အပိုင်း၈၂
Viewers 7k

Chapter 82

( ရှန့်ကျန်း အညှို့ခံရခြင်း)


ကားနှင့်ဆို အဆင်မပြေဖြစ်မှာစိုး၍  စုမုန့် ကားရပ်ရန်နေရာရှာပြီး လမ်းလျှောက်ဖို့ ပြင်လိုက်သည်။သုံးယောက်သား ဆယ်မိနစ်ကျော် လမ်းလျှောက်ကြသည်။ရွာထဲက မထွက်လာခင် သုသာန်တစ်ခု တွေ့ရသည်။ထူထူးဆန်ဆန်း၊ရွာထဲမှာ သင်္ချိုင်းဆောက်ထားခြင်းပင်။ဆက်လျှောက်ချင်လျှင် ဤသင်္ချိုင်းကို ဖြတ်သွားရမည်ဖြစ်သည်။


စုမုန့် နှင့် ရှန့်ကျန်း တို့က ဂရုမစိုက်သော်လည်း လင်းအိုက် က ကြောက်လန့်နေလေသည်။ သူမသည် ခြေလှမ်းကိုရပ်လိုက်ပြီး သင်္ချိုင်းကိုကြည့်ကာ ဆက်၍မလျှောက်ဝံ့ပေ။


 "ဘာလဲ…သင်္ချိုင်းကိုကြောက်နေတာလား"


  ရှန့်ကျန်း က လင်းအိုက်ကို လှည့်ကြည့်လိုက်သည်။


လင်းအိုက်က ခေါင်းညိတ်ကာ ရှက်ကိုးရှက်ကန်းဖြင့်


 “ဒီလိုမျိုးကို အကြောက်ဆုံးပဲ...ညီမက တစ္ဆေသရဲရုပ်ရှင်တွေ မပြောနဲ့ မှုခင်းရုပ်ရှင်တွေတောင် မကြည့်ရဲဘူး…လူသေတွေနဲ့ သရဲတစ္ဆေတွေလို အရာတွေကို အကြောက်ဆုံးပဲ”


 “လူတိုင်းမှာ သေချိန်ဆိုတာရှိတယ်... သရဲတစ္ဆေက ညီမကို ဒုက္ခမပေးနိုင်ဘူး....သရဲတစ္ဆေတွေ တစ်ကယ်ရှိတယ်ဆိုရင်လည်း ကမ္ဘာကြီးက ပုံမှန်အတိုင်းလည်ပတ်နေမှာပါပဲ…ဘာပဲဖြစ်ဖြစ် ကိုယ်က ဘာမှမလုပ်ဘဲ မနှောင့်ယှက်ရင် ဘာမှဖြစ်မလာနိုင်ပါဘူး"


 “ဒါ့အပြင် ဒီသေဆုံးသူတွေဟာ တခြားသူတွေရဲ့ ဆွေမျိုးတွေပါ…ကြောက်စရာ ဘာမှ မရှိပါဘူး.…ပြီးတော့ တို့က ဖြတ်ကူးရုံလေးပါ... ဘာမှမလုပ်ပါဘူးအဆင်ပြေပါတယ်"


စုမုန့်က လင်းအိုက်ကို လေသံပျော့လေးဖြင့် နှစ်သိမ့်ပေးသည်။  


ရှန့်ကျန်း သည် စုမုန့် နှစ်သိမ့်လိုက်တာကြောင့် ဝင်မေးသည်။


"ဆရာမက တစ္ဆေတွေကို တစ်ကယ်မကြောက်ဘူးလား"


စုမုန့်: "ကြောက်တယ်"


ရှန့်ကျန်း - "ဒါဆို မင်းက လင်းအိုက်ကို ဘာလို့ နှစ်သိမ့်နေရတာလဲ"


စုမုန့် က အေးစက်စွာပြောသည်။ 


"သူများကို အားပေးတာက မကြောက်မှ ဖြစ်မှာလား"


ရှန့်ကျန်း: "..."


