အပိုင်း၈၅
Viewers 7k

Chapter 85

( အဘိုးအို၏ ကျေးဇူးတရား)


အားလုံး တွင်းထဲကပျံသွားသည့်ကျီးကန်းကို ကြည့်နေကြရင်း ပါးစပ်ပိတ်ဖို့တောင် မေ့သွားသည်။ရွာသူကြီးက စုမုန့်ကိုကြည့်ပြီး


 “အစ်ကိုဟုန် ပြန်ပေးဆွဲခံရတယ်လို့ သံသယရှိနေတယ်မလား...အစ်ကို ငယ်ငယ်ကတည်းကမိဘတွေကို မတွေ့ဖူးဘူး... ရွာမှာလည်း တခြားဆွေမျိုးတွေ မရှိဘူး....အဲ့ဒီအချိန်မှာ အဲ့ဒီဖုန်းရွှေပညာရှင်က အစ်ကိုက ဒီရွာက မဟုတ်မှန်းသိလို့ ခေါ်သွားချင်ခဲ့တာဖြစ်မယ်..."


 “အရမ်းအစွမ်းထက်ကြတဲ့ ဖုန်းရွှေပညာရှင်ကို ဘယ်သူမှ ထိရဲမှာမဟုတ်ဘူး...ဘာလို့လဲဆို ဖုန်းရွှေဆိုတာက ကံတွေ၊အစီအရင်တွေနဲ့ လုပ်တာဆိုတော့ သူတို့ခံရမှာကို ကြောက်ကြတယ်လေ...အဲ့ဒါကြောင့် ရွာသူကြီးက အစ်ကိုအပြင်ထွက်မှာကို မတားရဲတာ...ဒါကြောင့်ပဲ အစ်ကို အကြာကြီး လုံခြုံနေခဲ့တာ"


အံ့သြစွာနှင့်


 "ဆရာမ အရမ်းမိုက်တာပဲ...အခု‌တင် အပေါက်ဖောက်ထားတာကို ကျီးကန်းက ဖြတ်ပျံသွားပါလား... အံ့သြစရာကြီး”


ရှန့်ကျန်း ရယ်မောကာ ဘာမှပြန်မပြော။စုမုန့် ပြုံးလိုက်သည်။ 


"ကျွန်မ ရှင့်ကို ကတိပေးထားတဲ့အတိုင်း အခုကစပြီး ရှင့်ရဲ့ သားစဉ်မြေးဆက်တွေရဲ့ ကံကို လဲလှယ်ဖို့ ရှင့်ကံကို သုံးရတော့မယ်…ရှင့်ရဲ့ မျိုးဆက်သစ်တွေဟာ အရာရှိတွေ ဖြစ်လာနိုင်ပြီး ချမ်းသာကြွယ်ဝလာမှာ”


“ကျေးဇူးတင်ပါတယ် ဆရာမ ကျွန်တော် ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး"


 ရွာသူကြီးက ထပ်ခါတလဲလဲ ကျေးဇူးတင်စကားဆိုသည်။နောင်တစ်ချိန်၊သူ့ကံက ပိုဆိုးလာလျှင်တောင် သိပ်မဆိုးဝါးသွားနိုင်ချေ။ သူ့သားစဉ်မြေးဆက်တွေ၏ ကံကြမ္မာအတွက် သူနည်းနည်းအနစ်နာခံရခြင်းက ထိုက်တန်သည်။


 "ကျွန်မကို ကျေးဇူးတင်နေစရာ မလိုပါဘူး…ကျွန်မ ဟုန်စစ်ကို လာရှာတာလေ...သူ့ကိုအခု ခေါ်သွားလို့ရပြီလား" 


သူမက ဆက်၍


 “ရွာသူကြီး၊ ကျွန်မတို့ကို လိုက်ပို့စရာမလိုဘူး...ကျွန်မပြောသလို ပူဇော်ပသဖို့ ကူညီပေးမယ့်သူကို အရင်ရှာသင့်တယ်...ပြီးရင် တတ်နိုင်သမျှ မြန်မြန်လုပ်သင့်တယ်...မြန်လေလေ ပိုကောင်းလေပါပဲ"  


