Chapter 94
ကိုလေပေါနှင့် ကိုကံဆိုး
"စီနီယာ..."
ဇန်ဇီချန် သူ့နှဖူးပေါ်တွင် အမှတ်တစ်ခုဖြစ်ပေါ်လာသောအခါ ယောင်စစ်ကို မယုံကြည်နိုင်မှုဖြင့် ကြည့်လိုက်သည်။
"စီ.. စီနီယာ... သူ့နဲ့ စာချုပ်ချုပ်လိုက်တာလား..."
"စာချုပ်ချုပ်တာ..."
ယောင်စစ်တောင့်ခဲသွားသည်။
အဲ့တာ ဘာကြီးကိုဆိုလိုတာလဲ...
သူ ပြန်မပြောနိုင်ခင် လူအုပ်က ကြောက်ရွံ့မှုတို့ ပြည့်နေသော မျက်နှာဖြင့် စတင်အော်ဟစ်တော့သည်။
"စာချုပ်ချုပ်တာ... အဲ့တာတကယ် စာချုပ်အမှတ်အသားပဲ.. သူမ စီနီယာချင်နဲ့ တကယ်ကြီး စာချုပ်ချုပ်လိုက်တာပဲ...."
"သူမက ကျင့်ကြံသူနဲ့တောင် စာချုပ်ချုပ်နိုင်တာလား..."
"နတ်ဆိုးမ... မဟုတ်ဘူး သူမက နတ်ဆိုးကလန်ကပဲ... နတ်ဆိုးကလန်ကပဲဖြစ်ရမယ်..."
"မြန်မြန်ပြေးရအောင်.. ငါစာချုပ်ချုပ်ထားတဲ့ နတ်ဆိုးသားရဲကောင်မဖြစ်ချင်ဘူး... ငါမဖြစ်ချင်ဘူး..."
အော်သံဟစ်သံတို့ အဆက်မပြတ်ထွက်ပေါ်လာကြသည်။ ၎င်းတို့ပေါ်ရှိ စိတ်ခွန်အားထိန်းချုပ်မှု တဖြေးဖြေးချင်း လျော့နည်းလာသဖြင့် တစ်စက္ကန့်ပင် မတုံ့ဆိုင်းပဲ ဓားပျံများစီး၍ ထွက်ပြေးသွားကြသည်။ စက္ကန့်ပိုင်းအတွင်း ဧရိယာ တစ်နေရာလုံး ရှင်းလင်းသွားသည်။
"နေစမ်းပါဦး..."
ယောင်စစ် ကြောင်တောင်တောင်ဖြစ်နေသည်။
"ဘာတွေဖြစ်ကုန်တာလဲ... တစ်ယောက်ယောက် ငါ့ကို ရှင်းပြဖို့ စိတ်ကူးမရှိကြဘူးလား..."
"စီနီယာ.. မသိဘူးလား..."
ဇန်ဇီချန် အံ့အားသင့်သွားသည်။
"ငါဘာကိုမသိတာလဲ..."
"ဒီလူက..."
သူ ထူးဆန်းသောလူကို လက်ညှိုးထိုးပြီး စကားတစ်လုံးစီကိုသေချာစီ၍ ပြောလိုက်သည်။
"စီနီ့ယာ အပိုင်ဖြစ်သွားပြီ..."
“…”
ဘာကြီး...
