အပိုင်း၈၃
Viewers 7k

Chapter 83

( ရွာသူကြီးအိမ်သို့ ခိုးဝင်ခြင်း)


စုမုန့်သည် ရွာသူကြီးအိမ်မှထွက်လာပြီးနောက် ဟုန်စစ်၏အိမ်သို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ဟုန်စစ်၏အိမ်သည် အခြားအိမ်များနှင့် မလိုက်ဖက်ဘဲ မအပ်စပ်ဖြစ်နေ၏။ အခြားသူများ၏အိမ်များသည် အသစ်ဆောက်ထားသော အိမ်ကြီးအိမ်ခံများဖြစ်သော်လည်း ဟုန်စစ်၏အိမ်မှာ ပြတင်းပေါက် တစ်ပေါက်သာပါသည့် ကျောက်တုံးအိမ်ငယ်လေးဖြစ်သည်။လွန်ခဲ့သော ရာစုနှစ်များစွာက ဆောက်ထားသလိုမျိုး၊ခေတ်ကုန်နေကာ အချိန်မရွေးပြိုကျတော့မလိုပင်။ ထို့ကြောင့် ဟုန်စစ် ယခင်က အိမ်ကိုမပြန်ခြင်းဖြစ်လိမ့်မည်။


စုမုန့် ဝင်ကြည့်ရာ အတွင်း၌ ကုတင်ပုပု တစ်လုံးသာ ရှိပြီး အိပ်ယာခင်းများပင်မရှိဘဲ စောင်ပါးလေးများအား သုံး၊လေးထည် ထပ်ခင်းထားသည်။ သို့သော် အရေးမကြီး။အရေးအကြီးဆုံးက ဟုန်စစ်၏ ပစ္စည်းများကို သူမ အလွယ်တကူ‌ တွေ့နိုင်သည်။ဟုန်စစ်၏ ပစ္စည်းများရှိနေသရွေ့ သူ့ကို ရှာတွေ့နိုင်မှာပင်။


ကိစ္စပြီးသည်နှင့် သုံးယောက်သား ရွာမှာရှိသည့် ကုန်စုံဆိုင်ကို သွားပြီး စားစရာတွေ ဝယ်ခြမ်း၏။ထို့နောက် ကားထဲတွင် ပုန်းခိုပြီး ကောင်းကင်ကြီး မှောင်လာမည့်အချိန်ကို စောင့်နေကြသည်။နေ့ခင်းဘက်ဆို ရွာထဲမှာ လူတွေရှုပ်သဖြင့် အဆင်မပြေပေ။


သူတို့ ကားထဲမှာ ခဏအိပ်ပြီးချိန်၌ ကောင်းကင်ကလည်း မှောင်စပျိုးလာပြီ။


စုမုန့်နှင့် ရှန့်ကျန်းတို့သည် ဟုန်စစ်ကိုလိုက်ရှာစဉ် လင်းအိုက်သည် ကားကို စောင့်ကြည့်ရန်နေရစ်ခဲ့သည်။ စုမုန့် သည် ဟုန်စစ်၏ ဓာတ်ပုံကို သံလိုက်အိမ်မြှောင်ပေါ်တွင် တင်လိုက်ပြီး စတင်တွက်ချက်သည်။မကြာမီ ပင်အပ် စတင်လှည့်ပတ်လာသည်။ တစ်ဖန် ငြိမ်သက်ပြီးနောက် ရွာသူကြီးအိမ်ဆီသို့ ဖြည်းညှင်းစွာ ညွှန်ပြလိုက်သည်။ 


....


