အပိုင်း ၅၇ ( The Emperor 7 )
Viewers 10k

ယန်ကျင်းဇီသည် သူ့အိတ်ကြောင့် ရှာလကာရည်အိုတစ်အိုး မော့သောက်လိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဖြစ်ချင်တော့ ချူထင်းရှိူ့၏ညီမက သူ့ကို အိတ်ပေးချင်ခဲ့သည်တဲ့လေ။ သူ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။


သို့သော် မကြာမီမှာပင် သူသည် နောက်တစ်ကြိမ် ဖြောင့်မတ်မှန်ကန်သွားပြန်ကာ ပြောလိုက်ပြန်သည် : " ထင်းရှိူ့ မင်းရဲ့နှလုံးသားက ကိုယ်တော့်ကို ဆန္ဒရှိတယ်ဆိုရင် မင်းက မင်းရဲ့ညီမကို ကိုယ်တော့်ကို အိတ်ပေးပေးဖို့ ဘယ်လိုတောင် သဘောတူရက်ရတာလဲ? အဲ့အချိန်တုန်းက ကိုယ်တော် ဘယ်လောက်တောင် ဝမ်းနည်းခဲ့ရလဲ မင်း သိတောင်မသိဘဲနဲ့! "


ချူထင်းရှိူ့သည် အပြစ်ရှိစိတ်ကို ခဏတာ ခံစားလိုက်ရသည် : " ကျွန်တော်မျိုး... ကျွန်တော်မျိုး... "


" မင်း လျော်ကြေးအနေနဲ့ ကိုယ်တော့်ကို ကတိတစ်ခု ပေးရမယ်။ " ယန်ကျင်းဇီက ပြောခဲ့သည်။


" အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဘာများ သဘောတူစေချင်ပါသလဲ? " ချူထင်းရှိူ့ မေးလိုက်သည်။ အမှန်ဆိုလျှင် ယန်ကျင်းဇီက ဝမ်းနည်းသော အမူအရာ မပြသော်လည်း သူသည် ယန်ကျင်းဇီကို သူ စိတ်ဆိုးစေခဲ့လောက်သည်ဟု တွေးမိခဲ့သည်။ သူသည် အရာရာတိုင်းကို သဘောတူသည်ဟုပင် ပြောချင်မိသည်။


" အခုကစပြီး အနားမှာ ဘယ်သူမှမရှိရင် မင်း ကိုယ့်ကို ကျင်းဇီလို့ ခေါ်နိုင်ပြီး မင်းကိုယ်မင်း ကျွန်တော်မျိုးလို့ မသုံးနှုန်းနဲ့တော့။ ဒါဆို ကိုယ်တို့ စကားပြောရင် ပိုပြီး သက်တောင့်သက်သာ ရှိလာလိမ့်မယ်။ " ယန်ကျင်းဇီက ဆိုခဲ့သည်။


အမှန်တကယ်တော့ သူ လာသော နေရာမှာ ဘွဲ့ဂုဏ်ပုဒ်များနှင့်ပတ်သက်၍ အလွန်မတင်းကြပ်ဘဲ ချူထင်းရှိူ့တောင်မှ တစ်ခါတစ်ရံ မမှတ်မိဘဲ အရှင်မင်းကြီး၏ရှေ့တွင် သူ့ကိုယ်သူ 'ငါ' ဟု သုံးနှုန်းမိတတ်သည်။


သို့သော် သူ ပြန်အမှတ်ရရချင်း သူသည် 'ကျွန်တော်မျိုး' ဟု ထပ်ပြောလိမ့်မည်ဖြစ်သည်။


အရှင်မင်းကြီးကို နာမည်တပ်ခေါ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။


ချူထင်းရှိူ့ ကြက်သေသေသွားသည်။


အခြားတစ်ဖက်မှ ယန်ကျင်းဇီကမူ ဝမ်းနည်းနေသော မျက်နှာအမူအရာကို ဖော်ပြထားသည် : " မင်း ဒီကိစ္စသေးသေးလေးကိုတောင် သဘောမတူရင် ကိုယ် အရမ်းဝမ်းနည်းရလိမ့်မယ်... 'ကျင်းဇီ' လို့ ခေါ်တာ ကိုယ့်ကို ‌ကြားခွင့်ပေးပါ။ "


ချူထင်းရှိူ့သည် ယန်ကျင်းဇီကို ခဏတဖြုတ် ကြာအောင် ကြည့်ပြီး နှုတ်ခမ်းဖွင့်၍ ခေါ်လိုက်သည် : " ကျင်းဇီ "


မင်းဧကရာဇ်ကို နာမည်တပ်ခေါ်ခြင်းမှာ လူနှစ်ယောက် ခိုင်မာသော ဆက်ဆံရေးတစ်ခုတွင် တည်ရှိနေချိန်၌ နှစ်ယောက်သား၏ ပျော်ရွှင်ကြည်နူးမှု ဖြစ်သော်လည်း မင်းဧကရာဇ်၏နှစ်သက်မှု ရုပ်သိမ်းခံရသည့် နေ့ရက်တွင်တော့ ၎င်းက ပြစ်မှု ဖြစ်လာသည်။