သူမစကားကလည်း အများကြီး အဓိပ္ပာယ်ရှိသည်။


သုံးယောက်သား သင်္ချိုင်းတစ်ဖက်သို့ လျှောက်သွားကြသည်။တစ်ဖက်သို့ရောက်သောအခါ စုမုန့် တစ်ခုခုလွဲမှားနေသည်ကို သတိပြုမိသည်။  ဤသင်္ချိုင်း၏ နေရာတစ်စိတ်တစ်ပိုင်းကို အိမ်ဆောက်ရန် သိမ်းပိုက်ထားသည်။သူမ သတိပြုမိရခြင်းမှာ သင်္ချိုင်းဘေးက အိမ်အနည်းငယ်မှာ သေခြင်းတရား၏ အရိပ်အယောင်ကို မြင်နေရတာကြောင့်ပင်။ထိုအရိပ်အယောင်တို့သည် သင်္ချိုင်းကုန်းမှသာ ထွက်လာတတ်သည့် အရာဖြစ်သည်။


 “ဒီလူတွေက လူသေတွေနဲ့ ပိုင်နက်မြေရဖို့ တိုက်ပွဲဝင်နေကြတာပဲ” 


စုမုန့်က ပတ်ဝန်းကျင်ရှိ အိမ်များကို ကြည့်ရင်း ပြောလိုက်သည်။


 "ဘာလဲ"  ရှန့်ကျန်း သည် စုမုန့် ဘာကိုဆိုလိုသည်ကို နားမလည်သေး။


 “ဒီသင်္ချိုင်းက တော်တော်ဟောင်းနေပြီ.... ဒီနေရာကို သင်္ချိုင်းကုန်းအဖြစ် ရွေးချယ်ခဲ့တဲ့သူတွေက တော်တော် သိတတ်တဲ့သူတွေပဲ...ဒီနေရာမှာ တောင်တန်းတွေကလည်း ပတ်လည်ဝိုင်းနေတယ်…ရေကလည်း အသင့်ရှိနေတယ်…,အသီးအရွက်လည်း ရွာသားတွေက စိုက်ကြမှာပဲ...ဒီတော့ ဖုန်းရွှေ ရတနာနယ်မြေ ဖြစ်တယ်...ဒီမှာရပ်နေရုံနဲ့ ပတ်ဝန်းကျင်ဆီကနေ တဟုန်ထိုး တက်ကြွမှုကို ခံစားနိုင်တယ်"


 “တစ်ဖက်ကလည်း ရွာရဲ့ တခြားနေရာမှာ အနည်းနဲ့အများတော့ ချို့ယွင်းချက်ရှိနိုင်တယ်လေ...ဒါကြောင့်  ဒီရွာကလူတွေက ဒါကိုလုပ်ဖို့ အရမ်းထက်မြက်တဲ့ ဖုန်းရွှေပညာရှင်နဲ့ တိုင်ပင်ပြီးသား ဖြစ်လိမ့်မယ်”


သူမ စကားဆုံးသောအခါ သင်္ချိုင်းကုန်းနှင့် အိမ်ကြားရှိ ကျောက်ဆောင်ကြီးကို ပြပြီး "ဟိုမှာရေတွင်းတစ်ခုလည်း တူးထားသေးတယ်"


ရှန့်ကျန်း နှင့် လင်းအိုက် က သူမ ညွှန်ပြသည့်ဘက်ကို ကြည့်လိုက်သည်။သို့သော်၊သူတို့ ဘယ်လိုပဲကြည့်ကြည့်၊ ကျောက်တုံးကြီးတစ်တုံးကိုသာ မြင်နေရတာကြောင့် နှစ်ယောက်သား ရှေ့သို့လှမ်းကာ အနီးကပ်ကြည့်လိုက်သည်။ တစ်ကယ်ပင် ရေတွင်းတစ်ခုရှိနေ၏။


ရေတွင်းက အဝမကျယ်သော်လည်း နက်သည်။ထို့အပြင်၊ပတ်လည်းမထားဘဲ အပွင့်အတိုင်းကြီးပင်။ဘေးမှာ လူတစ်ရပ်မကရှိသည့် ကျောက်တုံးကြီးတစ်ခုရှိသည်။ထိုကျောက်တုံးပေါ်မှာ အင်းစာရွက်အနည်းငယ်ကပ်ထားသည်။ 


