Chapter 93
အချင်းချင်း ထိခိုက်မိစေကြခြင်း
ဇန်ဇီချန် ထိုသည်ကို မျှော်လင့်ထားပြီးဟန်ဖြင့် မြေပြင်ပေါ် ဆင်းသက်ခါနီး စက္ကန့်ပိုင်းအလိုတွင် ဓားများကို ဆင့်ခေါ်၍ နတ်ဆိုးသားရဲ၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
တော်လိုက်တာ...
မြေပြင်ပေါ်ဆင်းသက်ပြီးနောက်တွင် သူတို့နတ်ဆိုးရှိရာသို့ တိုက်ရိုက်ဦးတည်လိုက်ကြသည်။
အဖမ်းခံထားရသော သားရဲက အနည်းငယ် အသိဉာဏ်ရှိပုံရပြီး ဘေးဘက်ကို ခုန်မထွက်ပြီ ခေတ္တမျှရပ်လိုက်သေးသည်။ ၎င်း၏ ကြီးမားပြူးကျယ်သော မျက်လုံးများကို အသုံးပြု၍ သူတို့ကို စိုက်ကြည့်ကာ အဆက်မပြတ် ဟိန်းဟောက်နေလေသည်။
၎င်းဟိန်းဟောက်သံက သူသားရဲအုပ်အတွင်းတွင် ရှိစဉ်က ဟိန်းဟောက်သံနှင့်မတူပဲ ပိုမို စူးရှနေလေသည်။ ဟိန်းဟောက်သံတစ်ခုဆီက လေထဲတွင် စွမ်းအင်လှိုင်းလုံးတို့ ဖြစ်ပေါ်လာစေကာ သူတို့ထံ ဦးတည်နေလေသည်။
စွမ်းအင်လှိုင်းလုံးများကို ပထမဆုံးခံစားမိချိန်တွင် ယောင်စစ် စိတ်လှုပ်ရှားမှုတို့ ပွက်ပွက်ဆူလာတော့သည်။ သူမ သူမ၏ စိတ်ခွန်အားကို အပြင်ဘက်သို့ ပို့လွှတ်လိုက်သည်။ ၎င်းက သာမန်မဟုတ်သော အတွေ့အကြုံဖြစ်ပြီး ဇန်ဇီချန်က သူမနောက်တွင် ရပ်နေသည်ဖြစ်သော်လည်း သူ၏ မျက်နှာအမူအယာကို မြင်နေရသည်။ သူမ၏ စိတ်ခွန်အားက ကြီးမားသော ပိုက်ကွန်ကြီးတစ်ခုနှယ် သားရဲကို လွှမ်းခြုံသွားသည်။
ထိုပိုက်ကွန်ကြီးက သားကောင်နှင့် လက်မအနည်းငယ်လောက်သာ ဝေးသည့်အချိန်တွင် သားရဲက တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလို နောက်သို့ လဲကျကာ အော်သံအကျယ်ကြီး ထွက်ပေါ်လာသည်။ ၎င်း၏ အနက်ရောင်ခန္ဓာကိုယ်ကြီးမှ တောက်ပသော ကြေးခွံများ ပျံထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်လာလေသည်။ ၎င်းက ယောင်စစ်၏ စိတ်ခွန်အားအပါအဝင် အရာတိုင်းကို ပြန်ကန်ထွက်သွားစေသည်။
အာ.. ကြည့်ရတာ တိမ်မြိုသားရဲတွေမှာ မီးစွမ်းအင်ရှိတဲ့ပုံပဲ...
"ဆိုးလိုက်တာ..."
ဇန်ဇီချန် ဖျော့တော့သွားသည်။
"ဒါ တိမ်မြိုသားရဲမဟုတ်ဘူး... ဝိဉာဉ်ဝါးမြိုသားရဲပဲ... တိမ်မြိုသားရဲအုပ်စုက ဒါကြောင့် သူ့ဆီက ထွက်ပြေးနေကြတာ..."
