အပိုင်း ၉၂
Viewers 15k

Chapter 92

အမှန်တကယ် တိုက်ခိုက်ရေး လေ့ကျင့်မှု


ဝိဉာဉ်ကိုးပါးဆေးလုံးရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ... 

နာမည်အရဆိုလျှင် ၎င်းက ခန္ဓာကိုယ်မှ ထွက်သွားသော ဝိဉာဉ်ကိုပင် ပြန်လည်ခေါ်ယူနိုင်သည်ဟု အဆိုရှိကြသည်။ ဤကဲ့သို့သောဆေးမျိုးကို ကျင့်ကြံဆင့်မြင့်မားသော အဂ္ဂိရတ်ပညာရှင်များကသာ ပြုလုပ်နိုင်ပေသည်။ ထိုကဲ့သို့ လူမျိုးက စကြဝဠာတစ်ခုလုံးတွင် လူငါးယောက်ပင် မပြည့်ဘဲ ထိုလူများက ရာထူးအဆင့်မြင့်ကြကာ မျိုးနွယ်စုခေါင်းဆောင်များပင်ဖြစ်နိုင်ကြသည်။ ထိုသူများကို ဆေးဖော်ပေးရန် တောင်းဆိုခြင်းထက် ကောင်းကင်ပေါ်တက်ရခြင်းကပင် ပိုမိုလွယ်ကူပေသည်။


အာကာသမျိုးနွယ်ဖြစ်သော အပြာရောင်ဘောလုံးပင် သူ၏တစ်သက်တာ၌ ထိုဆေးလုံးကိုမမြင်ဖူးခဲ့သော်လည်း သူ့ရှေ့က မိန်းကလေး၌မူ ပုလင်းအပြည့် ဆေးလုံးများရှိနေသည်။ ထိုကဲ့သို့ရှိနေခြင်းက သူမတွင် အဆက်အသွယ်များစွာ ရှိနေသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။


"ဒီဆေးလုံးတွေက အသုံးဝင်လား..."

ယောင်စစ် အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။

"ဒါတွေက သူ့ကိုကယ်နိုင်လား မကယ်နိုင်ဘူးလား..."


"ကယ်တင်နိုင်တယ်... ငရဲရောက်နေရင်တောင် ကယ်နိုင်တယ်..."

ဤကဲ့သို့သော ဒဏ်ရာအသေးစားမျိုးက ဘာမှမဟုတ်ပေ။ ထိုဆေးတစ်လုံးနှင့်ဆိုပါက ဇန်ဇီချန်ကဲ့သို့ လူမျိုးဆယ်ယောက်ကိုပင် ကယ်တင်နိုင်ပေသည်။


ယောင်စစ် ချက်ချင်းပင် ဆေးတစ်လုံးကောက်ယူလိုက်ပြီး ဇန်ဇီချန်ကို ကျွေးလိုက်သည်။ ထင်သည့်အတိုင်း သူ၏ဒဏ်ရာများက ပကတိမျက်စိဖြင့်ပင် မြင်နိုင်သည့် အလျှင်ဖြင့် လျှင်မြန်စွာ ပျောက်ကင်းလာသည်။ သူ့ရင်ဘတ်ပေါ်တွင် အဖြူရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ ဆယ်မိနစ်ခန့်ကြာသောအခါ သူ ထရပ်နိုင်၊ စားနိုင်၊ ခုန်နိုင်ရုံမျှမက သူလုပ်ချင်သမျှအရာအားလုံးပင် လုပ်နိုင်နေပြီဖြစ်သည်။ သူ့အဝတ်အစားများတွင် သွေးများ စွန်းပေမနေပါက သူဒဏ်ရာရခဲ့ကြောင်းပင် ပြောရန်ခက်ခဲပေလိမ့်မည်။


"ကျေးဇူးတင်ပါတယ် စီနီယာစစ်.. ပြီးတော့ ဒီဘက်က စီနီယာကိုလည်း ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်..."

