Chapter 5
အချိန်မှာ ပူနွေးသောနွေလလယ်ဖြစ်သော်လည်း ကျန်းရွှိ၏အနီးတဝိုက်ပင် ရေခဲချပ်များထွက်လာမတတ် အေးခဲလာသဖြင့် ယွီစန်း၏ကျောရိုးများပင် စိမ့်တက်လာရသည်။
ခွဲစိတ်ခန်းမှာ အမြဲလိုပင် ပိုးသတ်ထားသောနေရာတစ်ခုဖြစ်ပြီး ဆရာဝန်နှင့် သူနာပြုများအတွက် သွားလာရန်အထူးကန့်သတ်ထားသောနေရာမဟုတ်ချေ။ အတိတ်တွင်လည်း အမွှာမွေးဖွားခဲ့ပါက သူနာပြုများ ဝင်ချည်ထွက်ချည် လုပ်ခဲ့သောကိစ္စများရှိခဲ့ဖူးသည်။ မည်သို့ပင်ဖြစ်စေ ကျုံးလန်မရှိသည့်အချိန်အတွင်း ရှန့်ဖန်းယွိလာရောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
" မင်္ဂလာနံနက်ခင်းပါ ဒေါက်တာကျန်း…"
ရှန့်ဖန်းယွိ သူ၏ခွဲခန်းဝတ်စုံကို လဲလှယ်ထားပြီးဖြစ်သော်လည်း ပိုးသတ်ထားသည့်ဝတ်စုံကို မဝတ်ဆင်ထားရသေးချေ။ ဖြစ်နိုင်သည်မှာ ဘေးအခန်းသို့ခွဲစိတ်ရန် သွားနေရာမှာ ရပ်၍လှည့်ဝင်လာခြင်းဖြစ်နိုင်ပေမည်။
ခွဲခန်းအတွင်းရှိကျောင်းသားအများစုမှာ ကျန်းရွှိ၏လက်အောက်မှဖြစ်ကြပြီး သူတို့နှစ်ဦးမတည့်သည်ကို သိသူများဖြစ်ကြသည်။ အထူးသဖြင့် ကျန်းရွှိမှာ ယနေ့တွင် ဖိအားနိမ့်နိမ့်ပေးနေသည်ဖြစ်ရာ ရှန့်ဖန်းယွိကို နှုတ်ဆက်သောသူနာပြုအနည်းငယ်မှလွဲ၍ မည်သူကမှ သူ့ကိုအာရုံမစိုက်ရဲပေ။
မည်သို့ပင်ဖြစ်ပါစေ တောင်မှာသူ့ထံမလာသည့်အတွက် သူသာတောင်ထံသို့ သွားရပေမည်။
ရှန့်ဖန်းယွိ ကျန်းရွှိထံသို့ တည့်တည့်သွားကာ နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ကျန်းရွှိမှာမူ ယွီစန်းခွဲစိတ်နေသည်ကို ကြည့်နေခဲ့ပြီး ရှန့်ဖန်းယွိဘက်သို့ ဘေးတစ်စောင်းနေနေသော်လည်း ရှန့်ဖန်းယွိမှာမူ ခြေထောက်တွင်အမြစ်များတွယ်နေသကဲ့သို့ လုံးလုံးမလှုပ်ရှားခဲ့ပေ။
သူ၏နားရွက်ထိပ်များနီမြန်းလာသည်အထိ ရှန့်ဖန်းယွိ၏အကြည့်များမှာ ကျန်းရွှိထံတွင် ရှိနေခဲ့သည်။
" ဘာတွေလာကြည့်နေတာလဲ…" အဆုံးမှာတော့ ကျန်းရွှိသည်းမခံနိုင်တော့ဘဲ ပြောထွက်လာသည်။
ရှန့်ဖန်းယွိ မျက်တောင်ခတ်လိုက်ပြီး " ငါမင်းကိုကြည့်နေတာ…"
ကျန်းရွှိ အကြည့်စူးစူးတစ်ချက်ပေးလိုက်ပြီးနောက် ခေါင်းကိုပြန်လှည့်ကာ လှမ်းခေါ်လိုက်သည်။ " ယွီစန်း…"
ယွီစန်း တုန်ယင်သွားခဲ့သည်။ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားနေရသဖြင့် သူပုံမှန်ခေါ်နေကြလိုပင် " အစ်ကိုကျန်း " ဟုမခေါ်ဘဲ " ဒေါက်တာကျန်း ဘာဖြစ်လို့ပါလဲ…"
