အပိုင်း ၅၈ ( The Emperor 8 )
Viewers 10k

ယန်ကျင်းဇီသည် နန်းတော်ထဲတွင် ကိစ္စများစွာကို ဆောင်ရွက်ခဲ့ပြီး ချူထင်းရှိူ့က နန်းတော်အပြင်ဘက်တွင် လူများစွာနှင့် တွေ့ဆုံခဲ့သည်။


တော်ဝင်ညီလာခံတွင် သူကဲ့သို့ စစ်သားတစ်ယောက်ထံမှ 'ဖိနှိပ်'ခံနေရသည်ကို မကျေနပ်ကြသူ အများအပြား ရှိသည်။ အခွင့်အရေးရသရွေ့ တော်ဝင်ညီလာခံမှ ထိုသူများက သူ့အကြောင်း ပြောဆိုကြလိမ့်မည်ဖြစ်သည်။ သူသည် အမှန်တကယ် ကောင်းမွန်စွာ နေထိုင်နေရခြင်း မဟုတ်ဘဲ မြို့တော်တွင် သူနှင့်အတူနေသော တပ်သားများလည်း မပျော်ရွှင်ကြပေ။


သူသည် နန်းတော်မှ ထွက်လာလာချင်း သူ့တပ်သားများကို တွေ့ဆုံရန် မြို့ပြင်မှ တပ်တန်းလျားသို့ သွားရောက်ခဲ့သည်။


" စစ်သူကြီး ကျွန်တော်တို့ ဘယ်တော့ ပြန်ကြမှာလဲ? " ချူထင်းရှိူ့၏လက်ထောက်က ချူထင်းရှိူ့ကို မေးမြန်းလာသည်။


သူတို့အများစုမှာ မြောက်ပိုင်းတွင် မွေးဖွားပြီး ကြီးပြင်းလာခဲ့ကြကာ သူတို့၏မိသားစုများကလည်း မြောက်ပိုင်းတွင် ရှိနေ၍ သူတို့သည် အိမ်ပြန်ချင်သည့်အကြောင်းကိုသာ အမြဲတစေ တွေးနေကြသည်။


" ငါ မင်းတို့အတွက် မိသားစုတွေစီ သွား‌လည်လို့ရအောင် အုပ်စုလိုက်ပြန်နိုင်ဖို့ စီစဉ်ပေးမယ်။ " ချူထင်းရှိူ့ ၎င်းအကြောင်း စဉ်းစားပြီးပြီဖြစ်သည်။


သူသည် သူတို့အား သူတို့၏မိသားစုကို ဤနေရာသို့ ခေါ်လာစေချင်သည်။ သို့သော် သူသည် သူက မင်းဧကရာဇ်နှင့် ပတ်သက်နေပြီး အနာဂတ်၌ သူ့တွင် ဘာဖြစ်လာမည်ကို သူ မသိကြောင်း တွေးမိသောအခါ သူ ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို မချမှတ်ရဲတော့ပေ။


ချူထင်းရှိူ့၏လက်အောက်ငယ်သားများမှာ ဘာမှမသိဘဲ အလွန်ပျော်ရွှင်သွားကြသည်။


မြို့တော်တွင် ချူထင်းရှိူ့ စုစည်းထိန်းသိမ်းထားသော တပ်သားများနှင့် မြင်းများ အရေအတွက်မှာ ထောင်ဂဏန်းအနည်းငယ်သာ ဖြစ်သော်ငြား ၎င်းတို့မှာ အတော်ဆုံးထဲမှ အတော်ဆုံးများသာ ဖြစ်သည်။


သူသည် အိမ်သို့မြင်းစီးမပြန်မီ တန်းလျားတွင် ခဏတဖြုတ် နေထိုင်ခဲ့သည်။


သူ ချူအိမ်တော်သို့ ပြန်ရောက်သော အချိန်၌မူ နေ့လယ်ခင်းပင် ရောက်နေပြီဖြစ်သည်။


ချူထင်းရှိူ့သည် တံခါးဝ၌ ရပ်ကာ သူ့အိမ်၏ရှေ့တံခါးမကြီးကို ကြည့်၍ အထဲဝင်ရန် အနည်းငယ် ကြောက်ရွံ့သွားသည်။


သူ့အဘိုးမှာ မိဘမဲ့တစ်ယောက် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ဧကရာဇ်ထိုက်ဇူသည် သူ့အဘိုးအား ကြက်ကင်တစ်ကောင် ပေးသနားခဲ့သည်။ ထို့နောက် သူ့အဘိုးသည် ဧကရာဇ်ထိုက်ဇူနှင့် လိုက်ပါသွားကာ ကမ္ဘာကြီးကို သိမ်းပိုက်စိုးမိုးခဲ့သည်။


