အပိုင်း ၅၆ ( The Emperor 6 )
Viewers 10k

ယန်ကျင်းဇီသည် ရွှင်လန်းတက်ကြွစွာဖြင့် ခုတင်ပေါ်တွင် နီရဲနေသော မျက်နှာနှင့် လှဲလျောင်းနေသည့် ချူထင်းရှိူ့အား ဆေးလိမ်းပေးခဲ့ပြီး သူ တော်ဝင်စာကြည့်ဆောင်သို့ သွားနေစဉ်အချိန်တွင်လည်း ချူထင်းရှိူ့အား လှဲလျောင်းအနားယူနေရန် ပြောခဲ့သည်။


ချူထင်းရှိူ့သည် သူ့ကို သင်ကြားပေးရန် ထူးချွန်သော ပညာရှင်ကြီးတစ်ဦးအား ခေါ်ယူဖိတ်ကြားပေးထားကာ သူ့သင်ခန်းစာများသည် တစ်ရက်ကလေးမျှပင် နှောင့်နှေး၍မဖြစ်ချေ။


ထို့အပြင် ဤအချိန်၌ သူ့နှလုံးခုန်သံက အလွန်မြန်ဆန်နေပြီး သူ တစ်စုံတစ်ခုကို လုပ်ဆောင်ချင်လာသည်...


သူ ချူထင်းရှိူ့နှင့် ဆက်လက်အတူရှိနေပါလျှင် ချူထင်းရှိူ့အား ထိခိုက်နာကျင်အောင် ပြုမူမိမည်ကို သူ စိုးရိမ်သည်။


ယန်ကျင်းဇီ တော်ဝင်စာကြည့်ဆောင်သို့ ရောက်သွားသောအခါ ချူထင်းရှိူ့ သူ့အတွက် ခေါ်ယူဖိတ်ကြားပေးထားသော ဆရာမှာ စောင့်ဆိုင်းနေပြီဖြစ်သည်။


တပ်အရာရှိတစ်ဦး ဖြစ်သော ချူထင်းရှိူ့သည် အရပ်သားမှူးမတ်များ၏ ကိစ္စအကြောင်းအရာတို့ကို သိပ်မသိသဖြင့် ဧကရာဇ်မင်းအတွက် နာမည်ကျော်ဆရာတစ်ယောက်ကို ခေါ်ယူဖိတ်ကြားရန် များစွာသော လုံ့လဝီရိယတို့နှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။


သူ ခေါ်ယူဖိတ်ကြားထားသော ဆရာများမှာ တိုင်းပြည်အတွင်း ကျော်ကြားသော ပညာရှင်ကြီးနှစ်ဦး ဖြစ်ပြီး တစ်ဦးဆိုလျှင် နှောင်းဧကရာဇ်၏ဆရာဖြစ်ခဲ့ဖူးကာ သူတို့က ယန်ကျင်းဇီကို အလှည့်ကျ သင်ကြားပေးကြလိမ့်မည်ဖြစ်သည်။ ထို့အပြင် ချူထင်းရှိူ့သည် သူ၏ တိုက်ပွဲဝင်နေ့ရက်များတွင် သိကျွမ်းခဲ့သော စာပေအလွန်နှံ့စပ်သိရှိသည့် ပညာရှင်တစ်ဦးကိုလည်း ဖိတ်ကြားခေါ်ယူခဲ့ပြီး သူ၏စစ်မက်ရေးရာအကြံပေးအရာရှိကိုလည်း အတူလိုက်ပါခိုင်းကာ ယန်ကျင်းဇီအား သင်ကြားစေခဲ့သည်။


သေချာတာပေါ့၊ ကြီးမြတ်သော ပညာရှင်ကြီးနှစ်ဦးတွင် တရားဝင် ရာထူးအဆင့်အတန်းများ ရှိကြပြီး အင်ပါယာနှင့် သက်ဆိုင်သော တရားဝင်ဆရာများ ဖြစ်ကြသည်။ တခြားတစ်ဖက်တွင်တော့ နောက်နှစ်ဦးမှာ မူလပိုင်ရှင်နှင့်အတူတူ စာလေ့လာသည် ဟူသော မူမမှန်သော အကြောင်းပြချက်ဖြင့် မူလပိုင်ရှင်အား အဖော်ပြုပေးနေကြရုံသာ ဖြစ်သည်။ သူတို့သည် အနားမယူရဘဲ နန်းတော်သို့ အပို့ခံရသော်လည်း မူလပိုင်ရှင်တွင် စာသင်ချိန်တစ်ချိန် ရှိသည့်အခါတိုင်း သူ့ကို အဖော်ပြုပေးရန် သူတို့က ထိုနေရာတွင် ရောက်ရှိနေကြလိမ့်ပေမည်။


ဤလေးဦးအနက် နှောင်းဧကရာဇ်ကို သင်ကြားပေးခဲ့ဖူးသည့် ကြီးမြတ်သော ပညာရှင်မှာ အတော်လေး အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပြီး သူသည် မူလပိုင်ရှင်ကို အလွန်ဂရုဏာသက်သဖြင့် သူသည် သင်ကြားရေးတွင် အလွန်အမင်း အာရုံစိုက်ထားလေသည်။