"ထွက်ပြေးတယ်... အဲ့တော့..."
"အဆင့်ခုနစ်..."
ဖက်ခ်... နင်ဘာလို့ စောစောမပြောရတာလဲဟ...
၎င်းက သူမ၏ စိတ်ခွန်အားကို ပြန်ကန်ထွက်သွားစေသည်မှာ အဓိပ္ပါယ်ရှိပေသည်။
ဒါဆို ဘာဆက်လုပ်ရတော့မှာလဲ... အဆင့်ငါးသားရဲဆို ရင်ဆိုင်ဖို့ သတ္တိရှိပေမယ့်... အဆင့်ခုနစ်ဆိုရင်တော့...
ထွက်ပြေးဖို့ နောက်ကျနေပြီလားဟင်...
သားရဲကြီးက သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိဟန်ဖြင့် ပါးစပ်ဟ၍ သူမထံသို့ မီးလုံးတစ်လုံး ပစ်လွှတ်လိုက်သည်။
"ဂရုစိုက်..."
ဇန်ဇီချန် သတိပေးလိုက်ကာ သူတို့ရှေ့တွင် မြေသားနံရံတစ်ခု ဆင့်ခေါ်လိုက်ပြီး ကာရံလိုက်သည်။ မီးလုံးကြီးက နံရံကိုပါ တောက်လောင်ကာ မြေပြင်ပေါ် ကျဆင်းသွားသည်။ ထို့နောက် မီးပင်လယ်ကြီးတစ်ခု ဖြစ်လာတော့သည်။
"စီနီယာ..."
ဇန်ဇီချန် ဖောက်ထွင်းမြင်ရသော အကာအရံတစ်ခုကို ပြုလုပ်လိုက်သည်။
"ဝိဉာဉ်ဝါးမြိုသားရဲတွေရဲ့ သန္ဓေစွမ်းအင်က ပုံပြောင်းတာပဲ... သူက သူအလိုရှိတဲ့ပုံကို ပြောင်းနိုင်တယ်... အဲ့ကြောင့် ကျွန်... ကျွန်တော် မမှတ်မိလိုက်တာ... အဆင်ပြေရဲ့လား..."
"ငါအဆင်ပြေတယ်..."
ယောင်စစ် ရေစွမ်းအင်ကို ထုတ်လွှတ်ပြီး မီးတောက်များကို ငြှိမ်းသက်လိုက်သည်။ သူတို့ဆုံနေရသော သားရဲက လုံးဝမရိုးရှင်းပေ။ အချိန်တိုအတွင်း သူမ၏ စိတ်ခွန်အားကို ပြန်ကန်ထွက်သွားစေပြီး သူမကို လက်တုန့်ပြန်ခဲ့သည်။ သူမ စက္ကန့်ပိုင်းမျှ အာရုံမစိုက်မိလိုက်သည်နှင့် ခေါင်းကိုက်စရာ ရလဒ်ကိုဖြစ်ပေါ်သွားစေသည်။
ဒါ စိတ်ခွန်အားကို သုံးပြီး တိုက်ခိုက်တယ် ဆိုတာမျိုးလား... သူ မတိုက်ခိုက်ခင် ပျစ်ခဲသွားပြီး ပုံစံပေါ်လာတာလား...
ယောင်စစ် သူမ၏စိတ်ခွန်အားကို ပြန်ထုတ်ထားလိုက်သည်။
"ဇန်ဇီချန်... သူ့ကို ခဏလောက် မတိုက်ခိုက်နိုင်အောင် တားထားလိုက်..."
"ဟုတ်ကဲ့ စီနီယာ..."