စုမုန့် သည် ရွာသူကြီး၏ တံခါးဝတွင် ရပ်နေရင်း မျက်မှောင်ကြုတ်မိသည်။သူမ ထင်ထားသည့်အတိုင်းပင်။သူမ စိုးရိမ်မိသည်မှာ ဟုန်စစ်၏ ကျန်းမာရေးအခြေအနေသည် အတော်ဆိုးဝါးနေ၏။


"တို့ ဘာလုပ်သင့်လဲ... နံရံကိုကျော်ပြီး ဝင်မှာလား” 


 ရှန့်ကျန်းက စုမုန့် ကို အသံတိုးတိုးဖြင့် မေးသည်။


 " ဒါပဲရှိတာပဲ" 


သို့သော်လည်း ရွာသူကြီးအိမ်၏ အုတ်တံတိုင်းမှာ မြင့်လွန်းသလို၊ ပတ်ဝန်းကျင်ကလည်း ဟာလာဟင်းလင်းဖြစ်သောကြောင့် တက်ရန်မလွယ်ကူပေ။ စုမုန့် သည် ရွာသူကြီးအိမ်သို့ လှည့်ပတ်ကာ သစ်ပင်လိုက်ရှာ၏။နောက်ဆုံး အိမ်နောက်ဖေးကို ရောက်သည့်အခါ အကြံတစ်ခုရသွားသည်။တံတိုင်းနောက်ဘက်တွင် ပိုးစာပင်တစ်ပင်ရှိ၍ သူမသည် သစ်ပင်ပေါ်တက်၍ အထဲသို့ဝင်နိုင်သည်။


 "နေရာကိုပြောပြလိုက် ..ကိုယ် သွားမယ်...မင်းအပြင်မှာစောင့်နေရစ်"  


ရှန့်ကျန်းက စိတ်လှုပ်ရှားနေဟန်ဖြင့် လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာဆိုလိုက်သည်။  


“ကောင်းပြီ”  


စုမုန့် သည် ရှန့်ကျန်း ၏ တည်နေရာကိုသိရန် နောက်ကိုဆုတ်၍ အိမ်ခြံဝင်းထဲကို အကဲခတ်ကာ ပြောပြလိုက်သည်။ရှန့်ကျန်း က ကိုယ်လုံးသေးသူဖြစ်၍ မျောက်တစ်ကောင်လို သွက်လက်စွာ သစ်ပင်ပေါ်တက်နိုင်ခဲ့သည်။  


စုမုန့် အပြင်မှာနေရင်း နည်းနည်းတော့ လန့်မိသည်။အမှန်တော့၊ညဘက်ကြီးတွင် အခြားတစ်ယောက်၏အိမ်ထဲသို့ ခိုးဝင်ခြင်းသည် ရင်တုန်စရာကောင်းသည်။ရှန့်ကျန်းသည် အရေးကြီးသောအချိန်များတွင်တော့ အားကိုးရသူပီပီ သိပ်မကြာခင်မှာပဲ သူထွက်လာသည်။ သို့သော် သူတစ်ယောက်တည်းဖြစ်ကာ  စုမုန့် ဆီသို့ ပြေးလာခဲ့သည်။


 "ပြဿနာပဲ... အစ်ကိုဟုန်က ရွာသူကြီးအိမ်မှာ...မင်းပြောသလိုပဲ... သူတစ်ကယ်ပဲ မျက်စိကွယ်သွားတယ်...ပြီးတော့ သူအရမ်းအားနည်းနေတယ်...တစ်ကိုယ်လုံးကိုလည်း ကြိုးချည်ခံထားရတာ...ကိုယ်တစ်ယောက်တည်း ဝင်ထွက်နိုင်ပေမယ့် သူ့ကိုကျ ဘယ်လိုခေါ်ထုတ်ရမှာလဲ...ကုန်းပို့လို့လည်းမဖြစ်" 


ရှန့်ကျန်း ချွေးတွေထွက်နေတာကြောင့် ချွေးများကို သူ့အင်္ကျီလက်စဖြင့် သုတ်လိုက်သည်။