စစ်ပွဲနှစ်များအတွင်း သူ့အဘိုးတွင် မိန်းမများစွာနှင့် ကလေးများစွာ ရှိခဲ့သော်ငြား သူ့ဖခင်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သူ့ဖခင်တွင် ကလေးနှစ်ယောက်သာ ရှိကာ တစ်ယောက်မှာ သူ ဖြစ်၍ အခြားတစ်ယောက်မှာ သူ့ညီမ ဖြစ်သည်။


ယခင်က သူသည် သူက အမျိုးသားများကို နှစ်သက်သည်ဟု သိလိုက်ရသောအခါ သူ၏ ချုမိသားစုဘိုးဘေးများကို သိက္ခာကျစေမိသဖြင့် ရှက်ရွံ့ခဲ့ရသည်။


ယခု ဤခံစားချက်က ပိုမိုကြီးမားလာသည်။


သူသည် အရှင်မင်းကြီးနှင့် အတူရှိနေပြီဖြစ်ပြီး ဤအကြောင်းကို လူသိသွားကြလျှင် သူသည် ဖော်လံဖားတစ်ယောက်ဟု နှစ်ပေါင်းတစ်ထောင်ခန့် အပြစ်တင်ခံရလိမ့်မည်ဖြစ်သည်။


တစ်နေ့ အရှင်မင်းကြီးက သူ့အား ငြီးငွေ့သွားပါလျှင် သူ့တွင် ကောင်းမွန်သော အဆုံးသတ်တစ်ခုပင် ရှိလိမ့်မည်မဟုတ်ဘဲ သူ့မိသားစုလည်း ငြိစွန်းနိုင်ခြေရှိပေသည်။


ထို့အပြင် သူ့ညီမကလည်း ယန်ကျင်းဇီကို သဘောကျသည်။


ချူထင်းရှိူ့ စိတ်ရှုပ်ထွေးနေချိန်၌ သူ့ညီမကို တွေ့လိုက်ရသည်။


ချူထင်းလန်သည် မနေ့ညက မအိပ်ခဲ့ဘဲ ယနေ့နံနက်တွင် သူ(မ)သည် ခဏတဖြုတ် အနားယူခဲ့သော်လည်း သူ(မ)အစ်ကို နန်းတော်မှ ထွက်လာသည်ဟု ကြားရချိန်၌ သူ(မ) ချက်ချင်း ထပြီး စောင့်ဆိုင်းခဲ့သည်။ သို့သော် သူ(မ) မမျှော်လင့်ထားသည်မှာ ချူထင်းရှိူ့က တန်းလျားသို့ သွားရောက်၍ နေ့တစ်ဝက်ကြာမှသာ ပြန်လာလိမ့်မည်ကိုပင်။


စိုးရိမ်တကြီး စောင့်ဆိုင်းရမှုကြောင့် ချူထင်းလန် သူ(မ)၏ဒေါသကို မထိန်းသိမ်းနိုင်တော့သော်လည်း သူ(မ)က ချူထင်းရှိူ့ကို မြင်သောအခါ နူးညံ့ပျော့ပျောင်းပြီး အားနည်းသည့် ပုံပန်းသွင်ပြင်ကို ပြုမူနေဆဲဖြစ်သည် : " အစ်ကိုတော် နောက်ဆုံးတော့ ပြန်လာပြီ။ "


" အင်း " ချူထင်းရှိူ့ ပြန်ဖြေလိုက်သည်။ ရှက်ရွံ့မှုက သူ့နှလုံးသားထဲ ပြန်လည်စုစည်းဖြစ်ပေါ်လာပြန်သည်။


" အစ်ကိုတော် မနေ့ညက တစ်ညလုံး အိမ်မပြန်လာတုန်းက ညီမလေး စိတ်ပူနေခဲ့တာ။ " ချူထင်းလန်သည် ချူထင်းရှိူ့အား စိတ်ပူပန်စွာ ကြည့်နေခဲ့သည်။


ချူထင်းလန်တွင် ချူထင်းရှိူ့ ဟူသော သူ(မ)အစ်ကို အတွက် နက်ရှိုင်းသော ချစ်ခင်နှစ်သက်မှု မရှိပေ။


အထက်တန်းလွှာမိသားစု၏ မမလေးဖြစ်သူ သူ(မ)၏မိခင်တွင် ငယ်ချစ်ဦးတစ်ယောက် ရှိခဲ့သည်။ သို့သော် နှောင်းဧကရာဇ်က သူ(မ)၏မိခင်အား ပထမဇနီး ဆုံးပါးသွားသော သူ(မ)၏ဖခင်ထံသို့ လက်ဆက်ထိမ်းမြားရမည်ဟု အမိန့်ချမှတ်ခဲ့၏။