ကျန်းရွှိ၏အကြည့်များမှာ သူဂရုတစိုက်ရွေးချယ်ပြီး စီစီရီရီထားထားသည့် ခွဲစိတ်ခန်းသုံးဓားများအပေါ်သို့ ကျရောက်သွားကာသူ၏မျက်မှန်မှာ ငွေရောင်ဓားသွားများပေါ်၌ ရောင်ပြန်ဟပ်နေခဲ့သည်။
" လူသတ်ရင် နှစ်အနည်းငယ်ပဲအပြစ်ဒဏ်ကျခံရမယ်ဆိုတာ မင်းသိလား…"
ကျန်းရွှိမှာ သူ့ကိုယ်သူစိတ်အနှောင့်အယှက်အဖြစ်ခံသူမဟုတ်ချေ။ ထိုအစား သူ့ကိုနှောင့်ယှက်နေသည့်သူသို့ တိုက်ရိုက်သွားတတ်သူဖြစ်သည်။
" ဒေါက်တာကျန်း အဲဒီလိုမတွေးသင့်ဘူးနော်…" ယွီစန်း ထိတ်လန့်နေသော်လည်း နားချလိုက်ရသည်။
အချို့သောအကြောင်းပြချက်တို့ကြောင့် ရှန့်ဖန်းယွိရုတ်တရက် လည်ပင်းပေါ်တွင် အေးသွားသလို ခံစားလိုက်ရသည်။
သူ၏ထွက်ပြေးချင်နေသည့်စိတ်ဆန္ဒများမှာ စိတ်ထဲတွင် ကလေးငယ်လေးတစ်ဦးမှာ ပြတင်းပေါက်အပြင်မှနေ၍ ပြေးတော့ဟူသည့် သတိပေးဆိုင်းဘုတ်ကြီးကိုင်ထားသည့် ပုံရိပ်တစ်ခုအဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့် ရှန့်ဖန်းယွိ ရှက်သွားဟန်ဖြင့် " မင်းအလုပ်ရှုပ်နေတာပဲ.. ငါ အရင်သွားလိုက်မယ်နော်…"
ကျန်းရွှိ ရှန့်ဖန်းယွိ၏နောက်ကျောကိုကြည့်ကာ သူ၏ခန္ဓာကိုယ်မှဖြစ်ပေါ်လာသည့် အဆင်မပြေမှုများကို ဆက်တိုက်ဆိုသလို ဖိနှိပ်ထားပြီး ဆရာဝန်ကျင့်ဝတ်ကို သုံးခါရွတ်ဆိုလိုက်ရသည်။
" ငါကသမားတော်ကောင်းပဲ.. လူတွေကိုကယ်တင်တယ် လူမသတ်ဘူး…"
ထို့နောက်မှသာ ရှန့်ဖန်းယွိ၏မျက်နှာကို သူ၏ခေါင်းထဲမှ ထုတ်ပစ်နိုင်လိုက်သည်။
ညနေခင်းခွဲစိတ်မှုအပြီးတွင် ကျန်းရွှိသူ၏ပုံမှန်စားနေကြထမင်းဘူးကိုယူကာ ခွဲစိတ်ခန်းနေရာတွင်စားရန်ပြင်လိုက်သည်နှင့် သူထိုင်ချလိုက်သည်နှင့် မတတ်နိုင်ဘဲ နာကျင်မှုကြောင့် အော်ညည်းလိုက်ရသည်။
ကျန်းရွှိ သက်ပြင်းတစ်ချက်ချလိုက်ကာ မှောင်မဲနေသောမျက်နှာဖြင့် အလွန်မသက်မသာဖြစ်နေသော နာကျင်မှုကို အဆင်ပြေစေရန် ညှိယူပြီး အသာအယာထိုင်ချလိုက်သည်။
အဆုံး၌ သူအနည်းငယ်တည်ငြိမ်သွားပြီးနောက် ထမင်းဘူးကိုဖွင့်လိုက်သည်။ ကျန်းရွိတစ်လုတ်စားမည်အပြုတွင် သေရမည်ကိုမကြောက်သည့်ထိုသတ္တဝါကို အဝေးမှစင်္ကြန်တံခါးနားတွင် တွေ့လိုက်ရသည်။ ရှန့်ဖန်းယွိမဝင်လာစေရန် သုံးကြိမ်တိုင်တိုင်ဆုတောင်းမိလိုက်သော်လည်း ကံမကောင်းစွာဖြင့် ထိုသူမှာ ဝင်လာပြီး မျက်နှာချင်းဆိုင်တွင်မထိုင်ချခင် ကော်ဖီတစ်ခွက်သွားယူလိုက်သည်။