 "ဒီရေတွင်းကို ဘာအတွက်သုံးတာလဲ"  


ရှန့်ကျန်း သည် ရေတွင်းနှင့် အလွန်နီးကပ်စွာရှိနေ၍ ပဲ့တင်သံများကိုကြားနေရသည်။


 "ရှင်တို့နှစ်ယောက်လုံး သတိထားပါ… ဒီရေတွင်းက မသန့်ဘူး…သူတို့က ဖုန်းရွှေရတနာမြေအတွက် သေပြီးသား သူတွေနဲ့ တိုက်ပွဲဝင်နေကြတာ...မသန့်ရှင်းတဲ့ ဟာတွေကို ဆွဲဆောင်မယ်ဆိုတာ သေချာတယ်...ဒါပေမယ့် ဒီနှစ်ခုကြားမှာ ရေတွင်းတူးပြီး အုတ်ဂူပိုင်ရှင်နာမည်ကို ရေးထိုးထားလိုက်ရင်  နှိမ်နင်းနိုင်မယ်…ဒါမျိုးက နောက်ဆို လူပြင်ဝင်စားပြီး ကလဲ့စားမချေမခံရစေဖို့ လုပ်ကြတာ" 


 “သူတို့က တစ်ကယ်ကို ရက်စက်လွန်းတယ်…လူသေကိုတောင် ကျိန်စာတိုက်ပြီး၊တန်ပြန်မခံရ အောင် လုပ်ထားတယ်ဆိုတော့ ဘယ်လိုတောင် မုန်းတီးမှု‌တွေ ရှိခဲ့ကြတာလဲ...”


လင်းအိုက်သည် ဒေါသကြောင့် မျက်နှာနီဖြင့် ဆိုလိုက်သည်။


ရွာထဲကို စဝင်ကတည်းက စုမုန့် သည် ရွာမှာထူးဆန်းသော အရာတစ်ခု ရှိနေကြောင်း ခံစားလိုက်ရ၏။ဤအရာကို မြင်လိုက်ရမှ သူမ အတွေးတွေက  ပိုသေချာလာခဲ့သည်။သူမ အတွေးထဲနစ်ဝင်နေရင်း ရှန့်ကျန်း ၏ လုပ်ရပ်သည် အနည်းငယ် ထူးဆန်းနေမှန်း ရုတ်တရက် သိလိုက်ရ၏။ရှန့်ကျန်း သည် ရေတွင်းအစွန်းတွင်ရပ်ပြီး အချိန်မရွေး ခုန်ဆင်းတော့မလိုမျိုး သူ့ခေါင်းမှာလည်း


အောက်သို့ယိမ်းထိုးနေသည်။


စုမုန့်သည် ရှေ့သို့အမြန်သွားပြီး ရှန့်ကျန်း၏ ကော်လာနောက်ဘက်မှ ဆွဲကိုင်ကာ အောက်သို့ ဆွဲချလိုက်သည်။ ရှန့်ကျန်း ၏ မျက်လုံးများမှာ ကြောင်စီစီဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ပါးကိုနှစ်ချက်ဆင့်ရိုက်လိုက်ရ၏။ ထိုမှသာ သူ အသိစိတ်ပြန်ဝင်လာသည်။စုမုန့် ပါးရိုက်ထားတာကြောင့် နီရဲနေသောပါးကိုကိုင်ထားကာ ရှန့်ကျန်း က ဒေါသတကြီး မေးသည်။


“မင်း ကိုယ့်ကို ဘာလို့ ရိုက်တာလဲ”


 “ဒီနေရာက အရမ်းထူးဆန်းတယ်… ရွာသူကြီးအိမ်ကို သွားကြည့်ရအောင်၊ ဒါကို ဖြေရှင်းဖို့ လိုသလားဆိုတာ စောင့်ကြည့်ရဦးမယ်”


စုမုန့် သည် ရှန့်ကျန်းကို လျစ်လျူရှုပြီး လှည့်ထွက်သွားခဲ့သည်။


( ရွာသူကြီး၏ပြဿနာ)


