အပိုင်း ၉၁
Viewers 18k

Chapter 91

မိုက်မဲသောကလေးကို ကယ်တင်ပေးခြင်း


လေထုက သုံးစက္ကန့်ကြီးများတောင် တိတ်ကျသွားသည်။


"ညီမလေး... မင်းမှာ ဒီလောက်ပြင်းပြတဲ့ အကြိုက်ရှိမှန်းမသိခဲ့ဘူး..."


“…”


ဖက်ခ်... ငါပြောတာအဲ့လိုမဟုတ်ဘူးလို့...

ယောင်စစ် ချက်ချင်းအသိပြန်ဝင်သွားသည်။

"ဘာအတွေးတွေလွဲနေရတာလဲ... ကျွန်မသူ့ကိုသိတယ်လို့ပြောတာ.."


"မင်းသိတယ်ဆိုရင်..."

ဘောလုံးသုံးလုံးက အသက်ပြင်းပြင်းရှူလိုက်သည်။

"ညီမရေ... ဒါကြီးကတော့ လွန်လွန်းသွားပြီ.. မင်းတို့တွေ ဘယ်လိုတွေ့ခဲ့ကြလဲဆိုတာ မေးလို့ရမလား..."


"ဖက်ခ်.. ကျွန်မပြောချင်တာ..."

နင်တို့အတွေးတွေ ဘာလို့ အဲ့လောက်ညစ်ပတ်နေရလဲဟ...

"ဖက်ခ်.... ရှင်တို့ အတွေးတွေက ဘာလို့ လမ်းဆုံးနေရတာလဲ..."

ဘောလုံးသုံးလုံးက သူမနှင့် တစ်မီတာလောက် ခွာသွားခဲ့သည်။


"ညီမ... ငါတို့က အဖြောင့်တွေနော်..."

အဖြူရောင် ဘောလုံးကပြောလိုက်သည်။


"ဟုတ်တယ်... ခဲတံလိုဖြောင့်တန်းနေတာနော်..."

အပြာရောင် ဘောလုံးက သဘောတူလိုက်သည်။


"ခဲတံထက်တောင် ဖြောင့်သေးတယ်..."

အစိမ်းရောင်ဘောလုံးက အော်ပြောလိုက်သည်။

(T/n: အဖြောင့်ဆိုတာ လိင်တူစိတ်မဝင်စားဘူးလို့ပြောတာပါ)


"ပေါက်ကရတွေ..."

ယောင်စစ် အသက်ပြင်းပြင်းရှူကာ လေးလေးနက်နက်ရှင်းပြလိုက်သည်။

"ကျွန်မ အပြင်ဘက်က လူနဲ့သိတယ်..."


"သူက မင်းနဲ့တကယ်သိတာလား..."

အပြာရောင်ဘောလုံးက တောင့်ခဲသွားကာ သက်ပြင်းချလိုက်သည်။

"အဲ့တာဆိုရင်တော့ သူပြဿနာတက်ပြီပဲ... နတ်ဆိုးကျင့်ကြံသူက အခြေတည်အဆင့်ဖြစ်နေပြီ သူကရွှေအူတိုင်ဖွဲ့စည်းခြင်းပဲရှိသေးတာ... သူ နတ်ဆိုးကျင့်ကြံသူကို အနိုင်တိုက်နိုင်မှာမပါဘူး... နာရီဝက်အတွင်းကို သူ့ရဲ့ဝိဉာဉ်က ဒီထဲကို စုပ်ယူခံရလိမ့်မယ်..."


အပြာရောင်ဘောလုံး ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ဇန်ဇီချန်ဟူသော ကံဆိုးလှသည့် ‌ကောင်လေးသည် နတ်ဆိုးကျင့်ကြံသူကိုလုံးဝခုခံနိုင်မည် မဟုတ်ပေ။ ခဏချင်းပင် သူ့တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နေပြီဖြစ်သော်လည်း သူ့ဓားကို ဆက်လက်ဝေ့ရမ်းနေဆဲဖြစ်သည်။


"မင်းက ရွှေအူတိုင်အဆင့်ပဲရှိသေးတယ်ဆိုပေမယ့် ငါ့ရဲ့ဝိဉာဉ်ဝါးမြိုအလံအတွက် လုံလောက်တယ်..."