–
ဇန်ဇီချန်၏ ရှင်းပြမှုအပြီးတွင် ယောင်စစ် စာချုပ်ချုပ်သည်ဟူသော စကားကို နားလည်သွားခဲ့သည်။ ၎င်းက နတ်ဆိုးသားရဲမျိုးစုံရှိသော အရိပ်ဂြိုလ်ပေါ်တွင်ရှိသည့် ထူးခြားချက်ဖြစ်သည်။ သူတို့ ဆေးလုံးသန့်စင်ရန်နှင့် လက်နက်ပြုလုပ်ရန် အသုံးဝင်သည့် ပါဝင်ပစ္စည်းများစွာကို အသုံးပြုနေသော်လည်း လျှင်မြန်စွာ ပြန်လည်ပေါက်ပွားကြသဖြင့် အမြဲတမ်း ပမာဏများစွာရှိနေသည်။
ဒေသခံမျိုးနွယ်စုများသည် တစ်ခါတစ်ရံ နတ်ဆိုးသားရဲများကို လက်နက်ပြုလုပ်ရန်သော်လည်း အထောက်အကူအဖြစ်သော်လည်းကောင်း အသုံးပြုကြသည်။ သို့သော် နတ်ဆိုးသားရဲအများစုက ထိန်းကြောင်းရန် ခက်ခဲကြပြီး တစ်ခါတစ်ရံ၎င်းတို့၏ ပိုင်ရှင်များကို ဝါးမြိုပစ်တတ်ကြသည်။ ထို့ကြောင့် ကျင့်ကြံသူများက ထိန်းချုပ်ရန် နည်းလမ်းဖြစ်သည့် သခင်နှင့်ကျွန်စာချုပ်နည်းလမ်းများကို အသုံးပြုကြသည်။
နတ်ဆိုးသားရဲတစ်ကောင် အားနည်းနေသည့်အခြေအနေတွင် သခင်ဖြစ်သူက ၎င်း၏ အသိစိတ်အပိုင်းအစကို သားရဲ၏စိတ်ထဲ ထည့်သွင်းပြီး သားရဲ၏အတွေးများနှင့် တိုက်ခိုက်ချင်စိတ်များကို ကြိုတင်ကာကွယ်ကြည့်ရှုနိုင်သည်။
ထို့အပြင် ထိုစာချုပ်ချုပ်ခံရသော သားရဲများက မနာခံ၍မရတော့ပေ။ ၎င်းတို့၏ အတွေးထဲတွင် ပြန်လည်ပုန်ကန်ချင်စိတ် ဖြစ်ပေါ်လာသည်နှင့် ၎င်းတို့၏ အသိစိတ်ကို ဖျက်ဆီးပစ်မည်ဖြစ်သည်။
ယောင်စစ်၏ ခုဏကလုပ်ရက်များက အထက်ပါ အခြေအနေများနှင့် လုံးဝတူညီနေသည်။
"စာချုပ်အသက်ဝင်သွားပြီဆိုတာနဲ့ သားရဲရဲ့အသက်က သခင်ရဲ့လက်ထဲကို ရောက်သွားပြီ..."
ဇန်ဇီချန် ဆက်ရှင်းပြလာသည်။
"အခုကစပြီး... သူကို စီနီယာက တရားဝင်ပိုင်ဆိုင်သွားပြီ..."
"နင်... တခြားအသုံးအနှုန်းလေးတွေ သုံးလို့ရမလား..."
စီနီ့ယာအပိုင်ဆိုတာလာလဲဟ... နားလည်မှု လွဲချင်စရာစကားကြီးနော်...
"အဲ့တာက နတ်ဆိုးသားရဲနဲ့ လူကြားထဲက စာချုပ်ဆို... ငါတို့နှစ်ယောက်က လူသားတွေလေ..."
"သီအိုရီအရဆိုရင်... စာချုပ်က နတ်ဆိုးသားရဲတွေအပေါ်ပဲ အလုပ်လုပ်တာပါ..."
ဇန်ဇီချန်သည်လည်း အတော်လေး ပဟေဠိဖြစ်နေသည်။
"ဒါဆို ငါဘာဖြစ်သွားတာလဲ..."
ယောင်စစ် ခေါင်းပင်ထိုးကိုက်လာတော့သည်။
ထူးဆန်းတဲ့ကောင်ရဲ့ ခေါင်းပေါ်မှာ သူမရဲ့ မာကျောက်အကွက်ကြီးရှိနေတာ မဟုတ်ဘူးလား...
"ဒါ... ကျွန်တော်လည်း သိပ်မသေချာဘူး..."
ဇန်ဇီချန် ခေါင်းခါပြလိုက်သည်။
"နတ်ဆိုးသားရဲနဲ့ လူသားဆိုတာ လုံးဝကွဲပြားတဲ့ မျိုးနွယ်တွေပဲ.. ကျင့်ကြံသူတွေမှာ ပိုကြီးတဲ့ အသိစိတ်ရှိတော့ သူတို့အားနည်းနေချိန်မှာတောင် သားရဲတွေလို စာချုပ်ချုပ်ဖို့ မလွယ်ဘူး... စီနီယာတို့ နှစ်ယောက်လုံးကလူသားတွေဆိုတော့ ကျွန်တော်လည်း မသိ..."
