အပိုင်း ၃၀
Viewers 10k

Chapter 30




ရှစ်ကျစ်ထန် သူမအား သတိထားမိသွားခဲ့ပြီး ချက်ခြင်းပင် ရပ်တန့်လိုက်သည် ။


ထို့နောက် သူ့ဘေးရှိ သူငယ်ချင်းများအား စကားအနည်းငယ်ပြောခဲ့ပြီး သူမဘက်သို့လှည်ကာ တည့်တည့်ပင် လျှောက်လာခဲ့သည် ။ကျုံးယို့ယို့ ဘေးရှိ မိန်းကလေးသည် ယွမ်ယွမ် ဖြစ်ပြီး သူမသည် အနည်းငယ်ထိတ်လန့်သွားကာ ပြောလိုက်မိသည်


 " အဲ့တာက ရှစ်ကျစ်ထန် မလား ။ ယို့ယို့ ကြည့်ပါဦး။ ခဏလေး သူကဘာလို့ငါတို့ဆီကို တည့်တည့်လာနေရတာလဲ "

 

  သူမ၏ စကားမဆုံးသေးခင်မှာပင် ရှစ်ကျစ်ထန်သည် သူတို့ထံသို့ ချဥ်းကပ်လာခဲ့သည် ။ အတန်း ၁၉ နှင့် ပြိုင်ဘက်အတန်းကြားတွင် အပြန်အလှန်ဆက်ဆံမှု သိပ်မရှိပါ ။ ယွမ်ယွမ် သည် ကျောင်း၏ နာမည်အကြီးဆုံးကောင်လေး ရှစ်ကျစ်ထန် အားယခင်က အနီးကပ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။သူမသည် စိတ်လှုပ်ရှားလာကာ အော်မိလုမတက်ပင် ဖြစ်ခဲ့သည်။ ကျုံးယို့ယို့နှင့် သူမအားခြားထားသောဘောလီဘောခြင်းကြောင့်သာမဟုတ်လျှင် ကျုံးယို့ယို့၏ လက်မောင်းကိုပင် သူမဆွဲစိတ်မိလောက်သည် ။


ယွမ်ယွမ်တစ်ယောက်တည်း စိတ်လှုပ်ရှားကာ ရှက်သွေးဖြန်းနေခြင်းမဟုတ်ချေ ။ အတန်း ၁၉ရှိ သင်ထောက်ကူပစ္စည်းများသယ်နေသော မိန်းကလေးအများအပြားသည်လည်း ခံစားလွယ်လာကြသည် ။


 ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်အားတွေ့သောအခါ မျက်မှောင်ကြုတ်လိုက်မိသည် ။


သို့သော် ရှစ်ကျစ်ထန်သည် သူမ၏ အမူအရာအား လွယ်လွယ်ပင်လက်ခံလိုက်သည့်ပုံပေါ်သည် ။ သူသည် ဘောလီဘောခြင်းကိုသယ်ဆောင်ထားသော သူမ၏လက်များနီရဲနေသည်ကို တွေ့လိုက်ပြီး ညင်သာစွာပြုံးကာ သူမအားပြောလိုက်သည် 


" ဖယ်လိုက် ငါသယ်ပေးမယ် "


ထိုအချိန်တွင် ကျယ်လောင်စွာအော်နေသံများနှင့် အတင်းအဖျင်းများသည် အတန်း ၁၉ ၏ မိန်းကလေးများကြားတွင် ပျံ့နှံ့သွားသည် ။


ဘယ်လိုဖြစ်ရတာလဲ ။ သူတို့အတန်းထဲက ကျုံးယို့ယို့က ရှစ်ကျစ်ထန်နဲ့ပါ ဘယ်လိုသိနေခဲ့ကြတာလဲ ။သူတို့ကို အရင်ကတစ်ခါမှ ကျောင်းမှာ အတူတွဲပြီး မမြင်ဘူးပါဘူး ။ 