သူပြေးထွက်သွားပြီး လျှင်မြန်သော လှုပ်ရှားမှုနှင့်အတူ သားရဲကြီးထံ ဓားပေါင်းများစွာဖြင့် ချိန်ရွယ်လိုက်သည်။
ဝိဉာဉ်ဝါးမြိုသားရဲကြီး နောက်သို့ဆုတ်သွားရပြီး ကျယ်လောင်စွာမြည်တမ်းက ဇန်ဇီချန်ထံ ပြေးဝင်လာသည်။
ယောင်စစ် သူမကိုယ်သူမ စိတ် ငြိမ်အောင် လုပ်ပြီး စိတ်ခွန်အားကို ပုံသဏ္ဍာန် အဖြစ်သို့ ပြောင်းလဲလိုက်သည်။ မူရွှမ်က တစ်စုံတစ်ယောက်၏ စိတ်စွမ်းအင်သည် ထိုလူ၏ အသိစိတ်ကို ကိုယ်စားပြုသည်ဟု ပြောခဲ့သည်။ လူတိုင်းက မတူညီသည့် အတွေ့အကြုံများကို ခံစားခဲ့ရ၍ ၎င်းတို့၏ စိတ်ခွန်အား ပုံသဏ္ဍာန်သည် ကွဲပြားမှုများရှိကြပြီး တိုက်ခိုက်သည့်အချိန်မှသာ သေချာမြင်နိုင်ပေသည်။
ယောင်စစ် လမ်းညွှန်စာအုပ်ထဲ ပါသည့်အတိုင်း လိုက်နာပြီး အရှိန်မြှင့်လိုက်သည်။
__ အာရုံစူးစိုက်ပါ၊ ထွက်ပေါ်လာတဲ့ စိတ်စွမ်းအင်များကို ဖိနှိပ်ပါ၊ ပုံသဏ္ဍာန်တစ်ခုအဖြစ် ဖွဲ့တည် သွားပါလိမ့်မည်။
ယောင်စစ် သူမ၏ စိတ်ခွန်အားက မည်သည့် ပုံသဏ္ဍာန်ဖွဲ့တည်လာမည်မှန်း မသိ၍ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ဧရာမပိုက်ကွန်ကြီးက တဖြေးဖြေးစုစည်းသွားပြီး မျဉ်းကြောင်းတစ်ကြောင်းအဖြစ် သိပ်သည်းသွားကာ နောက်ဆုံးတွင် အစက်နှစ်စက်ဖြစ်ပေါ်လာသည်။
“…”
(╯‵□′)╯︵┻━┻
ဘာလို့ ငါ့စိတ်ခွန်အားရဲ့ ပုံသဏ္ဍာန်က မာကျောက် အကွက်ဖြစ်နေရတာလဲ... ကျပန်းဆိုရင်တောင် ဒီလိုတော့ မဖြစ်သင့်ဘူးလေ...
သူမရဲ့ စိတ်ခွန်အားစတင် ပုံသဏ္ဍာန်ဖွဲ့ချိန်က မာကျောက်ကစားမိလို့များလား... ဒီလောက်တော့ ပေါက်တတ်ကရမဖြစ်နိုင်ပါဘူး.... ဟုတ်တယ်မလား... အပြာရောင်ဘောလုံး... နင် သတိထားနေလိုက်တော့....
ဝေါင်း
သားရဲကြီးက နောက်တစ်ကြိမ် ဟိန်းဟောက်ကာ ၎င်း၏ အမြှီးကို ဇန်ဇီချန်ထံ လွှဲရမ်းလိုက်သည်။ သူ မေ့လဲမတတ် ရှောင်တိမ်းနေလိုက်ရသည်။
ယောင်စစ် အံတင်းတင်းကြိတ်ကာ ဇွဲမလျော့ပဲကြိုးစားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သူမ သူမ၏ စိတ်ခွန်အား အကုန်လုံးကို စုစည်းကာ သားရဲ၏ အသိစိတ်ထဲသို့ အမိန့်ပေးလိုက်သည်။
ငြိမ်နေစမ်း... သူမရဲ့ စိတ်ခွန်အားက မာကျောက် အကွက်လေးမဖြစ်နိုင်ဘူး...