"နေစမ်းပါဦး..."
ယောင်စစ်၏ နှလုံးသား နစ်မြုပ်သွားသည်။
မတူညီတဲ့ မျိုးနွယ်စု... သူတို့က တူညီတဲ့ မျိုးနွယ်စုက မဟုတ်ကြဘူးလေ...
ဒါ သူတို့နှစ်ယောက်က မတူညီတဲ့ မျိုးနွယ်စုက ဖြစ်နေလို့ပေါ့လေ... ကံတရားက အဲ့လောက် ဆိုးဝါးရလားဟယ်...
"မင်းငါ့ကို သတ်ချင်သတ်ပစ်လိုက်... မင်းကို ဘယ်တော့မှ မနာခံနိုင်ဘူး..."
ထိုလူက သူမကို သတ်ချင်စိတ်အပြည့်ဖြင့် ကြည့်လာပြီး သူ၏ခန္ဓာကိုယ်က မြေပြင်ပေါ်က တစ်လက်မမှ မလှုပ်ရှားပေ။
"ငါ ဘယ်သောအခါမှ မင်းရဲ့ စာချုပ်သားရဲ ဖြစ်လာမှာမဟုတ်ဘူး... ဒီတော့ သတ်ပစ်ချင်ရင် သတ်ပစ်လိုက်..."
သူ့နှဖူးပေါ်ရှိ ချုပ်အမှတ်အသားက တောက်ပလာပြီး မြေပြင်ပေါ် လဲကျသွားသည်။
နင်က ငါ့ရဲ့စာချုပ်သားရဲ မဖြစ်ချင်ဘူးမလား... ငါကလည်း နင့်လို ဝန်ထုပ်ကြီးကို မလိုချင်ဘူးဟဲ့ သိရဲ့လား...
ယောင်စစ် မျက်လုံးသာ လှန်မိလိုက်သည်။
"သေချင်တယ်လား... နင့်ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့..."
သူမ၏ စိတ်စွမ်းအင်ကို မကုန်ဆုံးစေရန် မြေပြင်ပေါ်ရှိ ဓားကို ကောက်ယူလိုက်ပြီး ထိုလူကို ချိန်ရွယ်လိုက်သည်။
"မြန်မြန်လေး ငါအလျှင်လိုနေတယ်..."
"မင်း... မင်း..."
သူ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခါးမတ်မတ်ထားလိုက်ပြီး သူလက်လှမ်းမမှီနိုင်သော နေရာတွင်ရှိသည့် ဓားကိုကြည့်လိုက်သည်။
"မင်း ငါ့နဲ့စာချုပ်ချုပ်ပြီးတော့ တာဝန်မယူချင်တာလား..."
"..."
သောက်ကျိုးနည်း... ငါကပဲ အကြင်နာတရားမရှိတဲ့ပုံပေါက်အောင် လုပ်မနေနဲ့လေ...
"ဟမ့်... ငါပြောပြမယ် မင်းဒီစာချုပ်ကို မဖယ်ပေးရင် ငါမင်းနောက်ကို ကမ္ဘာဆုံးတဲ့အထိလိုက်မှာ... သေခြင်းတရားကငါတို့ကို ခွဲတဲ့အချိန်အထိ ထာဝရမခွဲမခွာကို လိုက်မှာ ..."
"..."
နင့်ကို ဘယ်သူက ထာဝရလိုချင်လို့လဲ... ဒီလောက် အဓိပ္ပါယ်မရှိတဲ့ စကားဝိုင်းက ဘယ်နားကရောက်လာတာလဲ...
"ငါဒီစာချုပ်ကို ဘယ်လိုဖယ်ရမလဲဆိုတာ တကယ်ကြီးကို မသိဘူးဟ..."
သူမ၏ စိတ်စွမ်းအင်များကို ပြန်ရုတ်သိမ်းလိုက်သည်။
"ဂရုမစိုက်ဘူး... စာချုပ်အသက်ဝင်နေတဲ့အချိန်အထိ ငါမင်းဘက်မှာ ရှိနေမယ်..."