သူတို့အတင်းအဖျင်းများနှင့် စိတ်လှုပ်ရှားနေကြသော်လည်း တစ်ဖက်တွင် အနည်းငယ်လည်း စိတ်ပျက်နေမိကြသည် ။ သေချာပေါက် ရှစ်ကျစ်ထန်သည် အကြည့်မလွှဲနိုင်အောင် လှတဲ့ အတန်းထဲက မိန်းကလေးကျုံးယို့ယို့အတွက် ရုတ်တရက် သူတို့အတန်းမှ ဖြတ်သွားခဲ့သည် ။


ကျုံးယို့ယို့သည်  နောက်ဆုံးတစ်ခေါက်က သူဘာပြောခဲ့သလဲဆိုတာကို သူမသေချာနားမလည်ခဲ့ပေ ။


ရှစ်ကျစ်ထန်က သူ့ကို ဘာလို့ စပြီးရှာနေခဲ့တာလဲ ။သူမက သူ့ရဲ့မျက်နှာကို ကြည့်ချင်မနေဘူးဆိုတာကို သူနားမလည်တာလား ။


သို့သော် သူမသည် ရှစ်ကျစ်ထန်၏ ပြောင်းလဲသွားသော အပြုအမူများသည် ကျုံးမိသားစုကဲ့သို့ပင် ဖြစ်ရမည်ဟု ခံစားလိုက်မိသည် ။

 သို့သော် သူမသည် အကြောင်းအရင်းကို မေးဖို့ရန်ပင် ပျင်းလွန်းလှသည် ။


  သူမ သူ့အား ငြင်းဆိုတော့မည် အချိန်တွင်ပင် အရိပ်တစ်ခုသည် သူမခေါင်းပေါ်သို့ကျလာခဲ့ပြီး မြင့်မားသောပုံရိပ်တစ်ခုသည် သူမဘေးတွင် ရပ်လာခဲ့သည် ။ ချင်းယောင်၏ မျက်နှာသည် အလွန်ကြည့်ရဆိုးနေခဲ့သည် ။ရှစ်ကျစ်ထန် ဘောလီဘောခြင်းအား မယူလိုက်ခင်တွင် သူသည် အစွန်းတစ်ဖက်ကို လက်ဖြင့် ဦးစွာ ယူလိုက်ပြီး အလွယ်တစ်ကူပင် သယ်ဆောင်လိုက်သည် ။


  သူသည် ရှစ်ကျစ်ထန်အား တစ်ချက်ပင်မကြည့်ခဲ့ဘဲ ကျုံးယို့ယို့အား ပြောလိုက်သည် 


"သွားရအောင် "


ယွမ်ယွမ်သည် အသက်ဝဝရှူလိုက်ပြီး ရှစ်ကျစ်ထန်အတွက်သာခံစားနေခဲ့ရသည် ။သူမ အစာမကြေနိုင်သေးခင်မှာပင် သူမ မသိသော နောက်ထပ် ခပ်ချောချောကောင်လေးတစ်ယောက်ပေါ်လာခဲ့ပြန်သည် ။ 


 ရှစ်ကျစ်ထန် ထက်ပိုချောတယ်။ ဘာတွေဖြစ်နေတာလဲ ။


 အတန်း ၁၉မှ အခြားမိန်းကလေးများသည်လည်း ရှက်သွေးဖြန်းလာကာ ရင်ခုန်လာခဲ့ကြသည် ။သူမတို့သာ ကျုံးယို့ယို့နားတွင် ဤမျှလောက် ချောမောသည့် ကောင်လေးများရှိသည်ကို သိခဲ့လျှင် အစောထဲက ကျုံးယို့ယို့ ကျေနပ်လောက်အောင် သူမတို့လုပ်ပေးမည် ဖြစ်သည် ။