သူ(မ)၏မိခင်သည် မြောက်ပိုင်းတွင် လက်ထပ်ရန် ဖိအားပေးခံခဲ့ရကာ ‌သုံးနှစ်တာ နေထိုင်ခဲ့ပြီး သူ(မ)ကို မွေးဖွားခဲ့လေသည်။


သူ(မ)သည် အားနည်းစွာ မွေးဖွားခဲ့သဖြင့် သူ(မ)၏မိခင်သည် နောက်ဆုံး၌ အကြောင်းပြချက်တစ်ခုကို ရှာတွေ့သွားပြီဖြစ်လေရာ သူ(မ)ကို ခေါ်၍ မြို့တော်တွင် နေထိုင်ခဲ့သည်။ ထို့နောက် သူ(မ)တို့ ဘယ်တော့မှ မြောက်ပိုင်းကို မသွားကြတော့ချေ။


သူ(မ) မှတ်မိနိုင်သလောက် သူ(မ)သည် သူ(မ)၏ဖခင်ကို တစ်ကြိမ်သာ တွေ့မြင်ဖူးပြီး သူ(မ)နှင့် သူ(မ)အစ်ကိုတို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းမှာလည်း လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ဖြစ်သဖြင့် သဘာဝကျစွာပင် မောင်နှမဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာရန်မှာ သူ(မ)အတွက် ခက်ခဲသည်။


ယခု သူ(မ) သူ(မ)၏အစ်ကိုအား အလွန်စိတ်ပူနေရခြင်းမှာ သူ(မ)၏ချစ်ရသူအတွက် သူ(မ) တစ်စုံတစ်ရာ ဆောင်ရွက်ပေးချင်သောကြောင့်သာ ဖြစ်သည်။


လွန်ခဲ့သော သုံးနှစ်က သူ(မ)၏အစ်ကို စစ်ပွဲတစ်ပွဲကြောင့် အဝေးရောက်နေစဉ် ကျိုးမျိုးနွယ်မှ ဟန်ပန်များသော သခင်လေးတစ်ယောက်သည် သူ(မ)အား သတိပြုမိသွားခဲ့သည်။ ဘွားတော်ကြီးသည် သူ(မ)၏အစ်ကိုအား လက်အောက်ခေါ်သွင်းနိုင်ရေးအတွက် သူ(မ)အား ထိုသခင်လေးနှင့် လက်ဆက်ပေးရန် ကြိုးစားတော့သည်။


ထိုသူသည် မသတီစရာကောင်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလေရာ သူ(မ) သူနှင့် လုံးဝ မပတ်သက်ချင်ခဲ့ပေ။ သူ(မ)သည် သူ(မ)၏သူငယ်ချင်းများနှင့်အတူ မီးပုံးပွဲတော်သို့ သွားရောက်သောအခါ ထိုသူ၏လှေပေါ်သို့ သူ(မ) တက်သွားမိအောင် သူ(မ)၏သူငယ်ချင်းများထံမှ လှည့်ဖျားခံရပြီး အရှက်ခွဲခံရလုနီးပါးပင် ဖြစ်ခဲ့သည်။


ထိုအချိန်၌ သူ(မ)ကို ကယ်တင်ခဲ့သူမှာ ပင်းဝမ် ဖြစ်သည်။


ထိုကာလတွင် ဘွားတော်ကြီး၌ အာဏာရှိနေဆဲဖြစ်သည်။ ပင်းဝမ်သည် သူကိုယ်တိုင်က အန္တရာယ်ထဲ ကျရောက်နေသော်လည်း သူ(မ) ထိုယောက်ျားကို လက်မထပ်ရစေရန် သူ(မ)အတွက် ပြေလည်မှုရအောင် ကြိုးစားဆောင်ရွက်ပေးခဲ့လေသည်။


သူ(မ)၏နှလုံးသားမှာ ပင်းဝမ်ထံသို့ ကျရောက်သွားသည်။


ပင်းဝမ်နှင့် အရှင်မင်းကြီးတို့နှစ်ဦးစလုံးမှာ နှောင်းဧကရာဇ်၏ သားတော်များ ဖြစ်သည်။ ပင်းဝမ်သည် အရှင်မင်းကြီးထက် ပိုမိုသာလွန်စွာ ထူးချွန်ထက်မြက်သော်လည်း နောက်ဆုံး မင်းဧကရာဇ်အဖြစ် နန်းတက်ခဲ့သူမှာ အရှင်မင်းကြီး ဖြစ်သည်။ အရှင်မင်းကြီးသည် ပင်းဝမ်ကို ထူးချွန်‌ထက်မြက်သောကြောင့် သဘောမကျပေ...