ထိုလူက လက်ဖဝါးကို အနည်းငယ်ရွေ့လျားလိုက်သည်နှင့် ထောင်ပေါင်းများစွာသော နတ်ဆိုးဓားများ ထွက်ပေါ်လာသည်။


ဇန်ဇီချန် ဓားကိုတင်းတင်းကိုင်ထားကာ သူ့ကိုယ်သူ မဆုတ်မနစ်ကြိုးစား၍ ကာကွယ်နေသော်လည်း အချို့ကိုသာတားနိုင်ပြီး သူ့တစ်ကိုယ်လုံးကို ဓားများထိုးစိုက်သွားသည်။ သွေးများယိုစီးကျလာပြီး သူ၏ဝတ်ရုံရှည်ကြီးကို စွန်းထင်းသွားစေပြီး ခဏချင်းပင် သူ့မျက်နှာက ဖြူရော်လာသည်။


"ဟမ်... ရွှေအူတိုင်အဆင့်လေးမှာ အရည်အချင်းတော့ရှိပုံပဲ... ယုတ္တိရှိရှိပြောရမယ်ဆိုရင် သူ နတ်ဆိုးကျင့်ကြံသူကို မနိုင်ရင်တောင်မှ ထွက်ပြေးနိုင်ပါသေးတယ်...."

အပြာရောင် ဘောလုံးက စိတ်ရှုပ်ထွေးမှုများဖြင့် ရေရွတ်လိုက်သည်။

"သူဘာလို့ ဒီလောက် ရုန်းကန်နေရတာလဲ..."


ယောင်စစ် ကြောင်အသွားကာ ထိုပုံရိပ်လေးကို စိုက်ကြည့်လိုက်သည်။


ထိုခဏတွက် ဇန်ဇီချန်က ကျယ်လောင်စွာမေးလိုက်သည်။

"ငါ မင်းရဲ့အလံဆီကနေ စီနီယာစစ်ရဲ့ စွမ်းအင်ကို အာရုံခံမိတယ်.. မင်း နတ်ဆိုးကောင် သူမကိုဘာလုပ်လိုက်တာလဲ..."


ဖက်ခ်... ဒီကလေး သူမကြောင့် အခုထိ ထွက်မပြေးသေးတာပေါ့လေ....


"ဘာစီနီယာလဲ..."

နတ်ဆိုးကျင့်ကြံသူ လှောင်ရယ်လိုက်သည်။

"ငါလူတွေအများကြီးသတ်ခဲ့တာလေ.. ဘယ်လိုလုပ်တစ်ယောက်ချင်းစီကို မှတ်မိမှာလဲ... ဒါပေမယ့် လွန်ခဲ့တဲ့တစ်နာရီလောက်က ငါ့ရဲ့အလံက စိတ်ဝိဉာဉ်စွမ်းအင်မရှိတဲ့ ထူးဆန်းတဲ့မိန်းမတစ်ယောက်ကို စုပ်ယူခဲ့သေးတယ်..."


ကျန်းဇီချန်၏မျက်နှာ ဖြူဖျော့သွားကာ ဒေါသစိတ်ဖြင့် မွှန်ထူသွားသည်။ သူ အံတင်းတင်းကြိတ်၍ သူ့ဓားကိုဝံ့ရင်း နတ်ဆိုးကျင့်ကြံသူကို အဆက်မပြတ် တိုက်ခိုက်လာသည်။

"ငါသူမအတွက် လက်စားချေဖို့ မင်းကိုသတ်ပစ်မယ်..."


နောက်ထပ် တိုက်ပွဲစတင်ချိန်တွင် ယောင်စစ် ပိုမိုစိုးရိမ်လာပြီဖြစ်သည်။


"အပြာရောင်ဘောလုံး... ရှင်က အာကာသမျိုးနွယ်မလား သူ့ကိုကယ်ဖို့နည်းလမ်းရှိလား.."

သူမ ဘေးပတ်ပတ်လည်ရှိ အသက်မဲ့နေသည့် မီးခိုးရောင်ဘောလုံးများကိုကြည့်၍ မေးလိုက်သည်။

"သူက ဒီဂြိုလ်ရဲ့ ဒေသခံမျိုးနွယ်ပဲ... သူသာရှုံးသွားရင် သူ့အသိစိတ်ကို အလံကဝါးမြိုသွားလိမ့်မယ်..."