စုမုန့် မျက်မှောင်ကြုတ်လိုက်သည်။ ဟုန်စစ်သည် ရွာသူကြီးအိမ်တွင် ရှိနေကြောင်း သေချာသော်လည်း ရွာသူကြီးက ငြင်းဆိုခဲ့သည်။ထို့အပြင် သူမမြင်ဖူးသော အစီအရင်ကို တွေးနေခဲ့သည်။ သူမ ထင်တာမှန်လျှင်၊ဟုန်စစ်သည် အစီအရင်၏ အဓိကသော့ချက် ဖြစ်နိုင်သည်။လူတစ်ယောက်သည် သူ၏ကံကြမ္မာကို ပြောင်းလဲကာ ချမ်းသာလာမည်ဆိုပါက၊ ဘယ်အရာကိုမဆို ပြုလုပ်နိုင်ဖွယ်ရှိသည်။လူ့သဘောသဘာဝသည် ထိုအတိုင်းပေတည်း။


 "ပြန်သွားပြီးတော့ နည်းလမ်းတစ်ခု စဉ်းစားကြည့်ရအောင်" 


သူမ ရှန့်ကျန်း ကို ခေါ်ပြီး နှစ်ယောက်သား ကားပေါ်ကို အရင်ပြန်သွားကြသည်။အတန်ကြာစဉ်းစားပြီးနောက် သူမသည် ဟုန်စစ် ကို ကယ်တင်ရန် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့သည်။ နောက်နေ့ကျလျှင် ရွာသူကြီးနှင့် တွေ့ရပေမည်။


သုံးယောက်သား ကားထဲမှာသာ တစ်ညလုံး နေခဲ့ပြီး နောက်တစ်နေ့နံနက်စောစောတွင် စုမုန့် သည် ရှန့်ကျန်း နှင့် လင်းအိုက် ကို ရွာသူကြီးအိမ်သို့ ခေါ်သွားကာ တံခါးလာခေါက်သည်။ရွာသူကြီးကတော့ မနေ့ကလိုပင်၊ သတိထားနေကာ မေးမြန်းပြီးမှသာ  တံခါးကို ဖွင့်ခဲ့သည်။


စုမုန့် ကိုတွေ့သောအခါ သူက သုန်မှုန်နေကာဖြင့်  "ဒီနေ့ရော မင်းဘာလာလုပ်တာလဲ"


“ရွာသူကြီး၊ ကျွန်မ ရှင်နဲ့ ညှိနှိုင်းချင်တယ်...ရွာက ပြဿနာတွေကို ကူညီဖြေရှင်းပေးမယ်...ဟုန်စစ်ကို လွှတ်ပေးပါ"


စုမုန့် ပြုံးပြီး လေးနက်စွာပြောလိုက်သည်။


 "မင်း ဘာတွေပြောနေတာလဲ…ဒီရွာမှာ မင်းအကူအညီ မလိုဘူး"  


ရွာသူကြီးက ခါးခါးသီး ငြင်းဆန်လေသည်။


(အခြေအနေတစ်ရပ်)


စုမုန့်သည် မနေ့က သွားလည်ခဲ့သည့် သင်္ချိုင်းကို လက်ညှိုးထိုးပြရင်း  ရွာသူကြီးအား ပြောသည်။


 “ရွာရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ သေသွားတဲ့ ဘိုးဘေးတွေနဲ့ မြေရဖို့အတွက် ရန်ဖြစ်ခဲ့တာမလား...ရေတွင်းလုပ်လိုက်တာနဲ့ ပြီးသွားလိမ့်မယ်လို့ ထင်ခဲ့တယ်မလား....အစပိုင်းမှာတော့ သက်ရောက်မှုက တစ်ကယ်ကို သိသာထင်ရှားပါတယ်... ရွာရဲ့ ဖုန်းရွှေက တိုးတက်လာပြီး လူတိုင်းရဲ့ဘဝက ပိုကောင်းလာတယ်လေ”