ဇန်ဇီချန် ချက်ချင်းဦးညွတ်လိုက်ပြီး သူ၏ကျေးဇူးတင်မှုကို နက်နက်ရှိုင်းရှိုင်း ဖော်ပြလာသည်။


"ရပါတယ် မလိုပါဘူး..."

ထိုအခါမှ ယောင်စစ် အသက်အောင့်ထားသည်ကို ရှူထုတ်လိုက်မိသည်။

"နင်အဆင်ပြေတယ်ဆို ရပါပြီ.. အနာဂတ်မှာ အရမ်းသတ္တိတွေရှိမနေနဲ့ မနိုင်ဘူးဆို ပြေးသာပြေး ကြားလား..."


"ဟုတ်ကဲ့ပါ စီနီယာ...."

သူ ပြောနိုင်သမျှ အသံအကျယ်ကြီးဖြင့် ပြန်ဖြေလိုက်သည်။


ယောင်စစ် စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။

ဒီကလေးက သင်လို့ရသေးတာပဲ...


"ဟားဟား.. ညီမရေ..."

အပြာရောင်ဘောလုံးက သူမကို ပခုံးချင်းတိုက် လိုက်ပြီး ဆက်ဆံပုံကပြောင်းလဲသွားကာ ဂရုတစိုက်မေးလာသည်။

"မင်း နယ်မြေလေးခုရဲ့ ကောင်းကင်ဘုံအင်ပါယာနဲ့ ရင်းနှီးလား..."


"နယ်မြေလေးခုရဲ့ ကောင်းကင်အင်ပါယာ... အဲ့တာ ဘယ်သူလဲ.."


"မသိဘူးလား..."

အပြာရောင်ဘောလုံးက ကြောင်အမ်းသွားသည်။

ဒါဆိုရင်... ဒီလိုဖြစ်လောက်မယ်...

"အခြား အာကာသမျိုးနွယ် တစ်ယောက်ယောက်ကိုများသိသေးလား..."


ယောင်စစ် ခဏမျှတွေးလိုက်သည်။

"လီယွဲ့လို့ ခေါ်တဲ့တစ်ယောက်ကိုပဲ သိတယ်..."

အတိအကျပြောရရင် ယန်ရွှမ်ပဲ သူ့ကိုသိတာပါ...


"မသေမျိုးအရှင် လီယွဲ့လား..."

သူ၏ ခြေထောက်များ ပျော့ခွေလာတော့သည်။

အဲ့လူက နယ်မြေလေးခုရဲ့ကောင်းကင်ဘုံအင်ပါယာထက်တောင် ပိုပြီး ကြောက်စရာကောင်းသေးတယ်ဟ....

သူ့နှလုံးသားလေး တုန်ရီသွားတော့သည်။

"ညီမ... မင်းခြေထောက်မှာ အသုံးအဆောင်များ ပြတ်လပ်နေလား... ကောင်းကင်ကိုတောင် ဆန်တက်မယ့်ဟာမျိုးလေ..."

ဒီကောင်မလေးက ခြေသလုံးဖက်ကို ဖက်ထားသင့်တဲ့ အမျိုးပဲ...


“…”


ယောင်စစ် ပြန်မဖြေရသေးမီ ရင်းနှီးနေသော တဝီဝီမြည်သံများ ထွက်ပေါ်လာပြီး အပြာရောင်ဘောလုံး၏ လေ့ကျင့်ချိန် ပြည့်သွားပြီဖြစ်သည်။ သူ၏ မျက်နှာက ဖြူဖျော့သွားကာ သူမကို တင်းတင်းကိုင်၍ အော်ပြောလိုက်သည်။

"ညီမ... ခုဏကအကြွေးတင်ထားတဲ့ မာကျောက်အကြွေးကို နှစ်ဆပြန်ဆပ်မယ်... မဟုတ်ဘူး ဆယ်ဆပြန်ဆပ်မယ်... သူငယ်ချင်းလုပ်ရအောင်လေ... ငါ့နာမည်က လန်...."