သို့သော် သူသည် သူ့နှလုံးသားကို ယန်ကျင်းဇီထံ၌ ဝန်ခံပြီး အတူရှိရန် ဆုံးဖြတ်ပြီးချိန်မှစ၍ သူသည် တစ်နေ့တစ်ချိန်တွင် အရာရာကို လက်လွှတ်ဆုံးရှုံးရန် အဆင်သင့်ပြင်ပြီးပြီဖြစ်သည်။


ထိုနေ့က သူ ဆေးသောက်မိချိန်၌ သူသည် သူ သေတော့မည်ဟု တွေးခဲ့ပြီး ၎င်းမှာ တစ်ကြိမ်သေပြီးပြီနှင့် တူသည်။ ယခု ဤအသက်ကို ရရှိထားပြီးပြီဖြစ်လေရာ ကောင်းကောင်းမွန်မွန် နေထိုင်ရန် ပိုသင့်တော်သည်။


ဤသို့ဆိုလျှင် တစ်နေ့ ယန်ကျင်းဇီ ငြီးငွေ့သွားသည်ဆိုလျှင်တောင်မှ သူ ထိခိုက်နစ်နာသည်ဟု ခံစားရတော့မည် မဟုတ်ချေ။


" ထင်းရှိူ့ " ယန်ကျင်းဇီသည် ရှေ့တိုးပြီး ချူထင်းရှိူ့အား နမ်းလိုက်ကာ သူသည် အစားအစာကို ဆက်လက်ယူချိန်၌ ချူထင်းရှိူ့၏နှုတ်ခမ်းစီသို့ တိုက်ရိုက်ခွံ့ကျွေးခဲ့သည်။


ချူထင်းရှိူ့သည် ၎င်းတို့အားလုံးကို အကုန်စားခဲ့၏။


ယန်ကျင်းဇီသည် ချူထင်းရှိူ့၏နှစ်သက်မှုများကို သိရှိပြီး ချူထင်းရှိူ့သည် စားသော အစားအစာများနှင့်ပတ်သက်၍ ကြေးမများသော်လည်း အသားစားရသည်ကို နှစ်သက်ကြောင်း သိထားသည်။


သို့သော် ယခု ချူထင်းရှိူ့က နေသိပ်မကောင်းသေးသဖြင့် သူသည် ချူထင်းရှိူ့အား အများအပြား စားခွင့်မပြုရဲဘဲ စွပ်ပြုတ်များနှင့် အသီးအရွက်များစွာတို့ကိုသာ ခွံကျွေးလိုက်သည်။


ချူထင်းရှိူ့သည် ၎င်းတို့ကို စားရသည်အား မနှစ်သက်သော်လည်း ၎င်းတို့မှာ အရှင်မင်းကြီးကိုယ်တိုင် ခွံ့ကျွေးသဖြင့် သူ့တွင် အခြားကိစ္စတစ်ခုခုအကြောင်း ခဏတဖြုတ် စဉ်းစားရန်ပင် အချိန်မရှိဘဲ ၎င်းတို့ကို အလိုအလျောက် စားမိလိုက်သည်။


ယန်ကျင်းဇီ ခွံ့ကျွေးခြင်းကို ရပ်တန့်လိုက်သောအခါမှ ချူထင်းရှိူ့သည် စွပ်ပြုတ်နှင့်သာ ဗိုက်အပြည့်ဖြည့်ခံလိုက်ရပြီး သူ အစာမာတစ်ခုမှ မစားလိုက်ရမှန်း သတိထားမိသွားသည်။


ဤအချိန်တွင် ယန်ကျင်းဇီသည် သူ့အား နောက်တစ်ခါ နမ်းလိုက်ပြန်သည် : " မင်းမှာ ဒဏ်ရာရနေသေးတယ်။ အဲ့ဒါကြောင့် မင်း အဆီများတဲ့ အစားအစာတွေ မစားရဘူး။ " ယနေ့ စွပ်ပြုတ်များအားလုံးမှာ အဆီမပါဘဲ သူသည် ဤအကြောင်းကြောင့်သာ ၎င်းတို့ကို အထူးပြင်ဆင်ခိုင်းထားခြင်းဖြစ်သည်။


သူတို့သည် စားသောက်ပြီးသွားမှသာလျှင် နိုင်ငံရေးကိစ္စများကို စတင်ဖြေရှင်းကြသည်။


တရားရေးရာဝန်ကြီးသည် ‌လျှောက်တင်လွှာများကို ဖတ်ရှုရန် တစ်စုံတစ်ယောက်ကို ခေါ်လာကာ သူ၏ သဘောတူညီမှု ထင်မြင်ချက်ကိုလည်း တင်ပြပြီးပြီဖြစ်သည်။ ယန်ကျင်းဇီနှင့်ချူထင်းရှိူ့တို့ လုပ်ဆောင်ရမည့်ကိစ္စဟူ၍ ၎င်းတို့ကို နောက်တစ်ကြိမ် ထပ်မံဖတ်ရှုကာ သဘောမတူညီမှုတစ်စုံတစ်ရာ ရှိခဲ့လျှင် နောက်တစ်ကြိမ် ထပ်မံတင်ပြခိုင်းလိုက်ရုံတင် ဖြစ်သည်။