 "ဒါပေမယ့် အခြေအနေတွေ ဇောက်ထိုးဖြစ်သွားတယ်…အဲ့ဒီရေတွင်းက အရင်လိုမစွမ်းတော့ဘူး...မကာကွယ်နိုင်တော့ဘူး...ရွာမှာ တစ်ခါတစ်လေ ရေတွင်းထဲခုန်ချတဲ့ အဖြစ်အပျက်တွေ ရှိခဲ့လိမ့်မယ်...ဒီကိစ္စကို အမြန်ဖြေရှင်းရမှာ...သားမြေးတွေ အပါအဝင် ဒီကိစ္စမှာ ပါဝင်သူတိုင်းကို ပစ်မှတ်ထားခံရတယ်... နောက်ဆို သူတို့ဘယ်ကိုပဲ၊သွားသွား ရေတွင်း ဒါမှမဟုတ် ရေနဲ့တွေ့ရင် ဒုက္ခရောက်ကြလိမ့်မယ်”


"ရှင် သဘောမတူချင်ဘူးဆိုလည်းရတယ်လေ...ရှင် သဘောမတူရင် ကျွန်မ ရဲကို ဖုန်းဆက်လိုက်မယ်"


စုမုန့် ပြောပြီးသည်နှင့် 911ကို ခေါ်ဖို့ပြင်လိုက်သည်။  


“ကျွန်မ ဘာလို့ ဒီလောက်သိနေလဲဆိုတာကို ရှင် အံ့သြနေလိမ့်မယ်...ကျွန်မက ဖုန်းရွှေပညာရှင်တစ်ယောက်ပါ…ကျွန်မရဲ့ သံလိုက်အိမ်မြှောင်အတိုင်းဆို ဟုန်စစ်က ရှင့်အိမ်မှာရှိတယ်” 


သူမ ဆက်ပြောသည်။ အဖြစ်အပျက်တစ်ခုလုံးကို တစ်ချက်ပြီးတစ်ချက် ပြောပြသည့်အခါ ရွာသူကြီး အံ့သြသွား၏။ရွာမှာ အရင်က ဖုန်းရွှေပညာရှင်ရှိဖူးသော်လည်း ဤမျှအထိ သိသူမျိုးမတွေ့ဖူသေးပေ။ 


"ရွာက ပြဿနာကို မင်းတစ်ကယ် ဖြေရှင်းနိုင်ပါ့မလား…ငါဘယ်လိုယုံရမလဲ"  


စုမုန့် ပြောတာမှန်နေသော်လည်း ရွာသူကြီးကတော့ ဤကိစ္စကို မယုံသေး။ စုမုန့်က ဖုန်းကိုထုတ်ပြီး အင်တာနက်မှာ ကောရှန်း၏ ရှေးဟောင်းပစ္စည်းဆိုင်ကို ရှာပြသည်။ထိုအခါ သူမ၏ အရည်အချင်းကို ချီးကျူးသော ဖောက်သည်ဟောင်းတွေက ကောမန့်များကို တွေ့ရ၏။ထိုစဉ် ရှန့်ကျန်းက  စုမုန့် အား အံ့အားသင့်စွာဖြင့် တိုးတိုးလေးပြောသည်။


 "ကိုယ်တို့ဆိုင်က အွန်လိုင်းမှာ မှတ်ပုံတင်ထားတာလား"


 “ဟုတ်တယ်၊ ရှေးဟောင်းပစ္စည်းဆိုင်ကလည်း ခေတ်နဲ့အညီ လိုက်လုပ်ရမယ်မလား...အွန်လိုင်းမှာ ဖွင့်ရတာ ပိုအဆင်ပြေတယ်”


စုမုန့်က တိုးတိုးလေး ပြန်ပြောသည်။ထို့နောက်… သူမသည် ရွာသူကြီးဘက်သို့ လှည့်ကာ 


"ကျွန်မ အစွမ်းအစကို မယုံသေးရင် နောက်တစ်ခု ပြောပါရစေ...ရှင် ဟုန်စစ်ကို ဖမ်းထားရတဲ့ အကြောင်းအရင်းက ဟုန်စစ်က ရှင့်ရဲ့ခြံဝင်းထဲက အစီအရင်ရဲ့ သော့ချက်(ပင်မ) ဖြစ်နေသလို၊သူက ဒီသုသာန်မှာရှိတဲ့ လူတယောက်ရဲ့ မြေးဖြစ်နေလို့ မဟုတ်လား…ဟုန်စစ် ရွာမှာ ရှိနေသရွေ့ ခံစားရမယ့် တုံ့ပြန်မှုက အရမ်းပြင်းထန်မှာ မဟုတ်ဘူးလေ”