"ရွေးချယ်စရာမရှိဘူး..."

အပြာရောင်ဘောလုံးက သူ့လက်ကို ပြတ်သားစွာခါရမ်းပြပြီး သူ့အသံထဲတွင် မည်သည့်ခံစားချက်မှမပါနေပေ။

"သူက ကံကိုဆိုးလွန်းတာပါ... နတ်ဆိုးကျင့်ကြံသူက ဉာဏ်မကောင်းဘူးဆိုပေမယ့်... ငါတို့ အပြင်ထွက်လို့မရဘူး... ဒီအစ်ကိုက မင်းကိုမကူညီချင်တာမဟုတ်ရပါဘူး တကယ့်ကိုကူညီဖို့နည်းမရှိလို့ပါကွာ..."

သူ ရိုးရိုးသားသားရှင်းပြလာသည်။


"အမှန်ပဲ.. ညီမရယ် ငါတို့အပြင်ထွက်နိုင်ရင်တောင် ပိုက်ဆံတွေအလကားဖြစ်သွားတာက မကောင်းဘူးလေ..."


"ဟုတ်ပါ့... ဒီလို လက်ဆောင်ရဖို့ကမလွယ်ဘူး... ငါတို့ရဲ့ အသိစိတ်ကို မလေ့ကျင့်ဘူးဆိုရင် ဖြုန်းတီးမှုကြီးဖြစ်သွားမှာ..."


"သူက ဒီအတိုင်း ဒေသခံမျိုးနွယ်ဝင်လေးပဲလေ... ဘာလို့များသူ့ကို အရေးတကြီးကယ်ချင်နေရတာလဲ..."


ဒေသခံမျိုးနွယ်ဝင်လေးပဲတဲ့လား...


ဒေသခံမျိုးနွယ်ဝင်ဖြစ်နေတာ ဘာမှားလို့လဲ... သူတို့ကို အဆင့်နိမ့်ဖြစ်တည်မှုလို့ သတ်မှတ်ရင်တောင် ဘာဖြစ်လဲ... သူကို သူမက သူငယ်ချင်းလို့ သတ်မှတ်ပြီးသားလေ... အဲ့တော့ သူ့ကိုကယ်ချင်တာမှားလို့လား...


"လုံးဝ နည်းလမ်းမရှိတော့ဘူးလား..."


"မရှိဘူး..."

ဘောလုံးသုံးလုံးလုံး တစ်ပြိုက်တည်းဖြေလိုက်သည်။


ယောင်စစ် သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်အောင်လုပ်လိုက်သည်။

"ကံဆိုးလိုက်တာနော်... ကျွန်မကဖြင့် ဖြေရှင်းဖို့အကြံပေးတဲ့လူကို မာကျောက်အကြွေးတွေ လျှော့ပေးဖို့ စဉ်းစားနေတာ..."


"ငါ့မှာ အကြံရှိတယ် ကြိုးစားလို့ရတယ်နော်.."

သူမ စကားမဆုံးခင် အပြာရောင်ဘောလုံးက ချက်ချင်းကြီး ထပြောလာသည်။ လေးလေးနက်နက်အသံကြီးဖြင့် သူ၏အကြံဆိုသည်ကို ရှင်းပြလသည်။

"ငါ့အကြံက လုံခြုံ၊ ထိရောက်ပြီး နာကျင်မှုမရှိတဲ့နည်းပဲ.. ညီမ ငါမင်းကို ကူညီပေးမယ်လေ.."


"ဖက်ခ်.. မင်း ဗလောင်းဗလဲကောင်..."

ခြေတစ်လှမ်း နောက်ကျသွားသည့် အစိမ်းရောင်ဘောလုံးက အော်ဟစ်ဆူပူလာသည်။

"ညီမ သူပြောတာနားမထောင်နဲ့... ငါ့မှာလည်း အကြံရှိတယ်..."


"ငါရောပဲ ငါရောပဲ ငါရောပဲ... ငါ့အကြံက အကောင်းဆုံးနော်..."