အမှန်တကယ်မှာ မူလပိုင်ရှင်သည် ၎င်းနှင့်ပတ်သက်၍ မကြာခဏ သဘောမတူညီလေ့ရှိသော်ငြား သူသည် အပေါ်ယံမျက်နှာပြင်၌ ပြသလိမ့်မည်မဟုတ်ချေ။ ယန်ကျင်းဇီအတွက်မူ သူသည် နန်းညီလာခံမှ လက်ရှိအခြေအနေ၏ အရှုပ်အထွေးများကို နားမလည်သေးသဖြင့် သူက ဘာမှမပြောဘဲ လျှောက်တင်လွှာကိုသာ အသေးစိတ် ဖတ်ရှုနေခဲ့သည်။


ခဏတာ ဖတ်ရှုပြီး မှူးမတ်အရာရှိများကြားမှ ဆက်ဆံရေးများအကြောင်း ချူထင်းရှိူ့ ပြောပြသည်ကို နားထောင်ပြီးနောက် ယန်ကျင်းဇီ ပြောလိုက်သည် : " ထင်းရှိူ့ မင်း အခု အနားယူသင့်ပြီ။ "


ယနေ့ နေ့အချိန်ကာလ၌ ချူထင်းရှိူ့က မေ့ပင်မေ့မျောခဲ့သည်။


" ငါ အဆင်ပြေပါတယ်... " ချူထင်းရှိူ့ ပြန်ဖြေလိုက်သည်။


" အိပ်ရာဝင်တော့ " ယန်ကျင်းဇီ ပြောလိုက်၏ : " ဒီည နန်းပြင်မထွက်နဲ့တော့။ ဒီမှာပဲ ကိုယ်နဲ့အိပ်လိုက်။ "


ယနေ့ သူ ချူထင်းရှိူ့နှင့် မခွဲခွာချင်ပေ။


ချူထင်းရှိူ့သည် ယန်ကျင်းဇီကို ကြည့်ကာ ခေါင်းညိတ်ပြခဲ့သည်။


ယန်ကျင်းဇီ၏အိပ်ဆောင်ကို သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားများက အပြင်လူများ ဖောက်ထွင်းခိုးဝင်၍မရအောင် ကာကွယ်ထားသည်။ သူတို့ ဖြတ်‌သွားသောအခါ အစောင့်ရဲမက်များ၏ခေါင်းဆောင်ကိုယ်တိုင်က တံခါးကို စောင့်ကြပ်နေသည်။


သူသည် လူနှစ်ယောက် အတူလာသည်ကို မြင်သောအခါ အရိုအသေပြုခဲ့သော်ငြား ထိတ်လန့်နေသေးသည်။


လွန်ခဲ့သောနှစ်ရက်မှ အဖြစ်အပျက်အားလုံးမှာ သူ့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့ပြီး 'ချူစစ်သူကြီးကို ဧကရီအဖြစ် ခစားရမည်' ဟူသော ဝမ်မိန်းမစိုးချုပ်၏စကားများနှင့်ပါဆိုလျှင်... အရှင်မင်းကြီးက တကယ်ပဲ ချူစစ်သူကြီးကို သိမ်းပိုက်လိုက်တာလား?


အရှင်မင်းကြီးကတော့ အမှန်တကယ် အရှင်မင်းကြီးပါပဲ။


ယန်ကျင်းဇီသည် အစောင့်ရဲမက်များ၏ခေါင်းဆောင်ကို တွေ့သောအခါ သူသည် သူတို့ကို လွန်ခဲ့သည့်နှစ်ရက်လုံးလုံး အပင်ပန်းခံခိုင်းထားခဲ့သည်ဟု တွေးမိသဖြင့် အစောင့်ရဲမက်များ၏ခေါင်းဆောင်အား ဆုလာဘ်ကို သွားယူရန် မနက်ဖြန်တွင် ဝမ်ကျုံး၏နေရာသို့ သွားခိုင်းလိုက်သည်။ ပြီးမှသာလျှင် သူနှင့်ချူထင်းရှိူ့တို့ နန်းဆောင်ထဲ အတူဝင်ရောက်သွားခဲ့သည်။


တစ်ချိန်တည်းမှာပင် သူသည် နောက်ထပ်လူများကို လေ့ကျင့်ပေးသင့်သည်ဟုလည်း တွေးမိလေသည်။


မူလပိုင်ရှင်သည် အမှန်တကယ်ပင် ငွေကြေးမရှားပါးဘဲ ချူထင်းရှိူ့ကလည်း ဘွားတော်ကြီး၏နန်းဆောင်မှ ရရှိလာသော ငွေကြေးများအားလုံးကို မူလပိုင်ရှင်အား ပေးခဲ့သည်။ သို့သော် မူလပိုင်ရှင်သည် ဘွားတော်ကြီး၏အကြည့်အောက်တွင် အလွန်ဆိုးရွားသော ဘဝတွင် နေထိုင်ခဲ့ရသည်။ ယခင်အတိတ်ကာလ၌ သူသည် အစာငတ်မွတ်ခဲ့ဖူးသည်။ တော်ဝင်စားဖိုဆောင်သည် အစားအစာ မပေးခင် ငွေပြားလိုချင်ခဲ့ပြီး သူ့တွင် မည်သည့်ငွေပြားမျှ မရှိ‌ခဲ့ပေ။ သူသည် ကိုယ်ပိုင်လူအင်အားကို မပျိုးထောင်နိုင်လောက်သည့်အထိ အလွန်ငွေကြေးကြပ်တည်းခဲ့သည်။