လင်းအိုက်က ပြုံးပြီး ရှန့်ကျန်းကို


 "ကြည့်ရတာ အစ်ကိုက အရမ်းတုံးလို့ နေမှာပေါ့"


ပြောပြီးနောက် သူမသည် ရှန့်ကျန်းကို တစ်ယောက်တည်းထားခဲ့ကာ စုမုန့် နောက်သို့ပြေးလိုက်လေသည်။


လင်းအိုက်ပြောတဲ့ သူ အရမ်းတုံးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... ဒီကလေးမ လူကြီးကို လာနောက်နေတာလား…


ထို့နောက် သူတို့ သုံးယောက်သား ရွာသူကြီးအိမ်နားကို ပြန်သွားကြသည်။ စုမုန့်သည် စောစောက အဖိုးအိုပြောခဲ့သည့်စကားကို တွေးနေမိသည်။သူ့စကားနောက်ကွယ်က အဓိပ္ပါယ်ကို အခုမှ နားလည်လာရသည်။ အဘိုးအိုက ညဘက်အပြင်မထွက်ရဘူးဟု ပြောရခြင်းမှာ ဤရွာမှလုပ်ဆောင်ခဲ့သောအရာများသည် တုံ့ပြန်မှုစတင်နေပြီဖြစ်သည်။သူမ ကူညီဖြေရှင်းပေးနိုင်သော်လည်း အန္တရာယ်များ၏။ယခု အရေးကြီးဆုံးအချက်မှာ ဟုန်စစ်  ကိစ္စကို အရင်ဖြေရှင်းရန်ဖြစ်သည်။


သူမ အိမ်တံခါးကို အချိန်အတော်ကြာအောင် ခေါက်ပြီးနောက် ခြံဝင်းထဲတွင် အသံအချို့ ကြားလိုက်ရသည်။   


“ဘယ်သူလဲ”


"မင်္ဂလာပါ...ကျွန်မက ရွာမှာ စီးပွားရေးလုပ်ဖို့ လာတာပါ.…ရွာလူကြီးနဲ့ တိုင်ပင်ချင်လို့ပါ”


 စုမုန့် က အော်လိုက်သည်။စီးပွားရေးကိစ္စလုပ်ရန် လာသည်ဟု ဆိုသောအခါ အထဲမှလူက တံခါးဆီသို့ လျှောက်လာ၍ 


“မင်းအသံက ထူးဆန်းတယ်...မင်းဘယ်ကလာတာလဲ"


"ကျွန်မတို့က ဒီမြို့နဲ့ သိပ်မဝေးတဲ့ မြို့ကနေ လာတာပါ...ကျွန်မတို့မှာ ပြဿနာလေးတစ်ခုရှိနေလို့ပါ...  ကျေးဇူးပြုပြီး တံခါးကို အရင်ဖွင့်ပေးပါ...ကျွန်မတို့မေးပြီးရင် ထွက်သွားပါမယ်"  


သူမ အသေးစိတ်မရှင်းပြဘဲ အကြမ်းဖျင်းပြောပြလိုက်၏။


တခြားမြို့က လာသည်ဟု ပြောရုံဖြင့် ရွာသူကြီး ဒေါသထွက်နေလောက်ပေပြီ။ဟုန်စစ်ကို လာရှာသည်ဟု ထပ်ပြောလျှင် တံခါးဖွင့်မပေးမှာစိုး၍ ပြောလိုက်ရခြင်းသာ။ထိုအခါ ရွာသူကြီးက တံခါးကို ဖြည်းညှင်းစွာဖွင့်ပေးလိုက်၏။


တံခါးဖွင့်ပေးသူမှာ အသက်လေးဆယ်ကျော်ခန့် ရှိသည်။အရပ်ကလည်း 1.75 မီတာခန့်ဖြစ်၍ အရပ်သိပ်မရှည်ပေ။သူ့ပုံစံက ထွားကြိုင်းနေကာ အသားက နက်ကြုတ်နေ၏။ 


