Chapter 81
(စုမုန့်ကို ဘယ်သူမှ ဂရုမစိုက်ကြ)
ဟုန်စစ် ဆီသွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်၍ စုမုန့် နေ့ကို တွက်ကြည့်သည်။မနက်ဖြန်သည် ခရီးရှည်ထွက်ရန်အတွက် ကောင်းသောနေ့ဖြစ်သည်။ သူမလည်း ရှန့်ကျန်း နှင့် လင်းအိုက် တို့ကို ပြောပြလိုက်ရာ အားလုံးက သဘောတူခဲ့ကြသည်။ကံကောင်းစွာဖြင့်၊ သူမ ကားတစ်စီးဝယ်ထားသောကြောင့် ထိုနေရာသို့ မောင်းနှင်သွားရန် အဆင်ပြေသည်။
လင်းအိုက်သည် အချိန်အတော်ကြာအောင် နေခဲ့ပြီးမှ အိမ်ပြန်သွားသည်။သူမ မနက်ဖြန်မှပြန်လာပြီး လိုက်မည်ဖြစ်သည်။
လင်းအိုက် ထွက်သွားပြီးနောက် စုမုန့် က ကောရှန်းကို
"အဘိုးကြီး ဘာလို့ သူမ အကြောင်းကို အရင်က မပြောခဲ့တာလဲ"
ကောရှန်း သာမက ဟုန်စစ်ကလည်း လင်းအိုက်အကြောင်းကို တစ်ခါမှ မပြောဖူးပေ။လင်းအိုက် ပုံစံကိုကြည့်ရုံဖြင့် သူမသည် အဘိုးကြီး၊ဟုန်စစ်တို့နှင့် အလွန်ကောင်းသော ဆက်ဆံရေးရှိကြောင်း သူမ ခံစားမိသည်။
သို့သော်လည်း ကောရှန်း က လျစ်လျူရှုပြီး “သူမက ဆိုင်မှာ တစ်လလောက်ပဲ အချိန်ပိုင်းအလုပ်လုပ်တာ... ငါကလည်း သူမနဲ့ နှစ်ရက်ပဲနေခဲ့ရတယ်"
စုမုန့်: “…”
ဆရာဖြစ်သူအတွက် သူငယ်ချင်းကောင်း ရှားပါးသည်ဟု သူမထင်ခဲ့မိ၍ အံ့အားသင့်မိ၏။
သို့နှင့်၊ တစ်ညတာ ငြိမ်သက်စွာ ကုန်ဆုံးကြသည်။နောက်တစ်နေ့ မိုးမလင်းခင်အရုဏ်တက်ချိန်တွင် စုမုန့် အိပ်ရာထပြီး သန့်ရှင်းရေးလုပ်လိုက်သည်။ရှန့်ကျန်း က အိပ်ပျော်နေဆဲဖြစ်၍ သူ့အခန်းတံခါးကို အချိန်အတော်ကြာခေါက်လိုက်ရသည်။ထို့နောက် သူမသည် ပေါင်မုန့်ချပ်အနည်းငယ်ကို ဖုတ်ပြီး နို့နှစ်ခွက် ပြင်ထား၏။ပြီးလျှင် ပေါင်မုန့်ကို တတ်နိုင်သမျှ မြန်မြန်စားကာ ထွက်သွားရန် စီစဉ်ခဲ့သည်။
မနက်စာစားပြီးနောက် လင်းအိုက်လည်း ရောက်လာ၍ သုံးယောက်သား ဟုန်စစ်၏ မွေးရပ်မြေသို့ သွားခဲ့ကြသည်။ ခရီးက အလွန်ဝေးသည်။သူမတို့ တောင်ခြေသို့မရောက်မီ သုံးနာရီကြာကားမောင်းလာခဲ့ရသည်။ထိုအချိန်တွင် ကောင်းကင်ကလည်း ထိန်လင်းလာလေပြီ။သူမ သတိမထားမိခဲ့သည်က အနက်ရောင်ကားတစ်စီးမှာ ရှေးဟောင်းဆိုင်မှ၊ အဝေးပြေးလမ်း တစ်လျှောက်လုံး သူမနောက်က လိုက်လာခဲ့ခြင်းကိုပင်။
စုမုန့်သည် လမ်းကြောင်းအတိုင်း တောင်ပေါ်သို့ မောင်းသွားခဲ့သည်။ နောက်ထပ် နာရီဝက်လောက် ကားမောင်းပြီးသည့်နောက်မှာ မြေပုံပေါ်က အမှတ်အသားပြုထားသော ရွာကို ရောက်သွား၏။ ကောရှန်း ပြောခဲ့သလိုပင် တော်တော်ခရီးဝေးလှသည်။သူမ ရွာအစွန်တွင် ကားကို ရပ်လိုက်သည်။ အထဲက လမ်းတွေက သွားလာရ မလွယ်ကူသလို လမ်းလည်းကြမ်းသည်။လမ်းမသိသူတွေအတွက် လမ်းပျောက်ဖို့ လွယ်ကူလှ၏။
ရွာထဲကို ကားဘီး ဖြည်းဖြည်းချင်း လိမ့်၍ ဝင်သွားလျှင် လမ်းဆုံတွင် ခွေးခြေပုလေများ ချကာ ထိုင်နေသည့် အဒေါ်သုံးယောက်ကို တွေ့ရ၏။သူမလည်း ကားမှန်ကိုချ၍...