သူ့ စကားမဆုံးမီပင် လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားသည်။


"..."

အမ်... သူ့နာမည်က လန်ဘာဖြစ်တယ်ဆိုလားပဲ...



ဇန်ဇီချန်က သူမူလက တိမ်မဟာလျှို့ဝှက်နယ်မြေကိုသွား၍ သူ၏ကျင့်ကြံဆင့်ကိုတိုးမြင့်စေရန် အခွင့်အရေးရှာဖို့ အစီအစဉ်ဆွဲထားခဲ့သည်ဟု ရှင်းပြခဲ့သည်။ သို့သော် လမ်းတစ်ဝက်တွင် ကံဆိုးစွာဖြင့် နတ်ဆိုးကျင့်ကြံသူနှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ ထိုလျှို့ဝှက်နယ်မြေက ဤကမ္ဘာ၏ နယ်နမိတ်ဘောင်အပြင်ဘက်တွင်ရှိပြီး နှစ်တစ်ရာကြာမှ တစ်သာပွင့်သည်ဟု ဆိုသည်။ ထိုနေရာက အလွန်အမင်းအန္တရာယ်များလှပြီး နတ်ဆိုးသားရဲမျိုးစုံနှင့် စိတ်ဝိဉာဉ်ဆေးပင်များစွာလည်းရှိပြီး ထိုအရင်းအမြစ်များက အန္တရာယ်နှင့်အတူ ယှဉ်တွဲလျက်ရှိသည်။ ထိုနည်းလမ်းကို ကျင့်ကြံဆင့်တိုးမြှင့်ရန်နှင့် ကောင်းကင်ဘုံသို့ တက်လှမ်းရာတွင် သာသုံးလေ့ရှိသော်လည်း ထိုနေရာသို့ရောက်ပြီး သတင်းပင်ပြန်မကြားရတော့သည့် လူများစွာလည်းရှိနေသည်။


ရှစ်ဖုန်းဂိုဏ်းနှင့်ရှိခဲ့သော ပဋိပက္ခများက ဇန်ဇီချန်ကို ထိုနေရာကိုသွား၍ ကံစမ်းချင်စိတ်ဖြစ်ပေါ်လာစေခဲ့သည်။


ယောင်စစ် လျှို့ဝှက်နယ်မြေဟုခေါ်သော ထိုနေရာအကြောင်းကိုကြားသောအခါ သိချင်စိတ်တို့ တောက်လောင်လာသည်။ ဝိဉာဉ်ဝါးမြိုအလံထဲရောက်ခဲ့ရသည့် လှည့်ဖျားထားသော ဆုလာဘ်က သူမ၏ အသိစိတ်ကိုပိုမိုပျော့ပြောင်းလာစေခဲ့သည်။ ယခုတွင် သူမ စိတ်ခွန်အားကို အပြင်ထုတ်၍ သုံးနိုင်ပြီဖြစ်ကာ အစိုင်အခဲပုံစံအဖြစ်ပင် ပြောင်းလဲနိုင်နေပြီဖြစ်သည်။ ယခုတွင် သူမလိုအပ်နေသည့်အရာမှာ အမှန်တကယ် တိုက်ခိုက်ရေး လေ့ကျင့်မှုသာဖြစ်ချေသည်။


ထို့ကြောင့် သူမသည် လွတ်မြောက်ရန် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုချခဲ့သည်။


သူမ လူလေးယောက်အုပ်စုကို ရှောင်ရှားကာ လျှို့ဝှက်နယ်မြေကို ဇန်ဇီချန်နှင့်သွားရမည်ဖြစ်သည်။အဆုံးတွင် အပြင်ကလေးယောက်က ပြဿနာရှာရန်သာ ရောက်လာကြခြင်းဖြစ်လေသည်။ သူတို့လေးယောက်ရှိနေပါက သူမကိုယ်သူမ စိတ်ငြိမ်းချမ်းအောင် လေ့ကျင့်နိုင်လိမ့်မည်မဟုတ်ပေ။ ကံကောင်းစွာဖြင့် နတ်ဆိုးကျင့်ကြံသူက အခြားထွက်ပေါက်ကို ယူသုံးခဲ့သဖြင့် ဂူထဲကထွက်လာသောအခါ ဂူဝတွင်စောင့်နေသည့် လူလေးယောက်ကို မတွေ့ဖြစ်ကြတော့ပေ။ တစ်ယောက်တည်း သွားရမယ့်အချိန်ပဲ...


