အပိုင်း ၄
Viewers 11k


Chapter 4



ကျန်းရွှိ ဖုန်းတစ်ကောကြောင့် နိုးလာခဲ့သည်။

ကျန်းရွှိမှာ အိပ်ရာမဝင်ခင် အမြဲတမ်းဖုန်းကို ခေါင်းအုံးနားထားအိပ်တတ်သူဖြစ်သည် သို့မှသာ တစ်စုံတစ်ခုဖြစ်သည်နှင့် သူချက်ချင်းကိုင်နိုင်မည်ပင်။

" ဟယ်လို.."

သူစကားပြောလိုက်သည်နှင့် ကျန်းရွှိ သူ၏ပင်ကိုယ်အသံ၏ အက်ကွဲနေမှုကြောင့် ထိတ်လန့်သွားရပြီး ၎င်းမှာ ရေငတ်ကာ အရက်နာကျခြင်းကြောင့်ဖြစ်မည်လားမသိ အနည်းငယ်နာကျင်နေခဲ့သည်။

" ရှောင်ရွှိ အန်တီပါ…"

ကျန်းရွှိ ခဏမျှ စဉ်းစားလိုက်ရသည်။ သူ၏မိခင်ဖြစ်သူမှာ တစ်ဦးတည်းသောသမီးဖြစ်လေရာ သူ့ထံတွင် အဒေါ်မရှိချေ။ သူ၎င်းကိုပြောလိုက်မည့်အချိန်၌ တစ်ဖက်လူမှ ရှင်းပြလာသည် " အန်တီက သားအမေအိမ်နီးချင်းရဲ့ နှစ်ဝမ်းကွဲခဲအိုရဲ့ဝမ်းကွဲလေ…"

" အိုး…"

ဆရာဝန်ဖြစ်လာပြီးကတည်းက သူ၏ဆွေမျိုး၊ အသိအကျွမ်းနှင့်သူငယ်ချင်းများမှာ နှစ်ဆတိုးလာသည်ဟု ကျန်းရွှိခံစား‌လိုက်ရသည်။

ကျန်းရွှိ သူ၏မျက်ခုံးကို ပွတ်လိုက်မိစဉ် သူ၏လက်မောင်းမှာ ယမန်နေ့ညက တစ်ညလုံးအလေးမထားသကဲ့သို့ အနည်းငယ် နာကျင်နေခဲ့သည်။

" အန်တီ ဘာဖြစ်လို့လဲ.." ချောင်းနှစ်ချက်ခန့်ဆိုးလိုက်ရသော်လည်း သူ၏လည်ချောင်းမှာ အဆင်မပြေသေးချေ။

" ဒီလိုပါ အန်တီ မင်းအမေနဲ့မင်းရဲ့အစ်မလိလိအကြောင်းပြောခဲ့တယ်လေ သူကအခုနှစ်လသုံးလလောက်နေရင် မွေးမှာဆိုတော့ မင်းနဲ့မွေးလို့ရမလားမေးချင်လို့ရယ်…"

"....."

" ကျွန်တော်ကလေးဘယ်လိုမွေးပေးရမလဲ မသိဘူးဗျ…"

" အိုး မင်းကသားဖွားမီးယပ်ဆရာဝန်ပဲကို မင်းအမေစီကကြားထားတာ လက်ထောက်ပါရဂူတောင်ဖြစ်နေပြီတဲ့ … ဟားဟား ကောင်းပြီကောင်းပြီ ဒီပိတ်ရက်ကြရင် အန်တီ့အိမ်ကို ညစာလာစားနော် ပြီးရင်…"

အကယ်၍ ယခင်နေ့များသာဖြစ်ပါက ကျန်းရွှိ ရှင်းပြလိမ့်မည်ဖြစ်သော်လည်း ယ‌နေ့တွင် သူအလွန်ပင်ပန်းနေသောကြောင့် စကားတစ်ခွန်းမှပင် ထပ်မပြောချင်တော့ဘဲ အလွန်ဝတ်ကျေတန်းကျေသာ " အမ်း" ဟု အသံပေးနေခဲ့ပြီး သူ၏အမေကို နောက်တစ်ချိန်မှ မည်သို့ဖြစ်သည်အား မေးရန်ကြံစည်လိုက်သည်။

လူအများစုမှာ သားဖွားမီးယပ်ဆရာဝန်များအား ကလေးမွေးဖွားရာတွင် အဓိကအားဟူ၍ အထင်မှားတတ်ကြသည်။ သို့သော်လည်း အဖြစ်မှန်မှာ ကျန်းမာသည့်အမျိုးသမီးအများစုမှာ ကောင်းကောင်းမွေးဖွားနိုင်ကြပြီး သူတို့မွေးလူနာဆောင်ထဲသို့ဝင်လာသည့်အချိန်မှစ၍ ပြန်ထွက်သွားသည်အထိ ဆရာဝန်မလိုသည်များ ရှိတတ်ကြသည်။