သူ နှဖူးကို ပွတ်သပ်လိုက်ကာ သရော်ပြုံး ပြုံးလိုက်သည်။
"ဟမ့်... မင်းက ငါ့ခန္ဓာကိုယ်ကို တပ်မက်တယ်ဆိုရင် ငါဆိုတဲ့ နတ်ဘုရားကျင့်ကြံခြင်းဂိုဏ်းရဲ့ အကြီးဆုံးတပည့်က ငါ့ကိုယ်ငါပေးရမှာတဲ့လား..."
နင့်ကိုယ်နင်ပေးမယ်...
"ညစ်ပတ်တာတွေ မပြောစမ်းနဲ့..."
ဘယ်သူက နင့်ခန္ဓာကိုယ်ကို တပ်မက်လို့လဲ... စကားကိုဘယ်လိုတွေပြောနေရတာလဲ... နင်ဘာသာစကားစာမေးပွဲကျတယ်မလား ဟုတ်တယ်မလား...
"မင်းပဲ ငါ့ကိုကြိုက်နေပြီး ချန်ထားခဲ့ဖို့ပြောရဲတယ်လား..."
"..."
ပြောလေလေ ပိုထူးဆန်းလေလေဖြစ်နေပြီနော်...
"နေစမ်းပါဦး... နင်ကပဲ ငါတို့သတ်ထားတဲ့ ဝိဉာဉ်ဝါးမြိုသားရဲအမြုအတေကို လာခိုးတဲ့လူလေ.. ဒီတော့ ငါတို့က ပြန်ချရတာပေါ့..."
ဖြစ်လာတာတွေက နင်တို့နဲ့ မထိုက်တန်ဘူးလားပြော...
"ငါခိုးတယ်လို့ ဘယ်သူပြောလဲ..."
သူမျက်နှာ နီနီရဲလာပြီး မျက်နှာတွင် ဒေါသတို့ ပြည့်နှက်နေသည်။
"ငါတို့ကလန်က လူအများလေးစားအားကျရတဲ့ သိက္ခာရှိတဲ့ ကလန်ကွ... ဒီလို သိက္ခာမရှိတဲ့ အလုပ်တွေ လုပ်စရာလား... ငါတို့ဒီ ဝိဉာဉ်ဝါးမြိုသားရဲနောက်လိုက်နေတာ နာရီအတော်ကြာပြီ... ပြီးတော့ အဲ့သားရဲကို တိမ်မြိုသားရဲအုပ်ဘက်ကို လမ်းလွှဲပြီး စွမ်းအင်တွေသုံးအောင်လုပ်ပြီး အားနည်းအောင်လုပ်လိုက်တာ.."
"တိမ်မြိုသားရဲအုပ်ကြီးကို လိုက်ဖမ်းလိုက်တော့ သူ့ရဲ့ စွမ်းအင်တွေအများကြီး သုံးလိုက်ရပြီး အားနည်းသွားတာလေ... ငါတို့က မီတာငါးဆယ်အကျော်မှာ ထောင်ချောက်တွေ အများကြီးထားပြီး ဖမ်းမိအောင်စောင့်နေတာ.. ဒါပေမဲ့ ငါတို့အစီအစဉ်တွေအားလုံး မင်းတို့ကြောင့် ပျက်ဆီးသွားရပြီ..."
ယောင်စစ် ခပ်လှမ်းလှမ်းကို ကြည့်လိုက်သောအခါ ထိုနေရာတွင် မှော်ပညာကြောင့် အလင်းတို့ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ဒါဆို သူတို့ပြောတာ တကယ်ကြီးလား...
"မဟုတ်ဘူးနော်... ဒီသားရဲက လုံးဝကို ဒဏ်ရာရမနေဘူး..."
သူမတို့ အနိုင်ယူခဲ့သော သားရဲကြီးက ထိုလူပြောသည့်ပုံနှင့် လားလားမှမတူပဲ အသက်စွမ်းအင်တို့ ပြည့်နှက်နေသည်။ ထို့အပြင် ဤလူက သူ့ကိုယ်သူ သားရဲနောက်လိုက်ဖမ်းသည်ဟု ဆိုနေသေးပြန်သည်။
"ဖြစ်နိုင်တာပေါ့..."