ချူထင်းရှိူ့ ဖိတ်ကြားခေါ်ယူထားသော ပညာရှင်တစ်ဦးနှင့် ချူထင်းရှိူ့၏စစ်မက်ရေးရာအကြံပေးအရာရှိတို့ နှစ်ဦးစလုံးမှာ ချူထင်းရှိူ့ထံမှ ထပ်ခါထပ်ခါ အမိန့်ပေးညွှန်ကြားခံထားရကြသည်။ သူတို့သည် သာမန်အညတရလူများ ဖြစ်ကြပြီး နန်းတော်သို့ဝင်ရောက်ခွင့်ရခြင်းကပင် ကြီးမားသော ဂုဏ်ကျက်သရေ ဖြစ်နေပြီဖြစ်သဖြင့် သူတို့ကလည်း မူလပိုင်ရှင်အား ရိုသေလေးစားကြသည်။


နောက်ထပ် ကြီးမြတ်သော ပညာရှင်ကြီး ဖြစ်သည့်... မဟာဆရာယောင်သည် အထက်တန်းလွှာမိသားစုမှ ဖြစ်ပြီး အလွန့်အလွန် ဗဟုသုတကြွယ်ဝကာ သူ့နောက်တွင် မည်သည့်အုပ်စုမှ မရှိပေ။ ဘွားတော်ကြီး ဘုန်းအာဏာမြင့်မားချိန်၌ သူသည် နုတ်ထွက်သွားရုံတင်မကဘဲ ဘွားတော်ကြီးကို ဆူပူကြိမ်းမောင်းသော စာပေတစ်စောင်ကိုလည်း ရေးသားခဲ့သည်။ သူသည် သမာဓိရှိသော ဖြောင့်မတ်မှန်ကန်သူ ဖြစ်သည်။


သို့သော် မူလပိုင်ရှင်ကို အထင်အမြင်သေးသူမှာလည်း ဤမဟာဆရာယောင်ပင် ဖြစ်၏။


ဘွားတော်ကြီး အာဏာစက်ပြင်းထန်ချိန်၌ ဘွားတော်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရဲသည့် မဟာဆရာယောင်ကဲ့သို့သော လူမျိုးအတွက် သဘာဝကျစွာပင် သူ့ဒေါသမှာ မသေးချေ။ သူသည် သူ့ရာထူးမှ နုတ်ထွက်ပြီးနောက် ပညာရပ်သင်ကျောင်းတော်တွင် စာသင်ကြားပေးသောအခါ သူသည် ဉာဏ်အကောင်းဆုံးကျောင်းသားများကိုသာ သင်ကြားပေးခဲ့သည်။


မူလပိုင်ရှင်သည် ဉာဏ်ကောင်းသော်လည်း ရှက်ရွံ့တတ်ပြီး ကိုယ်ပိုင်ထင်မြင်ချက်ကို မဖော်ထုတ်ရဲသဖြင့် သဘာဝကျစွာပင် သူသည် မူလပိုင်ရှင်အား စိတ်တိုင်းမကျပေ။


ထို့အပြင် ယနေ့သည် မဟာဆရာယောင်၏ သင်ကြားရက် ဖြစ်သည်။


သူ၏ မူလပိုင်ရှင်အား စိတ်တိုင်းမကျမှုကြောင့်လားမသိ၊ မဟာဆရာယောင်၏ ယနေ့ သင်ခန်းစာမှာ အလွန်အမင်း ဝတ်ကျေတမ်းကျေဆန်နေသည်။ သူသည် သူ့အနားမှ ကလေးတစ်ယောက်ကို ယန်ကျင်းဇီအား ရာဇဝင်သမိုင်းစာအုပ်တစ်အုပ် ဖတ်ပြခိုင်းထားလေသည်။


ယန်ကျင်းဇီသည် ကလေး၏အသံကို နားထောင်ပြီး စာရွက်များကို လှန်လှောဖတ်ရှုကာ အကြောင်းအရာအားလုံးကို သူ့စိတ်ထဲတွင် မှတ်သားနေသည်။


ရာဇဝင်သမိုင်းစာအုပ်များရှိ မှတ်တမ်းများအားလုံးမှာ ရိုးသားဖြောင့်မတ်သော်ငြား ဂရုတစိုက် တွေးတောကြည့်မည်ဆိုလျှင် အများအပြား‌ တွေ့မြင်နိုင်ပေသည်။


ပြီးခဲ့သည့်တစ်နှစ်ပတ်လုံး မူလပိုင်ရှင် သင်ကြားခဲ့သည်များကို ပြန်လည်‌တွေးခေါ်နေစဉ် ယန်ကျင်းဇီသည် စာဖတ်ပြီး မှတ်သားလေ့လာကာ သူ့စိတ်ကို ငြိမ်သက်စေနေခဲ့သည်။


ချူထင်းရှိူ့က သူ့အပေါ် နက်နက်ရှိုင်းရှိုင်း အပ်နှံယုံကြည်ထားကာ သူသည် ချူထင်းရှိူ့ မတရားခံရမည်ကို ခွင့်မပြုနိုင်ပေ။ ထိခိုက်နစ်နာခြင်းမှ လွတ်မြောက်ရန် သင့်တွင် ရာထူးအာဏာတစ်ခု ရှိရပေမည်။


ယနေ့အချိန်တွင် ချူထင်းရှိူ့၏ အာဏာနှင့် ရာထူးမှာ မနိမ့်သော်လည်း မလုံလောက်သေးချေ။ ညီလာခံရှိ ထိုအရပ်ဘက်မှူးမတ်များမှာ ချူထင်းရှိူ့အား လေးလေးနက်နက် မမှတ်ယူထားကြပေ။


ပင်းဝမ် စည်းရုံးထားသော မိသားစုမျိုးနွယ်ကြီးများဆိုလျှင် ပြောစရာပင်မလိုတော့။


သူနှင့်ချူထင်းရှိူ့တို၏ဆက်ဆံရေးကို လူသိသွားကြလျှင် သေချာပေါက် ချူထင်းရှိူ့က အပြစ်တင်ခံရပေလိမ့်မည်...