သူမ ဇန်ဇီချန်နှင့် ဆွေးနွေးခဲ့ပြီး သူမတို့နှစ်ယောက်ကို လျှို့ဝှက်နယ်မြေဆီခေါ်ဆောင်သွားရန် ငန်းတစ်ကောင်ကို စီးနင်းလိုက်ကြသည်။


သိပ်မဝေးလှတာကြောင့် သူတို့လိုရာခရီးကို နာရီဝက်မပြည့်ခင်မှာပင် ရောက်ရှိခဲ့ကြသည်။ အဝေးမှပင် ယောက်ျား၊ မိန်းမ စုံလင်စွာဖြင့် သုံးယောက်၊ ငါးယောက်တစ်အုပ် အုပ်စုများနှင့် တစ်ကိုယ်တော် လာရောက်ကြသူများကိုပါ တွေ့လိုက်ရသည်။ ထိုအထဲတွင် တရုတ်ရိုးရာဆန်ပူတင်း ဇုန်ဇစ်ပုံစံ သူတို့ကိုယ်သူတို့ အနက်ရောင်ဝတ်ရုံများဖြင့် စည်းထုပ်ထားကြသော လူများလည်း ရှိသည်။ ထိုလူများထံမှ အေးစက် မှုန်မှိုင်းသော အော်ရာများ ထွက်ပေါ်နေသည်။


"သူတို့က နတ်ဆိုးကျင့်ကြံသူတွေလေ..."

ဇန်ဇီချန် ရှင်းပြလာသည်။


ယောင်စစ် မှင်သက်သွားမိသည်။

"အဲ့တာဆို ဘာလို့...."

သူတို့ မတိုက်ခိုက်နေကြတာလဲ... ဘယ်ဝတ္ထုမဆို လူကောင်းနဲ့ နတ်ဆိုးကျင့်ကြံသူတွေက ဘယ်တော့မှ ယှဉ်တွဲပြီး ရှိမနေနိုင်ဘူး မဟုတ်ဘူးလား...


"ဒါက လျှို့ဝှက်နယ်မြေ ဝင်ပေါက်ဆိုတော့ မတိုက်ခိုက်ကြသေးတာ..."

ဇန်ဇီချန် ရှင်းပြလာသည်။

"လျှို့ဝှက်နယ်မြေထဲ ဝင်ဖို့ အခွင့်အရေးပျောက်သွားမှာကို ရှောင်ရှားတဲ့အနေနဲ့ လူတိုင်းက အထဲမဝင်နိုင်ခင် ငြိမ်ငြိမ်လေးစောင့်နေကြတာ..."


သူဆက်မပြောတော့သော်လည်း အထဲသို့ဝင်နိုင်သည်နှင့် ရန်ပွဲကြီးဖြစ်လာမှာ သေချာပေါက်ပင်ဖြစ်သည်။


သူတို့ရောက်လာသည်နှင့် ဆယ်မိနစ်အတွင်း ကောင်းကင်တွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လေပေါ်တွင် အဝိုင်းတံခါးတစ်ခု ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်သာ အသေအချာကြည့်လိုက်ပါက တံခါးအလယ်တွင် ရေလှိုင်းအလွှာလေးများကဲ့သို့ ငွေရောင်အလွှာတစ်ခုရှိသည်ကို မြင်နိုင်ပေသည်။


အဲ့တာ... ကြယ်ဂိတ်တံခါးမလား... ဒီတော့ လျှို့ဝှက်နယ်မြေဆိုတာကြီးက နောက်ထပ် ဂြိုလ်တစ်ခုပဲပြောပါတော့..