အဖြူရောင်ဘောလုံးလည်း ဝင်ပြောလိုက်သည်။


ခုဏက အေးဆေးတည်ငြိမ်နေသော မြင်ကွင်းနှင့် ကွဲပြားစွာ သူတို့သုံးယောက်လုံး သူတို့အကြံကိုသုံးရန်အတွက် တိုက်ခိုက်နေကြသည်။


တီ...တီ...တီ.. 

ရုတ်တရက် အဖြူနှင့် အစိမ်းဘောလုံးများထံမှ အချက်ပေးသံများ ထွက်ပေါ်လာသည်။ 


သူတို့မျက်နှာများ တောက်ပလာကာ တုန်လှုပ်ခြောက်ခြားလာကြသည်။


"ငါ့မှာ အဆောင်ရှိတယ်... အဲ့တာကိုသုံးလို့ရတယ်... ငါ့အကြွေးလေးတွေလျှော့ပေးပါ.."


"ငါ့မှာ သက်စောင့်ဆေးလုံးရှိတယ်..."


သူတို့ စကားမဆုံးမီ ရှပ်ကနဲမြည်သံဖြင့် ပျောက်ကွယ်သွားကြလေသည်။


"ဘာဖြစ်သွားတာလဲ.."

ယောင်စစ် ထခုန်မိသွားသည်။


"သူတို့ရဲ့ လေ့ကျင့်ရေးကာလ ပြီးသွားတာလေ... သူတို့ရဲ့ခန္ဓာကိုယ်တွေဆီပြန်ပို့ခံလိုက်ရပြီး အရိပ်ဂြိုလ်ရဲ့အပြင် ရောက်သွားကြတာ..."


"ရှင်ကရော...."


"ငါက အာကာသမျိုးနွယ်ဝင်လေ... ဒီတော့ အထူးလျော့ဈေးရထားတယ်..."

အပြာရောင်ဘောလုံးက ဂုဏ်ယူစွာဖြင့် လက်ကိုဝှေ့ရမ်းပြလိုက်ပြီးမှ တုံ့ဆိုင်းစွာမေးလာသည်။

"အိုး... ဟုတ်သား... ညီမ တကယ်ကြီး အကြွေးလျှော့ပေးမှာလား..."


"မပြောပြခင် ကျွန်မတို့ အပြင်ဘယ်လိုထွက်ကြမလဲ...."

သူမ အာကာသမျိုးနွယ်၏လောဘအကြောင်းမသိလျှင် ထိုကိစ္စကို လက်ဝါးကြီးအုပ်ရမည်ဖြစ်သည်။

ဒီ ညီမက ချမ်းသာတယ်လေ ဟားဟား...


"လွယ်လွယ်လေးပါ..."

သူပြောလိုက်သည်။

"ဒီနေရာက ဝါးမြိုခံရတဲ့ ဝိဉာဉ်တွေစုဝေးတဲ့နေရာဆိုပေမယ့် ငါတို့အတွက်တော့ ဆုလို့ သတ်မှတ်ခံထားရတာ... မင်းထွက်သွားချင်ရင် ကိုယ်ပိုင်အကောင့်ကိုသုံးပြီး ဆုကိုစွန့်လွှတ်လိုက်ရုံပဲ..."


"အဲ့လောက်လွယ်တာလား..."


"ဘယ်ဟုတ်မလဲ... ကျန်တာတွေလည်းလိုသေးတာပေါ့..."

သူ ပြုံးလိုက်သည်။

"အချိန်မတန်ခင်အပြင်ထွက်လိုက်ရင် ကြုံရာနေရာမှာ ပြန်ပေါ်လာကြမှာလေ... အရမ်းဝေးတဲ့နေရာမှာ ပြန်ပေါ်လာရင် မင်းရဲ့သူငယ်ချင်းကို ကယ်နိုင်မှာမဟုတ်တော့ဘူး... ဒါပေမယ့် ကိုယ်လိုရာနေရာမှာ ပေါ်လာစေမယ့်အဆောင် ငါ့မှာရှိတယ်လေ... သဘောထားကြီးကြီးနဲ့ မင်းကို ငါးရာခိုင်နှုန်းလျှော့ပေးမယ်... ဒေသခံမျိုးနွယ်တစ်ယောက်အနေနဲ့ အာကာသမျိုးနွယ်ဖြစ်လာဖို့ သူတို့ရဲ့အစွမ်းအပေါ် ကြီးမားတဲ့ဖိအားကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်... ငါမင်းကို နတ်ဆိုးကျင့်ကြံသူနဲ့ရင်ဆိုင်ဖို့ ကူညီပေးမယ့်အပြင် သူ့ကို ရှင်းလင်းတဲ့အခါအကူအညီပေးမယ်... ဘယ်လိုထင်လဲ..."