" အရှင်မင်းကြီး နားထောင်နေပါရဲ့လား? " မဟာဆရာယောင်က ရုတ်တရက် မေးလာသည်။ သူ့အသံမှာ သိပ်မကောင်းလှ။


မူလပိုင်ရှင်သည် ဘွားတော်ကြီးနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရလေရာ သူ့တွင် အခြားသူများ စကားပြောသောအခါ အသေအချာ နားထောင်သည့် အကျင့် ဖြစ်ပေါ်လာခဲ့သည်။


ဆိုကြပါစို့၊ ချူထင်းရှိူ့၏ စစ်မက်ရေးရာ အကြံပေးအရာရှိက သူ့အား အရေးမပါသော အသေးအဖွဲ ရိုးရာအချို့အကြောင်းကို ပြောပြချိန်တွင် သူသည် ၎င်းနှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်သည့်အပြင် ကြားနေရသည်ကိုလည်း ဂရုမစိုက်သော်ငြား သူသည် နားထောင်ရချိန်တွင် စစ်မက်ရေးရာ အကြံပေးအရာရှိအား ဂရုတစိုက် ကြည့်လိမ့်မည်ဖြစ်ကာ ခဏခဏ သဘောတူညီလိမ့်မည်လည်း ဖြစ်သည်... သူက အလွန်လေးနက်စွာ နားထောင်နေသည်ဟု တစ်ဖက်လူက တွေးထင်သွားမည်ဖြစ်ပြီး စစ်မက်ရေးရာ အကြံပေးအရာရှိက အလွန်အမင်း စိတ်လှုပ်ရှားသွားပေလိမ့်မည်ပင်။


နောက်ပိုင်း ချူထင်းရှိူ့ မူလပိုင်ရှင်ထံမှ ဖယ်ရှားသုတ်သင်ခံရသောအခါ စစ်မက်ရေးရာ အကြံပေးအရာရှိသည် မယုံကြည်နိုင်လွန်းသဖြင့် မူလပိုင်ရှင်အား ထိပ်တိုက်‌တွေ့ရန် ရောက်လာခဲ့သည်။ အဆုံးတွင်တော့ မူလပိုင်ရှင်၏အနားရှိ လူတစ်ယောက်ထံမှ ဓားထိုးခံရပြီး သေသွားခဲ့သည်!


အကျဉ်းချုပ်ရလျှင် မူလပိုင်ရှင်သည် ဤဆရာများ၏ရှေ့တွင် သရုပ်ဆောင်ရခြင်း၌ အမြဲလိုလို အလွန်ကျွမ်းကျင်‌သည်။ သို့သော် ယနေ့တွင်မူ ယန်ကျင်းဇီသည် မူလပိုင်ရှင်ကဲ့သို့ ဂရုတစိုက် နားထောင်နေသယောင် ဟန်ဆောင်မနေခဲ့ပေ။


မဟာဆရာယောင်သည် ဤကျောင်းသားကို အမြင်မကြည်ဖြစ်နေပြီမှာ ကြာပြီဖြစ်ကာ သဘာဝကျစွာပင် ဤအချိန်တွင် သူသည် ပျော်ရွှင်မနေချေ။ ဧကရာဇ်က ဘယ်တော်ဝင်အရှိန်အဝါမှ မရှိဘဲ နောက်တစ်‌ကြိမ် တောင်းပန်တော့မှာကို သူ စိုးရိမ်နေမိပြီ!


" ကိုယ်တော် နားထောင်နေတယ်။ " သို့သော် ယန်ကျင်းဇီက သူ့မျက်ဝန်းများကို အကြည့်မြှင့်တင်ကာ မဟာဆရာယောင်ကို ကြည့်နေခဲ့ပြီး ယခင်ကဲ့သို့ တောင်းပန်ရန် အလျင်စလို မတ်တပ်ထမရပ်တော့ပေ။


မဟာဆရာယောင်သည် နှာမှုတ်မိမည်ကို အောင့်အည်းထားရန် ကြိုးစားလိုက်သည် : " အရှင်မင်းကြီး ဧကရာဇ်ကျွမ်းဝမ် အုပ်စိုးစဉ်ကာလမှာ အမတ်ချုပ်က ဘယ်သူပါလဲ? "


ကလေးငယ်က ဧကရာဇ်ကျွမ်းဝမ်၏အတ္ထုပ္ပတ္တိကို ဖတ်ကြားပြီးသွားပြီဖြစ်သည်။


ယန်ကျင်းဇီ နောက်ပြန်မှီလိုက်ပြီး သူ ကိုင်ထားသော စာအုပ်ကို စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ သူ့နှုတ်ခမ်းကို ဖွင့်ဟ၍ ကလေးငယ် ယခင်က ဖတ်ခဲ့သော 'ဧကရာဇ်ကျွမ်းဝမ်၏အတ္ထုပ္ပတ္တိ'ကို တစ်သဝေမတိမ်း ရွတ်ဆိုပြလိုက်သည်။


မဟာဆရာယောင် အံ့အားသင့်သွားသည်။


ဤအချိန်တွင် စာအုပ်များစွာကို အလွတ်ကျက်မှတ်ရမည်ဖြစ်သော်လည်း ဤကဲ့သို့ရာဇဝင်သမိုင်းစာအုပ်မျိုးမှာ ဒါဇင်ချီ သို့မဟုတ် ရာချီသော အတွဲပေါင်းများစွာ ရှိလေရာ အလွတ်ကျက်မှတ်ဖို့ မဖြစ်နိုင်သလောက်ပဲ!