"မြန်မြန်လာ... လျှို့ဝှက်နယ်မြေ ပွင့်သွားပြီ..."

မည်သူပြောလိုက်သလဲ မသိသော်လည်း လူတိုင်းက ဓားများ တိမ်ပျံများကို စီးနင်းက အထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။


"စီနီယာစစ်..."

ဇန်ဇီချန် သူမကို လှည့်ကြည့်လိုက်သည်။


ယောင်စစ် တုံ့ဆိုင်းသွားသည်။ သူမ ထိုတံခါးက မည်သည့်နေရာကို ဦးတည်နေမှန်းမသိသော်လည်း ဤနေရာတွင်စောင့်နေကြသော လူများကိုကြည့်ခြင်းအားဖြင့် အာကာသမျိုးနွယ်စု၏ လေ့ကျင့်ရေးနယ်မြေအပြင် မထွက်သွားလောက်ပေ။ 

ကြည့်ရတာတော့ ငါသွားကြည့်လိုက်သင့်တယ် ထင်တာပဲ...

သူမ တူလေးကုကို မက်ဆေ့ပို့လိုက်ပြီး ကြယ်ဂိတ်တံခါးကို ဖြတ်ပြီး တစ်ကိုယ်တော် စွန့်စားခန်းဖွင့်မည်ဖြစ်ကြောင်း ပြောလိုက်သည်။


သူမ တစ်ဖက်ခြမ်းကို ခြေချလိုက်သည်နှင့် မြင်ကွင်းများ ပြောင်းလဲသွားကာ ကျယ်ပြန့်လှသော မြက်ခင်းပြင်များက တောအုပ်များဖြစ်သွားကြသည်။ သူမတို့ဝင်လာသည်နှင့် တိုက်ပွဲများက ကြိုဆိုနေမည်ဟု ထင်ခဲ့သော်လည်း လူတိုင်းက ကိုယ်သွားလိုရာကိုသာ အုပ်စုခွဲသွားနေကြသည်။ အထူးသဖြင့် နတ်ဆိုးကျင့်ကြံသူများပင် ဖြစ်လေသည်။ သူတို့ အရိုက်မခံချင်ပါက ထိုနေရာတွင်သာ ရပ်မနေသင့်ကြောင်း သိသဖြင့် နေရာအနှံ့သို့ ရူးသွပ်စွာ ပျံသန်းနေကြသည်။


သူမတို့ရောက်နေသော နေရာတွင် လူအနည်းငယ်သာရှိနေသည်။


ယောင်စစ် ကြယ်ဂိတ်တံခါးမှ လမ်းလျှောက်ထွက်လာပြီးနောက်တွင် ကွန်ပျူတာလက်ပတ်မှ မက်ဆေ့တစ်ဆောင် လက်ခံရရှိလိုက်သည်။


[စကြဝဠာ အလည်အပတ်ခရီးကွန်ရက်မှ သင် SP 4ကိုရောက်နေကြောင်း အသိပေးအပ်ပါတယ်... ပျော်ရွှင်စရာခရီးလေးဖြစ်ပါစေ...]


SP 4.... အရိပ်ဂြိုလ်ရဲ့ စတုတ္ထမြောက်ဂြိုလ်မလား... ထင်တဲ့အတိုင်းပဲ အဝေးကြီးကို မပို့ပါဘူးလေ...


╮(╯﹏╰)╭


"စီနီယာ... ကျွန်တော်တို့ ဘယ်ဘက်ကိုသွားသင့်လဲဟင်..."