သူတို့ရောက်ရှိနေသည့်ဌာနမှာ ရှန့်ဖန်းယွိကိုသတ်ပစ်နိုင်လောက်သည်အထိမမြင့်မားသည့်အတွက်ကြောင့်နှင့် သူ၏လက်ကျန်ဘဝတစ်ခုလုံး ထိုသူကိုမပြုစုချင်သောကြောင့်သာ မဟုတ်ပါက ကျန်းရွှိ ရှန့်ဖန်းယွိကို ပြတင်းပေါက်မှ ကန်ချပြီးပြီပင်။
ထိုသူမည်သည့်အရာမှားယွင်းနေသည်ကို သူမသိချေ။ သူ ရှန့်ဖန်းယွိကို ယမန်နေ့ညမှအကြောင်းများကိုမေ့လျော့သွားပြီး သာမန်တစ်ညဝာဆက်ဆံရေးကဲ့သို့ ဆက်ဆံပေးရန်သာ မျှော်လင့်မိလေသည်။
သူကျိန်ဆိုနိုင်သည်။ အကယ်၍သာ ရှန့်ဖန်းယွိ စကားတစ်လုံးမျှ ထွက်လာကြည့်ပါက သူချက်ချင်းထိုသူအား ငရဲသို့ပို့ပစ်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ ရှန့်ဖန်းယွိမှာ သူ၏မသာမယာဖြစ်နေသည့်မျက်နှာကို သတိထားမိပုံမရဘဲ သူ့ကိုသာ အဓိပ္ပါယ်ပါပါစိုက်ကြည့်နေခဲ့သည်။
ကျန်းရွှိ နေ့လည်စားဘူးကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ရှန့်ဖန်းယွိ၏ကော်လာကိုဆွဲကာ လက်တစ်ဖက်ဖြင့် ထိုးရန်လက်သီးဆုပ်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ရှန့်ဖန်းယွိမှာ ဒေါသထွက်မည့်အစား ပျော်ရွှင်သွားဟန်ဖြင့် " မင်းရဲ့မျက်လုံးအောက်မှာ မှဲ့လေးရှိတာပဲ.." ထို့နောက် သူ့ကိုယ်သူစကားပြောနေခဲ့သည် " ဒါကြောင့်ကိုး မသိစိတ်ကစုဆောင်းမိတဲ့အချက်အလက်တွေဆိုတာ ကြာရှည်ခံတာ…"
အခြေအနေမှာထူးဆန်းနေခဲ့သည်။ အကျဉ်းချုံးဆိုရမည်ဆိုလျှင် ယမန်နေ့ညတွင် ကျန်းရွိနှင့်အရက်အတူသောက်ခဲ့ပြီး သူနှင့်အတူ အိမ်မက်တစ်ခုမက်ခဲ့လေသည်။ သို့သော်လည်း ကျန်းရွှိ၏မျက်လုံးအောက်မှ မှဲ့တစ်ခုမှလွဲ၍ အိမ်မက်၏ကျန်သည့်အပိုင်းများကိုမူ သူမမှတ်မိနိုင်ခဲ့ပေ။
သူဟိုတယ်ခန်းထဲတွင် နိုးထလာပြီးနောက် ဧည့်ခန်းသို့သွားကာ သူ၏ဖုန်းမှ အခန်းမှတ်တမ်းကိုစစ်ဆေးလိုက်သော်လည်း ကြည့်ရသည်မှာ သူတစ်ယောက်တည်း တစ်ညကုန်ဆုံးခဲ့သည့်ပုံပင်။
သို့သော်လည်း ရှန့်ဖန်းယွိ တစ်နေ့လုံးထူးဆန်းနေခဲ့သည်။ သူသည် ယခင်က ကျန်းရွှိ၏မျက်လုံးအောက်မှ မှဲ့အကြောင်းကို လုံးလုံးဂရုစိုက်ခဲ့သူမဟုတ်ချေ။ သို့ဖြစ်ရာ သူဆေးရုံသို့ရောက်လာချိန်တွင် သူမနေနိုင်ဘဲ ထိုနေရာတွင် မှဲ့ရှိမည်လားဟု သိချင်နေမိသည်။