ရိုးရိုးမွေးခြင်းများကို သားဖွားဆရာမစီသို့သာ အပ်ကြရသော်လည်း အကယ်၍လုပ်ငန်းစဉ်မှာ အဆင်ပြေပြေမဖြစ်လာဘဲ သွေးသွန်ခြင်း သို့မဟုတ် အသက်ကယ်အခြေအနေရောက်နေခြင်း အတိုချုပ်အားဖြင့် မျှော်လင့်မထားသည့် မတော်တဆမှုများဖြင့်ရောက်လာမှသာ ဆရာဝန်များမှ မွေးဖွားရေးလုပ်ငန်းစဉ်တွင် ချက်ချင်းပူးပေါင်းရပြီး အမျိုးသမီးကို ခွဲစိတ်ခန်းသို့ အရေးပေါ်ပို့ဆောင်မည်ကို ဆုံးဖြတ်ရလေ့ရှိသည်။

ကျန်းရွှိစီသို့ ရောက်ရှိလာသူများမှာ များသောအားဖြင့် ပြင်းထန်သောရောဂါရှိခြင်း သို့မဟုတ် မွေးဖွားရခက်ခဲသည့်အတွက် ခွဲမွေးရမည့်သူများဖြစ်ကြသည်။

အမြဲလိုပင် အချို့သောလူနာများမှာ သူတို့၏ဆရာဝန်များထံမှ အရေးစိုက်မှုကို လိုချင်ကြသော်လည်း ပုံမှန်အားဖြင့် လက်ထောက်ပါရဂူများ၊သမားတော်များမှ သင့်ကိုနေ့တိုင်းလို ဝန်းရံနေရပါက သင်၏ရောဂါမှာ ကုသရန်ခက်ခဲသည်ဟု ဆိုနိုင်ပေမည်။

သို့ဖြစ်ရာ ထိုအစ်မလိလိအတွက်မူ သူနှင့်မဆုံပါက အကောင်းဆုံးဖြစ်လိမ့်မည်ပင်။

ဖုန်းချလိုက်ပြီးနောက် ကျန်းရွှိ ထူးထူးခြားခြားပင်ပန်းနေသည့်အတွက် ပျင်းပျင်းရိရိ လက်ထဲမှဖုန်းကို ပစ်ချလိုက်ရာ ဘမ်း ဟူသောအသံနှင့်အတူ သူ၏လက်ကို တစ်စုံတစ်ခုမှ ရိုက်မိသွားခဲ့သည်။

သူ၏မျက်လုံးများ ပြူးကျယ်သွားရပြီး ကြည့်လိုက်ချိန်တွင် သူ၏လက်အောက်မှ ခေါင်းတစ်လုံးကို မြင်လိုက်ရလေသည်။

အတွေးအပြီးတွင် သူ၏စိတ်ထဲသို့ မှတ်ဉာဏ်အချို့ဝင်ရောက်လာသဖြင့် ကျန်းရွှိခဏမျှ မျက်မှောင်ကြုတ်လိုက်မိကာ ယမန်နေ့ညမှ အကြောင်းများကို ပြန်လည်စုစည်းနေရသည်။ ညစာစားအပြီး ကျုံးလန်ထံမှ အငြင်းခံရပြီးနောက် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်နည်း။

…. သူနှင့်ရှန့်ဖန်းယွိတို့ ဘားအတူသွားခဲ့ကြသည်။

ကျန်းရွှိ ရုတ်တရက်ဆိုသလို အနည်းငယ်ထိတ်လန့်လာသည်။

သူဂရုတစိုက်ဖြင့် ‌ထိုခေါင်းအပေါ်မှ စောင်ကိုမ၍ ဆွဲလှန်လိုက်ရာ…

သောက်ကျိုးနည်း

ဒါက တကယ်ရှန့်ဖန်းယွိကြီးပဲ

ကျန်းရွှိအလွန်ထိတ်လန့်သွားရသောကြောင့် စောင်ကိုဖယ်ကာ ရှန့်ဖန်းယွိကို ကန်ချလိုက်သည်။ သို့သော်လည်း ထိုသကောင့်သားလေးမှာ အလွန်အိပ်မော‌ကျနေမည့်အကြောင်းကို သူမသိခဲ့ပေ။ အိပ်ရာပေါ်မှ ပြုတ်ကျသွားသည့်အချိန်မှာ ထိုကောင်သည် အိပ်နေ‌နိုင်သေးသည်။