သူသည် ရာဇဝင်သမိုင်းစာအုပ်များ ဖတ်ရသည်ကို နှစ်သက်ပြီး အကြိမ်ပေါင်းများစွာ ဖတ်ရှုပြီးသွားပြီဖြစ်သော်ငြား သူသည် ၎င်းတို့ကို အလွတ်မကျက်နိုင်သေးပေ။


အရှင်မင်းကြီးက... အဲ့ဒါကို အလွတ်ရွတ်ပြနိုင်တယ်?


ရွတ်ပြပြီးနောက် ယန်ကျင်းဇီသည် မဟာဆရာယောင်ကို ကြည့်ကာ နူးနူးညံ့ညံ့ ပြုံးပြခဲ့သည် : " မဟာဆရာယောင်က ဘွားတော်ကြီးလက်အောက်မှာ ကိုယ်တော်က လုပ်ကြံသတ်ဖြတ်မှုတွေ အများကြီးကို လွတ်မြောက်ပြီး အသက်ရှင်လာတာ ကိုယ်တော်ရဲ့ သတ္တိနည်းမှုကြောင့်လို့ တွေးထင်တာလား? "


အလွန်အမင်း သက်တောင့်သက်သာ အေးအေးလူလူ ဖြစ်နေသော ယန်ကျင်းဇီ၏ဤပုံစံမှာ လူအများပေါ်တွင် ကြီးမားသော ဖိအားကို သက်ရောက်စေနိုင်လေသည်။


မဟာဆရာယောင်၏ သူငယ်အိမ်များ ကျဉ်းကျုံ့သွားသည်။


သူ အရှင်မင်းကြီးကို ပထမဆုံး မြင်ဖူးသော အချိန်မှာ နှောင်းဧကရာဇ်၏ ခေါင်းတလားရှေ့တွင် ဖြစ်သည်။


ထိုအချိန်၌ မှူးမတ်အရာရှိများစွာ၏ ရှေ့မှောက်တွင် ဘွားတော်ကြီးသည် အရှင်မင်းကြီးနှင့် ပင်းဝမ်တို့ကို သူ(မ)ရှေ့သို့ ခေါ်ယူကာ မေးမြန်းခဲ့သည်။


" ဘယ်လိုဧကရာဇ်မျိုး ဖြစ်လာချင်ကြလဲ? "


ဒုတိယမင်းသားထက် လများစွာ အသက်ကြီးသော အရှင်မင်းကြီးသည် ဦးစွာဖြေဆိုခဲ့ရပြီး တရှုံ့ရှုံ့ ငိုကြွေးသံနှင့် တအင့်အင့် ဆို့နင့်သံတို့ပါ ပါဝင်၍ မျက်ရည်စီးကြောင်းနှစ်ကြောင်းနှင့် ပြီးဆုံးသွားခဲ့လေသည်။ ဘွားတော်ကြီးထံမှ အချိန်အတော်ကြာအောင် စိုက်ကြည့်ခံရပြီးနောက်တွင်တော့ သူက အမှန်တကယ် ငိုကြွေးခဲ့သည်။


ထိုအချိန်တွင် သူတို့အားလုံးသည် ဤသားတော်မှာ မင်းဧကရာဇ် မဖြစ်ထိုက်ဟု တွေးမိခဲ့ကြသည်။


ပင်းဝမ်အလှည့်သို့ရောက်သော် ပင်းဝမ်သည် စကားလုံးများစွာကို ထုတ်ပြောလာပြီး အဆုံး၌ ပြောလာခဲ့သည် : " ဤမြေးတော်က ဘွားတော်ရဲ့ အကြံဉာဏ်ကို နားထောင်ပါ့မယ်။ "


ဤအချိန်တွင် သူတို့အားလုံး ပင်းဝမ်ကို လေးစားနှစ်သက်သွားကြသော်လည်း ဘွားတော်ကြီးက ရယ်မောကာ အငယ်ဆုံး မဟုတ်ဘဲ အကြီးဆုံးက ထီးနန်းဆက်ခံရမည် — ခိုင်လုံသော အကြောင်းပြချက်တစ်ချက်ဖြင့် အရှင်မင်းကြီး ထီးနန်းဆက်ဆံရန် ပြင်ဆင်မှုများ လုပ်ဆောင်စေခဲ့သည်။


ထိုအချိန်တွင် အရှင်မင်းကြီးသည် သူ့ကို ကယ်တင်၍မရတော့သည့်အတိုင်း ပုံစံပေါ်နေခဲ့ပြီး နောက်ပိုင်းတွင်လည်း ဘွားတော်ကြီးထံမှ တကယ်ပင် သေလောက်အောင် ဖိနှိပ်ခံခဲ့ရသည်။ ချူထင်းရှိူ့က သူ့အား ကူညီ၍ ဘွားတော်ကြီးကို ရင်ဆိုင်‌ဖြေရှင်းပေးခဲ့ပြီးသွားတာတောင်မှ သူက လူအများရှေ့တွင် သူ့ကိုယ်သူ အရူးတစ်ယောက်သဖွယ် ထပ်တလဲလဲ အကြိမ်များစွာ ပြုမူနေဆဲဖြစ်သည်။


မဟာဆရာယောင်သည် အရှင်မင်းကြီးအား သူ့အတွင်းစိတ်ထဲမှပင် စိတ်တိုင်းမကျပေ။


ဒါပေမယ့် ဒီအခိုက်အတန့်မှာတော့ သူ အရှင်မင်းကြီးကို မှားပြီး အကဲဖြတ်မိပြီလို့ ရုတ်တရက် ခံစားလိုက်ရတယ်!