စုမုန့်က ရွာအကြောင်း အကုန်ပြောပြသဖြင့် ရွာသူကြီး သူမကို လုံး၀ ယုံကြည်နေပြီဖြစ်သည်။သူမ ပြောပြသည့် အကြောင်းအရာတစ်ချို့ကို ရွာသားတွေတောင် မသိကြပေ။သူတစ်ယောက်တည်းသာ အသေးစိတ်သိသည်။


 ရွာသူကြီး၏ မျက်နှာသည် ချက်ချင်းပင် ပြောင်းလဲသွားကာ ပြုံးပြီး စုမုန့်တို့ကို အိမ်ထဲဖိတ်လိုက်သည်။ သူ့မျက်နှာက မနေ့ကနှင့် လုံးဝမတူတော့။


"ဆရာမ နောက်ထပ် မေးစရာတစ်ခုရှိသေးတယ်၊ရှောင်ဟုန်လေ... သူ…” 


ရွာသူကြီးက စကားပြောဖို့ ခက်ခဲနေဟန်ဖြင့် ထစ်အစွာ ပြောလာသည်။


 "သူ့ကို ချုပ်နှောင်ထားတယ် မဟုတ်လား...အဆင်ပြေပါတယ်...သူ့ကို အရင် လွှတ်လိုက်ပါ..ပြီးရင် ဖြည်းဖြည်းချင်းပြောမယ်” 


စုမုန့်က သူ့ကိုယ်စား ဝင်ပြောသည်။


"မင်းတစ်ကယ် ရဲကို မခေါ်ဘူးလား"  


ရွာသူကြီးက မယုံကြည်နိုင်စွာ ထပ်မေးသည်။


"ရှင် နောက်ဆို ဒီလိုထပ်မလုပ်ဖူး၊ဟုန်စစ်လည်း အကောင်းအတိုင်းရှိနေသေးတယ်ဆိုရင် ရဲကို ခေါ်မှာမဟုတ်ဘူး"


စုမုန့် သူ့ကို ကတိပေးသော်လည်း ရွာသူကြီးကတော့ စိုးရိမ်နေဆဲ။


"ငါ သူ့ကို မလွှတ်ချင်ဘူး... သူက ကိစ္စတော်တော်များများမှာ ပါဝင်နေတယ်... ဒါဆိုရင်ကော ဘယ်လိုလဲ၊မင်းရွာက ပြဿနာတွေကို အရင်ဖြေရှင်း...ပြီးတော့ ငါ့ကို ကူညီဖြေရှင်းပေး...ပြီးသွားရင် သူ့ကိုလွှတ်လိုက်မယ်...အဲဒါ ဘယ်လိုလဲ..."


"ဟုန်စစ်က ငါ့မျက်စိအောက်မှာတင် ကြီးလာတာပါ...သူ အရမ်းလုံခြုံပါတယ်…သူ့ကို ဘာမှမလုပ်ပါဘူး…   မင်းသူ့ကို ဒီလောက် ဂရုစိုက်တယ်ဆိုတော့ မင်းက သူ့ရဲ့ သူငယ်ချင်းကောင်းပဲ ဖြစ်ရမယ်... ငါတို့က ရန်သူတွေမဟုတ်ဘူးလေ....တစ်ယောက်နဲ့တစ်ယောက် ကူညီကြရင် ဘယ်လိုလဲ"