ကန်ချက်၏ရလဒ်အနေဖြင့် ကျန်းရွှိလေအေးတချို့ရှူသွင်းမိသွားသည်။

သူ၏ခန္ဓာကိုယ်တွင်းရှိ အရိုးများမှာ ဖြုတ်ပြီးပြန်ဆက်ထားသကဲ့သို့ ခံစားနေရကာ သူ့ကိုယိုင်ထိုးနေစေပြီး အထူးသဖြင့် ကြွက်သားများပေါင်းစုံသော နူးညံ့သည့်နေရာမှာ ထုံကျင်နေခဲ့သည်။

သူမနေ့ညက ဘာတွေလုပ်ခဲ့သည်လဲ။ ရှန့်ဖန်းယွိနဲ့ တစ်ညလုံးရန်ဖြစ်နေခဲ့တာမဟုတ်ဘူးလား..

ကျန်းရွှိ ခေါင်းကိုယမ်းကာ တစ်စုံတစ်ရာကို မှတ်မိနိုင်ရန် ကြိုးစားနေသည်။

သူ၏မျက်လုံးများ ချက်ချင်းဆိုသလို ပြူးကျယ်သွားရကာ အချိန်အတန်ကြာပြီးနောက် ကျန်းရွှိ သူ၏လည်ပင်းကို တောင့်တင်းစွာ ရွှေ့၍ ငုံ့ကြည့်လိုက်သည်။

မေးခွန်း : သင်နှင့်သင်၏မဟာရန်သူတော်ကြီးမှာ တစ်အိပ်ရာထဲတွင် အချစ်အမှတ်အသားများဖြင့် နိုးထလာကြပြီး လက်ရာများမှာ သင်၏ရင်ဘတ်နှင့် ပေါင်အတွင်းထဲမှာပင် တည်ရှိနေကာ အနောက်ဘက်မှထူးဆန်းစွာ နာကျင်နေခဲ့သည်။ သင်တို့နှစ်ဦးကြားတွင် မည်သည့်အရာဖြစ်ပျက်နိုင်မည်နည်း။

[အေ : မင်းတို့နှစ်ယောက်အိပ်ခဲ့သည်

ဘီ : မင်းတို့နှစ်ယောက်အိပ်ခဲ့သည်

စီ : မင်းတို့နှစ်ယောက်အိပ်ခဲ့သည်

ကျန်းရွှိ ရှုံ့မဲ့သွားပြီး " ငါဒီကိုရွေးတယ်…"

ဒီ : မင်း သူနဲ့အိပ်ခဲ့သည်။

ချီးပဲဟေ့…..]

ကျန်းရွှိ ကြမ်းပြင်ပေါ်သို့ ရောက်နေသည့် ရှန့်ဖန်းယွိအား တိတ်တခိုးလှမ်းကြည့်လိုက်သည်။ ထိုသူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ လှစ်ဟပြနေပြီး စံနှုန်းမီတည်ဆောက်ပုံအချိုးအစားဖြင့် လှပသောကိုယ်ဟန်ရှိကာ အဆီပိုမရှိဘဲ ကြွက်သားများ၊ အချိုးအဆစ်ညီမျှသည့်အရိုးနှင့် သွေးကြောများရှိသည်။

ခန္ဓာဗေဒသင်ခန်းစာအတွက် အသင့်တော်ဆုံးခန္ဓာကိုယ်တစ်ခုပဲ…

ကျန်းရွှိ မည်သည့်နေရာကို ဖြတ်ပါကအကောင်းဆုံးဖြစ်မည်ဟူသည့် အကြံကိုပင် ခံစား‌လာရသည်။

ဆရာဝန်ကျင့်ဝတ်ကို ဆယ်ခေါက်မျှ ပြန်လည်ရွတ်ဖတ်ပြီးမှသာ ကျန်းရွှိ ရှန့်ဖန်းယွိကို သတ်ကာ မေ့ပစ်ချင်နေသည့်စိတ်ကို တားဆီးနိုင်ခဲ့သည်။

အိပ်ရာတစ်ခုလုံးရှုပ်ပွနေပြီး စောင်များတွန့်ကြေနေကာ ခေါင်းအုံးများမှာ နေရာတိုင်းတွင် ပြန့်ကြဲနေသည်။ အဝတ်အစားများမှာ ကြမ်းပြင်ပေါ်၌ ဟိုတစ်စ ဒီတစ်စဖြစ်နေပြီး ယမန်နေ့ည၏စိတ်ပျက်ဖွယ် အနေအထားအား အထောက်အပံ့ပေးနေခဲ့သည်။