 "ရှင်က ရွာသူကြီးလား"  စုမုန့် က မေးလိုက်သည်။


 ထိုလူက ခေါင်းညိတ်ပြီး အစီအစဉ်မကျသော မန်ဒရင်းဘာသာဖြင့် ပြောလိုက်သည်။  


"မင်း ဘာလိုချင်လို့လဲ"


 "ဟုန်စစ် ဘယ်မှာလဲ သိလား"  


စုမုန့် သည် ဟုန်စစ် အကြောင်းမေးမြန်းလာသောအခါ ထိုလူ ချက်ချင်းလှည့်ထွက်ပြီး တံခါးပိတ်ဟန်ပြုလိုက်သည်။သူမကလည်း အဆင်သင့်ပြင်ထားပြီးဖြစ်သည့်အတိုင်း တံခါးကို ခြေထိုးခံ၍ပိတ်လိုက်သည်။


“ရွာသူကြီး၊ စိတ်မပူပါနဲ့...ကျွန်မက စီးပွားရေးလုပ်နေသူပါ...ဟုန်စစ်က ကျွန်မဆိုင်မှာ ဝန်ထမ်းလုပ်ဖူးတယ်… သူရုတ်တရက် ပျောက်သွားတယ်...နုတ်ထွက်လွှာကိုလည်း မဖြည့်ရသေးလို့ သူ့ကို အလုပ်သမားဥပဒေအရ တိုက်ရိုက်တရားစွဲလို့ရတယ်"


 “ဒါပေမယ့် ဥပဒေလုပ်ထုံးလုပ်နည်းတွေက အရမ်းရှုပ်တာ...ဒါ‌ေကြာင့် သူ့ကို လာရှာတာ…သူ့မွေးရပ်မြေက ဒီမှာဆိုလို့ လာတာပါ...သူ့ကိုလည်း မတွေ့လို့ ရွာလူကြီးကို လာမေးတာ...ဟုန်စစ် လုပ်ရပ်က ဆိုးရုံတင်မကဘူး၊ကျွန်မတို့ဆိုင်က ရှေးဟောင်းပစ္စည်းတစ်ခုကိုလည်း ခိုးခဲ့တယ်…ကျွန်မ ရဲခေါ်ရင် သူ သေချာပေါက်ထောင်ကျလိမ့်မယ်”


စုမုန့်၏ စကားကိုကြားပြီးနောက် ရွာသူကြီး၏မျက်နှာသည် ချက်ချင်းပင် ပျက်ယွင်းကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်...


"ဘာဖြစ်တာလဲ၊ ငါနဲ့ ဘာဆိုင်လို့လဲ"


“သေချာတာကတော့ ရှင်နဲ့ဆိုင်တယ်...ဟုန်စစ်က ဒီရွာသားလေ…ကျွန်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူ့ကို ဆက်သွယ်လို့ မရဘူး... ဟုန်စစ်ပုန်းနေတာကိုသာ ရဲတွေက သိရင် ရှင်လည်းပဲ…”


စုမုန့် ကျန်စကားကို ဆက်မပြော‌ေတာ့‌ေပ။တစ်ချို့စကားတွေက အပြည့်အစုံမပြောလည်းလုံလောက်သည်။ ရွာသူကြီး၏ သဘောထားကိုကြည့်ပြီး ဟုန်စစ်အကြောင်း ရွာသူကြီးသည် တစ်စုံတစ်ရာ သိထားရမည်ဟု သူမ သိလိုက်၏။ထို့အပြင် ရွာသူကြီး၏ မျက်နှာသွင်ပြင်ကိုကြည့်၍ ရွာသူကြီး၏ ကံကြမ္မာသည် ကောင်းလွန်းသည်ဟု သူမ ပြောနိုင်သည်။ယခင်က သူသည် ပင်ပန်းဆင်းရဲစွာ ဖြတ်သန်းခဲ့ရသော်လည်း နောက်ပိုင်းမှာ ချမ်းသာပြီး ကောင်းမွန်သည့်ဘဝ ဖြစ်လာခဲ့၏။ဤ ပြောင်းလဲမှုသည် သူ့ဘဝ သူ့ကြောင့်လည်း မဟုတ်သလို ဘိုးဘေးများ၏ ကောင်းမှုကြောင့်လည်း မဟုတ်ပေ။၎င်းကို ဖုန်းရွှေ မှတစ်ဆင့်ရရှိခဲ့ခြင်းသာ။သို့သော်လည်း ရွာသူကြီး၏ ကံကြမ္မာ ရုတ်တရက် ပြောင်းလဲသွားသည့် အသေးစိတ်အချက်အလက်များအတွက် သူမ အချိန်အတန်ကြာ စောင့်ကြည့်ရန် လိုအပ်နေသေးသည်။