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သားရဲ၏ အသိစိတ်ပေါက်ကွဲသွားကာ ၎င်း၏ ခန္ဓာကိုယ်ကြီးက မီးလုံးကြီးအဖြစ် ပေါက်ကွဲသွားသည်။ သေချာကြည့်လိုက်လျှင် သားရဲကြီး၏ နှဖူးအလယ်တွင် သေးငယ်သည့် ပုံသဏ္ဍာန်လေးများထွက်ပေါ်လာသည်။ ၎င်းက အစက်နှစ်စက်မဟုတ်ဘဲ ဝါးပင်နှစ်ပင်ဖြစ်နေသည်။
○| ̄|_
"စီနီယာက အရမ်းမိုက်တာပဲ... ဒါ အဆင့်ခုနစ်သားရဲကြီးလေ..."
ဇန်ဇီချန်၏ မျက်နှာတွင် ပျော်ရွှင်မှုအပြည့်ဖြင့် အော်ပြောလာသည်။
"ဒါပေမယ့် စီနီယာ ဘယ်လိုနည်းလမ်းသုံးလိုက်လဲ ကျွန်တော်သိချင်လိုက်တာ.."
"ငါ့လာမမေးနဲ့... ငါအဲ့တာကို ထုတ်မပြောချင်ဘူး..."
ငါ မာကျောက်အကွက်တွေသုံးလိုက်တယ်ပြောရင် နင်ယုံမှာလား...
ဇန်ဇီချန် ရပ်တန့်သွားကာ မည်သည်ကိုမှ ဆက်မမေးတော့ပေ။ သူ့လက်ထဲရှိဓားကို သားရဲကြီး၏ခေါင်းတည့်တည့်ကို ထိုးစိုက်လိုက်ပြီး လက်နှိုက်လိုက်ကာ အနီရောင် ပုတီးစေ့တစ်ခုကို ထုတ်ယူလိုက်သည်။
"စီနီယာ... ဒါသားရဲ အမြုအတေပဲ..."
သားရဲ အမြုအတေ... အဲ့တာ ဘာကြီးလဲ...
ယောင်စစ် သွေးတို့ စွန်းပေနေသော ပုတီးစေ့ကို ကြည့်လိုက်သည်။ သူမ ဘာမှမမေးရသေးမီ ဇန်ဇီချန်၏ လက်ကို အလင်းတန်းတစ်ခုထိမှန်သွားပြီး သူကိုင်ထားသော ပုတီးစေ့က ပျံတက်သွားကာ အခြားတစ်ယောက် လက်ထဲ ကျရောက်သွားသည်။
"ဟမ့်... မင်းတို့လို လူယုတ်မာ ကျင့်ကြံသူနှစ်ယောက်က ငါ့သားရဲရဲ့ အမြုအတေကို မျက်စိကျရဲတယ်လား..."
အဖြူရောင်အပေါ် အပြာရောင်အနားကွတ်ထားသည့် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည့် လူများစွာ ထွက်ပေါ်လာသည်။ အုပ်စုခေါင်းဆောင်က ခုဏကတင် ဇန်ဇီချန်ကိုင်ထားသော အနီရောင်ပုတီးစေ့ကို ကိုင်ထားလေသည်။
သူ ငါတို့ ပုတီးစေ့ကို လာလုတာလား...
"ငါတို့ ဒီ ဝိဉာဉ်ဝါးမြိုသားရဲနောက်ကို လိုက်နေရတာ ရက်အတော်ကြာသွားခဲ့ပြီ... အခုတော့ မင်းတို့နှစ်ယောက်က ကံကောင်းပြီး သတ်နိုင်သွားတယ်.."