 ရွာသူကြီးသည် မြေခွေးအိုကြီးဖြစ်သည်။ ရွာသားတွေကို အချိုသပ်၍ သူ့ဘက်ပါအောင် ဆွဲဆောင်တတ်သူဆိုလည်း ယုံချင်စရာရှိ၏။သူမ ခေါင်းညိတ်သဘောတူလိုက်သည်။အစီအရင်ကလည်း အသေးစိတ်ရမည်ဖြစ်သလို၊ဟုန်စစ်ကို အမြန်တွေ့ဖို့ကလည်း အလျင်မလိုနေပေ။အခြားကိစ္စများကို ဖြေရှင်းပြီးနောက်မှ တွေ့လည်းရပေသည်။ 


သူမ သဘောတူလိုက်သည့်အခါ ရွာသူကြီးကပြုံးပြီး ဦးညွှတ်လိုက်သည်။


“နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ဆရာမ...ရှောင်ဟုန်က မိဘမဲ့တစ်ယောက်ပါ ..ရွာမှာပဲကြီးပြင်းလာတာ…အခု ရွာက ဒုက္ခရောက်တော့ သူ့ကို ကူညီဖို့ ကမ်းလှမ်းကြည့်တဲ့သဘောပါ..ဆရာမက နည်းလမ်းရှိတယ် ဆိုမှတော့ သူ့ကို ဒုက္ခပေးစရာ မလိုတော့ဘူးပေါ့"


( သင်္ချိုင်း၏မူလအစ)


“သင်္ချိုင်းအကြောင်း အရင်ပြောရအောင်…ငါ့အဘိုး ငယ်ငယ်တုန်းက ဗေဒင်ဆရာတစ်ယောက် ရွာကို ရောက်လာတယ်...သူက သူတောင်းစားလို ၀တ်ဆင်ထားပြီး စားစရာတောင်းဖို့ ရွာကို ရောက်လာတာ...အဲဒီတုန်းက ငါတို့ရွာတင်မကဘူး၊ တခြားနေရာတွေလည်း ဆင်းရဲပြီး စားစရာသိပ်မရှိကြဘူး...အဲဒီလူက ရွာသားတွေကို အကူအညီတောင်းပေမယ့် ရွာက ဘယ်သူမှ အစာမပေးဘူး”


 ရွာသူကြီးက နောက်ကြောင်းပြန်ပြောလျက်ရှိသည်။


"နောက်တော့ ငါ့အဘိုးက သူ့ကိုသနားလို့ဆိုပြီး သူကိုယ်တိုင် ထမင်းအငတ်ခံပြီး အဲ့ဒီလူကို ကျွေးခဲ့တယ်…အဲ့ဒီဖုန်းရွှေပညာရှင်ကလည်း အဘိုးရဲ့ကျေးဇူးကို ပြန်ဆပ်တယ်...အဘိုးရဲ့ သားစဉ်မြေးဆက်တွေ ကောင်းကောင်းနေထိုင်နိုင်ဖို့ တစ်ရွာလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် နည်းလမ်းကို အဘိုးကို ပြောပြခဲ့တယ်"


"ဒါဆို ခင်ဗျားတို့က လူသေတွေရဲ့သင်္ချိုင်းနယ်မြေကိုတောင် လုခဲ့တာလား...သင်္ချိုင်းတူးသမားတွေထက်တောင် ဆိုးနေပါလား... သူတို့က အဖိုးတန်ပစ္စည်းတွေကို ခိုးပဲခိုးကြတာ...ဒါပေမယ့် အခုဟာက သူတို့ရဲ့နေရာကိုလုယူသလိုမျိုး၊သူတို့အိမ်ကို ဖြိုချသလိုမျိုးလုပ်လိုက်တာပဲ" 


ရှန့်ကျန်းက လှောင်ပြောင်သည်။


စုမုန့် “ဒီနည်းလမ်းက လူသေတွေရဲ့ ကံကြမ္မာနဲ့ လူတွေရဲ့ကံကို ပြောင်းချင်လို့ လုပ်တာလား" 