ပင်းဝမ်သည် သူ(မ)အစ်ကို၏ ထောက်ခံမှုကို လိုချင်ကြောင်း သိရှိသောကြောင့် သူ(မ)သည် သူ့ကို ကူညီရန် ဆန္ဒပြုခဲ့သည်။ ကံမကောင်းစွာဖြင့် သူ(မ)၏အစ်ကိုသည် အလုံးစုံသော အာဏာကို တစ်ဦးတည်းသာ ကိုင်စွဲထားချင်ပြီး ပင်းဝမ်နှင့်ပူးပေါင်းရန် ဆန္ဒမရှိဘဲ ညီလာခံတွင်ပင် ပင်းဝမ်ကို ပစ်မှတ်ထားခဲ့၏။


သူ(မ)၏အစ်ကိုသည် သူ(မ)အား အရှင်မင်းကြီးနှင့် လက်ဆက်ထိမ်းမြားပေးရန်ပင် ကြိုးစားခဲ့သည်။


သူ(မ)၏မိခင်သည် ဆုံးပါးသွားပြီဖြစ်ကာ သူ(မ)၏ လက်ထပ်ထိမ်းမြားမှုကို မဆုံးဖြတ်ပေးနိုင်တော့သဖြင့် သူ(မ)သည် သူ(မ)အစ်ကို၏စကားကို နားထောင်လိုက်နာရမည်ဖြစ်သည်... သူ(မ)၏အတွေးမှာ သူ(မ)ရဲ့အစ်ကိုက သူ(မ)ကို အရှင်မင်းကြီးနဲ့ လက်ထပ်စေချင်မှတော့ သူ(မ) သူ့ကို လက်ထပ်လိုက်မယ်!


သူ(မ) တွေးထားသည်မှာ အကယ်၍ သူ(မ) ဧကရာဇ်ကို သတ်နိုင်မည်ဆိုလျှင် အဆုံး၌ အင်ပါယာမှာ ပင်းဝမ်၏အပိုင် ဖြစ်လာလိမ့်မည်ဟုပင်!


" ငါ အဆင်ပြေပါတယ်။ " ချူထင်းရှိူ့ ပြောလိုက်သည်။


" အစ်ကိုတော် အရင်တစ်ခါ နောက်ကျပြီး ပြန်လာတုန်းက ဒဏ်ရာရထားတယ်။ ဒီတစ်ခါ... " ချူထင်းလန်သည် စိတ်မချနိုင်သည့်ပုံပေါ်နေသည်။


ချူထင်းရှိူ့သည် ပို၍ပင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။


" အဲ့ဒါ အရှင်မင်းကြီး လုပ်ခဲ့တဲ့ တစ်စုံတစ်ခုလား? " ချူထင်းလန် မေးလိုက်သည်။


ချူထင်းရှိူ့ ပြန်ဖြေခဲ့သည် : " အရှင်မင်းကြီးက ဘာမှမလုပ်ပါဘူး။ ထင်းလန် မင်းရဲ့လက်ထပ်ထိမ်းမြားမှုအကြောင်းကို စဉ်းစားပြီး သဘောကျတဲ့ တစ်စုံတစ်ယောက် ရှိရင် ငါ့ကို ပြောပါ။ "


ချူထင်းရှိူ့သည် ယခင်က ဤကိစ္စအကြောင်း ပြောဖူးကာ ယခု သူသည် ၎င်းကို အစပြန်ဖော်လာခဲ့သည်...


ချူထင်းလန် ပြောလိုက်သည် : " အစ်ကိုတော်က ညီမလေးကို အရှင်မင်းကြီးနဲ့ လက်ထပ်စေချင်ခဲ့တာ မဟုတ်ဘူးလား? " သူ(မ)၏အစ်ကိုသည် သူ(မ)အား အရှင်မင်းကြီးနှင့် လက်ထပ်စေချင်ခဲ့သည်မှာ သိသာထင်ရှားလွန်းလှသဖြင့် သူ(မ)သည် ၎င်းကို လက်ခံလိုက်လျောကာ သူ(မ) အရှင်မင်းကြီးကို နှစ်သက်သည်ဟု ပြောခဲ့သည်။


" ဘယ်တုန်းက ငါ အဲ့လိုတွေးလို့လဲ? " ချူထင်းရှိူ့ အံ့အားသင့်သွားသည်။ ဟိုးစစချင်းကတည်းက သူသည် အရှင်မင်းကြီးနှင့်သူ့ညီမတို့အား လက်ဆက်ထိမ်းမြားပေးမည့်အကြောင်း တစ်ခါမှ မတွေးခဲ့ဖူးသော်လည်း သူ့အနားမှ လူတိုင်းက ၎င်းကို အကြံပြုခဲ့ပြီး သူ့ညီမကလည်း အရှင်မင်းကြီးကို ချစ်ခင်နှစ်သက်သဖြင့် သူ လက်ခံရုံသာ တတ်နိုင်ခဲ့သည်။