ကျန်းရွှိသက်ပြင်းတစ်ချက်ချကာ ဤနေရာမှ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ပါက ကြာလာလျှင် ဆရာဝန်ကျင့်ဝတ်ပင် သူ့ကိုတားဆီးနိုင်လိမ့်မည် မဟုတ်တော့ပေ။

သူတစ်ခါမှ ဤကဲ့သို့ ရေမိုးမချိုး အင်္ကျီမီးပူမထိုးဘဲ မသပ်မရပ်မနေခဲ့ဖူးချေ။ ကျန်းရွှိ မှန်ထဲသို့ ပြန်ကြည့်လိုက်ချိန်၌ သူ၏ပုံရိပ်မှာ ပြန်လည်တည်ငြိမ်သွားပြီး ယခင်ရှိခဲ့သည့် ဒေါက်တာကျန်းအတိုင်း ပြန်ဖြစ်နေသည်။

ပျောက်ဆုံးနေသည့်အရာမှာ သူ၏လည်ပင်းပေါ်မှ တစ်စုံတစ်ခုသာဖြစ်လေသည်။

ဘေးသို့ တွန်းပို့ခံထားရသည့်နက်ကတိုင်ဆီသို့ သူ၏မျက်လုံးများရောက်ရှိသွားသည်။ ထိုအရာမှာ သူအသစ်ဝတ်ထားပြီး ယမန်နေ့ကမှ ထုတ်ဝတ်ခဲ့သော နက်ကတိုင်အသစ်ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ နက်ကတိုင်သို့လိုက်မည်အပြုတွင် ရုတ်တရက်ဆိုသလို သူ၏အတွေးထဲသို့ ရှင်းလင်းနေသည့်မှတ်ဉာဏ်များပြန်ရောက်လာခဲ့သည်။ ထိုအရူးကောင်မှာ ဤနက်ကတိုင်ဖြင့် သူ၏လက်ကိုချည်၍ ခေါင်းပေါ်သို့တင်ထားခဲ့သည်လေ။

တချို့သောလူများမှာ အကျင့်ကောင်းပုံရသော်လည်း တကယ်တမ်းတေ့ာ ပုပ်သိုးနေပြီးဖြစ်သည်။

ဗြိခနဲ အသံနှင့်အတူ ကံမကောင်းရှာသည့်နက်တိုင်လေးမှာ ဟိုတယ်ခန်းထဲမှ အမှိုက်ပုံးအတွင်းသို့ နောက်ပြန်မကြည့်ဘဲ လွှင့်ပစ်ခံလိုက်ရလေသည်။

......

ကျန်းရွှိထံတွင် မနက်ခင်းအစောပိုင်းခွဲစိတ်မှုရှိနေပြီး ၎င်းက သားအိမ်ကင်ဆာ လူနာတစ်ဦးဖြစ်သည်။ ကံကောင်းစွာဖြင့် ထိုလူနာမှာ အစောပိုင်းအခြေအနေထဲက ရှာတွေ့ခဲ့ပြီးဖြစ်ကာ ခွဲခန်းမဝင်ခင်ပြင်ဆင်မှုများတွင်လည်း ကျေနပ်စရာကောင်းခဲ့သည်။

ပြင်းထန်သောပိုးသတ်ဆေးနံ့မှာ ခွဲခန်းတစ်ခုလုံးပြန့်နှံ့နေပြီး ကျန်းရွှိ ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းနှင့် ပိုးသတ်ထားသော ခေါင်းဆောင်းကို ဝတ်ဆင်ထားကာ မျက်လုံးသာဖော်ထားခဲ့သည်။

ခွဲစိတ်ခန်းမှာ ယနေ့တွင် သူမတူအောင် တိတ်ဆိတ်နေသည်။ သူခွဲခန်းသို့ စတင်‌ဝင်ရောက်ချိန်မှစ၍ ယခုချိန်အထိ ကျန်းရွှိ လိုအပ်သောညွှန်ကြားချက်များမှ လွဲ၍ အပိုစကားတစ်ခွန်းမှ မပြောခဲ့ပေ။

အကူအဖြစ်လိုက်ပါလာရသော ယွီစန်းမှာမူ ကျန်းရွှိကို သတိကြီးစွာကြည့်ကာ သူ၏နှလုံးသားမှာ ခုန်ထွက်မတတ်ဖြစ်နေခဲ့သည်။