စုမုန့် မျှော်လင့်ထားသလိုပင်၊ ရဲအကြောင်း ပါလာသောအခါ ရွာသူကြီး မျက်နှာထားပြောင်းသွားရ၏။


  "ဒါဆိုလည်း အထဲဝင်လာပြီး အသေးစိတ် ဆွေးနွေးနိုင်ပါတယ်”


ရွာလူကြီးက တံခါးကိုဖွင့်ပြီး စုမုန့် နှင့် အခြားသူများကို ဖိတ်ခေါ်လိုက်သည်။ ရှန့်ကျန်း လည်းအထဲဝင်ဖို့ ပြင်လိုက်ရာ စုမုန့်က


 "အပြင်မှာနေပြီး ကားကိုကြည့်ထား"


သူမ ရှန့်ကျန်းကို ကပ်ပြောလိုက်သည်။တစ်ဖန် အခြားမည်သူမျှ မကြားနိုင်အောင် တမင်တိုးလျစွာဖြင့်... 


“နာရီဝက်အတွင်း ရှင့်ကို မဆက်သွယ်ရင် ရဲကိုဖုန်းဆက်လိုက်...ဒီလိုနေရာမျိုးမှာ ရွာသူရွာသားတွေက အားလုံး စုစည်းနေကြတာ...တစ်ခုခုဖြစ်သွားရင်၊ သူတို့ကလည်း အုံနဲ့ကျင်းနဲ့လာကြမှာ"


(ရွာသူကြီးက ချမ်းသာသူ)


သူမ ဤရွာကို မလာခင်က ရွာကိုလာသူသူစိမ်းများကို ဝိုင်းအနိုင်ကျင့်တတ်သည့် ရွာသားများအကြောင်း ကြားဖူးထားသည်။ထို့ကြောင့် ဘာပဲလုပ်လုပ် ကြိုတင်သတိထားရမည်။


စုမုန့်က နောင်ပြောင်နေပုံမရသဖြင့် ရှန့်ကျန်းလည်း နာခံလိုက်၏။ 


ဤသို့ဖြင့်၊ ရှန့်ကျန်း မှလွဲ၍ စုမုန့် နှင့် လင်းအိုက် သည် ရွာသူကြီးအိမ်ထဲသို့ လိုက်သွားခဲ့သည်။ရွာသူကြီးက သူ့ခြံထဲမှာ ရတနာများဝှက်ထားသည့်အလား ဝင်ပြီးချင်း တံခါးပိတ်ပစ်လိုက်သည်။


"ဟုန်စစ်က အရမ်းချစ်စရာကောင်းတဲ့ ကလေးပါ...သူက ခိုးတယ်ဆိုတာ မဖြစ်နိုင်ဘူး... ဖြည်းဖြည်းချင်း ပြောကြရအောင်"  


ရွာသူကြီးသည် စုမုန့်နှင့် လင်းအိုက်တို့အတွက် ရေတစ်ခွက်စီ ခပ်ပေးပြီးနောက် ဘေးတွင် ဝင်ထိုင်လိုက်သည်။


စုမုန့်သည် ဝင်လာကတည်းက ရွာသူကြီး၏အိမ်ကို သေချာကြည့်နေခဲ့သည်။အပြင်ဘက်ကကြည့်လျှင် သူ့အိမ်က ရိုးရိုးရှင်းရှင်းပင်။တံခါးနားမှာရှိသည့် ကျောက်ခြင်္သေ့နှစ်ကောင်ကလွဲ၍ တခြားအိမ်တွေနှင့် မတူချေ။သို့သော် အထဲဝင်လာသောအခါ ခြားနားသောကမ္ဘာတစ်ခုဖြစ်သည်။တံခါးကို တင်းတင်းကျပ်ကျပ် သော့ခတ်ထားခြင်းက သူ၏အိမ်သည် ခမ်းနားလွန်းလှသောကြောင့် ဖြစ်နိုင်သည်။