"တစ်ဆိတ်လောက် ဟုန်စစ်ရဲ့အိမ်ဘယ်မှာလဲရှင်"
ဟုန်စစ်၏အမည်ကို သူတို့သုံးယောက်ကြားလိုက်သောအခါ ထူးထူးခြားခြား တစ်စုံတစ်ရာကို မြင်လိုက်ရသလိုပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းယမ်းလိုက်၏။
"မသိဘူး…တခြားတစ်ယောက်ယောက်ကို မေးရင်ပိုကောင်းမယ်"
ထို့နောက် သူတို့သုံးယောက်လုံး ခွေးခြေလေးတွေကို ပြန်သယ်ပြီး အမြန်ထွက်သွားသည်။ သူတို့ပြုမူပုံက စုမုန့်သည် ကြောက်စရာကောင်းသည့် သတ္တဝါတစ်ကောင်လိုပင်။သူတို့ကိုပါ ကံဆိုးမှာစိုးသည့်အလား၊အတင်းသုတ်ခြေတင်ပြေးကြ၏။
အဒေါ်တွေ ထွက်သွားသည်နှင့် ပေါက်ပြားကိုထမ်းလာသည့် လူတစ်ယောက် လမ်းလျှောက်လာသည်။ အလုပ်ဆင်းရန် ပြင်ဆင်နေပုံရသည်။စုမုန့် သူ့ကို ထပ်ပြီး ဟုန်စစ် အကြောင်း မေးရာ အဒေါ်သုံးယောက်လိုမျိုး တုံ့ပြန်ပြန်သည်။ ခြေလှမ်းကို သုတ်ခြေတင်ပြီးတစ်ချိုးတည်း ပြေးသွားသဖြင့် ချော်လဲမလို ဖြစ်သွားလေသည်။
" အစ်ကိုဟုန်က ဘာဖြစ်လို့လဲ...သူတို့က ဘာလို့အရမ်းကြောက်နေကြတာလဲ"
ရှန့်ကျန်းက ကားပြတင်းပေါက်ကိုချရင်း ပြောရာ လင်းအိုက်လည်း ဝင်ပြောသည်။
“အစ်ကိုဟုန်က လူကောင်းပါ...သူက ညီမကို အများကြီး ကူညီပေးခဲ့တာ…ကြောက်စရာလည်းမကောင်းပါဘူး...ဒီလူတွေကများ သူ့အပေါ် အမှားလုပ်မိထားလို့များလား"
လင်းအိုက် စကားကြောင့် စုမုန့် သတိမထားမိသည့်အရာတစ်ခုကို တွေးမိသွားရ၏။ရွာသားများ၏ မျက်နှာကို သူမ တစ်ချက် ပြန်တွေးကြည့်လိုက်ရာ သူတို့၏ ကံဇာတာမျဉ်းအလယ်မှာ အစိမ်းရောင်ကံကြမ္မာဖန်လုံးတစ်ခု ရှိနေသည်။ဆိုလိုသည်မှာ သူတို့သည် မကြာသေးမီက အကျိုးအမြတ်များစွာ ရရှိထားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"တစ်ယောက်၊နှစ်ယောက်ဆိုရင်လည်း တော်သေးတယ်...ရွာက ရွာက အရမ်းကြီးနေတော့ ဒီလိုအဖြစ်မျိုးတွေ ဆင်တူနိုင်တာပဲ...ဒါပေမယ့် ဒီလူလေးယောက်ရဲ့ မျက်နှာတွေက ဘာလို့ အတူတူဖြစ်နေတာလဲ... "
စဉ်းစားရင်း စုမုန့် လောလောဆယ် လမ်းမမေးဘဲ တစ်ခြားရွာသားများအား အကဲခတ်ကြည့်ဖို့ ဆုံးဖြတ်လိုက်၏။ဤနေရာသည် ရွာစွန်တွင်ဖြစ်သောကြောင့် ရွာသားများစွာကို မတွေ့ရပေ။ရံဖန်ရံခါမှသာ ရွာသား တစ်ယောက် သို့မဟုတ် နှစ်ယောက် လမ်းလျှောက်လာတတ်သည်။ဤရွာသားများသည် အချင်းချင်း မျက်နှာသိများဖြစ်၍ တစ်ယောက်နှင့်တစ်ယောက်လည်း ရင်းနှီးကြသည်။ ထို့ကြောင့် စုမုန့်လို လူစိမ်းကို ရုတ်တရက် တွေ့လိုက်သောအခါ မသိမသာ အကဲခတ်နေကြ၏။