ဇန်ဇီချန် မေးလာသည်။


ယောင်စစ် မြေပုံဖွင့်ကြည့်ရန် စဉ်းစားလိုက်ချိန်တွင် လမ်းကြောင်းပြစနစ်က ရုတ်တရက် စကားနှစ်လုံးပေါ်လာသည်။

_မြေပုံ ကန့်သတ်ခံထားရသည်။

ထိုသည်ကို အခြေခံ၍ ဤနေရာရှိ အန္တရာယ်က မသေးငယ်လောက်ဟု သူမခံစားလိုက်မိသည်။ သူမ ငန်းခေါ်ရန် ခလုတ်နှိပ်လိုက်သော်လည်း ထင်ထားသည့်အတိုင်း မက်ဆေ့တစ်ခုပေါ်လာသည်။

_ သင်၏ လမ်းပြစနစ်ကန့်သတ်ခံထားရသည်။ ထို့ကြောင့် ငန်းများ ရောက်မလာနိုင်ပေ။


ကောင်းပြီလေ... သူမထင်တဲ့အတိုင်း ဘယ် ပို့ဆောင်ရေးကိုမှ သုံးမရဘူးပဲ...

၎င်းက သူမက ဇန်ဇီချန်ကို ကျပန်းဦးတည်ရာကို ရွေးခိုင်းလိုက်ပြီး သူနှင့်အတူ ဦးတည်ရာမဲ့လျှောက်သွားရန်သာ လုပ်လိုက်တော့သည်။


"ကောင်းပြီလေ... နင်ပြောတဲ့ ပဉ္စမအဆင့်နတ်ဆိုးသားရဲက ဘယ်မှာလဲ..."

သူမ သူ၏ ဝတ်ရုံလက်ဖျားကို ဆွဲ၍ မေးလိုက်သည်။ ပဉ္စမအဆင့်ထက်ကျော်သော နတ်ဆိုးသားရဲများတွင်သာ အသိဉာဏ်မြင့်နယ်မြေများရှိမည်ဖြစ်ပြီး သူမက ထိုသည်နှင့် လေ့ကျင့်ရန် လိုအပ်ပေသည်။ ယင်းက သူမဤနေရာကိုလာရသည့် တစ်ခုတည်းသော အကြောင်းပြချက်ဖြစ်သည်။


"စိတ်မပူပါနဲ့ စီနီယာ... ကျွန်တော်တို့အခုမှ လျှို့ဝှက်နယ်မြေရဲ့ အပြင်လွှာမှာပဲရှိသေးတာလေ..."

ဇန်ဇီချန် ရှင်းပြလာသည်။

"အဆင့်မြင့် နတ်ဆိုးသားရဲတွေအကုန်လုံးက အလယ်ဗဟိုမှာပဲရှိကြတာလေ... ဒီတော့ ကျွန်တော်တို့ ရောက်ရောက်ချင်း သူတို့နဲ့ မတွေ့နိုင်...."


ဝေါင်း....


သူ စကားမဆုံးမီ ခပ်လှမ်းလှမ်းမှ ဟိန်းသံတစ်ခုကြားလိုက်ရသည်။ သူတို့မျက်စိရှေ့တွင်ပင် သစ်ပင်များ လဲပြိုကျလာပြီး ငှက်အော်သံများ ဆူညံသွားလေသည်။ ထို့နောက် သိပ်မဝေးသည့်နေရာမှ ဧရာမသားရဲကြီးတစ်ကောင် သူတို့နား ဖြေးဖြေးချင်းရောက်လာသည်။


"ဒီအသံ... ဒါ ပဉ္စမအဆင့် တိမ်မြိုသားရဲပဲ..."

ဇန်ဇီချန် ထိတ်လန့်တကြား အော်လိုက်သည်။

ဘယ်လိုလုပ် ဒီလောက် စောစောကြီး ထွက်လာရတာလဲ...


"ပဉ္စမအဆင့်...."