ချင်းယောင်၏အသံသည် အနည်းငယ်တောင့်တင်းနေခဲ့သလို သူ၏ ခန္ဓာကိုယ်သည်လည်း ထိုကဲ့သို့ပင် ဖြစ်သည် ။သူသည် အမှန်တစ်ကယ်တွင် ကျုံးယို့ယို့ ဘာတွေတွေးနေသလဲဆိုသည်ကို မသိတော့ချေ ။ကျုံးယို့ယို့၏ မကြာသေးမီက အပြုမူများသည် ရှစ်ကျစ်ထန် သဝန်တိုစေရန်အတွက်လား သို့မဟုတ် နောက်ဆုံးတွင် သူမသည် သူ့ဘက်သို့လှည့်ကာ သူမမျက်လုံးထဲတွင် သူ့ကိုမြင်လာပြီလား ဆိုသည်ကို မသိပေ ။ 


  ထိုအချိန်တွင် ကျုံးယို့ယို့သည် ဘယ်သူ့ဘက်တွင် ရပ်တည်မလဲဆိုတာကိုလည်း သူခန့်မှန်းနိုင်ခြင်းမရှိတော့ချေ ။သူ့တွင် မျှော်လင့်ချက်များရှိနေသော်လည်း သူ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်ထားခဲ့သည် ။ 


ပြီးတော့ ၀မ်းနည်းမှုတွေကိုရောပေါ့ ။


သို့သော် ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်အား ပြုံးပြကာ ပြောလိုက်သည်


 " နင်သွားပါ ၊ ငါ့မှာ ငါ့ကို ကူညီပေးဖို့ သူတစ်ယောက်ရှိနေပြီးသား "


ထို့နောက်တွင် သူမသည် ရှစ်ကျစ်ထန်၏ အမူအရာတို့အား လျစ်လျူရှုခဲ့ပြီး ချင်းယောင်ကိုသာ အဝေးသို့ ဆွဲခေါ်သွားခဲ့သည် ။


  ထိုစဥ် ချင်းယောင်သည် သူ၏ နှလုံးသားထဲမှ စိတ်ကြွစေသည့် အရာတစ်မျိုး ခုန်ထွက်လာသကဲ့သို့ပင် ခံစားလိုက်ရသည် ။


ရှစ်ကျစ်ထန်သည် သူတို့နှစ်ယောက်လှည့်ထွက်သွားသည်အား ကြည့်နေမိကာ သူ၏ အမူအရာသည် တောင့်တင်းနေခဲ့သည် ။ သူသည် သူ့ကိုယ်သူပင် သစ္စာဖောက်မိတော့မလိုပင် ဖြစ်ခဲ့ရသည် ။

   

    ချင်းယောင်၏ တောင့်တင်းနေသော မျက်နှာသည် ယခုတွင် နူးညံ့သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်များ အပေါ်သို့တက်လာသည်ကို ထိန်းထားနိုင်ရန် ကြိုးစားနေခဲ့သည် ။သူသည် ဂရုမစိုက်သည့်ပုံစံ ပေါ်ရန် အတတ်နိုင်ဆုံး ဟန်ဆောင်ထားခဲ့ပြီး သူ၏ ခေါင်းအား အနည်းငယ်စောင်းကာ ကျုံးယို့ယို့၏ နား အနားသို့ကပ်၍ပြောလိုက်သည် 


"ပစ္စည်းတွေသယ်ချင်ရင် ငါ့ကိုဘာလို့မခေါ်လိုက်တာလဲ"


 ကျုံးယို့ယို့ လမ်းတစ်လျှောက် သူတို့အားကြည့်နေသောသူများအား လျစ်လျူရှူလိုက်သည် ။ ချင်းယောင်နှင့် သူမ အတူတွဲသွားသည့်အခါ သူတို့သည် ချောမောပြီး လှပကာ လိုက်ဖက်ညီနေပြီး အမြင်များကို နှစ်ဆဆွဲဆောင်နေသကဲ့သို့ဖြစ်မည်ဆိုတာ သူမသိသည် ။