 ရွာလူကြီးက ခေါင်းညိတ်သည်။


 “အခြားနည်းလမ်း မရှိခဲ့ဘူး...အဲဒီတုန်းက လူတိုင်းက တစ်ကယ်ကို အခက်တွေ့နေကြတယ်...ငါ့အဘိုးက ရွာသူကြီးပါ...သူ့ရွာသားတွေ ကောင်းစားပါစေတော့ဆိုပြီး သင်္ချိုင်းတစ်ဝက်ကိုယူဖို့ ဖုန်းရွှေပညာရှင်ကြီးပေးတဲ့နည်းကို သုံးခဲ့တယ်... မသန့်ရှင်းတာတွေကို  နှိမ်နှင်းဖို့ သင်္ချိုင်းမှာလည်း ရေတွင်းတူးခဲ့တယ်... ငါတို့ရွာက အစက ဘေးမှာရှိပေမယ့် ဖြည်းဖြည်းချင်း ရွှေ့ကုန်ကြတာ"


 “ငါတို့ ဘိုးဘေးတွေ ဒီရွာကို ပြောင်းလာကတည်းက အဲဒီသင်္ချိုင်းက ရှိပြီးသားပါ...ဘယ်သူကမှလည်း လာပြီးကန်တော့တာမျိုးမတွေ့ဖူးဘူး… ဘယ်သူကမှ ဂရုမစိုက်ကြတဲ့အတွက်၊ပိုပြီးအဆင်သင့်သွားတယ်… ပြောရရင်တော့ ထူးဆန်းတယ်…ငါတို့လည်း ဖုန်းရွှေနည်းတွေနဲ့ လိုက်လုပ်ပြီးကတည်းက ရွာရဲ့ ကံကြမ္မာက ပိုကောင်းလာပြီး ရွာသူရွာသားတွေလည်း ပိုချမ်းသာလာကြတယ်"


 “ဒါပေမယ့် ကောင်းတဲ့ အချိန်တွေက ကြာကြာမခံပါဘူး...ဆယ်စုနှစ် နည်းနည်း ကြာတော့ ရွာမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်လာတယ်...အရင်ဆုံးက  ကြောင်တို့၊ခွေးတို့က ရေတွင်းထဲကို ပြုတ်ကျသေကြတာ…အဲဒီတွင်းထဲက ရေကို ဘယ်သူမှ ရေမသောက်ကြတော့  ဂရုမစိုက်ဘူး...သိပ်မကြာဘူး..လူတွေလည်း ရေတွင်းထဲကို ပြုတ်ကျတယ်... ရွာမှာရှိတဲ့လူတိုင်း ရေတွင်းနားမသွားဖို့ သတိပေးထားပြီးသားပါ... ဒါကို လူတိုင်းသိပါတယ်..."


 “ဒါပေမယ့် နောက်ပိုင်းမှာ ယာဉ်မတော်တဆမှုတွေ ဖြစ်လာတယ်… ကလေးတွေကတော့ ပြောမရပါဘူး..ရေတွင်းနားမှာပဲ ဆော့ကြတာ...ဒါပေမယ့် ကလေးတွေကမဖြစ်ဘူး၊လူကြီးတွေကပဲ ဖြစ်နေကြတာ...  ရေတွင်းကိုလည်း ဖုံးထားကြည့်တယ်...ဒါပေမယ့် ပိုဆိုးလာလို့ မတတ်သာပဲ ဖွင့်ထားရတာ..."