"ကျွန်မ ရှင့်အကြွေးကို သုံးဆယ်ရာခိုင်နှုန်းလျှော့ပေးမယ်...."


"သဘောတူတယ်..."


အပြာရောင်ဘောလုံးက စတင်လည်ပတ်လာပြီး ကင်မရာရှိရာရှေ့ဆီ အပြေးအလွှားသွားလေသည်။ ရုတ်တရက် သူစတင်တောက်ပလာပြီး အလင်းတန်းများက မျက်စိကန်းလုမတတ်ဖြစ်သွားစေသည်။

"ငါဒီဆုကို စွန့်လွှတ်လိုက်ပြီ...."

အပြာရောင်ဘောလုံးက ယောင်စစ်ဘက် လှည့်ပြီးပြောလိုက်သည်။

"ညီမ မြန်မြန်လုပ်..."


ယောင်စစ် မကြေငြာခင် အနည်းငယ် တုန်လှုပ်သွားသည်။

"ငါဆုကို စွန့်လွှတ်လိုက်ပြီ..."


အပြာရောင်အလင်းတန်းက သူမကိုလည်းလွှမ်းခြုံသွားသည်။ ထို့နောက် သူမကိုယ်သူမ အလေးချိန်မရှိတော့သလိုခံစားလိုက်ရပြီး ခဏအကြာတွင် ပိုမိုလေးလံလာသလို ခံစားလိုက်ရသည်။ သူမ၏ နားရွက်ထဲတွင် အသံတကျီကျီမြည်လာပြီး မြင်ကွင်းများကလည်ပတ်လာကာ တောအုပ်ထဲသို့ဆင်းသက်သွားသည်။


ထိုအချိန်တွင် နတ်ဆိုးကျင့်ကြံသူက သူ၏ဝိဉာဉ်ဝါးမြိုအလံကို မေ့လဲကျနေပြီဖြစ်သော 

ဇန်ဇီချန်ထံ ပစ်လွှတ်လိုက်ပြီဖြစ်သည်။ 


"အပြာရောင်ဘောလုံး....." 

ယောင်စစ် အော်လိုက်သည်။


သူမဘေးရှိလူက တုန့်ပြန်လာပြီး သူ့လက်ကိုဝေ့ရမ်းလိုက်သောအခါ လေပြင်းကြီးတစ်ချက်တိုက်လာပြီး ဝိဉာဉ်ဝါးမြိုအလံကို လွင့်ပျံသွားစေသည်။ သူတို့ပေါ်တွင် ဖိအားတစ်ခုဖြစ်ပေါ်လာပြီး ၎င်းက သွေးစုပ်ဖုတ်ကောင်များ၏ သွေးမျိုးဆက်ဖိနှိပ်မှုနှင့်တူနေသည်။ ၎င်းကယောင်စစ် အပေါ် သက်ရောက်မှုမရှိသော်လည်း နတ်ဆိုးကျင့်ကြံသူက ဒူးထောက်ကျသွားပြီးဖြစ်ကာ သူ့ခေါင်းကမြေကြီးထဲပင် ဝင်လုမတတ်ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်က ထိုဖိအားကြောင့် အတင်းအကြပ် ဒူးထောက်ခံထားရပုံပေါ်လေသည်။


"မင်း... မင်း ဘယ်သူလဲ..."