ခေါင်းဆောင်က သူ့လက်ထဲရှိ ပုတီးစေ့ကို ကိုင်ပြီး ခပ်လှောင်လှောင်ပြုံး၍ ဆက်ပြောလာသည်။
"ဒါ မင်းတို့ရဲ့ ပထမဆုံးပြစ်မှုဖြစ်တာကြောင့် ငါတို့ တစ်ရာကျင့်ကြံခြင်းကလန်က အပြစ်မယူတော့ဘူး... ငါ ဒီအဆင့်ခုနစ်သားရဲ အမြုအတေကို စောင့်ရှောင့်ပေးလိုက်မယ်..."
"တစ်ရာကျင့်ကြံခြင်းကလန်လား..."
ယောင်စစ် မေးလိုက်သည်။
"စီနီယာ... တစ်ရာကျင့်ကြံခြင်း ကလန်က အာကာသမျိုးနွယ် ကမ္ဘာမှာ ထိပ်တန်းကလန်ပဲ..."
"ထိပ်တန်း... ဘာကိုထိပ်တန်းလဲ... အရေထူတဲ့နေရာမှာလား..."
ယောင်စစ် ထိုလူများကို စိုက်ကြည့်လိုကိသည်။ သူမ သူမ၏ ပစ္စည်းများကို လုယူကြသော လူများကို မုန်းပေသည်။
"အမှန်အတိုင်းပြောရရင် သူတို့မျက်နှာသူတို့ ဂရုမစိုက်ကြတဲ့ လူတွေနဲ တွေ့ဖူးပေမယ့်... ဒီလောက် အရေထူတဲ့ လူမျိုးကို တွေ့ဖူးတာပထမဆုံးပဲ..."
"မင်းဘာပြောလိုက်တာ..."
ခေါင်းဆောင်ဖြစ်သူက သူမကိုစိုက်ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ လူသတ်လိုအော်ရာများ ထွက်ပေါ်လာသည်။
"ငါပြောတာ ကိုယ်ပိုင်တဲ့ပစ္စည်း ကိုယ်သေချာမသိပဲ ကိုယ့်ကလန်ကိုဘာလို့ ဆွဲထည့်နေရတာလဲ... ကိုယ့်ကလန်ကို သိက္ခာချနေတာလား... နင့်မိဘတွေရော နင့် အပြုအမူတွေကိုသိလား..."
"မင်း... မင်း.."
ထိုလူက သူ၏ ဝတ်ရုံလက်များကို ဒေါသတကြီးခါရမ်းလိုက်သည်။
"မင်း ငါ့ကလန်ကို စော်ကားရဲတယ်... ငါမင်းကို သင်ခန်းစာကောင်းကောင်းပေးပစ်မယ်ကွ..."
"လာစမ်းပါ... ဘယ်သူကကြောက်နေလို့လဲ... နင်တခြားသူရဲ့ ပစ္စည်းကို မလုဘူးလားပြော... ဘယ်သူက ကြောက်လို့လဲ..."
သူမ၏ စိတ်ခွန်အားက သားရဲများကို တိုက်ခိုက်နိုင်သော်လည်း သူမ၎င်းကို လူများအပေါ် မကြိုးစားကြည့်ဖူးပေ။ သို့သော် ဤလူများက စိတ်အားထက်သန်စွာ လာရောက်တောင်းဆိုနေသည်ဖြစ်ရာ ငြင်းလိုက်ပါက ရိုင်းရာကြသွားပေလိမ့်မည်။
"စီနီယာနဲ့ ဂျူနီယာတို့... ကျွန်တော်တို့ ကလန်ကို စော်ကားနေတဲ့ ဒီအရူးကို သင်ခန်းစားပေးလိုက်ကြရအောင်..."