သူသာ အမှန်ကန်ဆုံးဟူသော လေသံဖြင့် ပြန်ပြောလာသည်။
"ငါတို့ ဒီသားရဲကို နာရီပေါင်းများစွာ လိုက်ခဲ့တာ.. ဘယ်လိုလုပ်မှားနိုင်မှာလဲ..."
သူ သေဆုံးသွားပြီဖြစ်သော ဝိဉာဉ်ဝါးမြိုသားရဲကြီးထံ ဦးတည်သွားပြီး ၎င်း၏ ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။
"ငါတို့ကဖြင့် ဒီကောင်ကြီးကို မှော်ပညာနဲ့ အမှတ်အသားလုပ်ပြီးသား... စစ်ဆေးကြည့်လို့ရ..."
သူ့စကားက တစ်ဝက်တစ်ပျက်နှင့်ရပ်သွားပြီး လှုပ်ရှားမှုမရှိသော သားရဲကြီးကို ကြည့်လိုက်သည်။ သူ အကြိမ်ပေါင်းများစွာ စမ်းသပ်သော်လည်း သားရဲက ငြိမ်နေဆဲဖြစ်ကာ မည်သည့် အမှတ်အသားမှ ပေါ်မလာပေ။
သူ၏ မျက်နှာက ဖြူဖျော့လာပြီး ထိတ်လန့်တကြား အဆက်မပြတ်ပြောလာသည်။
"ဘာလို့ အခြားတစ်ကောင်ရှိနေရတာလဲ... ငါတို့လိုက်နေတဲ့ အကောင် ဘယ်ရောက်သွားလဲ..."
"ငါကဘယ်လိုလုပ်သိမှာလဲ..."
ယောင်စစ် မျက်ဆန်သာ လှန်ပြလိုက်သည်။
ဟမ့် ရှင်းနေတာပဲလေ... သူတို့ သားရဲအမှားကြီးကို လိုက်မိတာ... သူမ သတ်လိုက်တဲ့ ဝိဉာဉ်ဝါးမြိုသားရဲက သူတို့ ဒဏ်ရာရအောင်လုပ်လိုက်တဲ့ သားရဲမဟုတ်ဘူး... အခြေအနေတစ်ခုလုံးက အထင်လွဲတာပဲကိုး... ဒါပေမယ့် ဒီလူပေးလိုက်ရတဲ့ တန်ကြေးကတော့ များသွားတယ်... သူမစိတ်ရှိတိုင်း ဆန္ဒရှိတိုင်း ဆင့်ခေါ်လို့ရတဲ့ သားရဲဖြစ်သွားတယ်လေ...
"ဒါ မင်းငါ့ကိုရဖို့ တမင်လွှတ်လိုက်တဲ့ သားရဲမလား..."
"လစ်လိုက်တော့...."
–
ယောင်စစ် အချိန်တိုင်း မဟုတ်ကဟုတ်ကများ တပြွတ်ပြွတ်လေပေါနေသော အမှိုက်ထုပ်ကို စာချုပ်ချုပ်လိုက်ရသည်။
ဒါ ဘယ်လို အတွေ့အကြုံကြီးလဲ... ငါလူသတ်ချင်လာပြီနော်...
"နားလည်မှု လွဲတယ်ဆိုမှတော့... ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြတာပေါ့... ဒါပေမယ့် မင်း ဒီစာချုပ်ကို တာဝန်ယူရမယ်..."
"..."
တာဝန်ယူရမယ်... ငါနင့်ကိုဘာများလုပ်မိလို့လဲ...
"မင်းရဲ့ ကျင့်ကြံဆင့်က မမြင့်သလို ရုပ်ရည်ကလည်း မချောပေမယ့်... ဘာပဲဖြစ်ဖြစ် ပထမဆုံးအကြိမ်... ငါ... အား.... ငါ့ကံကြမ္မာငါ လက်ခံလိုက်ပါတော့မယ်..."
"..."
နင့်ရဲ့ဘာကို ပထမဆုံးအကြိမ်လဲဟ... ရှင်းရှင်းပြောစမ်းပါ
"ဒါကိုထုတ်ပြောတာ မကောင်းဘူးဆိုပေမဲ့ ငါကနတ်ဆိုးသားရဲမဟုတ်ဘူး... ဒီကိစ္စကိုမဖြေရှင်းနိုင်မှတော့ ငါ့တစ်ဘဝစာလုံး မင်းနောက် လိုက်နေမှာပါ..."