ချူထင်းလန်သည် ဘယ်အကြောင်းကြောင့် ချူထင်းရှိူ့ သူ့ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်သလဲ မသိသဖြင့် အနည်းငယ် စိုးရိမ်‌သွားသော်လည်း သူ(မ) မပြောဘဲ မနေနိုင်လိုက်ပေ : " ညီမလေး ပင်းဝမ်ကို လက်ထပ်ချင်ရင်ရော ဘာဖြစ်မလဲ? "


ချူထင်းရှိူ့၏မျက်ခုံးများ တွန့်ချိုးသွားသည် : " ပင်းဝမ်က ကောင်းမွန်တဲ့ လက်တွဲဖော် မဟုတ်ဘူး။ "


ချူထင်းရှိူ့တွင် ပင်းဝမ်အတွက် ဆိုးရွားသော ထင်မြင်ချက်သာ ရှိသည်။ သူသည် ပင်းဝမ်၏လက်ထဲ၌ အင်အားတစ်စု ရှိပြီး ဤလူများမှာ ယန်ကျင်းဇီအပေါ် မကောင်းကြောင်း ခံစားနိုင်သည်။ ပိုအရေးကြီးသည်မှာ ပင်းဝမ်တွင် မင်းသမီးတစ်ပါး မရှိသေးသော်လည်း အရံကြင်ရာတော်တစ်ဦး ရှိနေပြီဖြစ်သည်။


ချူထင်းလန်သည် ခေါင်းငုံ့သွားကာ စကားမပြောတော့ချေ။


ချူထင်းရှိူ့ ထပ်ထည့်ပြောလိုက်သည် : " ထင်းလန် သေချာစဉ်းစားကြည့်ဦး... ပြီးတော့ မင်း လိုချင်တယ်ဆိုရင် ခင်ပွန်းကို အိမ်ခေါ်ထားရလည်း ဘာမှမဖြစ်ဘူး။ " မြောက်ပိုင်းတွင် အမျိုးသမီးတစ်ဦးအတွက် အမျိုးသားတစ်ဦးကို ‌အိမ်‌ခေါ်ထား၍ သူ(မ)၏ ကိုယ်ပိုင်စီးပွားရေးကို စတင်တည်ထောင်ခြင်းမှာ ထူးထူးခြားခြား မဟုတ်ဘဲ သူ(မ)လည်း သက်တောင့်သက်သာ ရှိလေသည်။


ချူထင်းလန်သည် စိတ်ဆိုးလွန်း၍ ရယ်သာ ရယ်နိုင်တော့သည်။ ဘယ်လိုလူမျိုးကို သူ(မ) ရှာနိုင်မှာလဲ? သူ(မ)အစ်ကိုကတောင် သူ(မ)ကို သဘောမကျဘူး!


ချူထင်းရှိူ့သည် ဘာကြောင့်မှန်း မသိဘဲ တစ်နေရာတည်းတွင်သာ ရပ်နေခဲ့သည်။


ညနေခင်းတွင် ချူထင်းရှိူ့သည် နန်းတော်သို့ သွားရောက်ချင်ခဲ့ပြီး စဉ်းစားကြည့်ခဲ့သော်လည်း သူ မသွားခဲ့ပေ။


သူ နေ့စဉ်နေ့တိုင်း နန်းတော်ထဲတွင် နေထိုင်နေလျှင် အရှင်မင်းကြီး၏ ဂုဏ်သတင်းအတွက် မကောင်းချေ။


ချူထင်းရှိူ့ နန်းတော်သို့ မဝင်ရောက်ခဲ့သဖြင့် စားပွဲတစ်ဝိုင်းစာ စားစရာများ ပြည့်ဆင်ပြီးနောက် ယန်ကျင်းဇီသည် တစ်ယောက်တည်း ထမင်းစားလိုက်ရသည်။


မနက်ဖြန် သူ သေချာပေါက် ချူထင်းရှိူ့ကို ကြည့်ကောင်းအောင် လုပ်ပေးမယ်!