နတ်ဆိုးကျင့်ကြံသူက ခေါင်းမော့လိုက်သော်လည်း ထို့ထက်ဆက်မလှုပ်နိုင်တော့ပုံ ပေါ်လေသည်။ မလှုပ်ရှားနိုင်ဖြစ်နေ၍ ပိုမိုကြောင့်လန့်လာတော့သည်။


အပြာရောင်ဘောလုံးက ယောင်စစ်နောက်မှလိုက်လာသည်။ သူက အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူ၏ အာကာသမျိုးနွယ်အော်ရာကြောင့် သူ့မျက်နှာက တရားမျှတမှုအရောင်အဝါတို့ဖြင့် တောက်ပနေသည်။ ပြတ်သားခိုင်မာသောအသံဖြင့် ပြောလိုက်သည်။

"မင်းလုပ်ခဲ့တဲ့ အမှားတိုင်းအတွက် မင်းက တစ်လက်မတောင် နောင်တမရခဲ့ဘူး... ဒီနေ့တော့ တရားမျှတမှုရှာပေးဖို့ ငါရောက်လာပြီ... မင်းပြန်လည်ပေးဆပ်ရမယ့်အချိန်ပဲ..."


"မင်း... မင်းပဲ..."

နတ်ဆိုးကျင့်ကြံသူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မဖြစ်နိုင်ဘူး... ငါမင်းရဲ့ဝိဉာဉ်ကိုစုပ်ယူခဲ့တာ အသိအသာကြီးလေ... မင်းကဘယ်သူလဲ..."


"ငါဘယ်သူလဲမင်း မသိဘူးလား...."

အပြာရောင်ဘောလုံး... မှားလို့... အပြာရောင်ဝတ်စုံဝတ်ဆင်ထာသော အာကာသမျိုးနွယ်ဝင်က လှောင်ပြောင်လိုက်သည်။ သူ၏အသံက အနည်းငယ် တင်းမာနေဟန်ပေါ်နေသည်။

"ငါမင်းကို အခွင့်အရေးပေးခဲ့ပြီးပြီး... မင်းရဲ့ဝိဉာဉ်ဝါးမြိုအလံထဲဝင်ပြီး ငါစောင့်ကြည့်ခဲ့တယ်... ဒါပေမယ့် မင်းက မင်းရဲ့နတ်ဆိုးလုပ်ရပ်တွေအပေါ်  နောင်တရဖို့နေနေသာသာ အပြစ်မကင်းတဲ့ပုံတောင် မပြဘူး... ဒီနေ့ ငါကောင်းကင်ရဲ့အလိုကျ တရားမျှတမှုယူဆောင်ပေးရမယ်..."


သူ့လက်ချောင်းများကို အသာအယာလှုပ်ရမ်းလိုက်သောအခါ အပြာရောင်အလင်းတန်းတစ်ခုပေါ်လာပြီး နတ်ဆိုးကျင့်ကြံသူ၏ နှလုံးတည့်တည့်ကို ပြေးဝင်သွားသည်။


"မဟုတ်ဘူး... မဟုတ်ဘူး...."

သူ့မျက်လုံးများ ပြူးကျယ်လာပြီး သူ၏ခန္ဓာကိုယ်က ခုခံနေဟန်ဖြင့် လဲကျသွားသည်။

"မင်း.. မင်းက အာကာသမျိုးနွယ်ပဲ..."

သူစကားမဆုံးမီ အလင်းတန်းကသူ့မျက်နှာကို ထိမှန်သွားပြီး အသံတိတ်သွားစေတော့သည်။


ယောက်စစ် ထိုလူလုပ်နေသည်ကို ဂရုပင်မစိုက်ပဲ ဇန်ဇီချန်ထံသာ ပြေးသွားလိုက်သည်။ သူ့ခန္ဓာကိုယ်က သွေးများဖြင့်အိုင်ထွန်းနေပြီး တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန်ဒဏ်ရာရနေသည်။ သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများစူးရှလာသည်။


"ရှင့်ရဲ့ သူရဲကောင်းလုပ်တမ်းကစားနည်းက ပြီးပြီလား..."

သူမ မျက်ဆန်လှန်ရင်း မေးလိုက်သည်။


"ဟီးဟီးဟီး... ညီမ ဘာတွေပြောနေတာလဲ.. ငါတရားမျှတမှုဆောင်ယူပေးနေတာပါ..."