ယောင်စစ်၏ မျက်လုံးများ တောက်ပသွားသည်။


ဇန်ဇီချန် အနည်းငယ် စိုးရိမ်သွားသည်။

"စီနီယာ... ပဉ္စမအဆင့်နတ်ဆိုးသားရဲဆိုတာက ကျင်းထန်အထွတ်အထိပ်အဆင့်ရှိတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်နော်... တိမ်မြိုသားရဲတွေက အရမ်းကိုစွမ်းအားကြီးတဲ့ သားရဲတွေ.. လက်နက်သုံးသုံး အားသုံးသုံး သူတို့က ကိုင်တွယ်ဖို့ တကယ်ခက်တာ..."


"စိတ်မပူပါနဲ့... ငါ့ကိုယုံလိုက်စမ်းပါ..."

မကောင်းဆိုးဝါးအသေးစားလေးမလား...

ယောင်စစ် သူမရင်ဘတ်ကို ပုတ်လိုက်ပြီး ရင်ထဲတွင် တိုက်ပွဲမီးတောက်တို့ တောက်လောင်နေလာသည်။

"ငြိမ်ငြိမ်သာ ထိုင်ကြည့်နေလိုက်..."


သူမ အသက်ပြင်းပြင်းရှူကာ သူမ၏စိတ်ခွန်အားကို အသက်သွင်းလိုက်သည်။

 သူမ ပြိုင်ဘက်လိုချင်တယ်ဆိုတာနဲ့ တစ်ကောင်ပေါ်လာတယ် ဘယ်လောက်တောင်ကောင်းတဲ့ ကံလေးပါလိမ့်နော်...

သူမ၏မျက်လုံးများက အဝေးမှ တဖြေးဖြေးနီးကပ်လာသော ပုံရိပ်ကိုကြည့်နေလိုက်သည်။


ထို့နောက် ထိုပုံရိပ်က နှစ်ခုဖြစ်လာသည်။


မကြာခင် သုံးခုဖြစ်လာပြီး သုံးခုမှ အုပ်စုတစ်စုဖြစ်လာသည်။


ခဏအကြာတွင် ပုံသဏ္ဍာန်များစွာဖြင့် အုပ်စုကြီးက သူမဆီသို့ပြေးလာနေသည်ကို မြင်လိုက်ရပြီး မြေကြီးများပင် တုန်ခါလာလေသည်။


ဒါ... ဒါ ဘယ်လိုအခြေအနေကြီးလဲ... ငါကတစ်ကောင်ပဲထင်တာလေ...

(⊙_⊙)


"တိမ်မြိုသားရဲ တစ်အုပ်ကြီးနော်..."

ဇန်ဇီချန် ဖြူဖျော့သွားသည်။ ချီတုံချတုံဖြင့် သူမဘက်လှည့်ကာ သူမအမူအယာကို ခိုးကြည့်လိုက်သည်။

"စီနီယာ... ကျွန်တော်တို့ တိုက်ကြမှာလားဟင်..."


"တိုက်မယ်... နင့်ဖင်ကိုပဲ တိုက်နေလိုက်..."

ယောင်စစ် တစ်စက္ကန့်မှ မတုံ့ဆိုင်းတော့ပဲ သူမဘေးရှိလူ၏ လက်ကိုဆုပ်ကိုင်ကာ အော်ဟစ်ရင်း ပြေးလေတော့သည်။

"ပြေးဟေ့... ပြေးဟ..."


ဒါ တိုက်ပွဲမဟုတ်တော့ဘူး အုပ်စုလိုက် ရန်ပွဲကြီးဖြစ်သွားပြီ... ဒီနေရာက နတ်ဆိုးသားရဲတွေက တကယ်မဖော်ရွေတာပဲ... အုပ်စုလိုက်ကြီး အနိုင်ကျင့်ကြတာဟ...


ရူးသွပ်စွာ အော်ဟစ်သံများ နီးကပ်သည်ထက် နီးကပ်လာသည်နှင့် ယောင်စစ် ဇန်ဇီချန်ကို ဆွဲ၍ပြေးနေဆဲဖြစ်သည်။ ကျယ်လောင်သော ခြေနင်းသံများက မည်သည့်အချိန်မဆို မြေပြင်ကို ပြောင်းပြန် လှန်ပစ်တော့မည့်ဟန် ဖြစ်နေသည်။


"စီနီယာ... ကျွန်တော်တို့ ဘာလို့ ဓားပျံမစီးရတာလဲဟင်..."