ကျောင်းရှိလူအများစုသည် ယခင်က ချင်းယောင်ကို မမြင်ဘူးကြပေ ။ချင်းမိသားစု၏ ဧည့်ခံပွဲသို့ တက်ရောက်ဖူးသည့် သူအနည်းစုသာ ချင်းမိသားစု၏ တတိယသခင်လေးကို သိကြသည် ။ထိုအချိန်တွင် ချင်းယောင် သူမနှင့်အတူ လျှောက်လာသည့်ပုံမှာ မှင်သက်စရာကောင်းသည် ။ဘေးရှိသူများ၏ မျက်လုံးများပင် ပြူးကျယ်သွားရသည် ။


 ကျုံးယို့ယို့သည် အနည်းငယ်စိတ်လှုပ်ရှားနေပြီး သူမ၏ နှုတ်ခမ်းလေးများသည် ကောင်းမွန်သောစိတ်ခံစားချက်ကြောင့် ပြုံးယောင်သန်းနေခဲ့သည် ။


" အဲ့ဒါက အရမ်းလေးတာ ။ ဒါ​ပေမဲ့ နင်က အဲ့ဒါကို နင်ကိုယ်တိုင်သယ်လာပေးတယ် ။ နင်ကအမြဲတမ်းပဲ အားနေတော့မှာလား ။ အမြဲတမ်း ငါ့ကိုကူညီပေးနိုင်မှာမို့လို့လား ။ နင်မပင်ပန်းဘူးလား "


'မပင်ပန်ပါဘူး ၊ တစ်စက်လေးမှ မပင်ပန်းဘူး'  ချင်းယောင်သည် သူ၏ စိတ်ထဲမှ ပြောလိုက်မိပြီး သူမရဲ့အခက်ခဲတိုင်းအတွက် သူ့ကိုလာရှာဖို့ပင် မျှော်လင့်မိသည် ။ 


သူသည် ကျုံးယို့ယို့အား သင်ကြားရေး အဆောက်အအုံ အပေါ်ထပ်ရှိ သိုလှောင်ရုံသို့ ပစ္စည်းများသယ်သွားပေးခဲ့သည် ။ယွမ်ယွမ့်ကိုပင် လိုအပ်မနေတော့ချေ။ ယွမ်ယွမ်သည် သူတို့နှစ်ယောက်၏ နောက်သို့ နီရဲနေသော နားရွက်ကလေးများဖြင့် လိုက်သွားခဲ့ပြီး ရှစ်ကျစ်ထန်အား ချောမောသည်ဟူသော အမြင်ကို လုံးဝလွှင့်ပစ်လိုက်တော့သည် ။

 ကျုံးယို့ယို့သည် ချင်းယောင်၏ ဘောင်းဘီအနားများတွင်ပေနေသော ဖုန်မှုန့်များအား ခါထုတ်ပေးခဲ့ပြီး ချင်းယောင်သည် ပုံမှန်အတိုင်းဖြစ်ဟန်ဆောင်ကာ မေးခွန်းမေးခဲ့သည် 


" ဒါဆို ရှစ်ကျစ်ထန်ကို မင်းကိုကူညီပေးဖို့ ဘာလို့မေးခဲ့တာလဲ "

 ကျုံးယို့ယို့ အံ့အားသင့်သွားခဲ့ရသည် " ငါသူ့ကို မမေးပါဘူး ၊ သူ့ဘာသာ အစပျိုးလာတာ ။ နင့်ရှေ့မှာပဲ ငါသူ့ကို ငြင်းလိုက်တယ် မဟုတ်ဘူးလား "


   ချင်းယောင် တည်တည်ငြိမ်ငြိမ်လေးနှင့်ပင် ခေါင်းညိတ်လိုက်သည် "အဲ့ဒါဟုတ်တယ် "


သို့သော် တည်ငြိမ်သည့် အသွင်အပြင်အောက်တွင် မြောက်များစွာသော မီးပန်းများ ပေါက်ကွဲနေပြီဖြစ်သည် ။ချင်းယောင်၏ နားရွက်များ နီရဲနေခဲ့ပြီး သူပြိုလဲကျလုမတတ်ဖြစ်နေလေပြီ ။ 