ယခုမူ သူသည် မင်းဧကရာဇ် ဖြစ်လာပြီဖြစ်ရာ သဘာဝကျစွာပင် ဤနာမည်၌ ကောင်းမွန်သော အကျိုးအမြတ် ရှိပြီး သူ့တွင် ငွေကြေးရှိသည်။ သူ ‌လူများကို မလေ့ကျင့်ပေးနိုင်ဘူး ဆိုသည်ကို သူ မယုံကြည်ပေ။


အိပ်ဆောင်ထဲရောက်ရောက်ချင်း ယန်ကျင်းဇီ ပြောလိုက်သည် : " အိပ်ရာပေါ်သွားလှဲလိုက်၊ ကိုယ် မင်းကို ဆေးထပ်လိမ်းပေးမယ်။ "


တစ်ကြိမ်ဆေးလိမ်းခံပြီးပြီဖြစ်သော ချူထင်းရှိူ့သည် ယခင်ကလောက် မဆန့်ကျင်တော့ဘဲ သူသည် သူ့အဝတ်များကို ချွတ်ကာ အိပ်ရာပေါ် လှဲချလိုက်၏။


ယခင်ဆေးလိမ်းချိန်၌ ယန်ကျင်းဇီသည် ချူထင်းရှိူ့ မပျော်မရွှင်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဘာမှထပ်မလုပ်ရဲခဲ့ပေ။ သို့သော် ယခု နေ့တစ်ဝက်ခန့် အတူရှိပြီးနောက် သူသည် ချူထင်းရှိူ့အား အချိန်တစ်ချို့စာ သိရှိနားလည်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဆေးလိမ်းပေးသောအခါ မြေကြီးလက်ခတ်မလွဲ ချူထင်းရှိူ့အား တော်တော်လေး အသားယူခဲ့ပြီး အဆုံးမှာတော့ နှစ်ယောက်စလုံး မျက်နှာနီမြန်းနေကြကာ သူတို့၏နှလုံးသားများကလည်း ပူလောင်နေခဲ့ကြသည်။


ဤအတိုင်းသာဆိုလျှင် သည်းမခံနိုင်ဖွယ်ရာ ဖြစ်လာလိမ့်မည်။


ယန်ကျင်းဇီသည် ချူထင်းရှိူ့အား စောင်တစ်ထည်ထဲတွင် ထွေးပတ်ထုပ်ပိုးလိုက်ပြီး သူ့ရင်ခွင်ထဲတွင် တင်းကြပ်စွာ ဖက်ထားလိုက်သည် : " အိပ်တော့! "


စကားပြောပြီး‌သွားသောအခါ သူသည် သူ့မျက်လုံးများကို မှိတ်ပြီး သူ့စိတ်ကို စတင်ငြိမ်သက်စေ‌ခဲ့သည်။


ချူထင်းရှိူ့ : " ... " ယန်ကျင်းဇီက သူ့ကို နေခိုင်းသည်၊ ယန်ကျင်းဇီက တစ်စုံတစ်ခု လုပ်ချင်ခဲ့သောကြောင့်ဟု သူ ထင်ခဲ့သော်လည်း နောက်ဆုံး... ယန်ကျင်းဇီက ဘာမှမလုပ်ခဲ့ဘူး?


သူသည် အနည်းငယ် ကြောင်အသွားရသော်ငြား ပျော်ရွှင်မှု မရှိသည်တော့ မဟုတ်ချေ – ဤပုံစံမှာ သူသည် ချစ်ခင်မြတ်နိုးခံရသည်နှင့်တူသည်။


သူတို့နှစ်ယောက်စလုံးမှာ လွန်ခဲ့သော နှစ်ရက်၏ အတက်အကျများကြောင့် ပင်ပန်းထားလေရာ မကြာမီမှာပင် အချင်းချင်း ပွေ့ဖက်ထားရင်း အိပ်ပျော်သွားကြသည်။


ညလယ်ခေါင်တွင် စောင်ထည်ထဲ၌ ကြပ်ကြပ်တင်းတင်း အထုပ်ခံထားရသော ချူထင်းရှိူ့မှာ ပူပြင်းမှုကြောင့် နိုးလာ၍ သူ့စောင်ထဲမှ တိတ်တဆိတ် ထွက်ပြီး ယန်ကျင်းဇီနှင့်အတူ စောင်တစ်ထည်တည်းတွင် လှဲလျောင်းလိုက်ကာ ပြန်လည်အိပ်မောကျသွားသည်။


သူတို့နှစ်ယောက်ဟာ သူတို့၏ အပြန်အလှန် ချစ်ခြင်းမေတ္တာများကို ကြည်နူးခံစားနေကြသော်လည်း နန်းတော်အပြင်ဘက်တွင်မူ — ချူထင်းရှိူ့ကို စောင့်ဆိုင်းနေသော ချူထင်းလန်မှာ တစ်ညလုံး မအိပ်ခဲ့ဘဲ ပင်းဝမ်လည်း ထို့အတူပင်။


သူတို့အားလုံး ချူထင်းရှိူ့ နန်းတော်ထဲမှ ထွက်လာမည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။ ဒါပေမယ့် ချူထင်းရှိူ့က တစ်ညလုံး နန်းပြင်ထွက်မလာဘူး!