သူမ ကိုယ်တိုင်က ရှေးဟောင်းပစ္စည်းရောင်းသူမို့ ရွာသူကြီးအိမ်ရှိ အလှဆင်ပစ္စည်းများသည် မည်မျှတန်ဖိုးရှိသည်ကို ပြောပြနိုင်သည်။ဤရှေးဟောင်းအလှဆင်ပစ္စည်းများသာမက ရွာသူကြီးအိမ်တွင် ရွှေဖြင့်ပြုလုပ်သည့် အဆင်တန်ဆာများစွာ ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရှိခဲ့သည်။  အီလက်ထရွန်းနစ်နာရီ၏ အပြင်ဘက်ဘောင်သည် ရွှေစစ်စစ်ဖြစ်သည်။  


သူက ရွာသူကြီးပဲလေ…သူ့မှာ ပိုက်ဆံအများကြီးရှိနိုင်ပါ့မလား


 ရှေးဟောင်းပစ္စည်းများသည် မျိုးဆက်တစ်ခုမှတစ်ခုသို့ ဆင်းသက်လာမှန်း ကြည့်ရုံနှင့် သူမ သိနေသည်။နံရံပေါ်ရှိ ရွှေသားများသည် ခေတ်မီလက်ရာဖြစ်သည်။ထို့အပြင် ဤအရာများကို မကြာသေးမီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။တစ်နည်းဆိုရသော် သူသည် မကြာသေးမီကမှ ချမ်းသာလာခဲ့သည်။


ဒါဆိုရင် သူ ဘာလို့ ချမ်းသာလာတာလဲ....


စုမုန့်သည် ရွာသူကြီးနှင့် စကားစမြည်ပြောရင်း စဉ်းစားနေသည်။


 "ဒါဆို ရှင် သူ့ကို ကောင်းကောင်းမသိတာပဲ...သူက  လုံးဝ မရိုးသားဘူး” 


ထိုအခါ ဘေးမှာရှိနေသည့် လင်းအိုက်သည် သူမကို မကြေမချမ်းဖြစ်နေပုံဖြင့် စိုက်ကြည့်လာသည်။ သူမ တုံ့ပြန်ချင်သော်လည်း စုမုန့်က ဆိတ်ဆွဲလိုက်၏။


လင်းအိုက်လည်း ယခုအချိန်တွင် စုမုန့်နှင့် ငြင်းခုံနေ၍မဖြစ်မှန်း သိသော်လည်း ဟုန်စစ်နှင့်ပတ်သတ်၍ မကောင်းကြောင်းများပြောသည်ကို သူမ မခံနိုင်ပေ။သူမ စိတ်‌တိုလာပြီး တစ်ယောက်တည်း တစ်ဘက်ကို လျှောက်သွားလိုက်၏။


 ရွာသူကြီးက လင်းအိုက်ကို တားချင်သော်လည်း စုမုန့်က အတင်းကရားရေလွှတ်သလို တရစပ်မေးနေတော့သည်။ 


ရွာသူကြီးနှင့် စကားစမြည်ပြောနေစဉ် စုမုန့်သည် ရွာသူကြီးအိမ်၏ ကောင်းသည့်ချီစွမ်းအင်ကို စောင့်ကြည့်နေသည်။အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် ပြဿနာတစ်ခုတွေ့ခဲ့သည်။ရွာသူကြီး၏ ခြံဝင်းတွင် အစီအရင်တစ်ခု ရှိနေသည်။ထိုအစီအရင်က ဤအိမ်၏ ကောင်းသည့်ချီစွမ်းအင်ကို ဆွဲဆောင်ပေးနေ၏။ထို့ကြောင့် ရွာသူကြီးသည် ရုတ်တရက် ချမ်းသာလာခြင်းဖြစ်သည်။ဤအစီအရင်ကို ကောရှန်း၏ မှတ်စုများတွင် သူမ မြင်ဖူးသဖြင့် ရင်းနှီးနေ၏။ဤအစီအရင်ကို သိသူ ဖုန်းရွှေပညာရှင်တွေ အများကြီးမရှိသလို၊ဘယ်သူကမှလည်း သိပ်မသုံးကြချေ။အကြောင်းတစ်ခုကြောင့်ပင်။