 "ကောင်းပြီ ဒါဆို လိုက်မပို့တော့ဘူးနော်"


ရွာသူကြီးက ဝတ္တရားရှိ၍ လိုက်ပို့လိုသော်လည်း စုမုန့်က တားလာသောအခါ ချက်ချင်း လှည့်ပြန်လေသည်။စုမုန့်လည်း သူ့နောက်ကျောကိုတစ်ချက်စူးစိုက်ကြည့်ပြီး ထွက်သွားလိုက်သည်။


စိမ်းလန်းသော တောင်တန်းများ၊ ကြည်လင်သောရေအိုင်များ၊ ငှက်များတကျီကျီတေးဆိုသံနှင့် လေကောင်းလေသန့်တို့ရှိနေ၍ သေချာပေါက် နေရာကောင်းတစ်ခုပင်။


ကားပေါ်ရောက်ခါနီးတွင် စုမုန့်သည် သူမ ကယ်တင်ခဲ့သော အဘိုးအိုကို ထပ်မံတွေ့လိုက်ရသည်။အဘိုးအိုသည် လမ်းဘေးတွင် တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေဟန်တူသည်။သူမတို့ကို တွေ့သောအခါ သူက ဝမ်းသာသွားဟန်ရှိ၏။သို့သော် သူသည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေသကဲ့သို့ တွန့်ဆုတ်ဆုတ် ဖြစ်နေလေသည်။


 "မင်းတို့ ရွာကထွက်သွားတော့မှာလား"  


အဘိုးအိုက စုမုန့်ကို မေးလိုက်သည်။


စုမုန့် ရပ်လိုက်ပြီး အဘိုးကြီးဘေးကို လျှောက်သွားသည်။


"ကျွန်မတို့ သွားတော့မယ်…ကျွန်မတို့ကို ဘာလို့ရှာနေတာလဲ"


"မင်းတို့ဒီမှာ တစ်ညလုံးရှိနေသရွေ့ အပြင်ထွက်လို့မရတော့ဘူး...မဟုတ်ရင် မင်းတို့ ဒုက္ခရောက်လိမ့်မယ်"


"ငါ မနေ့က မင်းကိုသတိပေးထားတာကို ဘာလို့နားမထောင်တာလဲ...မင်းတို့  အခုခေတ်လူငယ်တွေက အဘိုးကြီးပြောတာကို နားမထောင်ကြဘူး...ပြီးရင် သိလိမ့်မယ်… ဒီနေ့ မင်းငါ့ကို ကယ်တင်တုန်းက မင်းကို ပြောပြချင်ခဲ့တာ...ဒါပေမယ့် အဲဒီအချိန်မှာ ရွာသူကြီးလည်း ရှိနေတော့ ဘာမှ မပြောနိုင်တော့ဘဲ အရင်ထွက်သွားခဲ့ရတယ်...အခု ရွာသူကြီး မရှိဘူးဆိုတော့ လာပြောလို့ရတယ်”


အဘိုးအိုက တစ်ကယ်ပြောနေပုံရသဖြင့် စုမုန့် သံသယစိတ်ဖြင့် 


“အဘိုး ဘာကိုဆိုလိုတာလဲ...ညအိပ်ပြီးတာနဲ့ ဘာလို့မထွက်သွားရမှာလဲ"


အဘိုးအိုက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အနီးအနားမှာ ဘယ်သူမှ မရှိသည်ကို တွေ့လိုက်ရ၏။သူက သူမ၏ အင်္ကျီလက်ကိုဆွဲပြီး ကားဘေးကိုသွားလိုက်သည်။


"ကားပေါ်မှာ စကားပြောရအောင်"