ကိစ္စကောင်းမှာ နောက်တစ်နေ့တွင် နန်းညီလာခံ မရှိသဖြင့် ပင်းဝမ်သည် ညချမ်းသာ၏ အိပ်စက်မှုကို ရရှိနိုင်သေးသည်။


ချူထင်းရှိူ့၏ကျန်းမာရေးမှာ အလွန်ကောင်းမွန်ပြီး သူ အိပ်ရာနိုးနိုးချင်း သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ ကောင်းမွန်နေပြီဖြစ်သည်။


ယန်ကျင်းဇီသည် ချူထင်းရှိူ့ အဆင်ပြေကြောင်း သေချာစေရန် တော်ဝင်သမားတော်အား ကြည့်ရှုစစ်ဆေးခိုင်းပြီး ထို့နောက် ချူထင်းရှိူ့အား နန်းတော်မှ ထွက်ခွာခွင့်ပြုလိုက်သည်။


ယခုချိန်တွင် ညီလာခံမှာ မတည်ငြိမ်သေးဘဲ ဘွားတော်ကြီး၏မိသားစုမျိုးနွယ် ဖြစ်သော ကျိုးမျိုးနွယ်တွင် အကြွင်းအကျန်များစွာ ရှိနေဆဲဖြစ်ကာ ပင်းဝမ်ကလည်း နန်းပလ္လင်ကို တပ်မက်နေသည်။ ယခင်မင်းဆက်ကို ပြန်လည်အသက်သွင်းချင်နေသော ၎င်း၏သစ္စာစောင့်သိသူများပင် ရှိနေသေးသည်... သူသည် ညီလာခံတွင် သူ့ကို ထောက်ခံနေသော ချူထင်းရှိူ့အား နန်းတော်ထဲတွင် တစ်နေ့လုံး မနေခိုင်းသင့်ပေ။


ဤပြဿနာများအာလုံးကို ဖြေရှင်းရန်မှာ အရေးကြီးသည်။


ဤပြသနာများကို ဖြေရှင်းရန်အတွက် သန်မာဖို့ လိုအပ်သည်။


ယနေ့သင်ခန်းစာကို မဟာဆရာယောင် မဟုတ်သော အခြားဆရာတစ်ယောက်က ပို့ချမည်ဖြစ်သည်။


ဤမဟာဆရာ ကျန်းမျိုးနွယ်မှာ အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်ကာ အာဏာအတွက် တိုက်ခိုက်ရန် စိတ်ဆန္ဒမရှိလေဘဲ နှောင်းဧကရာဇ်ကိုလည်း သင်ကြားပေးဖူးသည်။ သူသည် နှောင်းဧကရာဇ်နှင့်အလွန်တူသော မူလပိုင်ရှင်အား ကရုဏာသက်ပြီး မူလပိုင်ရှင်‌အပေါ် အလွန်ကြင်နာသည်။


သို့သော် သူ့ရှေ့တွင် ယန်ကျင်းဇီသည် သူ့သရုပ်မှန်ကို မဖော်ပြရဲပေ။


ဤမဟာဆရာမှာ လူကောင်းတစ်ယောက် ဖြစ်ပြီး တော်ဝင်မိသားစု၏ အဖွဲ့ဝင်အစစ်အမှန် ဖြစ်သော်ငြား သူ့သားနှစ်‌ယောက်ကမူ ပင်းဝမ်နှင့် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။


သူ့ရှေ့တွင် ယန်ကျင်းဇီသည် မူလပိုင်ရှင် ပြုမူသည့်အတိုင်း တစ်ထပ်တည်း ပြုမူသည်။


ချူထင်းရှိူ့၏ စစ်မက်ရေးရာ အကြံပေးအရာရှိမှာ လီမျိုးနွယ် ဖြစ်ပြီး ပညာရှင်၏မျိုးနွယ်အမည်မှာ ကျောက် ဖြစ်ကာ ဤနှစ်ဦးသည် မူလပိုင်ရှင်အား စာသင်ကြားချိန်၌ အတူတကွ အဖော်ပြုပေးခဲ့ကြသည်။ အချိန်ကုန်ဆုံးလာသည်နှင့်အမျှ သူတို့၏ သူငယ်ချင်းဆက်ဆံရေးမှာ ပိုပိုပြီး ကောင်းမွန်လာသည်။


‌မနေ့က နန်းတော်မှ ထွက်လာပြီးနောက် သူတို့သည် စကားပြောရန် နေရာတစ်နေရာကို အထူးရှာဖွေတွေ့ရှိခဲ့ကြသည်။ သူတို့သည် အရှင်မင်းကြီး၌ အထူးကောင်းမွန်သော အကြံအစည်တစ်ခု ရှိကိုရှိလိမ့်မည်ဖြစ်ပြီး ယခင်က အရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်ဟု ခံစားကြရသည်။


မည်သို့ပင်ဖြစ်စေကာမူ သူတို့၏စစ်သူကြီး အရှင်မင်းကြီးအပေါ် သစ္စာရှိခဲ့ခြင်းမှာ သူက အရှင်မင်းကြီး၏ အရည်အချင်းကို တွေ့မြင်ဖူးခဲ့သောကြောင့်သာ ဖြစ်လိမ့်မည်။


စိတ်လှုပ်ရှားမှုကြောင့် သူတို့ တစ်ညလုံး အိပ်မပျော်ကြပေ – ဒီသခင်နဲ့ဆို သူတို့ သူတို့ရဲ့ရှေ့မှာတင် ရှိနေတဲ့ အရမ်းကောင်းတဲ့ အနာဂတ်တစ်ခုကို ရရှိလိမ့်မယ်!