နောက်ထပ် လူအနည်းငယ်ကို ကြည့်ပြီးနောက်၊ရွာသားတစ်ဦးစီတိုင်းတွင် ကံကြမ္မာဖန်လုံးတစ်လုံးစီ ရှိသည်ကို တွေ့ရှိခဲ့သည်။သို့သော် အချို့ကကြီးပြီး အချို့မှာ သေးငယ်သည်။ထိုမျှမကသေး၊ရွာအပြင်ဘက်အစွန်းမှာရပ်နေစဉ်က သူမ အနီးအနားမှာ ယင်စွမ်းအင် လှိုင်းလုံးကြီးများအား ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။ သို့သော် ရွာအတွင်းဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်၊ ယင်စွမ်းအင်လှိုင်းလုံးက အားနည်းလာသည်။
ဤခံစားချက်က ရွာကို အကာအကွယ် တစ်ခုခုပေးနေသလိုပင်။သို့သော် ရွာသားတွေအပေါ် ဆိုးရွာသည့်သက်ရောက်မှုရှိနေ၏။
ထူးဆန်းလွန်းသည်။ရွာက အေးချမ်းနေသော်လည်း သူမ စိတ်မသက်မသာ ခံစားရသည်။သို့သော် သူမ ရွာကို စူးစမ်းလေ့လာချင်တာကြောင့် ဆက်မောင်းဝင်လာခဲ့သည်။ရွာထဲသို့ ဖြည်းညှင်းစွာ မောင်းလာခဲ့ရာ လမ်းတစ်လျှောက် တွေ့သောလူများသည် သူမကို လူစိမ်းမှန်းသဘောပေါက်ကာ နှုတ်မဆက်ပဲနေသည်။ထို့ကြောင့် သူမကိုမြင်သော ရွာသူရွာသားတိုင်းသည်
ကြောက်စရာကောင်းသည့် အရာတစ်ခုကို မြင်ရသလို သူမ စကားမပြောမီ ထိတ်လန့်တကြား ရှောင်တိမ်းနေကြလေ၏။
(သာမန်အဘိုးအို)
"ကျွတ်ကျွတ် မင်းက အရမ်းလှတာကို သူတို့က ဘာလို့ ကြောက်နေတာလဲ...ကြည့်ရတာ မင်းက သူတို့မျက်လုံးထဲမှာ အရိုးစုလား…ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်လား"
ရှန့်ကျန်းက အနောက်မှာထိုင်ပြီး လောကကြီးကို ဂရုမစိုက်သလို၊ ရယ်မောလိုက်သည်။ကားနောက်ခန်းမှာ ပြတင်းပေါက်တွေကို ပိတ်ထားသည့်အတွက် အပြင်မှ မမြင်ရပေ။ယာဥ်မောင်းထိုင်ခုံမှာ ထိုင်နေသည့် စုမုန့် ကိုပဲ မြင်နေရ၏။ထို့ကြောင့် ရှန့်ကျန်းက သူမကို ပြောနေခြင်းပင်။
"ဘာလို့ ရှင်က သူတို့ကို မမေးသလဲ... "
လင်းအိုက်က ရှန့်ကျန်းကို ဘေးမှ လှမ်းပြောလိုက်သည်။
"မဟုတ်ဘူး၊ ဆရာမ စုမုန့်ကိုတောင် မကြိုက်ကြတာ အစ်ကိုဆိုရင်တော့ ပိုဆိုးမှာပဲ"
ကားမောင်းလာစဉ် ရွာသားများကိုကြည့်ရင်း စုမုန့် မျက်နှာပျက်ယွင်းလာရ၏။ကံကောင်းစွာ၊နောက်ဆုံးတွင် ရွာလယ်သို့ ရောက်လာခဲ့ရာ သူမ စကားကိုကြားပြီး ထွက်မပြေးသော သူနှင့် တွေ့ရသည်။ထိုသူမှာ အသက် ခုနှစ်ဆယ်ကျော်အရွယ် အဘိုးအိုတစ်ဦးဖြစ်၍ ခါးကိုင်းကိုင်း၊ဆံပင်ဖြူနေကာ ရုပ်ရည်အင်္ဂါကြမ်းတမ်းတာကြောင့် ငယ်ငယ်က တော်တော်ပင်ပန်းထားပုံရသည်။