နောက်တစ်နေ့တွင် နံနက်ခင်းညီလာခံ ရှိသည်။


ယန်ကျင်းဇီသည် နဂါးပုလ္လင်ပေါ်တွင် ထိုင်ကာ ချူထင်းရှိူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။


ချူထင်းရှိူ့သည် စိုက်ကြည့်ခံနေရသဖြင့် အလွန်အမင်း နေရခက်နေသည်။


ဆွေးနွေးကြသော တိုင်းရေးပြည်ရေးကိစ္စများမှာ အလားတူပြီး ယခင်နေ့က ဆွေးနွေးခဲ့သော ကိစ္စများကိုပင် မှူးမတ်များက ဆွေးနွေးရေးအတွက် ပြန်လည်ထုတ်ဖော်လာကြသည်။ အဆုံး၌မူ ဖွဲ့စည်းပုံပေါ် မူတည်၍ လျင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့သူမှာ ချူထင်းရှိူ့ ဖြစ်သည်။


ထို့နောက် အမတ်များသည်... ဘုရင်မ ရွေးချယ်ခြင်း အကြောင်းအရာနှင့်ပတ်သက်၍ ထပ်မံပြီး စတင်ပြောဆိုကြပြန်သည်။


ယခင်အတိတ်တွင် ချူထင်းရှိူ့သည် ဤကိစ္စနှင့်ပတ်သက်၍ ဘာမှမပြောဘဲ နေခဲ့သည် သို့မဟုတ် လူများစွာက ပြောဆိုပြီးနောက်မှာမှ အကြံဉာဏ်စကားခွန်းအနည်းငယ်ကို ပြောလေ့ရှိခဲ့သည်။


သို့သော် ယနေ့...


တစ်စုံတစ်ယောက်က ၎င်းကို စတင်ပြောဆိုသည်နှင့်တပြိုင်နက် ချူထင်းရှိူ့က ပြောခဲ့သည် : " အရှင်မင်းကြီးက သက်တော်ငယ်ရွယ်သေးတယ်။ ဘုရင်မ ရွေးဖို့ အလျင်လိုစရာ မလိုဘူး။ "


ချူထင်းရှိူ့၏စကားများ ထွက်လာသည်နှင့် လူတိုင်း ကြက်သေသေသွားကြသည်။


အရှင်မင်းကြီးက ငယ်သေးတယ်?

ဘယ်နားမှာ သူက ငယ်တာလဲ?


အရှင်မင်းကြီးက နှစ်ဆယ့်တစ်နှစ် ရှိနေပြီ! မိသားစုက ဆင်းရဲလို့ ဇနီးတစ်ယောက် မတတ်နိုင်တာ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးချိန်ထဲ ရောက်နေတာ အဲ့ဒါတွေကလွဲရင် ဒီအသက်အရွယ် ရောက်နေတဲ့ အမျိုးသားတွေ အကုန်လုံးနီးပါးက လက်ထပ်ပြီးသား ဖြစ်နေမှာ လုံးဝသေချာတယ်!


အရှင်မင်းကြီး အသက်ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်အရွယ်မှာ သူ့ကို ဘုရင်မတစ်ပါး ရွေးဖို့ အမြဲတမ်း အကြံပြုခဲ့ကြသော်လည်း သူ့ကို ထိမ်းမြားလက်ထပ်ခြင်းမှ တားမြစ်ခဲ့သူမှာ ဘွားတော်ကြီး ဖြစ်သည်။ အခု ဘွားတော်ကြီးက ဒီမှာ မရှိတော့ ချူထင်းရှိူ့က သူ့ကို ထပ်တားနေပြန်ပြီလား?


ညီလာခံထဲမှ မှူးမတ်အများအပြားမှာ ချူထင်းရှိူ့အား ဒေါသတကြီး ကြည့်နေကြသည်။


ချူထင်းရှိူ့က သူတို့ကို ဂရုမစိုက်ဘဲ ပြောဆိုခဲ့သည် : " ဘုရင်မ ‌ရွေးချယ်ခြင်း ကိစ္စရပ်မှာ အရေးကြီးသော ကိစ္စကြီး ဖြစ်လို့ ပေါ့ပေါ့တန်တန် မဆုံးဖြတ်သင့်ဘူး။ " ယခင်က သူသည် အရှင်မင်းကြီးနှင့် အတူမရှိခဲ့ဘဲ သဘာဝကျစွာပင် သူသည် အရှင်မင်းကြီး၏အကျိုးအတွက် အရှင်မင်းကြီးအား ဘုရင်မတစ်ပါး ရွေးချယ်စေချင်ခဲ့သည်။ သို့သော် ယခုမူ ကွဲပြားသွားလေပြီ။


အရှင်မင်းကြီးက စိတ်သဘောထားကို မပြောင်းလဲသရွေ့ သူသည် ၎င်းကို တားမြစ်ရန် အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။