ရလဒ်မှာတော့ ယနေ့ မဟာဆရာကျန်း၏ရှေ့တွင် အရှင်မင်းကြီးက ယခင်ကဲ့သို့ ပုံမှန်အတိုင်း ပြုမူခဲ့သည်။


သူတို့နှစ်ယောက်စလုံး ပဟေဠိဖြစ်သွားကြသော်လည်း ၎င်းကို မပြသရဲပေ။


နာရီဝက်ခန့် သင်ခန်းစာကို နားထောင်ပြီးနောက် ယန်ကျင်းဇီသည် မဟာဆရာကျန်းအား ခဏတဖြုတ် အနားယူရန် မေးမြန်းခဲ့ပြီး ‌ပညာရှင်ကျောက်နှင့် စစ်မက်ရေးရာအကြံပေးလီတို့နှင့်အတူ စာဖတ်လိုက်မည်ဖြစ်ကြောင်း ဦးစွာစပြောခဲ့သည်။


မဟာဆရာကျန်းသည် အိုမင်းပြီဖြစ်၍ အင်အားအနည်းငယ်သာ ရှိပြီး ယန်ကျင်းဇီ၏ဗဟုသုတနှင့်ဆိုလျှင် သူ့ကို သင်ကြားရန်မှာ ပညာရှင်တစ်ယောက်က လုံလောက်သည်ထက်ပင် ပိုနေသေးသည်ဟု ခံစားရသဖြင့် မဟာဆရာကျန်းက မငြင်းဆိုခဲ့ပေ။


မဟာဆရာကျန်း ထွက်သွားသည်နှင့်တပြိုက်နက် ယန်ကျင်းဇီသည် မူလပိုင်ရှင်၏အသွင်ပုံပန်းကို မထိန်းသိမ်းတော့ဘဲ လူတစ်ကိုယ်လုံးမှာ ပို၍အများကြီး အားနှင့်မာန်နှင့် တက်ကြွသွက်လက်ပုံ ပေါ်လာသည်။


" မင်းတို့နှစ်ယောက် ဘာမေးချင်လဲ? " ယန်ကျင်းဇီသည် သူ့ရှေ့မှ လူနှစ်ယောက်ကို ပြုံးပြနေသည်။


" အရှင်မင်းကြီး ဘာလို့ မဟာဆရာကျန်းရဲ့ရှေ့မှာ ဒီလိုပြုမူတာပါလဲ? " လီအကြံပေးတွင် အမှန်တကယ် မေးရဲသော သတ္တိရှိ‌၏။


" မဟာဆရာကျန်းရဲ့သားနှစ်ယောက်က ပင်းဝမ်နဲ့ အရမ်းရင်းနှီးတယ်။ " ယန်ကျင်းဇီ ဖြေပေးခဲ့သည်။


" ပင်းဝမ်? " လီအကြံပေး အံ့အားသင့်သွားသည်။


ပင်းဝမ်သည် ဩဇာတိက္ကမ ကြီးမားသူ ဖြစ်ပြီး မှူးမတ်များကြားတွင် ကောင်းမွန်စွာ အလေးထားခံရကာ လူအများအပြားက သူနှင့် ရင်းနှီးသည်။ ဒါဆို ဘာကြောင့် မရင်းနှီးသင့်တာလဲ?


" အဲ့ပင်းဝမ်က ကိုယ်တော့်ပုလ္လင်ကို မက်မောနေတယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။ ဘွားတော်ကြီး အာဏာရှိနေစဉ် ပင်းဝမ်သည် တော်ဝင်မိသားစုကိုယ်စား လူများစွာကို စုဆောင်းခဲ့ပြီးပြီဖြစ်ကာ ဘွားတော်ကြီး ကျဆုံးသွားချိန်၌မူ သူက အခွင့်ကောင်းယူကာ ပို၍ပင် အင်အားကြီးမားလာပြီး နန်းပုလ္လင်ကို အငမ်းမရ မက်မောရန် လုံလောက်သည့်အထိ လောဘကြီးမားလာခဲ့သည်။


မြို့တော်တွင် တစ်နှစ်ကျော်မျှသာ နေထိုင်ရသေးသော စစ်မက်ရေးရာ အကြံပေးအရာရှိလီနှင့် ပညာရှင်ကျောက်တို့မှာ ဤအကြောင်း များများစားစား မသိဘဲ ယန်ကျင်းဇီ၏စကားကို ‌ကြားသောအခါ အံ့အားသင့်သွားကြသည်။


" ညီလာခံမှာ ပင်းဝမ်စီကို ဘက်ကူးသွားတဲ့ အမတ်တွေ အများကြီး ရှိနေပြီ။ ကိုယ်တော် သတိထားရမယ်။ " ယန်ကျင်းဇီ ထိုနှစ်ယောက်ကို ကြည့်ကာ ခပ်ဟဟ ရယ်လိုက်သည်။ " မင်းတို့နှစ်ယောက်... ပင်းဝမ်က မင်းတို့ကိုလည်း လာရှာသေးတယ်မလား? " သူ၏ ပင်းဝမ်အပေါ် နားလည်မှုအရဆိုလျှင် ပင်းဝမ်က ထိုနှစ်ယောက်ကို လာရှာပြီးလောက်ပြီဖြစ်သည်။