"..."
နင့်တစ်ဘဝလုံး ငါ့နောက်လိုက်ရမယ်လို့ ဘယ်သူပြောလဲ...
"ငါက သက်ရှိဖြစ်တဲ့အတွက်... မင်းဘာလုပ်လုပ် ငါ့ကို ရှင်းပြရမယ်..."
"..."
ငါနင့်ကို ဘာတွေရှင်းပြရမှာလဲ...
"အိုး... ဟုတ်သားပဲ... ငါ့နာမည်က ချင်ချန်းလဲ့... ငါကမင်းထက် အသက်ပိုကြီးလောက်တော့ ချန်းလဲ့အစား အစ်ကိုချင်လို့ခေါ်ပေါ့..."
"..."
အစ်ကိုချင်...
"ဟုတ်တယ်... ငါက နတ်ဘုရားကျင့်ကြံခြင်းဂိုဏ်းက အကြီးဆုံးတပည့်ပဲ... အခုငါ့ကိုယ်ငါ မိန်းမတစ်ယောက်ဆီပေးထားရပေမယ့်... အဲ့တာက..."
"ပါးစပ်ပိတ်စမ်း..."
ယောင်စစ် ထိုလူ၏ ပွစိပွစိပြောနေမှုကို စိတ်မရှည်နိုင်တော့ပေ။
ဒီ လေပေါကောင်က ပါးစပ်ကို မပိတ်နိုင်ဘူးလား... သူတို့ချနေတုန်းကတော့ သူ့ပါးစပ်က ဒီလောက်စကားတွေထွက်နိုင်မှန်း မသိခဲ့ဘူး... သူ့ကိုယ်သူ ဘာလို့ ချင်ချန်းလဲ့လို့ ခေါ်နေသေးလဲ ချင်လေပေါလို့ ခေါ်ရမှာလေ... ဒီလောက် သောက်စကားများမှန်းသိခဲ့ရင် သူတို့နဲ့ သားရဲကို ပြိုင်မလုခဲ့ပါဘူး...
သူက ဘယ်လိုလုပ် ဆင့်ခေါ်သားရဲဖြစ်လာရမှာလဲ... သူပြောတဲ့ စကားတစ်ခွန်းတိုင်းက ရုပ်ရှင်ရိုက်လို့ရအောင်ကို ရှည်လျားနေတာ... သူ့ကို မော်တာသံမြည်နေတဲ့ စက်ကြီးလို့ ခေါ်တာကမှ ပိုသင့်တော်သေးတယ်...
ယောင်စစ် အိမ်ကို လွမ်းစပြုနေပြီဖြစ်သည်။
လမ်းတစ်လျှောက် တစ်ယောက်အကြောင်းတစ်ယောက်သိလာပြီး ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများ ရှိပြီးနောက်မှာ ယောင်စစ် ထိုလူကို ပါးစပ်ပိတ်အောင် ဘယ်လိုလုပ်ရမလဲ သိလာတော့သည်။ သူဤ အရှုပ်ထုပ်ကို ဖြေရှင်းရန်မလုပ်နိုင်သဖြင့် ရွေးချယ်စရာမရှိပဲ လမ်းတစ်လျှောက်ခေါ်ဆောင်လာခဲ့ရသည်။
မူလက ကစားသမားနှစ်ဦးသာရှိသော ဂိမ်းက မိသားစုလေး.. အဟမ်း ပြောချင်တာက ကစားသမားသုံးဦးဖြစ်လာခဲသည်။ ယောင်စစ် ဤကဲ့သို့ ပြဿနာများက ဤတွင်တစ်ခန်းရပ်ပြီဟု ထင်ခဲ့သော်လည်း သူမ သူ၏ကံတရားကို လျှော့တွက်မိဟန်ဖြစ်နေသည်။ ဇန်ဇီချန်က အမှန်တကယ်ပင် ကိုကံဆိုးဖြစ်လေပြီး သူသွားရာတိုင်း ကံဆိုးမှုတို့လိုက်လာသည်မှာ 'ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ'ဟု ပြောလျှင်ပင် လွန်လိမ့်မည် မဟုတ်ပေ။