အရှင်မင်းကြီးက သမိုင်းစာအုပ်တစ်အုပ်လုံးကို‌တောင် တစ်လုံးမကျန် မှတ်မိတယ်၊ သူက တကယ်ပဲ ပညာမဲ့ရဲ့လား?


သူက ဘွားတော်ကြီးကို ဖြေရှင်းဖို့ ချူထင်းရှိူ့ သူ့ကို ကူညီအောင်တောင် စွမ်းဆောင်နိုင်တယ်၊ သူက တကယ်ပဲ အသုံးမကျဘူးလား?


လွန်ခဲ့သောနှစ်ပေါင်းများစွာက နှောင်းဧကရာဇ်၏ခေါင်းတ‌လားရှေ့မှ ဖြစ်ရပ်မှာ သူ၏သရုပ်ဆောင်မှု ဖြစ်နိုင်လောက်သည်... သူက ဘွားတော်ကြီး၏အတွေးများကို မှန်းဆမိကာ ထိုပုံပန်းသွင်ပြင်ကို ရည်ရွယ်ချက်ရှိရှိ သရုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်။


နောက်ဆုံးမှာ မင်းဧကရာဇ် ဖြစ်လာတော့ သူပဲလေ ဟုတ်တယ်မလား?


မဟာဆရာယောင် ပိုပိုပြီး တွေးတောကြည့်လေလေ ဤသို့ဖြစ်ရမည်ဟုသာ ပိုပိုပြီး နားလည်သဘောပေါက်လာလေလေပင်။ သူ ချွေးအေးများ ထွက်လာသည်။


သူ ဘယ်လိုလုပ် အမျှော်အမြင်အရမ်းကြီးမားတဲ့ အရှင်မင်းကြီးကို လျှော့တွက်ရဲတာလဲ!


" မဟာဆရာယောင် သင့်ရဲ့ပို့ချချက်ကို ဆက်ပြောပါ။ " ယန်ကျင်းဇီက ပေါ့ပေါ့ပါးပါး ရယ်လိုက်ကာ တည့်တည့်မတ်မတ် ပြင်ထိုင်ပြီး မေးသည် : " ကွန်ဖြူးရှပ်အကြီးအကဲ သွမ်ယဲ့တွင် မည်သည့် အခြားအာဏာ သို့မဟုတ် နည်းဗျူဟာမျှ မရှိလေဘဲ ဘာမှမလုပ်ရဘူးဟုလည်း တားမြစ်ခံရထားပြီး လက်အောက်ငယ်သားအုပ်စုက အမိန့်ခွင့်ပြုချက်မရဘဲ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည့်အပြင် သူက ဂမ္ဘီရအတတ်နှင့် စုန်းကဝေအတတ်တို့တွင် ယုံကြည်ခဲ့သဖြင့် သူက ရှုံးနိမ့်ခဲ့ရသည်... မဟာဆရာယောင် ကိုယ်တော့်ကို ဒီစာပိုဒ်‌အကြောင်း ရှင်းပြပါ။ "


သူသည် သာမန်အားဖြင့် ရာဇဝင်သမိုင်းစာအုပ်များကို နားလည်နိုင်သော်လည်း သူ နားမလည်သည့် အကြောင်းအရာများကိုတော့ တစ်စုံတစ်ဦးက ရှင်းပြရန် လိုအပ်ပေသည်။


မဟာဆရာယောင်သည် ယခင်က မူလပိုင်ရှင်ကို သဘောမကျခဲ့သော်လည်း မူလပိုင်ရှင်က မင်းဧကရာဇ် ဖြစ်သဖြင့် မဟာဆရာယောင်လည်း အရမ်းတော့ မရိုင်းရဲ။ ယခုအခါတွင်မူ မဟာဆရာယောင်သည် ဧကရာဇ်၏ စကားများမှာ နက်နဲပြီး ပညာသားပါသည်ဟု ခံစားရသဖြင့် ဧကရာဇ်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ရဲတော့ပေ။


သူသည် ဂရုတစိုက်ဖြင့် ရှင်းပြခဲ့သည်။ ထို့နောက် သူသည် အရှင်မင်းကြီးက အရာအားလုံးကို သင်ယူနိုင်ရုံတင်မကဘဲ အရာအားလုံးကို ဘယ်တော့မှ မမေ့ကြောင်း သဘောပေါက်နားလည်သွားရသည်။


ဤကမ္ဘာတွင် သူတို့ ဖတ်ရှုထားသည်များကို ဘယ်တော့မှ မမေ့လျော့သော ဉာဏ်ရည်ထက်မြက်သူများ ရှိနေသည်မှာ အမှန်ဖြစ်သော်လည်း တစ်ကြိမ်ဖတ်ရုံဖြင့် အလွတ်ရသူ မရှိချေ။ သို့သော်ငြား အရှင်မင်းကြီးကတော့ ကွဲပြားသည်။ အရှင်မင်းကြီးသည် ရေးသားထားသော ခက်ခဲ၍ နားမလည်နိုင်သည့် စကားလုံးထောင်ပေါင်းများစွာကို တစ်ကြိမ်သာ ဖတ်ရှုပြီး ၎င်းတို့အားလုံးကို အလွတ်မှတ်သားနိုင်သည်။


အရှင်မင်းကြီးမှာ ဒီလိုစွမ်းရည်တွေ ရှိတာ ဘယ်လိုလုပ် အရှင်မင်းကြီးရဲ့အသိပညာက နိမ့်ကျပါ့မလဲ?