လီအကြံပေးနှင့် ကျောက်ပညာရှင်တို့နှစ်ဦးစလုံး အံ့ဩသွားကြသည် : " ကျွန်တော်မျိုးတို့က အရှင်မင်းကြီးကိုသာ သစ္စာစောင့်သိပြီး ခစားပါတယ်... " ပင်းဝမ်က သူတို့ကို လာရှာဖူးခဲ့သည်။


သူတို့ ပင်းဝမ်ထံမှ ချဉ်းကပ်ခံရပြီး အရှင်မင်းကြီးအကြောင်း မေးမြန်းခံရသောအခါ သူတို့သည် သူ သူ့အစ်ကိုတော်အား စိုးရိမ်ပူပန်သည့် လက္ခဏာဟုသာ ယူဆပြီး သတိမထားမိခဲ့ကြပေ။ ကောင်းမွန်သော အချက်မှာမူ ချူစစ်သူကြီးက သူတို့ကို အရှင်မင်းကြီးနှင့်ပတ်သက်၍ ဘာမှမပြောရန် ထပ်တလဲလဲ မှာကြားထားသဖြင့် သူတို့ ဘာမှမပြောမိခဲ့ကြချေ။


အကြိမ်အနည်းငယ်ပြီးနောက် ပင်းဝမ်က သူတို့စီ မလာတော့သော်လည်း အခြားသူများက သူတို့စီ စတင်လာရောက်ပြီး ပင်းဝမ်၏ကောင်းကြောင်းများကို ပြောပြကြသည်။


သူတို့သည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသော အရှင်မင်းကြီးကို မြင်တွေ့ရတိုင်း အနည်းငယ် စိတ်ဖိစီးရသည်။ ထို့ကြောင့် ထိုသူများနှင့် သဘောတူညီမည့်အစား သူတို့သည် အရှင်မင်းကြီးအတွက် ခုခံပြောဆိုပေးကြသဖြင့် ထိုသူများက စကားဆက်မပြောကြတော့ချေ။


ယခုအချိန်တွင် အရှင်မင်းကြီးက သူတို့နှင့် အလွန် ပွင့်ပွင့်လင်းလင်း တည့်တိုးပြောနေလေရာ ဖြစ်နိုင်တာ အရှင်မင်းကြီးက သူတို့အကြောင်း အကုန်သိနေတာများလား?


" ကိုယ်တော် သိတယ်။ " ယန်ကျင်းဇီ ပြောလိုက်သည်။ " မဟုတ်ရင် မင်းတို့ မတိုက်ခိုက်ရဘဲ ဒီမှာ ထိုင်နေနိုင်မှာ မဟုတ်ဘူး။ "


စစ်မက်ရေးရာ အကြံပေးအရာရှိလီနှင့် ပညာရှင်ကျောက်တို့တွင် သူတို့၏အသက်များ ကယ်ဆယ်ခံလိုက်ရသည် ဟူသော ခံစားချက် ရှိလာသည်။ အကယ်၍ သူတို့သာ ပင်းဝမ်ကို မဲပေးမိလိုက်မယ်ဆိုရင် သူတို့ အခု ဘာဖြစ်နေလောက်ပြီလဲ?


" ကောင်းပြီ။ အပြင်ဘက်မှာ ဘာတွေဖြစ်နေလဲ မင်းတို့ ကိုယ်တော့်ကို ပြောပြကြ။ " ထို့နောက် ယန်ကျင်းဇီ ဆက်ပြောလိုက်သည်။


လီအကြံပေးနှင့် ကျောက်ပညာရှင်တို့မှာ ၎င်းအကြောင်း ပြောပြနေရသည်နှင့် အလုပ်များသွားကြသည်။


မူလပိုင်ရှင်သည် မေးခွန်းများ ‌မမေးဘဲ သူတို့ ပြောပြသည်ကို မကြာခဏ နားထောင်လေ့ရှိသော်လည်း သူကတော့ မတူဘဲ မေးခွန်းများကို ခဏခဏ မေးသည်။ ထိုမေးခွန်းများမှာလည်း အဓိကအချက်ကို မေးမြန်းခံရခြင်းဖြစ်သည်။


ထိုမျှတင်မက သူသည် သူ၏‌ လက်ရေးမူ မှတ်စုများကိုလည်း ထုတ်ယူ၍ ဖတ်ရှုခဲ့ပြီး အရေးမကြီးသော ကိစ္စများကို နားထောင်ရချိန်၌ သူသည် အဖြူရောင်စာရွက်ပေါ်တွင် စာရေးပြီး ပုံဆွဲခဲ့သည်။


မူလပိုင်ရှင်၏လက်ရေးမှာ အလွန်ရုပ်ဆိုးပြီး သူသည် ကောင်းမွန်သော လက်ရေးလက်သားကို သေချာပေါက် လေ့ကျင့်တိုးတက်စေရမည်ဖြစ်သည်။