ယို့ယို့က သူ့အတွက် ရှစ်ကျစ်ထန်ကို ငြင်းလိုက်တယ် ။


 ဒါပေမဲ့ ကျုံးယို့ယို့ သူ့ဘက်သို့ကြည့်လာသောအခါ သူအလျင်အမြန်အကြည့်လွှဲလိုက်ပြီး အိတ်ကပ်ထဲသို့လက်တစ်ဖက်ထည့်၍  ဘာမှမဖြစ်လိုက်သလိုပင် လှေကားမှ ဆင်းသွားခဲ့သည် ။


 ကျုံးယို့ယို့ပြုံးလိုက်မိသည် ။သူ့နောက်သို့အလျင်အမြန်ပဲ လိုက်သွားခဲ့ပြီး သူ၏ နောက်ကျောအား ပုတ်လိုက်သည်  " ငါခုထိ ဘာမှမစားရသေးဘူး "


ချင်းယောင်သည် သူ၏ လွယ်အိတ်အား ယူလိုက်ကာ " ငါမင်းကို တစ်ခုခု စားဖို့ခေါ်သွားမယ် ။ ဘာစားချင်လဲ "


 သူသည် ယနေ့ မီးခိုးရောင် အားကစားဝတ်စုံ နှင့် ရှူးဖိနပ်အဖြူရောင် ကို ဝတ်ထားပြီး လွယ်အိတ်ကိုလွယ်ထားသည်မှာ ကြည့်ရဆိုးမနေဘဲ ဆန့်ကျင်ဘက်အားဖြင့် ငယ်ရွယ်သည့်ပုံစံဖြင့် အရပ်မြင့်မားက အလွန်ပင်ကြည့်ကောင်းနေခဲ့သည် ။


  ကျုံးယို့ယို့သည် အစားစားဖို့ ပြောနေရင်း သွားရည်များကျလာမိတော့မလိုပင် ဖြစ်ကာ "ကျောင်းအပြင်မှာ ငါမစားဘူးသေးတဲ့ ဆိုင်လေးတွေအများကြီးရှိသေးတယ် ။တစ်ဆိုင်ပြီးတစ်ဆိုင် ဝင်ထွက်ပြီး စားကြည့်ကြရအောင် "


  တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ထွက်ကာ စားသောက်ခြင်းသည် ကျုံးယို့ယို့နှင့် အတူ ညအထိ ကြာကြာလေးနေနိုင်သည် ဟု အဓိပ္ပါယ်ရသည် ။ ချင်းယောင်သည် ချက်ခြင်းပင်တက်ကြွလာသော်လည်း သူ၏ အမူအရာသည်တော့ ဆန့်ကျင်ဘက်ပင် ငြိမ်သက်နေပြီး တည်ငြိမ်စွာပြန်ဖြေခဲ့သည် " ရတယ်လေ "


ကျုံးယို့ယို့ သူ့အားမေးလိုက်သည် " စကားမစပ် နင်ညအထိဘာမှလုပ်စရာမရှိဘူးလား "


" မရှိဘူး " ချင်းယောင်သည် အိတ်ကပ်ထဲလက်ထည့်ကာ သူ့သူငယ်ချင်း၏ ဖုန်းခေါ်ဆိုမှုအား ချလိုက်ပြီး ပြန်ဖြေခဲ့သည် ။


ကျုံးယို့ယို့ရယ်လိုက်မိသည် " ဒါဆို ကောင်းတယ် "


ကျုံးယို့ယို့သည် ကျောင်းအပြင်ဘက်ရှိ သွားရည်စာမုန့်ဆိုင်များသို့ သွားရောက်ခဲ့ပြီး လူများထွက်လိုက် ဝင်လိုက်နှင့် အလွန်ကို အသက်ဝင်နေခဲ့သည် ။