မဟာဆရာယောင်သည် သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူဝင့်ကြွားဖူးခဲ့သော်လည်း ယခုအခါတွင်တော့ သူသည် သူ့မာန်မာနကို ဆုံးရှုံးသွားပြီဖြစ်သည်။


ထိတ်လန့်အံ့ဩသွားသူများမှာ မဟာဆရာယောင်တင်မဟုတ်ဘဲ ချူထင်းရှိူ့၏ စစ်မက်ရေးရာ အကြံပေးအရာရှိနှင့် ချူထင်းရှိူ့ ရှာတွေ့ထားသော ပညာရှင်တို့လည်း ပါသည်။


စစ်မက်ရေးရာ အကြံပေးအရာရှိသည် ချူထင်းရှိူ့၏နောက်သို့ မြောက်အရပ်မှ တောင်အရပ်ထိတိုင် လိုက်ပါခဲ့ပြီး စာအုပ်လေးအုပ်နှင့် သုတ္တန်ငါးကျမ်းတို့ကို အပြည့်အဝ အလွတ်မမှတ်သားနိုင်သေးသော်ငြား မရေမတွက်နိုင်သော အ‌ထွေထွေစာအုပ်မျိုးစုံကို ဖတ်ရှုဖူးခဲ့သည်။ သူသည် လူတို့၏ဘဝအကြောင်းကိုလည်း နားလည်ပြီး လောကီကျင့်စဉ်များကို ကောင်းစွာ တတ်မြောက်ကျွမ်းကျင်ကာ ပညာရှင်မှာလည်း သူ့လိုပင်။


သူတို့သည် အရှင်မင်းကြီးအပေါ် လေးစားရိုသေမှု မကင်းမဲ့သည့်အပြင် သူတို့သည် အရှင်မင်းကြီးအား အမှန်တကယ် ဂရုဏာသက်မိကာ ဘွားတော်ကြီး၏ ပျိုးထောင်ခြင်းကို ခံခဲ့ရသော အရှင်မင်းကြီးကို စိတ်မကောင်းဖြစ်မိကြသည်။


သို့သော် ယခုအခါ၌မူ အရှင်မင်းကြီးကို ကြည့်လိုက်လျှင်... ဘွားတော်ကြီး မှားခဲ့တာပဲ!


သူတို့၏ အရှင်မင်းကြီးကို ကြည့်သော အကြည့်မှာ ပြောင်းလဲသွားပြီး စစ်မက်ရေးရာ အကြံပေးအရာရှိသည် စစ်သူကြီးကိုတောင် အနည်းငယ် စိုးရိမ်ပူပန်မိသွားသည် – သူ အရှင်မင်းကြီးရဲ့ပုံစံအစစ်ကို သိရဲ့လား?


သူတို့ ဤသို့စဉ်းစားနေကြစဉ် ချူထင်းရှိူ့ ရောက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။


ချူထင်းရှိူ့ ဖျားနာရသော အကြောင်းအရင်းမှာ မနေ့ညက သူသည် သူ့ဒဏ်ရာများကို ဂရုမစိုက်ခဲ့ဘဲ ညလေအေးထဲတွင် အပေါ်ဝတ်ရုံကိုသာ ဝတ်ပြီး မြင်းစီးခဲ့သည့်အပြင် အိမ်တွင်လည်း ရေအေးနှင့် ရေပင်ချိုးလိုက်သေးသောကြောင့်ဖြစ်သည်။ သို့သော် သူ ‌မေ့မျောသွားသော အကြောင်းအရင်းမှာတော့ သူ၏ စိတ်ခံစားမှုနှင့်ဆိုင်သော သောကဖိစီးမှုများကြောင့်ဖြစ်၏။


ယခုအခါ သူသည် ဆေးသောက်ပြီး အိပ်စက်အနားယူပြီးသွားပြီဖြစ်သဖြင့် သူ နေကောင်းသွားပြီဖြစ်ကာ အရှင်မင်းကြီးကို စဉ်းစားမိနေသည်။


ယခင်အတိတ်ကာလအတွင်း သူသည် အရှင်မင်းကြီးကို လွမ်းဆွတ်လျှင်တောင်မှ ဘာမှမလုပ်ရဲခဲ့သော်ငြား ယခုအခါတွင် သူတို့သည် သူတို့၏ခံစားချက်များကို တစ်ယောက်ကိုတစ်ယောက် ပြောပြပြီးသွားပြီဖြစ်သောကြောင့် အခြေအနေများ ပြောင်းလဲသွားပေပြီ။


အရှင်မင်းကြီး၏ သူ့အပေါ် စိတ်ဝင်စားမှုမှာ ခဏတာ ကြာမြင့်မှုသာ ဖြစ်နိုင်ပြီး အချိန်ကာလနှစ်အနည်းငယ်အတွင်း သဘာဝကျစွာပင် အရှင်မင်းကြီးက ဘုရင်မတစ်ပါးနှင့် ကြင်ယာတော်တစ်ပါးတို့ကို ရွေးချယ်တင်မြှောက်လိမ့်မည်... သူ အချိန်မဖြုန်းနိုင်ပေ။


ချူထင်းရှိူ့သည် ယန်ကျင်းဇီ စာသင်ကြားသောနေရာသို့ တိုက်ရိုက်ရောက်လာခဲ့သည်။


အတိတ်၌ ချူထင်းရှိူ့တွင် ဖြေရှင်းရမည့်ကိစ္စများစွာ ရှိပြီး ခဏခဏ မသွားဖြစ်ခဲ့ချေ။ ယနေ့တွင်တော့ သူသည် မဟာဆရာယောင်က အလွန်လေးနက်စွာ သင်ကြားပို့ချနေသည်ကို မြင်ရသဖြင့် စိတ်ကျေနပ်ရသော်လည်း သင်ခန်းစာများကို ‌အလွန်လေးနက်စွာ နားထောင်နေသော အရှင်မင်းကြီးကို သူ တွေ့လိုက်ရသောအခါ သူ သူ့မျက်လုံးများကို မရွှေ့နိုင်တော့ပေ။