လီအကြံပေးနှင့် ကျောက်ပညာရှိတို့သည် တစ်နာရီကျော်ကြာအောင် စကားပြောခဲ့ကြပြီး ယန်ကျင်းဇီလည်း တစ်နာရီကျော်ကြာ ‌နားထောင်ခဲ့ရကာ အချိန်ပြည့်တော့မည်ဖြစ်ကြောင်း တွေ့သွားသည်။ ယန်ကျင်းဇီ မတ်တပ်ထရပ်လိုက်သည် : " ဒီနေ့အတွက် လုံလောက်ပြီ... ကိုယ်တော် သုံးခဲ့တဲ့ စာရွက်ကို မင်းတို့ ကိုယ်တော့်အတွက် မီးရှိူ့ပေးကြဦး။ "


" မှန်လှပါ အရှင်မင်းကြီး " လူနှစ်ယောက် အတူတကွ ဖြေကြားခဲ့သည်။


သူ ထွက်သွားသောအခါ သူတို့သည် သူ ထားရစ်ခဲ့သော စာရွက်များကို ကြည့်လိုက်ကြသည်။


စာရွက်ပေါ်တွင် စကားလုံးများစွာ ရှိနေပြီး အချို့စကားလုံးများမှာ လမ်းလျှောက်တတ်ခါစ ကလေးတစ်ယောက် ရေးသားထားသကဲ့သို့ ရုပ်ဆိုးသော်လည်း အချို့မှာတော့ လက်ရေးလှစာပေပေါ်မှ စကားလုံးများအတိုင်း ဆွဲချက်ဟန် ခံ့ညားထည်ဝါလှသည်။


မည်သို့ပင်ဖြစ်‌စေ ဤစကားလုံးများမှာ အရှင်မင်းကြီး ရေးသားထားခြင်းဖြစ်သည်။


သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြပြီး အရှင်မင်းကြီးက သူတို့ မတွေးတတ်လောက်အောင် နက်နဲလွန်းလှသည်ဟု ခံစားမိနေကြတော့သည်။


မတွေးတတ်အောင် နက်နဲလွန်းလှသော ယန်ကျင်းဇီကတော့ သူတို့ကို ထားရစ်ခဲ့ပြီးနောက် သူ့အနားမှ လူများကို ခေါ်လိုက်သည်။ " အအေးနန်းတော်မှာ အကျဉ်းချခံထားရတဲ့ လူတွေအကုန်လုံးကို သတ်ပစ်လိုက်တော့။ "


မူလပိုင်ရှင်ကို အနိုင်ကျင့်ခဲ့သော နန်းတွင်းအစေခံများကို မူလပိုင်ရှင်သည် အအေးနန်းတော်ထဲတွင် အကျဉ်းချထားခဲ့သည်။ မူလပိုင်ရှင်သည် သူတို့ကို ခဏခဏ သွားရောက်၍ ဆူပူကြိမ်းမောင်းလေ့ရှိသော်လည်း သူတို့ကို မသတ်ခဲ့ချေ။


အခြားတစ်‌ဖက်တွင်မူ ယန်ကျင်းဇီသည် မူလပိုင်ရှင်၏အပြုအမူကို နားလည်သော်ငြား သဘောမတူပေ။


ဤလူများကို အနားတွင် ဆက်လက်ထားရှိလျှင် တစ်ချိန်ချိန်၌ သူတို့က ဘေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။


ဘွားတော်ကြီးတောင်မှ...


ယန်ကျင်းဇီ ထပ်ထည့်ပြောလိုက်သည် : " ဘွားတော်ကြီးရဲ့ဘက်ကိုရော သူ(မ)ကို ဆေးအချို့ ပေးလိုက်... သူ(မ)ရဲ့ ဘဝသက်တမ်း ကုန်ခါနီးနေပြီ။ "


လက်တလောတွင် ပင်းဝမ်ကို မရွှေ့ပြောင်းနိုင်သေးသော်လည်း ဘွားတော်ကြီးကို ဦးစွာ အသေဖြုတ်လိုက်သည်က ပိုကောင်းသည်။


ယန်ကျင်းဇီ၏အနားမှ လူများသည် ချက်ချင်းပင် အမိန့်များကို နာခံကာ အလုပ်သွားလုပ်ကြသည်။


စကားလုံးအနည်းငယ်အတွင်း ယန်ကျင်းဇီသည် လူများစွာ၏ ‌သေခြင်းရှင်ခြင်းများကို ဆုံးဖြတ်ခဲ့ပြီး ဤအရာများအားလုံးကို ပြုလုပ်ပြီးနောက် သူက ပြုံးလိုက်ပြန်သည် : " မင်းတို့ ချူစစ်သူကြီးရဲ့အကြိုက်တွေကို ရှာတွေ့ကြပြီလား? "


မနေ့က ချူထင်းရှိူ့ သူ့စိတ်ကြိုက် မစားခဲ့ရသည်မှာ သိသာထင်ရှားသည်။ ဒါပေမယ့် ဒီနေ့ သူ တစ်ခုခု ကောင်းတာ စားဖို့ လိုနေတုန်းပဲ!


ဝမ်းနည်းစရာမှာ ချူထင်းရှိူ့၏ဒဏ်ရာက ရက်အနည်းငယ်အတွက် ကုစားမှသာ ပိုကောင်းသည်... ၎င်းမှာ တကယ့်ညှဉ်းပန်းမှုပင်။