မည်သို့ပင်ဖြစ်စေ ကျန်းရွှိ၏နှာခေါင်းစည်းနှင့်မျက်မှန်မှာ ခွဲစိတ်ခန်းထဲတွင် သူ၏မျက်နှာကို ဖုံးအုပ်ထားပြီး ကျန်းရွှိကလည်း သူ့ကို မျက်နှာချင်းဆိုင်ရန် ငြင်းပယ်သည့်အတွက် သူကျန်းရွှိနှင့် ထိုကိစ္စအကြောင်း မဆွေးနွေးချင်ခဲ့ပေ။ သို့သော်လည်း ထင်မထားမိခဲ့သည်မှာ နေ့တစ်ဝက်မျှ အလုပ်လုပ်ပြီးသည့်အချိန်တွင်ပင် သူကိစ္စကို ခေါင်းထဲမှ မထုတ်နိုင်ခဲ့ခြင်းကိုပင်။
ရှန့်ဖန်းယွိ သူ၏အိမ်မက်ထဲတွင် ပျောက်ဆုံးနေမည်ကို စိုးရိမ်နေသောကြောင့် ကျန်းရွှိထံတွင် ထိုမှဲ့ရှိမရှ်ိကို တစ်ချက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
သူ့ကိုယ်သူအထိခိုက်ခံလုမတတ် ရင်းနှီးပြီးနောက်တွင် ကျန်းရွှိ သူ့ကိုကော်လာမှကောက်မလိုက်ချိန်၌ ထိုတောက်ပအရည်လဲ့နေသောမှဲ့ကို မြင်လိုက်ရလေသည်။
" သောက်ကျိုးနည်း ဒီရန်ပွဲကဘယ်လိုစသွားတာလဲဟ.."
" အစ်ကိုကျန်း အဆင်ပြေရဲ့လား…"
ဆရာဝန်အချို့မှာ ဆူညံသံကြောင့် အပြေးရောက်လာကြသည်။ ထုံးစံအတိုင်းပင် ၎င်းမှာ ဒေါက်တာရှန့်နှင့် ဒေါက်တာကျန်းတို့ ဖြစ်နေပြန်သည်။
အလုပ်သင်များမှာ သူတို့၏သက်ဆိုင်ရာဆရာများနောက်တွင် ရပ်နေကြကာ အခြေအနေမှာ စစ်ပွဲကြီးတစ်ခုစတင်တော့မလိုဖြစ်နေခဲ့သည်။
ကျန်းရွှိ ရှန့်ဖန်းယွိကို စိုက်ကြည့်လိုက်သော်လည်း မလှုပ်ရှားလာခဲ့သော်လည်း ပြောလာခဲ့သည်။
" ဒါကဆေးရုံ ငါမင်းနဲ့ရန်ဖြစ်မှာမဟုတ်ဘူး…စနေနေ့အလုပ်ဆင်းရင် လက်ဝှေ့ကွင်းကိုသာလာခဲ့ .. မလာတဲ့ကောင် အဖိုးခေါ်ကြေးကွာ…"
ထိုသို့ပြောပြီးနောက် သူ၏နေ့လည်စာဘူးကိုကိုင်ကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်ပြီး ထွက်သွားခဲ့သည်။ ရှန့်ဖန်းယွိမှာ အနောက်မှနေ၍လှောင်ပြောင်နေပြီး မီးထဲသို့ဓာတ်ဆီလောင်းထည့်ရန်ကိုပင် မမေ့ခဲ့ပေ " မင်းရဲ့ကျောက်ကပ်တွေပဲအားနည်းလို့လား ဒါမှမဟုတ် မနေ့ညကရုပ်ရှင်တွေကြည့်ပြီး လွန်လွန်ကဲကဲလုပ်ခဲ့လို့လားပဲ မင်းမျက်နှာက အတော်ဖြူဖျော့နေတာနော်…"
တိမ်မည်းများအုံ့မှိုင်းနေသည့် ကျန်းရွှိမှာ သူ၏စကားများကို မြိုချလိုက်ကာ ခဏရပ်လိုက်ပြီး " မင်းကသာ မနေ့ညက တရားလွန်လုပ်ခဲ့တာ…" ထို့နောက် သူတစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့သည်။
ရှန့်ဖန်းယွိ ယမန်နေ့ညမှအကြောင်းများကို မေ့သွားခဲ့လေပြီ။
ကျန်းရွှိ ကားကိုပါကင်မှထုတ်ကာ တီးတိုးပြောနေခဲ့သည်။
" မေ့သွားတာကောင်းတယ် ရှင်းရှင်းလင်းလင်းသာမေ့ပစ်လိုက်တော့…"
ယုတ်စွအဆုံး သူလူသတ်ခြင်းဖြင့် အဆုံးသတ်ရုံသာ..