အရှင်မင်းကြီး၏ စာသင်ခန်းထဲမှ အသွင်အပြင်မှာ တကယ်ပင် ကြည့်ကောင်းလှသည်မှာ မနေ့ကထက် ဘယ်နှဆ ပိုမိုလှပနေကြောင်းပင် သူ မသိတော့။


" အိုက်ချင်း မင်းရဲ့ကျန်းမာရေး ဘယ်လိုနေလဲ? "


ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို မေးခဲ့သည်။


" ကောင်းမွန်ပါတယ်ဘုရား " ချူထင်းရှိူ့သည် ယန်ကျင်းဇီက သူ့ကျန်းမာရေးအကြောင်း မေးသည်ကို ကြားသောအခါ အနည်းငယ် အဆင်မပြေဖြစ်သွားသည် : " အရှင်မင်းကြီး ကျွန်တော်မျိုးမှာ တခြားလုပ်စရာရှိသေးလို့ အရင်သွားနှင့်ပါ့မယ်ဘုရား။ "


" ကိုယ်တော်နဲ့ အတန်းအတူတက်မလား အိုက်ချင်း? " ယန်ကျင်းဇီ မေးလိုက်သည်။ ချူထင်းရှိူ့ အလုပ်များတော့မည့်ကိစ္စများမှာ နိုင်ငံရေးကိစ္စရပ်များ ဖြစ်လေရာ အလျင်မလိုချေ။


ယခုချိန်တွင် ချူထင်းရှိူ့က အနားယူရန် လိုအပ်နေသည်။


ချူစစ်သူကြီးက အရမ်းအလုပ်များတာ သူတို့တော့ သူ အတန်းကို လာလိမ့်မယ်လို့ မထင်ပါဘူးနော်? ဤကဲ့သို့ လူတိုင်း တွေးနေစဉ် သူတို့ ချူထင်းရှိူ့ ပြောတာကို ကြားလိုက်ရသည် : " မှန်လှပါ အရှင်မင်းကြီး "


ယန်ကျင်းဇီသည် ချက်ချင်းပင် တစ်စုံတစ်ယောက်အား ခုံတစ်ခုံ ရွှေ့ခိုင်းကာ ခုံပေါ်တွင် အခင်းတစ်ခင်း လွှားတင်ရန်လည်း ပြင်ဆင်ခိုင်းလိုက်ပြီး‌နောက် လက်ဖက်ရည်နှင့် အဆာပြေစားစရာများကို ယူလာရန် တစ်စုံတစ်ယောက်အား ခိုင်းစေလိုက်ပြန်သည်။


မဟာဆရာယောင်နှင့်အခြားသူများ : အရှင်မင်းကြီးရဲ့ ချူစစ်သူကြီးအတွက် စိုးရိမ်မှုနဲ့ ဂရုစိုက်မှုတို့က အထူးအံ့မခန်းပဲ! အရှင်မင်းကြီးက အရမ်းယဉ်ကျေးရည်မွန်နေမှတော့ ချူစစ်သူကြီးက သူ့ကို သစ္စာစောင့်သိတာ မဆန်းတော့ပါဘူး။


ယခင်ကာလအတွင်းတွင်တော့ ချူထင်းရှိူ့သည် သူ့ဘာသာသူ ခွင့်တောင်းကာ ထွက်သွားလိမ့်မည်ဖြစ်‌သော်လည်း ယနေ့တွင်တော့ သူ မလုပ်ခဲ့ပေ။ ထိုင်ခုံကို ယန်ကျင်းဇီ၏ဘေးနားတွင် နေရာချပေးထားလေသည်။


ပုံမှန်ကဲ့သို့ သူသည် ထိုင်လိုက်ပြီး ယန်ကျင်းဇီ၏ရှေ့ရှိ မင်တုံးမှ မင်ကုန်သွားသည်ကို တွေ့လိုက်ရသဖြင့် သူသည် ရေနည်းနည်းထည့်ကာ မင်သွေးလိုက်သည်။


မဟာဆရာယောင်နှင့်အခြားသူများ : ချူစစ်သူကြီးက အရှင်မင်းကြီးအတွက် ကိုယ်တိုင် မင်သွေးပေးနေတာ... ချူစစ်သူကြီး သူ့ကို ဒီလိုဆက်ဆံအောင် လုပ်နိုင်တာ အရှင်မင်းကြီးက အရမ်းတော်တာပဲ!


အချိန်တိုတစ်ချိန်အတွင်း သင်ခန်းစာ ပြီးဆုံးသွားသည်။


ယန်ကျင်းဇီသည် ထရပ်ပြီး မဟာဆရာယောင်ကို ပြုံးကာ ကြည့်သည် : " မဟာဆရာယောင်က ပြောသင့်တဲ့စကားနဲ့ မပြောသင့်တဲ့စကားကို ခွဲခြားနိုင်မယ်လို့ ထင်ပါတယ်။ "


မဟာဆရာယောင်သည် မူလပိုင်ရှင်ကို အထင်အမြင်သေးခဲ့သော်လည်း သူသည် ပင်းဝမ်၏အဖွဲ့ဝင် မဟုတ်ချေ။ ထိုအကြောင်းကြောင့်သာ ယန်ကျင်းဇီသည် ယနေ့တွင် ဤသို့ပြုမူခဲ့ခြင်း ဖြစ်သည်။