ဇန်ဇီချန် ညင်ညင်သာသာမေးလိုက်သည်။


“…”


ယောင်စစ် တောင့်တောင့်ကြီးရပ်လိုက်မိသည်မှာ သစ်ပင်ကြီးပင် သူမခေါင်းပေါ် ကျလာလုမတတ်ဖြစ်သွားသည်။

သောက်ကျိုးနည်း... သူမမှာ လေယာဉ်မှူးကြီးရှိမှန်း မေ့နေတာဟ...


"သုံးလိုက် သုံးလိုက်... မြန်မြန်သာ သုံးလိုက်..."


ဇန်ဇီချန် အချိန်မဖြုန်းတော့ပဲ ဓားပျံကို ဆင့်ခေါ်၍ သူမကိုတင်ခေါ်သွားသည်။ တစ်ချိန်တည်းတွင် သူတို့ခြေထောက်အောက်တွင် တိမ်မြိုသားရဲများ၏ နင်းချင်းခံလိုက်ရ၍ တောအုပ်မှသည် လွင်ပြင်အဖြစ်ဘဝပြောင်းသွားသော မြေပြင်ကြီးကို တွေ့လိုက်ရပြီး ထိုအခါမှသာ သူမ တိမ်မြိုသားရဲများကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။


ထိုသတ္တဝါများက တစ်ကိုယ်လုံး နက်မှောင်နေပြီး နွားများနှင့်ဆင်တူသော်လည်း ခေါင်းပေါ်တွင် ချွန်ထက်နေသော အနက်ရောင် ဦးချိုလေးခုရှိနေသည်။ ၎င်းတို့၏ ခွာများက မီးတောက်နေသည်။ ထိုသားရဲကြီးများက အချင်းချင်းပွေ့ဖက်လုမတတ်ဖြစ်နေကြကာ သစ်တောထဲသို့ စည်ပိုင်းကြီးများနှယ် လှိမ့်လာသည်။


"တိမ်မြိုသားရဲတွေက ဘယ်တော့မှ အုပ်စုဖွဲ့မနေဘူး..."

ဇန်ဇီချန် သူတို့လာခဲ့သောနေရာကို ရှုပ်ထွေးနေသော အကြည့်ဖြင့် ကြည့်နေလိုက်သည်။

"ဘာဖြစ်တာလဲ သိချင်လိုက်တာ..."


"ဂရုစိုက်မနေနဲ့..."

ယောင်စစ်က ဘာကိုမှဂရုမစိုက်ပဲ သူမတံခါးကိုလာခေါက်သည့် ခက်ခဲသည့်လေ့ကျင့်ရေးအဖော်များ ယခုတွင် ဘယ်နေရာမှမတွေ့ရသည်ကိုသာ စိတ်ဝင်စားလေသည်။


" ဟမ်... အနောက်မှာ သားရဲတစ်ကောင် ကျန်နေတာပဲ..."


သူမ အနောက်ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ ထိုနေရာတွင် နွားနှင့်တူသော သားရဲတစ်ကောင်ရှိနေသည်။ အနီးကပ်ကြည့်လိုက်သောအခါ မူလကပြေးသွားခဲ့သော အကောင်များထက် အနည်းငယ် သေးငယ်နေကာ ထို့ကြောင့် နောက်တွင် ကျန်ခဲ့ခြင်းဖြစ်နိုင်သည်။


အားနည်းနေတဲ့ အကောင်ကို သတ်ကြမယ်...


"လာစမ်းပါ... ငဝိလေးကိုသွားသတ်ကြမယ်..."

ယောင်စစ် သူမဘေးမှလူကိုပုတ်လိုက်ကာ စိတ်လှုပ်တရှားဖြင့် ထိုနေရာသို့ ပျံသန်းသွားလိုက်ကြသည်။