အိမ်သို့ပြန်သည့်လမ်း၏ကားပိတ်ခြင်းမှာ ဆိုးရွားလှသည်။ လက်လုပ်လက်စားများနှင့်အလုပ်သမားဖြင့်ပြည့်နှက်နေသည့် မြို့တစ်ခုအနေဖြင့် မြို့တော်အေမှာ သူ၏အမည်အတိုင်း မနက်ခင်းအစောပိုင်းစ၍ ညလယ်ခေါင်အထိ လူခြေမတိတ်ခဲ့ပေ။
ကျန်းရွှိ လမ်းလယ်တွင် ပိတ်မိနေပြီး တစ်လောကလုံးမှာ သူ့ကိုဆန့်ကျင်နေသကဲ့သို့ အရှေ့အနောက်တိုးမရခဲ့ချေ။
" အဆင်ပြေပါတယ်…" ကျန်းရွှိ သူ့ကိုယ်သူနှစ်သိမ့်လိုက်သည် " ရှန့်ဖန်းယွိနဲ့အိပ်မိခဲ့ရုံလေးပါ ခွေးကိုက်ခံလိုက်ရတာလို့ မှတ်လိုက်တော့…"
အကြိမ်ကြိမ်အခါခါ သူ၏စိတ်အခြေအနေကို ပြန်လည်တည်ဆောက်ပြီးနောက် ကျန်းရွှိ သူ၏အခက်အခဲများကို လွှတ်ချနိုင်ခဲ့သည်။ ခွေးကိုက်ခံရသည်မှာ အနည်းငယ်နာကျင်ရသော်လည်း သူလုံးဝရှန့်ဖန်းယွိအောက်သို့ကျစေမည်မဟုတ်ချေ။
ကားပြတင်းပေါက်မှ အပြင်သို့ကြည့်နေစဉ် ရုတ်တရက်ဆိုသလို ယမန်နေ့မှ ငရဲဘား၏ဘေးသို့ ရောက်နေကြောင်း သတိပြုမိသွားသည်။ နေ့ခင်းအချိန်ဖြစ်နေသောကြောင့် ဆိုင်းဘုတ်မှာ အလင်းများမပါဘဲ မြင်သာထင်သာမရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ ရဲသားတစ်စုမှာ ငရဲဘား၏ရှေ့တွင် တစ်ယောက်ကိုတစ်ယောက်တီးတိုးပြောနေသည်ကို မြင်လိုက်ရသဖြင့် ကျန်းရွိ မေးလိုက်သည်။
" ညီအစ်ကိုတို့ ဒီမှာဘာတွေဖြစ်နေတာလဲ…"
ဖြောင့်မတ်ပုံရသည့်ရဲသားတစ်ဦးမှ အလေးအနက်ပြောလာခဲ့သည်။
" ဒီဘားမှာအရက်တုတွေရောင်းနေတယ်လို့ သံသယရှိလို့ ခံရတဲ့သူတွေကိုစစ်ဆေးနေတာပါ…"
ကျန်းရွှိ : "...."
" ဒါဆိုပိုင်ရှင်က ထောင်ဘယ်နှစ်နှစ်ကျခံရမှာတဲ့လဲ…"
" ပြောဖို့တော့ခက်တယ် .. အခြေအနေအတော်ဆိုးတာဆိုတော့ ပျမ်းမျှတော့ဆယ်နှစ်လောက်ကျမှာပဲ.."
" ကောင်းတယ် အရမ်းကောင်းတာပဲ…" ကျန်းရွှ်ိတွေးလိုက်မိသည်။
" မင်းတစ်ဘဝလုံးထွက်မလာနိုင်ရင် ပိုတောင်ကောင်းဦးမယ်…"
သူ၏အကြည့်များကို အမူအယာကင်းမဲ့စွာဖြင့် ရုတ်သိမ်းလိုက်ပြီးနောက် အချိန်အတန်ကြာမှ သူ၏ခေါင်းကို စတီယာရင်နှင့် အပြင်းအထန်ဆောင့်တိုက်မိလိုက်သည်။
" အရက်တုတွေက အရမ်းအန္တရာယ်များလွန်းတယ်…"
🍷🍷🍷🍷🍷