လူနာ၏အခြေအနေမှာ ဝမ်းဗိုက်ကိုဖွင့်ပြီးနောက် ခန့်မှန်းထားသည်ထက်ပင် ပို၍ အခြေအနေကောင်းနေခဲ့သည်။ ကင်ဆာဆဲလ်များ စိမ့်ဝင်နေမှုမှာနည်းပါးပြီး အမြစ်များမှာ ဖယ်ရှားရန်မခက်ခဲ‌ခဲ့ပေ။

မူလပြင်ဆင်ထားသည့်အတိုင်း ခွဲစိတ်မှုမှာ အဆင်ပြေချောမွေ့နေပြီး လူအများစိတ်အေးလက်အေးဖြစ်သွားသင့်သော်လည်း ကျန်းရွှိ၏စူပုတ်နေသည့်မျက်နှာဖြင့် အတွင်းမှန်ပြောင်းကြည့်နေပုံမှာ ယွီစန်းကို ကျန်ခဲ့သည့်အရာများရှိနေသည်လားဟူသည့် အတွေးပင်ဝင်လာအောင် လုပ်နေခဲ့သည်။

သို့သော်လည်း မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ချေ။ ခွဲစိတ်မှုမှာ အံ့ဩစရာကောင်း‌လောက်အောင် အခြေအနေကောင်းနေပြီး ကျန်းရွှိ၏နည်းလမ်းများမှာ အရင်လိုပင် သပ်ရပ်သန့်ရှင်းနေခဲ့သည်။ မြစ်ပွားနာနှင့် ဘေးဘက်ရှိလက်တံများကို ဖယ်ရှားလိုက်ပြီးနောက် ကျန်းရွှိ ယွီစန်းကို ပုံမှန်လိုပင် ပြန်ချုပ်ရန် နေရာဖယ်ပေးလိုက်သည်။

သူ၏ညစ်ပေနေသောလက်အိတ်များကိုလဲကာ အနောက်သို့ဆုတ်၍ ယွီစန်းလုပ်ကိုင်နေသည်ကို စောင့်ကြည့်နေလိုက်သည်။ သူအလုပ်မရှုပ်နေသည့်အချိန်များတွင် ကျန်းရွှိ သူ၏ကျောင်းသားများကို တင်းတင်းကြပ်ကြပ်သင်ကြားပေးနေမည်ဖြစ်ပြီး အနည်းမျှသော ဝေခွဲရခက်နေမှု သို့မဟုတ် အမှားသေးသေးလေးကို တွေ့ရုံဖြင့် ချက်ချင်းဆိုသလို ရပ်တန့်ပစ်လိုက်လေ့ရှိရာ ဆရာဝန်အငယ်အသစ်လေးများမှာ ကျန်းရွှိ၏လက်အောက်တွင် ခွဲစိတ်ရပါက အလွန်အမင်းစိတ်လှုပ်ရှားနေကြမည်ပင်။

ကံကောင်းစွာဖြင့် ယွီစန်းမှာ ခွဲစိတ်မှုနှင့် ပို၍ ပို၍အကျွမ်းဝင်လာပြီး ယခုအချိန်၌ ကျန်းရွှိ၏အနီးကပ်စောင့်ကြည့်မှုအောက်တွင် အနည်းငယ်မျှသာခက်ခဲသော ခွဲစိတ်မှုများကို လုပ်နိုင်လာကာ ယခင်ကကဲ့သို့ မကြောက်တော့ချေ။

မည်သို့ပင်ဆိုစေကာမူ ယနေ့ကျန်းရွှိမှာ သူ့ကိုအလွန်အမင်းခြောက်လှန့်နေခဲ့သည်။ ယွီစန်း၏မျက်ခွံသည်ပင်လှုပ်နေရကာ ယနေ့တွင် ဆိုးရွားသည့်အရာတစ်ခုခုဖြစ်လာနိုင်မည်ဟု ခံစားနေရသည်။

သို့သော်လည်း သူ၏ကြိုတင်ခန့်မှန်းချက်မှာ မှန်သွားခဲ့သည်။ ပြန်ချုပ်နေသည့်လုပ်ငန်းစဉ်အလယ်တွင် ခွဲစိတ်ခန်း၏ဆင်ဆာမီးလုံးမှာ လင်းလာပြီး မျှော်လင့်မထားသော ဧည့်သည်တစ်ဦးရောက်ရှိလာသောကြောင့် ယွီစန်းမော့ကြည့်လိုက်ရာ ရင်းနှီးနေသော မက်မွန်ပွင့်ပုံ မျက်လုံးများနှင့် ဆုံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူ၏အနီးအနားရှိ လေထုမှာ အေးခဲသွားသည်ဟု ခံစားလိုက်ရလေသည်။