သူတို့ အဆင့်ငါးမှော်မြက်ကို ခူးချိန်တွင် နတ်ဆိုးသားရဲတစ်ကောင်နှင့်တွေ့ခဲ့သည်။
အဆင့်လေးမှော်မြက်ကို ခူးချိန်တွင် နတ်ဆိုးသားရဲတစ်ကောင်နှင့် ထပ်တွေ့ပြန်သည်။
အဆင့်သုံးမှော်မြက်ကို ခူးချိန်တွင် နောက်ထပ် နတ်ဆိုးသားရဲဖြင့် တွေ့နေပြန်သည်။
လမ်းရှိ တွေ့ကရာမြက်ပင်လေးကို ခူးချိန်တွင်ပင် နတ်ဆိုးသားရဲဖြင့် တည့်တည့်တိုးပြန်သည်။
"..." ယောင်စစ်
"..." ဇန်ဇီချန်
"..." ချင်ချင်းလဲ့
တစ်ယောက်က ကိုလေပေါဖြစ်ပြီး နောက်တစ်ယောက်က ကိုကံဆိုးဖြစ်နေသည်။ ယောင်စစ် သူမဘဝကြီးကိုပင် ပြန်လည်မေးခွန်းထုတ်မိချေတော့သည်။
သူမ ဘယ်လိုလူတွေနဲ့ တွေ့နေတာလဲ....
"နတ်ဆိုးမိန်းကလေး... မင်း နတ်ဆိုးသားရဲအသိုက်ထဲများ တမင်ဝင်နေတာလားဟင်..."
ချင်လေပေါက သက်ပြင်းချ၍ မေးလိုက်သည်။
ယောင်စစ် သူမဘေးရှိလူကိုသာ ကြည့်လိုက်မိသည်။
"အမ်... ကိုကံဆိုး ...အဟမ်း.... ဇန်ဇီချန်... ဒါတွေကြောင့်များ ရှစ်ဖုန်းဂိုဏ်းချုပ်က မင်းကို ဂိုဏ်းအပြင် ကန်ထုတ်တာများလား.."
အချိန်ခဏလေးအတွင်းတွင် သူတို့ အာကာသနယ်မြေရှိ နတ်ဆိုးသားရဲမျိုးစိတ်ပေါင်းစုံဖြင့် ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ အဆင့်နိမ့်သားရဲလေးများမှ အဆင့်ရှစ်မှ ကိုးအထိရှိသော သားရဲအထိ မျိုးစုံကြိုးခုန်နေအောင် ရင်ဆိုင်ခဲ့ပြီးဖြစ်သည်။ မူလက အဆင့်ငါးရှိသော သားရဲကို ရင်ဆိုင်ရန် တွန့်ဆုတ်နေကြသော်လည်း ယခုတွင် အဆင့်ကိုးရှိသော သားရဲကိုပင် တုံ့ဆိုင်းမှုမရှိ ရင်ဆိုင်နိုင်နေပြီဖြစ်သည်။
ဤပြင်းထန်သော တိုက်ပွဲများက ယောင်စစ်၏ စိတ်ခွန်အားကို အဆက်မပြတ်သန်မာလာစေသည်။ မူလက မာကျောက်အကွက်တစ်ခု ထုတ်ရန်ပင် ခဲရာခဲဆစ်ကြိုးစားရသော်လည်း ယခုတွင် မျက်လုံးမှိတ်ထားလျှင်ပင် မည်သည့်အကွက်ဖြစ်ပေါ်လာမည်ဟု သိနေပြီဖြစ်သည်။ သူမ အကွက်အားလုံးတစ်ပြိုင်တည်းထုတ်ရန်ပင် လွယ်ကူနေပြီဖြစ်သည်။
သူမ၏ တိုးတက်မှုက ဇန်ဇီချန်၏ ကံဆိုးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထိုအကြောင်းကို ပြန်တွေးမိသောအခါ သူမရှစ်ဖန်း ဂိုဏ်းကို သနားလာမိသည်။
ဒီကလေး ဒီအသက်အရွယ်အထိ ဘယ်လိုလုပ် အသက်ရှင်လာပါလိမ့်....