ထိုလူက အော်လိုက်သည်။ သူ့နောက်ရှိလူများက လက်နက်များထုတ်ကာ လူယုတ်မာကျင့်ကြံသူဟုခေါ်၍ သူတို့နှစ်ယောက်ထံ ချိန်ရွယ်လိုက်ကြသည်။
ယောင်စစ် အသက်ပြင်းပြင်းရှူလိုက်ကာ သူမ၏ စိတ်ခွန်အားအကုန်လုံးကို တစ်ခါတည်း ထုတ်လွှတ်လိုက်သည်။ ၎င်းက လူအုပ်ကြီးတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ပိုက်ကွန်ကြီးတစ်ခုသဖွယ်ဖြစ်သွားသည်။ သူမ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဆံချည်မျှင် တစ်ခုစာပင်မကျန် ကြည်လင်စွာ မြင်နိုင်လာသည်။ သူမ ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်သော စွမ်းအင်များကိုလည်း အာရုံခံနိုင်နေသည်။
ဒါ... ဒါ သူတို့ရဲ့ အတွေးတွေလား...
ယောင်စစ်သည် မူရွှမ် သူ့ကို အခြားသူများ မှတ်မိသွားမည်မှ ကာကွယ်ရန် အခြားသူများ၏ အတွေးများကို အကြိမ်ပေါင်းများစွာ နှောင့်ယှက်သည်ကို မြင်ဖူး၍ စိတ်ခွန်အားက အခြားလူများ၏ အတွေးကို သက်ရောက်စေကြောင်း သိလေသည်။ သို့သော် ယခုက သူမ အခြားသူများ၏ အတွေးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။ သိပ်ထူးခြားသည့် ခံစားချက်မျိုးမဟုတ်သော်လည်း ၎င်းက ကြီးမားသည့် ခြေလှမ်းကြီးတစ်ခု ဖြစ်နေဆဲဖြစ်သည်။
ပျော်ရွှင်မှုက ယောင်စစ်ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူမ၏ စိတ်ခွန်အားကို အသုံးပြု၍ တစ်ဖွဲ့လုံး၏ အတွေးများကို ထိန်းချုပ်လိုက်သည်။ လူတိုင်း တောင့်ခဲသွားကြကာ သူတို့ ကြီးမားကာ မယိမ်းယိုင်နိုင်သည့် ခွန်အားကြီးနှင့် ရင်ဆိုင်နေရသည်ဟု ခံစားလိုက်ရသည်။ တစ်ဝက်တစ်ပျက် ထုတ်လွှတ်နေသော မှော်စွမ်းအင်များပင် မှိန်ဖျော့ ပျောက်ကွယ်သွားရသည်။
"မင်း...မင်း... ဒါဘာ စုန်းအတတ်ကြီးလဲ..."
ခေါင်းဆောင် ဖြစ်သူ ဖြူဖျော့သွားကာ စတင် ရုန်းကန်ပါသော်လည်း လှုပ်ပင် မလှုပ်နိုင်ချေ။
"မင်း... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
"ငါဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
ယောင်စစ် သရော်လိုက်သည်။
"ဒါပေါ့ ငါနင်တို့ကို လုပ်တော့မလို့လေ..."
သူမ ဇန်ဇီချန်ဘက် လှည့်ပြောလိုက်သည်။
"လမ်းလျှောက်သွားပြီး သူတို့ဖင်ကို ပိတ်ကန်လိုက်..."
"ဟုတ်ကဲ့ပါ စီနီယာ..."
ဇန်ဇီချန် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် ဓားကိုင်ထားပြီး ထိုလူများထံ လျှောက်သွားကာ တင်ပါးတည့်တည့် ဓားဖြင့်စိုက်လိုက်သည်။
အော်သံနက်ကြီးများ အဆက်မပြတ်ထွက်ပေါ်လာသည်။
အာ... သူတကယ်ကြီးလုပ်နေတာပဲ... နာခံမှုရှိလိုက်တဲ့ ကလေး...