စုမုန့် သည် ဟုန်စစ် အကြောင်းသူ့အား မေးသောအခါ သူ၏အမူအရာက ပြောင်းလဲသွားသော်လည်း ပုံမှန်အတိုင်း အမြန်ပြန်ဖြစ်သွားခဲ့သည်။
"မင်းက တော်တော်လှတာပဲ...အပန်းဖြေခရီးထွက်ဖို့ မြို့ကလာတာလား... ဒီရွာက မင်းလာသင့်တဲ့နေရာမဟုတ်ဘူး...မြန်မြန်ပြန်သွားပါ... မမှောင်သေးဘူး၊ အပြင်ထွက်လို့ရတယ်... မှောင်နေရင်တော့ အပြင်မထွက်ရတော့ဘူး”
"ကျွန်မ ဒီကို အပန်းဖြေဖို့ လာတာမဟုတ်ပါဘူး...လူတစ်ယောက်ကိုလာရှာတာပါ… သူ့ကိုရှာတွေ့ပြီးတာနဲ့ ချက်ချင်းထွက်သွားမယ်...ဒါဆို အဘိုးက ဟုန်စစ်ရဲ့အိမ်က ဘယ်မှာလဲဆိုတာ သိလား"
စုမုန့် က မေးလိုက်သည်။
“ဟင်း…မေ့လိုက်တော့... ငါ့အသက်အရွယ်အရတော့ ကြောက်စရာဘာမှမရှိပါဘူး... ဟုန်စစ်က ရွာသူကြီးအိမ်မှာ...သူကြီးအိမ်က ဒီကနေ တန်းတန်းသွား...အကြီးဆုံးရှေးဟောင်းအပင်ကိုတွေ့ရင် ညာကိုချိုး...အိမ်တံခါးဝမှာ ကျောက်ခြင်္သေ့နှစ်ကောင်ရှိတဲ့ အိမ်က ရွာသူကြီးအိမ်ပဲ”
"ရွာသူကြီးကိုတွေ့ရင် သတိထားပါ… သူက တစ်ရွာသားတွေကို အမုန်းဆုံးပဲ... ရွာသားတွေကိုလည်း သူတို့နဲ့ဝေးဝေးနေစေချင်တယ်...အားယား ငါမင်းကိုဘာလို့ဒီလောက် ပြောနေမိတာလဲ… မင်းကို ငါပြောခဲ့တာတွေ အကုန်မေ့လိုက်... သွားတော့ သွားတော့... ကိုယ့်အတွက်ကို ဆုတောင်းနေတာ ပိုကောင်းတယ်"
အဘိုးအိုသည် စုမုန့်ကို လမ်းညွှန်ပေးပြီးနောက် သက်ပြင်းချကာ ထွက်သွားလေသည်။
သူမကို ဘယ်သူမှ အာရုံစိုက်ဖို့ မဝံ့ရဲကြခြင်းက ရွာသူကြီးကြောင့် ဖြစ်နိုင်သည်။ဒါပေမယ့် ရွာသူရွာသားတွေက ဘာလို့ ရွာလူကြီးကို ကြောက်နေကြတာလဲ...ဒါမှမဟုတ် မကြောက်ဘဲ နာခံတာလား... ဒါပေမယ့် ရွာသူကြီးတစ်ယောက်ဟာ တစ်ကယ်ပဲ ဒီလောက် အစွမ်းထက်တာလား…
စုမုန့် ရွာသူကြီးအိမ်ဘက်ကို မောင်းလာရင်း အံ့အားသင့်မိသည်မှာ ရွာသူကြီး၏အိမ်ဝိုင်းထဲတွင် ရေဝဲသဏ္ဍာန်ရှိသော ကောင်းမွန်သည့် ချီစွမ်းအင်တစ်ခု ရှိနေသည်။ထို့အပြင်၊ရွာသူကြီး၏အိမ်တွင် ရေကူးကန်က အိမ်ဝိုင်းအလယ်မှာရှိ၍ ဤအိမ်မှ ကောင်းချီးမင်္ဂလာသည် တစ်ရွာလုံးသို့ ပျံ့နှံ့သွားစေသည်။