ထို့‌ေနောက် စုမုန့်က တွက်ချက်ကြည့်ကာ  ရွာသူကြီးအား


 “ဒီရွာမှာ အစိမ်းရောင်မြူခိုးတွေ မရှိတဲ့သူက ရှင်တစ်ယောက်တည်းပဲ...အံ့သြစရာတော့ မဟုတ်ပါဘူး...အဲ့ဒီ ဖုန်းရွှေပညာရှင်က ကြင်နာမှုနှင့် မုန်းတီးမှုဆိုတဲ့ ခံစည်းချက်နှစ်ခုကိုတော့ ကွဲကွဲပြားပြားသ်ိသေးတာပဲ...တခြားရွာသားတွေက သူ့ကို မကူညီဘူး၊ရှင့်အဘိုးကပဲ ကူညီခဲ့တာ... ဒါကြောင့် တစ်ရွာလုံးရဲ့ ကံကိုသုံးပြီး ရှင်တို့မိသားစုတွေ ကံကို‌ပိုကောင်းလာဖို့ လုပ်ပေးသွားတာ"


 “ပထမတော့ ရှင့်အိမ်က အစီအရင်က  နည်းနည်းထူးဆန်းတယ်လို့ ထင်ခဲ့တယ်… အခုကျွန်မနားလည်ပြီ... သူက ဟုန်စစ်ကို အစီအရင်ရဲ့ သော့ချက်ဖြစ်အောင် လုပ်ထားတာပဲ...."


ရွာလူကြီးက ခေါင်းတညိတ်ညိတ်နှင့် ပြောလိုက်သည်။


"ဖုန်းရွှေပညာရှင်က မွေးနေ့တစ်ခုရဲ့ အက္ခရာရှစ်လုံးနဲ့ ကိုက်ညီသူတိုင်းက အစီအရင်ရဲ့ သော့ချက်လို့ မှတ်စုထဲမှာ မှတ်ထားတယ်" 


 "ဒါဆို ဘာလို့ အစ်ကိုဟုန်ဖြစ်ရတာလဲ.. ဘာလို့ ဒီလောက်တိုက်ဆိုင်ရတာလဲ”  


လင်းအိုက်က မေးလိုက်သည်။


 “ငါက သိရုံပဲသိခဲ့တာပါ....အသေးစိတ်တော့မသိဘူး"  


ရွာသူကြီးက တည့်တည့် မကြည့်ဘဲ ရှောင်လိုက်သည်။


ယေဘူယျနားလည်သဘောပေါက်ပြီးနောက် စုမုန့် မတ်တပ်ထရပ်ပြီး


 “သွားကြရအောင်…ပစ္စည်းတွေ အရင်ယူဖို့ ကားကိုသွားကြည့်ရအောင်…ပြီးရင် သင်္ချိုင်းကို သွားကြည့်မယ်... ပြဿနာကို အရင်ဖြေရှင်းဖို့ လိုတယ်”


ပစ္စည်းတွေယူဖို့ ကားပေါ်ပြန်တက်သည့်အခါ ရွာလူကြီးက လမ်းကို ဦးဆောင်ပြီး စုမုန့်တို့က နောက်မှလိုက်ကြသည်။ ရွာသူကြီးသည် အပြင်လူစုကို ကိုယ်တိုင်ဦးဆောင်နေသည်ကိုတွေ့သောအခါ ရွာသားများသည် မကူညီနိုင်ဘဲ ပဟေဋ္ဌိဖြစ်သွားကြသည်။


 “ရွာသူကြီး ဘယ်သူတွေလဲ...သူတို့က ခင်ဗျားရဲ့ ဆွေမျိုးတွေလား"  


တစ်ယောက်ယောက်က မေးလေသည်။


"လုပ်စရာရှိတာ သွားလုပ်ကြ... ဒါတွေက ငါ့ဧည့်သည်တွေပါ... ငါတို့လုပ်စရာရှိတယ်”


ထို့နောက် ရွာသူကြီးက စုမုန့်တို့ကို ဖြတ်လမ်းမှ သွားခဲ့ကြသည်။သင်္ချိုင်းအနီးသို့ ရောက်သောအခါ ရေတွင်းဘေးတွင် ရပ်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။သူ့ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ဝက်မှာ ရေတွင်းထဲကို ငိုက်စိုက်ကျနေ၏။ 


"အို ဘုရား ဘုရား...ဟိုမှာ ထောင်ချောက်မိပြန်ပြီ..."



xxxxxxxx