ယောင်စစ် ဇန်ဇီချန် ကိုင်တွယ်ပြီးသား လူတိုင်းအပေါ် သူမ၏ စိတ်ခွန်အားကို ရုတ်သိမ်းလိုက်သည်။ ဇန်ဇီချန်က သူ၏ခွန်အားကို ထိန်းချုပ်ကာ ထိုလူများ၏ အသက်ကို မထိခိုက်စေပဲ တင်ပါးများကိုသာ ပစ်မှတ်ထားထားခဲ့သည်။ သို့သော် သွေးများက နေရာအနှံ့တွင် စွန်းထင်နေဆဲဖြစ်သည်။
"ဂျူနီယာ.. မင်း.. မင်း နတ်ဆိုးမ..."
ခေါင်းဆောင်က ဒေါသကြောင့် တုန်ယင်နေပြီဖြစ်သည်။ ယောင်စစ်၏ စိတ်ခွန်အားအောက်တွင် ဖိနှိပ်ခံထားရဆဲဖြစ်သော်လည်း သူ၏စွမ်းများကို စုစည်း၍ အမြင့်သို့ ခုန်လိုက်ကာ သူ၏ဓားကို သူမထံ ချိန်ရွယ်လိုက်သည်။
"ငါ မင်းကို သတ်မယ်..."
ဖက်ခ်... သူ ဟင်းနုနွယ်တွေများ အရမ်းစားထားသလား...
"စီနီယာ..."
ဇန်ဇီချန် အော်လိုက်သည်။ သူ သူမကို ဘေးသို့ တွန်းလိုက်ချင်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။
ကြောက်မက်ဖွယ် အော်ရာကို ထုတ်လွှတ်နေသော ဓားက လျှင်မြန်စွာရောက်ရှိလာပြီး ယောင်စစ်ကို နှစ်ခြမ်းခြမ်းရန် ပြင်လိုက်သည်။ သူမ၏ နှလုံးသား ဆောင့်ခုန်သွားကာ ထိန်းချုပ်မှုကို လျော့ရဲသွားစေသည်။ သူမနှင့် ရန်သူတို့ ချိတ်ဆက်ထားသော စိတ်ခွန်အားက ထိုသူ့အထဲတွင် ပေါက်ကွဲသွားသည်။
သူမ လွတ်သွားချိန်တွင် သူမကိုသတ်ရန်ကြိုးစားခဲ့သောလူက မြေပြင်ပေါ်လဲနေလေသည်။ ဓားက သူမ၏ ဝတ်ရုံလက်ကို ခပ်ဖွဖွဖြတ်တောက်သွားကာ ၎င်း၏ ပိုင်ရှင်နှင့်အတူ မြေပြင်ပေါ် လဲကျသွားသည်။
“…”
ဒါ ဘယ်လို အခြေအနေကြီးလဲ...
"မင်း..."
ထိုလူလည်း စိတ်ရှုပ်သွားလေသည်။ သူ မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း မမြင်နိုင်သော ဖိအားက ဖိနှိပ်ထား၍ မြေပြင်ပေါ် ခေါင်းပြန်စိုက်သွားသည်။
ထို့နောက် အနီစိမ်းခပ်ဖျော့ဖျော့နှင့် ငှက်ပုံ အမှတ်အသားက သူ့ပေါ်တွင် ပေါ်လာသည်။ ထို့အပြင် ၎င်းကို ရင်းနှီးနေဟန်ပေါ်နေသည်။
ဖက်ခ်... အဲ့တာ မာကျောက်ကြွေပြားပေါ်ရှိတဲ့ ငှက်ငယ်လေးမလား... ခေါင်းပေါ်မှာ ငှက်မွှေးရှိတဲ့ ဒဏ္ဍာရီလာငှက်မလား...
(╯‵□′)╯︵┻━┻
အတိတ်နမိတ်မကောင်းသော အော်ရာတစ်ခု လွှမ်းခြုံလာတော့သည်။