 လူအတော်များပြီး ဆူညံသံများသည် အစားအသောက်များ၏ ထောင်းထောင်းထနေသော အငွေ့များကဲ့သို့ ပျံတက်နေကြသည် ။ကျုံးယို့ယို့သည် ထိုကဲ့သို့နေရာအား အတော်ကြိုက်နှစ်သက်ပြီး ချင်းယောင်ကိုခေါ်ကာ အနည်းငယ်လျှောက်သွားလိုက်သည် ။ ထို့နောက် ချန်းရှတို့ဖူးနွေး နှင့်  ထမင်းလုံးကြော် ဆိုင်ရှေ့တွင် ရပ်လိုက်သည် ။


သူမ တံတွေးပင်မြိုချလိုက်မိသည် ။ " ငါဒါစားချင်တယ် "


  ချင်းယောင်သည် လိမ္မာစွာပင် ပိုက်ဆံရှင်းပေးခဲ့သည် ။သူမ၏ အကြိုက်သည် ငယ်စဥ်တုန်းကနှင့် အနည်းငယ်ပြောင်းလဲသွားခဲ့သည် ။၎င်းက ကျုံးမိသားစု နှင့် ရှစ်ကျစ်ထန်တို့မသိတဲ့ သူမရဲ့ ငယ်ဘဝဖြစ်သည် ။


ချင်းယောင်မတတ်နိုင်စွာပင် သူ၏ နှုတ်ခမ်းစွန်းလေးများ ကော့တက်လာခဲ့သည်။ ချင်းယောင်း၏ မျက်လုံးများထဲတွင် တုန်နေအောင်ချစ်နေသော အမူအရာများအား တွေ့နေရသည် ။


 ကျုံးယို့ယို့သည် ထမင်းလုံးကြော်အား ကိုင်ထားကာ အနီးနားသို့ ကြည့်လိုက်သည် ။ သို့သော် ရုတ်တရက် လမ်းထောင့်ရှိ ကားပါကင်တွင် မုန့်ရှစ်ရွှမ်နှင့် မိတ်ကပ်များမှုန်နေအောင် ခြယ်သထားသော မိန်းကလေးတစ်စုအား တွေ့လိုက်ရသည် ။ထိုမိန်းကလေးများသည်လည်း ကျုံးယို့ယို့နှင့် ချင်းယောင်ကို တွေ့ကြသည် ။ သူမမှင်သက်သွားမိကာ အလွန်ပင်ကြည့်ရဆိုးလာခဲ့ပြီး မုန့်ရှစ်ရွှမ်အား ဥပေက္ခာပြုလိုက်ကာ ဒီတိုင်းထွက်လာခဲ့သည် ။



ယွီစစ်ရွှယ်လား ။


ကျုံးယို့ယို့ သူမဘယ်သူလဲဆိုတာ မှတ်မိသွားခဲ့သည် ။ယွီစစ်ရွှယ်သည် မုန့်ရှစ်ရွှမ်၏ ကစားဖော်ကစားဖက်ဖြစ်သည် ။ သူမတွင် အလွန်ရန်လိုတတ်သော ပင်ကိုယ်စရိုက်ရှိသည် ။


 ဝတ္ထုထဲတွင် သူမသည် မူလကိုယ်အား လယ်သူမဟု ကဲ့ရဲ့ကာ သူမကိုယ်ပေါ်သို့ ဝိုင်နီများနှင့် အခြားအရာများအား လောင်းချလေ့ရှိသည် ။ မုန့်ရှစ်ရွှမ်သည် မူလကိုယ်အား ကူညီပေးလိုက်ကာ သူမအား အပျက်သဘောသို့ ဆောင်ကျဥ်းပေးခဲ့သည် ။ဦးနှောက်မရှိသော မိန်းကလေးသူငယ်ချင်းသည် မုန့်ရှစ်ရွှမ်၏ ရက်ရောပြီး ကြင်နာတတ်သည့်ပုံစံအား ဖယ်ရှားပစ်ခဲ့သည် ။