အကယ်၍ တစ်နေ့မှာ အရှင်မင်းကြီးက စိတ်ပြောင်းပြီး ဘုရင်မတစ်ပါး ရွေးချယ်ချင်လျှင်တောင်... 'အရှင်မင်းကြီးကို ဘုရင်မ ရွေးချယ်ခြင်းမှ တားမြစ်ခြင်း' ပြစ်မှုအတွက် သူ အပြစ်ပေးခံရမည်ဆိုလျှင်တောင်မှ သူ့တွင် ပြောစရာရှိမည် မဟုတ်ချေ။


ဒါက သူ ရွေးချယ်တဲ့ လမ်းကြောင်း အမြဲတမ်း ဖြစ်နေမှာပါပဲ။


သူသည် ဤနေ့ရက်များကို အသက်ရှင်နေထိုင်ရသည်မှာ အနည်းငယ်လေး ပိုမိုသာယာကြည်နူးဖွယ်ကောင်းအောင် ဖြစ်စေချင်မိရုံတင်ပင်။


" ချူစစ်သူကြီး အရှင်မင်းကြီးကို ဘုရင်မ ရွေးချယ်ဖို့ ခွင့်မပြုတာ ဘာရည်ရွယ်ချက်တွေနဲ့လဲ! " တစ်စုံတစ်ဦးက ချူထင်းရှိူ့အား ဒေါသတကြီး ကြည့်သည်။


ချူထင်းရှိူ့ စကားပြောနေချိန်တွင် ယန်ကျင်းဇီသည် ပျော်ရွှင်အူမြူးနေပြီဖြစ်သော်ငြား ချူထင်းရှိူ့က အနည်းငယ် မိုက်မဲသည်ဟုလည်း ခံစားရသည်... ချူထင်းရှိူ့က ထိုသို့သော တစ်စုံတစ်ရာကို ပြောခဲ့ပြီး အလွယ်တကူ တိုက်ခိုက်ခံရနိုင်သည်...


ယန်ကျင်းဇီသည် ဝမ်ကျုံးကို သူ့မျက်လုံးများနှင့် အမူအရာပြရင်း အလုပ်များနေခဲ့သည်။


ဤအခိုက်အတန့်တွင် ဧကရာဇ်၏အုပ်စုကပဲဖြစ်ဖြစ်၊ ပင်းဝမ်၏အုပ်စုကပဲဖြစ်ဖြစ် ဒါမှမဟုတ် ဘွားတော်ကြီး၏အုပ်စုကပဲဖြစ်ဖြစ် ကွဲပြားမှုမရှိဘဲ သူတို့အားလုံးက ချူထင်းရှိူ့ကို စိုက်ကြည့်နေကြပြီး ချူထင်းရှိူ့၏ ရည်မှန်းချက်ကို စိစစ်နေကြသည်။


ချူထင်းရှိူ့သည် စကားတစ်ခွန်းမှ မပြောတော့ဘဲ ထိုနေရာတွင်သာ ရပ်နေသည်။


ဤအချိန်တွင်ပင် မိန်းမစိုးငယ်လေးတစ်ဦး ပြေးဝင်လာပြီး ဒူးထောက်ထိုင်ကျသွားကာ အော်ငိုတော့သည် : " အရှင်မင်းကြီး ဘွားတော်ကြီး... နတ်ရွာစံသွားပါပြီ။ "


ယန်ကျင်းဇီသည် အလျင်အမြန် မတ်တပ်ထရပ်ကာ ဝမ်းနည်းစွာ ပြောလိုက်သည် : " အဘွားတော်... "


သူသည် တုန်ယင်သွားပြီး ထို့နောက် ကူတွဲခံရကာ ပြန်လည်ထိုင်ချသွားပြန်သည်။ သူသည် သူ့မျက်နှာကို သူ့လက်ဝတ်ရုံနှင့် ကွယ်ကာ သူ့မျက်နှာတွင် ဝမ်းနည်းသော အမူအရာ လုံးဝ မရှိသည်အား ဘယ်သူ့ကိုမှ မတွေ့မြင်စေခဲ့ပေ။


သူနှင့်ဘွားတော်ကြီးသည် အချင်းချင်းအတွက် နက်ရှိုင်းသော အမုန်းတရားများသာ ရှိသည်ကို လူတိုင်း သိကြသော်လည်း သားသမီးတို့၏ဘာသာရေးကိုင်းရှိုင်းမှု အရေးပါသော ဤခေတ်ကာလတွင် သူ ဟန်ဆောင်ရမည်ဖြစ်ကာ အတော်လေး စိတ်ရှုပ်စရာကောင်းလှသည်...


