သို့ ခံစားမိသဖြင့် ငုံကြည့်လိုက်ရာ နောက်ထပ်တိမ်ဆုပ်တစ်ခုဖြစ်နေသည်ကို တွေ့ရှိလိုက်ရချေသည်။
စားပွဲခုံမှောက်ပစ်ကွာ
ဘာလို့ငါ့ဘေးမှာတိမ်ဆုပ်တွေရောက်နေတာလဲ ငါကရောဘယ်မှာလဲ...