မဟာယောင်၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သဘောတူလိုက်သည်။


ထိုအခါမှသာလျှင် ယန်ကျင်းဇီက ချူထင်းရှိူ့နှင့် ထွက်ခွာသွားခဲ့သည်။


မနေ့နှင့်ယနေ့တို့မှ ယန်ကျင်းဇီသည် ယခင်က ယန်ကျင်းဇီနှင့် အလွန်ကွဲပြားသော်ငြား ချူထင်းရှိူ့သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု မခံစားရသည့်အပြင် အရှင်မင်းကြီးက ဤသို့ဖြစ်နေသင့်သည် ဟူသော ခံစားချက်ကိုပင် ရရှိနေသည်။


နောက်ကျနေပြီဖြစ်လေရာ ယန်ကျင်းဇီသည် ချူထင်းရှိူ့အား နေ့လယ်စာ စားရန် ခေါ်သွားခဲ့သည်။


နိုင်ငံရေး ဆောင်ရွက်မည်ဆိုလျှင် သင်သည် ဗိုက်ဟောင်းလောင်းနှင့် ၎င်းကို ဆောင်ရွက်နိုင်မည်မဟုတ်ချေ။


ယခင်က နှစ်ယောက်သား စားပွဲဝိုင်းတစ်ဝိုင်းကိုသာ အတူသုံးခဲ့ကြဖူးသည်ဆိုလျှင်တောင်မှ ၎င်းမှာ ကြီးမားသော စားပွဲကြီး ဖြစ်ပြီး မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြခြင်း ဖြစ်‌သည်။ သို့သော် ယခုမူ ယန်ကျင်းဇီသည် ချူထင်းရှိူ့၏အနားတွင် ထိုင်ပြီး အလွန်စိတ်အားထက်သန်စွာဖြင့် ဟင်းလျာများကို ခပ်ထည့်ပေးနေသည်။


" အရှင်မင်းကြီး ကျွန်တော်မျိုး လုပ်ပါ့မယ်... " ချူထင်းရှိူ့ ငြင်းဆန်ချင်ခဲ့သည်။


" မင်းရဲ့ပန်းကန်ထဲ ဟင်းထည့်ပေးရတာကို ကိုယ်တော် နှစ်သက်တယ်! " ယန်ကျင်းဇီက ပြောကာ ချူထင်းရှိူ့အား ဟင်းအနည်းငယ် ထပ်ထည့်ပေးလိုက်ပြန်သည်။


" ကျွန်တော်မျိုး... ကုန်အောင် မစားနိုင်ပါဘူး။ " ချူထင်းရှိူ့ ရှက်ရွံ့နေပြီဖြစ်သည်။


" မင်း မကုန်ရင် ကိုယ်တော် ဆက်စားလိုက်မယ်။ " ယန်ကျင်းဇီက ပြန်ပြောခဲ့သည်။


ချူထင်းရှိူ့၏နှလုံးသားလေး တုန်ယင်သွားသည်။


ယခုလက်ရှိတွင် သူတို့နှစ်ယောက်မှာ သာမန်စုံတွဲတစ်တွဲလိုပင်။


'ခင်ပွန်းနှင့်ဇနီး' ကို စဉ်းစားမိရင်း ချူထင်းရှိူ့ သူ့ညီမ၏အိတ်ကို ရုတ်တရက် သတိရသွားမိသည်။


သူသည် အရှင်မင်းကြီးအား သူ့ညီမ၏အိတ်ကို မသိမ်းထားစေချင်ပေ။


" အရှင်မင်းကြီး ကျွန်တော်မျိုး မနေ့က အိတ်တစ်အိတ် ကျန်ခဲ့ပါတယ်... "


ယန်ကျင်းဇီ၏မျက်နှာမှာ ဖြူဖျော့သွားသည် : " ကိုယ်တော် မေးဖို့ မေ့သွားတယ်... အဲ့ဒါ ဘယ်သူ့အိတ်လဲ? မင်းက ကိုယ်နဲ့မကွာအောင်တောင် ဆောင်ထားသေးတယ်! " သူသည် အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် မမေးရဲခဲ့သော်လည်း ယခုမူ... သူ့ရှေ့မှ စားစရာတွင် ရှာလကာရည်အရသာ သာ ရှိတော့သည်။


သူ အထင်လွဲနေမှန်း ချူထင်းရှိူ့ သိရှိသွားသည် : " ကျွန်တော်မျိုးရဲ့ညီမက အဲ့အိတ်ကို အရှင်မင်းကြီးစီ ပေးဖို့ တောင်းဆိုခဲ့တာပါ။ "


ယန်ကျင်းဇီ : " ... "


" အရှင်မင်းကြီး... ကျွန်တော်မျိုး အိတ်ကို သူ(မ)စီ ပြန်ယူသွားချင်ပါတယ်။ "


ယန်ကျင်းဇီ ရှက်သွားသည် : " ကိုယ်တော်က အဲ့အိတ်ကို မိန်းမပျိုတစ်ယောက်ယောက်စီက ရလာတယ် ထင်တာ... အိတ်က ကိုယ်တော့်ကို ဒေါသထွက်စေတော့ ကိုယ်တော် မင်းရဲ့အဝတ်တွေကို ညှပ်မိလိုက်တယ်။ ပြီးတော့ ကိုယ်တော် မင်းကို အဲ့လိုဆက်ဆံမိတာပဲ။ "


ချူထင်းရှိူ့ : " ... " သူ သူ့ညီမကို ကျေးဇူးတင်သင့်လား?

____

ကိုယ်တွေရဲ့ ချူစစ်သူကြီးကတော့ ဆေးမမှီတော့ပါဘူး 🤧🫂


Thanks for reading 💙

____