သူ သူ၏အာကာသမျိုးနွယ်ဝင်ဟူသော အမူအယာကို ထိန်းသိမ်းရမည်ဖြစ်သည်။


"တော်လောက်ပြီ... ရှင်သရုပ်ဆောင်လို့ပြီးရင် သူ့ကိုဘယ်လိုကယ်ရမလဲ ပြောလို့ရပြီလား..."


ကျန်းဇီချန်က သူ၏နောက်ဆုံးထွက်သက်ကို ရှူထုတ်ရတော့မည့်ပုံ ပေါက်နေသည်။ 

သူတို့သာ စကြဝဠာထဲမှာရှိရင် ပြန်လည်ကုသခန်းထဲခေါ်သွားလိုက်တာနဲ့ ငါးမိနစ်အတွင်း အကုန်ပျောက်သွားမှာပဲ... ဒါပေမယ့် ဒီနေရာမှာက ဘာမှမရှိဘူးလေ... သူတို့ဘာများ လုပ်သင့်လဲ...


"အမ်း..."

အပြာရောင်ဘောလုံးက သူ၏မေးစေ့ကိုပွတ်ကာ ခဏအကြာတွင် ဒုက္ခရောက်နေသော အမူအယာဖြင့် ပြောလာသည်။

"သူ့ရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတယ်... သူ့နှလုံးပျက်ဆီးသွားပြီး သွေးကြောတွေအကုန်ပျက်ဆီးသွားပြီ... အရိပ်ဂြိုလ်ရဲ့ ဆေးပညာနဲ့ဆိုရင်... အာ.. ခက်ခဲလွန်းပါတယ်..."


"ရှင့်အကြွေးတွေအကုန် လျော်ပေးလိုက်မယ်..."


"စိတ်မပူပါနဲ့ ညီမရယ်..."

သူ၏ အမူအယာက တစ်ရာ့ရှစ်ဆယ်ဒီဂရီပြောင်းသွားပြီး ရင်ဘတ်ကိုပုတ်လိုက်ကာ ဆေးများစွာကို ထုတ်ယူလာသည်။

"ငါ့မှာ အရိုးဆက်ဆေး၊ သွေးကြောဆက်ဆေး၊ စွမ်းအင်စုစည်းဆေး၊ သွေးလည်ပတ်ဆေး၊ သွေးအားဖြည့်ဆေး၊ အနီရောင်ဖြည့်စွက်ဆေး၊ အပြာရောင်ဖြည့်စွက်ဆေးနဲ့ ပြန်လည်ရှင်သန်ဆေးပါရှိတယ်... ဘယ်ကနေစချင်လဲ..."


"သူ့ကိုအရင်နှိုးလိုက်..."


"ကောင်းပြီလေ..."

သူအနီရောင်ဆေးကို ကျန်းဇီချန်ကို ကျွေးလိုက်သည်။


တစ်မိနစ်မပြည့်မီ ပြန်လည်တုန့်ပြန်လာကာ မျက်မှောင်ကြုတ်ပြီး သတိပြန်ဝင်လာသည်။

"စီ..စီနီယာ..."


"မလှုပ်နဲ့... နင့်ရဲ့ ဒဏ်ရာတွေကအရမ်းပြင်းထန်တယ်..."

သူမ သူ့ကိုဖိလိုက်ပြီး ထမလာစေရန်လုပ်လိုက်သည်။


"စီနီယာ... အဆင်.. အဆင်ပြေရဲ့လား..."

သူမကို စိုးရိမ်တကြီး ကြည့်လာသည်။


"ငါအဆင်ပြေတယ်... နင်ပဲအဆင်မပြေတာ..."

ယောင်စစ် သက်ပြင်းချလိုက်သည်။

ဒီကလေးက တကယ့်ကို ကံဆိုးတဲ့ကလေးပဲ...


ဇန်ဇီချန် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်သည်။

"ကောင်းလိုက်တာ.. အဟွတ် အဟွတ်.."

သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သွေးတစ်လုတ်အန်လာသည်။


ယောင်စစ် ထိတ်လန့်သွားတော့သည်။

"အပြာရောင်ဘောလုံး..."

သူ ဆေးသောက်လိုက်တယ် မဟုတ်ဘူးလား...


"ဒါ... သူ... သူ့ရဲ့သွေးကြောတွေက ပြဲဆုတ်သွားပြီး... ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတော့ သွေးအန်တာ ပုံမှန်ပါပဲ..."