သူမ မျက်လုံးမှိတ်၍ အာရုံခံကြည့်ပြီး ခဏအကြာတွင် ပြန်ဖွင့်လိုက်သည်။စောစောက ရွာသူကြီးအိမ်မှာ ကောင်းသည့်ချီစွမ်းအင်က အဝေးကို ပျံ့သွားစေသည်ဟု သူမထင်ခဲ့မိသည်။သို့သော်လည်း အနီးကပ်စစ်ဆေးကြည့်သောအခါ၊အခြားသူများ၏ ကောင်းသည့်ချီစွမ်းအင်ကို စုပ်ယူနေကြောင်း သူမ သိလိုက်သည်။
" ဒီရွာသူကြီးရဲ့အိမ်က အရမ်းကောင်းတာပဲ...ဒီလို ကောင်းတဲ့စွမ်းအင်တွေရှိနေတာဆိုတော့ဘယ်လောက်တောင် စုဆောင်းထားရမလဲမသိဘူး…"
ရှန့်ကျန်းက ပြောလိုက်ပြီး ဆက်၍
“ဒါပေမယ့် အရမ်း ထူးဆန်းတယ်...ဒီလိုမျိုး အရမ်းကောင်းတဲ့စွမ်းအင်မျိုးဆို ဒီမိသားစုက အရမ်း ချမ်းသာပြီး မြင့်မြတ်တဲ့မိသားစုဖြစ်နိုင်တယ်...ဒီလိုရွာငယ်လေးမှာ မနေသင့်ဘူး”
"ရှင်လည်း မြင်ရတာလား"
စုမုန့် မျက်ခုံးပင့်ကာဆိုလိုက်သည်။ ရှန့်ကျန်းလည်း မြင်နိုင်မည်ဟု မမျှော်လင့်ထားပေ။အလွန်ပင် သိပ်သည်းလွန်းတာကြောင့်သာ မြင်ရခြင်းပင်။ထို့နောက် ရှန့်ကျန်းက ခေါင်းညိတ်လိုက်ပြီး သူမအား သူမြင်သည့်မြင်ကွင်းကို ပြောပြ၏။
"ကိုယ်မြင်တာကတော့ ဖဲကြိုးလိုမျိုး ရောင်စုံရောင်ဝါက အိမ်ပေါ်မှာ ဒေါင်လိုက်ပေါ်နေတယ်… နည်းနည်းလေးမှိန်ပေမယ့် တော်တော်လှတယ်”
ရှန့်ကျန်း စကားကိုကြားပြီး သူ မြင်သောအရာမှာ ရေဝဲဖြစ်ကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
စုမုန့်နှင့် ရှန့်ကျန်းတို့သည် သူမ မမြင်နိုင်သော အရာတစ်ခုအကြောင်း ပြောနေသည်ကို လင်းအိုက်က ကြားပြီး...
“ဘာလဲ၊ ဘာကြီးလဲ…ညီမ ဘာလို့ မမြင်ရတာလဲ"
"မင်းက ပုံမှန်လူဆိုတော့…" ရှန့်ကျန်း က လင်းအိုက်ကိုကြည့်ရင်း ပြောလိုက်၏။
“သြော် သာမာန်လူတွေက မမြင်ရဘူးလား… ဒါဆိုရင်တော့ နားလည်ပါပြီ”
လင်းအိုက်က တစ်ကယ်ယုံကြည်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
အိမ်ပေါ်က ကောင်းသည့်ချီကိုကြည့်ရင်း စုမုန့် စိတ်ထဲမှာ မကောင်းပေ။ ရွာသူကြီး၏ လုပ်ပုံလုပ်နည်းမှာ အခြားသူတို့၏ ကောင်းမွန်သော ချီစွမ်းအင်ကို လုယက်သည့် ဓားပြတိုက်ခြင်းဟု ပြတ်ပြတ်သားသား ပြောရမည်ဖြစ်သည်။ယခုတော့ ချီစွမ်းအင်ကို စုပ်ယူခံထားရသူများသည် ကံမကောင်းနိုင်ကြပေ။
“အခြေအနေက နည်းနည်းလွဲနေတယ်… တခြားနေရာကို အရင်ကြည့်ရအောင်”
စုမုန့်သည် ရွာသူကြီးအိမ်ဘေးရှိ ကျောက်တစ်လုံးအောက်တွင် အဆောင်စာရွက်ကို ချထားလိုက်သည်။ဤအတိုင်းဆို စာရွက်ပျောက်သွားလျှင်ပင် ကောင်းကင်မှာ စီးဆင်းနေသည့် စွမ်းအင်ကို အားကိုးနေနိုင်သေးသည်။ပို၍လည်းစိတ်ချရ၏။
xxxxxx