သူမ ခြံဝင်းအတွင်းရှိ တစ်နေရာကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်မိ၏။ဤဖွဲ့စည်းမှုသည် လက်ခံသူအား တော်ရုံသာ ထိခိုက်စေမည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖောက်ထွင်းဝင်ရောက်ခြင်း ဖြစ်သောကြောင့်ပင်။ကောင်းကင်ဘုံကို အံတုပြီး ကံကြမ္မာကို ပြောင်းလဲခြင်းသည် ပြုလုပ်သူကို ကြီးမားသော ထိခိုက်မှုဖြစ်စေသည်။ ဘယ်လို ထိခိုက်မှုရှိမှန်း သူမလည်း မသိပေ။ဤရွာသူကြီးသည် ဖုန်းရွှေပညာဖြင့် တားမြစ်ထားသည့်အရာများကို လုပ်ဆောင်ရုံသာမက ဥပဒေနှင့်လည်း ဆန့်ကျင်လျက်ရှိသည်ဟုထင်ရသည်။


လျှို့ဝှက်ဆန်းကြယ်မှုကို မြင်လိုက်ရသဖြင့် စုမုန့်သည် ရွာသူကြီးအား သွယ်ဝိုက်မနေဘဲ ဒဲ့သာမေးလိုက်တော့သည်။


“ဒါဆို ဟုန်စစ် အခုဘယ်မှာလဲဆိုတာ ရှင် သိလား”


 ရွာလူကြီးက ခေါင်းယမ်းပြီး စိတ်မကောင်းဖြစ်နေပုံနှင့် 


“မသိဘူး…အားလုံးက သူ့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်နေကြတာ..."


ဟုန်စစ်သည် ရွာသူကြီးအိမ်တွင် ရှိနေသည်ဟု အဘိုးအိုက ပြောသော်လည်း ရွာလူကြီးက သူဘယ်ရောက်နေမှန်း မသိဟု ပြောသည်။  ဘယ်သူက လိမ်ခဲ့တာလဲ....


စုမုန့် တစ်ချက်စဉ်းစားပြီး ရွာသူကြီးအိမ်မှာ ကင်မရာတွေ ရှိမရှိ အရင်ရှာဖို့ ဆုံးဖြတ်လိုက်သည်။မရှိခဲ့လျှင်…


“ဒါပေမယ့် ရွာမှာ ကင်မရာတွေ မရှိဘူးလား.... ဒါဆို သူဘယ်သွားသွားလဲဆိုတာ တွေ့နိုင်တယ်”


ကင်မရာများအကြောင်း ကြားသောအခါ ရွာသူကြီးမျက်နှာက တစ်မျိုးဖြစ်သွား၏။


"ငါတို့ရွာက ရွာသူရွာသားတွေ အားလုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်တာကြောင့် ကင်မရာ တပ်ဆင်လေ့ မရှိဘူး....အပြင်လူတွေလာရင်တောင် ငါတို့ မကြောက်ဘူး...သူ့အိမ်၊ကိုယ့်အိမ်လို သဘောထားနေကြတော့ ကင်မရာတွေ မရှိပါဘူး”


 "ဒါဆို ရှင့်အိမ်မှာလည်း ကင်မရာမရှိဘူးလား"


ရွာသူကြီးက ခေါင်းညိတ်လိုက်သဖြင့် သူမချက်ချင်း စိတ်လျှော့လိုက်သည် ။  ကင်မရာမရှိသောကြောင့် အရာရာတိုင်းသည် လွယ်ကူလိမ့်မည်ဖြစ်သည်။



xxxxxx