   သူမ အခု အရမ်းဒေါသထွက်နေရသည့်အကြောင်းမှာ သူမသည် ချင်းမိသားစု၏ သခင်ငယ်လေးအား ကြိုက်နှစ်သက်နေသောကြောင့်ဖြစ်သည် ။


  ဝတ္ထုထဲတွင် ချင်းယောင်သည် ကျိုးယို့ယို့အား လိုက်ခဲ့သည် ။ သို့သော် သူမသည် သူ့အားလှည့်ပင်မကြည့်ခဲချေ ။ ထို့ကြောင့် ယွီစစ်ရွှယ်သည် သူမထံ၌ အခွင့်အရေးရှိသေးသည်ဟု ယူဆကာ ချင်းယောင်အား တိတ်တဆိတ်စာများ ပို့ခဲ့သည် ။ဒါပေမဲ့ ချင်းယောင်သည် သေချာပေါက်ပင် လျစ်လျူရှူခဲ့သည် ။


  သို့သော် ယခုတွင် ချင်းယောင်သည် သူမနှင့်မဖြစ်နိုင်တော့ဘူးဆိုသည်အား သိရှိသွားပြီး ဒေါသများထွက်လာရသည် ။


  ကျိုးယို့ယို့သည် နည်းနည်းလေးမှဂရုမစိုက်နေသော ချင်းယောင်အား ကြည့်လိုက်ကာသူမ၏ နှုတ်ခမ်းထောင့်စွန်းလေးများ မြင့်တက်သွားခဲ့ပြီး အကြံတစ်ခုရခဲ့သည် ။


  သူသည် ချင်းယောင်၏ နား အနီးသို့ ကပ်လိုက်ကာ 

" ချင်းယောင် ငါ့ခြေထောက်တွေနာနေပြီ ငါ့ကိုသယ်သွားပေးပါလား "


"...."


ပိုက်ဆံအိတ်အား ကိုင်ထားသော ချင်းယောင်၏ လက်များသည် မငြိမ်မသက်ဖြစ်လာခဲ့ပြီး ကျုံးယို့ယို့ သူ၏ အနီးနားကပ်ကာ တိုးတိုးလေးပြောသွားခဲ့သော နားဖျားလေးများသည် ထုံထိုင်းကာ နီရဲနေခဲ့သည် ။


  သူ၏ နှလုံးသားလေး ထိတ်ထိတ်ပျာပျာ ဖြစ်နေခဲ့ရပြီး သူ အလျင်အမြန်ပင် ပုံမှန်ဖြစ်အောင် ပြန်တည်ဆောက်လိုက်ရသည် ။ ကျုံးယို့ယို့ ဘာလုပ်ချင်နေသည်ကိုပင် စဥ်းစားမနေတော့ဘဲ သူသည် သူမရှေ့တွင် တစ်ဝက်ခန့်ထိုင်ချလိုက်ကာ သူ၏ တိုးတိတ်ပြီး ကွဲအက်နေသော အသံဖြင့် ပြောလိုက်သည် 


" ကောင်းပြီ ကိုယ်မင်းကိုကုန်းပိုးသွားမယ် "

ချင်းယောင်၏ စိတ်အားထက်သန်မှုကြောင့် ကျုံးယို့ယို့ ထိတ်လန့်သွားခဲ့ရသည် ။


"...." 


ယွီစစ်ရွှယ်သည် ကျုံးယို့ယို့ သူမအား တမင်ဆွပေးသကဲ့သို့ ပြုံးနေသည်ကို ကြည့်နေခဲ့ရပြီးနောက် ကျုံးယို့ယို့သည် သူမ၏ လက်များဖြင့် ချင်းယောင်၏ လည်ပင်းနားတစ်ဝိုက်အား အနောက်မှ ဖက်တွယ်ထားလိုက်သည်ကိုပါ တွေ့မြင်လိုက်ရသည် ။