အပြာရောင်ဘောလုံးက အပြစ်ကင်းစင်ဟန်ပုံလေးဖြင့်ကြည့်လာပြီး နောက်ထပ်ဆေးတစ်လုံး ထပ်ထုတ်လာသည်။

"ငါ့ရဲ့ဆေးလုံးတွေက ဆန်းကျယ်တယ်ဆိုပေမယ့်... သူ့အသက်ကိုပဲကယ်ပေးနိုင်မှာ... သူ့ရဲ့ မူလအခြေအနေကို ပြန်မရောက်စေနိုင်ဘူး..."


"ပြောစမ်းပါ.. ပိုက်ဆံဘယ်လောက်လိုချင်ပြန်လဲ..."

ယောင်စစ် သူမ၏ကွန်ပျူတာလက်ပတ်ကို ချက်ချင်းဖွင့်လိုက်သည်။


သူ တောင့်ခဲသွားကာ ရှက်ရွံ့စွာခေါင်းကုတ်လိုက်သည်။

"ဒါ... ဒါ ပိုက်ဆံကြောင့်မဟုတ်ပါဘူး... ငါ့မှာသူ့ကို တကယ်ကုမပေးနိုင်ဘူး... သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေက လုံးဝပျက်ဆီးသွားပြီး အနည်းဆုံး အဆင့်တစ်ဆယ်ရှိတဲ့ဆေးလုံးကပဲ သူ့ကိုကယ်နိုင်မှာ... အဲ့တာက ငါ့ရဲ့အကန့်အသတ်ကို ကျော်သွားပြီလေ..."


ဒါဆို တကယ်ကုမရတော့ဘူးပေါ့...


"ရ... ရပါတယ်..."

ဇန်ဇီချန် ခေါင်းသာခါလိုက်သည်။

"ကျွန်တော် အသက်ရှင်နေရတာကိုက ကံကောင်းနေပါပြီ... စီနီယာ စိတ်မပူပါနဲ့..."


ဘယ်လိုလုပ် အဆင်ပြေမှာလဲ...

ယောင်စစ် လက်သီးတင်းတင်းဆုပ်လိုက်သည်။ ဤကဲ့သို့အခြေအနေမျိုးဖြစ်လာမည်ကို ကြိုသိခဲ့ပါက အရင်ကတွေ့ခဲ့သော အဘိုးကြီးဆီမှဆေးများ ဝယ်လိုက်မည်ဖြစ်သည်။ ယခုတော့ သူမတွင်မရှိ....


နပေါဦး...


"ကျွန်မဒီကိုမလာခင်က တစ်စုံတစ်ယောက်ကို ဒါပေးသွားတယ်... ဒါက အရေးပေါ်အခြေအနေမှာအသုံးဝင်တယ်တဲ့..."

သူမ ယန်ရွှမ်ပေးခဲ့သော ကျောက်စိမ်းပြားကိုထုတ်လိုက်သည်။


"အဲ့တာ နေရာလွတ်ကျောက်စိမ်းမလား..."

အပြာရောင်ဘောလုံး တစ်ချက်ကြည့်လိုက်သည်။

"အထဲမှာ တစ်ခုခုရှိလောက်တယ်..."


"အသုံးဝင်ပါ့မလား..."


"ငါ့ကိုတစ်ချက်ကြည့်ခွင့်ပေး..."

သူ၏ကိုယ်ပိုင် ဆေးလုံးပုလင်းကိုကိုင်ထားပြီး ဂါထာရွတ်ဆိုလိုက်ကာ ကျောက်စိမ်းပြားကို အသာရိုက်လိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အထဲမှ ကျောက်စိမ်းပုလင်းပျံထွက်လာသည်။


"ဝိ...ဝိဉာဉ်ကိုးပါးဆေးလုံး...."

အပြာရောင်ဘောလုံး မျက်လုံးပြူးသွားကာ သူ့လက်ထဲရှိဆေးလုံးပုလင်းများ မြေပေါ်ချော်ကျသွားသည်။


"အဲ့တာတွေက အသုံးဝင်လား..."


"ငါ့လာနောက်နေတာလား..."