ယန်ကျင်းဇီ ဤအကြောင်း တွေးတောနေစဉ် သူသည် ပင်းဝမ် အော်ငိုသည်ကို ကြားလိုက်ရသည်။ " အဘွားတော်... "


ယန်ကျင်းဇီ : " ... " ဒီလူက သူ့ထက် သရုပ်ဆောင်ပိုကောင်းတယ်။


ကံ‌မကောင်းသော ဘွားတော်ကြီးမှာ နံနက်ခင်းတွင် အမှန်တကယ် နတ်ရွာစံသွားခဲ့သည်။


မူလအစက ဈာပနကြေညာမှုကို နံနက်ခင်းတွင် ‌ပြုလုပ်စေချင်ခဲ့သော ယန်ကျင်းဇီသည် ဈာပနကြေညာမှုကို အထူးတလည် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင်တော့ ဝမ်းနည်းပူဆွေးခြင်းကို ဆက်လက်ထိန်းသိမ်းထားပြီး ဘုရင်မ ရွေးချယ်ခြင်းကိစ္စကို လတ်တလော မဆွေးနွေးကြတော့မည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း ချူထင်းရှိူ့က ရုတ်တရက် ထွက်လာပြီး သူ့ကို ဘုရင်မ ရွေးချယ်ခြင်းမှ တားမြစ်ခဲ့သည်။ သူ တကယ် မမျှော်လင့်ထားခဲ့ပါချေ။


ယခု မျှော်လင့်ထားသည့်အတိုင်း ဘယ်သူကမှ ဘုရင်မ ရွေးချယ်ခြင်း အကြောင်းအရာကို ထပ်မပြောကြတော့ပေ။


ယခင်က ဘွားတော်ကြီး ဘာပဲလုပ်ခဲ့ပါစေ ကိစ္စမရှိလေဘဲ သူ(မ)သည် ဘွားတော်ကြီးဖြစ်နေဆဲဖြစ်ကာ ယခု သူ(မ) နတ်ရွာစံသွားပြီဖြစ်သဖြင့် အရှင်ဧကရာဇ်ကပင် သူ(မ)အား အရိုအသေပေးရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ မှူးမတ်အရာရှိများအားလုံး သူ(မ)၏ဈာပနကြောင့် အလုပ်များကုန်ကြတော့သည်။


ဤအခြင်းအရာမှာ ယန်ကျင်းဇီသည် စိတ်နှလုံးကြေကွဲ၍ နေထိုင်မကောင်း ဟူသော ဟန်ဆောင်အကြောင်းပြချက်ဖြင့် ပါဝင်ပတ်သက်ခြင်း မရှိသော တစ်စုံတစ်ရာ ဖြစ်သည်။


သူသည် ချူထင်းရှိူ့ကိုလည်း ဆင့်ခေါ်ခဲ့သည် : " ဒီနေ့ ညီလာခံထဲမှာ အဲ့လိုပြောတာ မင်းက အရူးပဲ... ကြည့်စမ်း မင်း ဆူပူကြိမ်းမောင်းခံနေရပြီ! "


ချူထင်းရှိူ့က ဘာမှ‌မပြောပေ။


" အခု ဘွားတော်ကြီးက နတ်ရွာစံသွားပြီ။ ဝမ်းနည်းပူဆွေးခြင်း အခမ်းအနားကို သုံးနှစ်တာ ကျင်းပဖို့ ကိုယ်တော် စီစဉ်ထားတယ်။ အဲ့ဒါဆိုရင် ဒီသုံးနှစ်အတွင်း ကိုယ်တော့်ကို ဘုရင်မ ရွေးချယ်ဖို့ တောင်းဆိုတဲ့ အဲ့လူတွေကို ဂရုစိုက်စရာ မလိုတော့ဘူး။ သုံးနှစ်ကြာပြီးတဲ့နောက်မှာ ကိုယ်တော့်ကို ဘယ်သူ အာခံရဲသေးလဲ ကိုယ်တော် ကြည့်ဦးမယ်။ "


ယခင်မင်းဆက်တွင် ဆယ်နှစ်ကြာ ညီလာခံသို့ မသွားသော ဧကရာဇ်မင်းများ ရှိခဲ့ပြီး နန်းတော်ထဲသို့ တခြားသူ၏ဇနီးမယားကို လုယူသိမ်းသွင်းလာသော ဧကရာဇ်မင်းများလည်း ရှိခဲ့ကာ သူတို့သည် မင်းဧကရာဇ်အဖြစ် ဆက်လက်ရပ်တည်နိုင်ရန် စီမံဆောင်ရွက်နေနိုင်ခဲ့ဆဲဖြစ်သည်။


သူသည် မတည်ငြိမ်သော ပင်းဝမ်ကို ဖယ်ရှားပြီး နန်းပုလ္လင်ကို ခိုင်မာနိုင်စေသရွေ့ အခြားသူများ သူ့ကို မေးခွန်းထုတ်ရဲလိမ့်မည်ဟု သူ မယုံကြည်ပေ။