အဘိုးအိုက အလွန်သတိရှိနေသည်ဖြစ်၍ သူမလည်း ခေါင်းညိတ်ကာ ကားတံခါးကိုဖွင့်ပေးလိုက်သည်။ရှန့်ကျန်းနှင့် လင်းအိုက်တို့လည်း ဝင်လာကြသည်။ကားထဲသို့ဝင်လိုက်သည်နှင့် အဘိုးအိုသည် သက်ပြင်းတစ်ချက်ချကာ သူသိသမျှကို သူမတို့အား စတင်ပြောပြသည်။


"ငါတို့ရွာက မကောင်းဘူး… ငါတို့ ဘယ်ဘုရားကို စော်ကားဖူးလို့လဲ မသိဘူး... ရွာသားတွေက ရွာမှာ နေကြရင် ကောင်းပေမယ့် ရွာက ထွက်သွားရင် ရောဂါဘယတွေ ထူပြောလာကြတယ်"


 “အရမ်းကို ထူးဆန်းလွန်းနေတော့ ရွာကလူတွေက အပြင်ကို မတော်တဆတောင် အပြင်မထွက်ကြဘူး… ငါတို့ရွာကို လာလည်တဲ့သူတွေကလည်း ညအိပ်မိရင်  ကံဆိုးကြလိမ့်မယ်…အတင်းအကြပ် ထွက်သွားရင် မကောင်းတာတွေ ကြုံလာမယ်”


 "ငါမင်းကိုဒီလိုမပြောသင့်ပေမယ့် မင်းငါ့အသက်ကိုကယ်ခဲ့တယ်....  ကောင်မလေး၊ မင်းဘယ်လောက်ငယ်သေးလဲ ကြည့်စမ်း.... အဲဒီတုန်းက ငါ့လို အဘိုးကြီးစကားကို မင်းဘာလို့ နားမထောင်တာလဲ"


စုမုန့်သည် အဘိုးအို၏ စကားကို တစ်ဝက်လောက်သိသော်လည်း အသေးစိတ်အချက်အလက်တွေကို သိချင်သည့်အတွက်


“ဘယ်လိုမျိုး ကံဆိုးတတ်ကြတာလဲ”

  

“ငါတို့ရွာက အပြင်လူနည်းတယ်...အပြင်ထွက်တဲ့သူလည်း နည်းတယ်...ရွာကထွက်သွားတဲ့ လူတွေက ကားမှောက်လို့ဖြစ်ဖြစ်၊ ဖျားနာပြီးတော့ဖြစ်ဖြစ် သေသွားတတ်တယ်...အဆိုးဆုံးက ဟုန်စစ်ပါ....သူထွက်သွားတာ နှစ်အနည်းငယ်ကြာပေမယ့် ပြန်လာတော့ မျက်စိကန်းသွားတယ်...ရွာက ထွက်သွားတုန်းက ကျန်းကျန်းမာမာပဲ”


"ရွာသူ၊ရွာသားတွေ လက်ထပ်ရင်တောင် အပြင်လူကို ရွေးလို့မရဘူး...ဒီရွာက နည်းနည်း လူပြတ်တယ်...တောင်ရဲ့ တစ်ဖက်မှာရှိနေတာလေ...ဒီထပ်နည်းနည်းလျှောက်မှ ရွာတွေ တွေ့ရတာ"


စုမုန့် တခြားစကားတွေကို ဂရုမစိုက်ဘဲ ဟုန်စစ် မျက်စိကန်းရခြင်းကိုသာ ဂရုစိုက်ခဲ့သည်။


(လူကုန်ကူးသမားများ...)


ဟုန်စစ်သည် ရှေးဟောင်းပစ္စည်းဆိုင်မှ ထွက်သွားသောအခါက အကောင်းအတိုင်းရှိနေသေးသည်။ အခုမှ ဘာလို့ မျက်စိကန်းနေတာလဲ…


"ဟုန်စစ် မျက်စိကန်းသွားတုန်းက သူ့အခြေအနေက ဘယ်လိုလဲ"  


စုမုန့် က မေးသည်။


 အဘိုးအိုက ခဏလောက် စဉ်းစားပြီးမှ 


"သူ့မျက်လုံးတွေက အလုပ်မလုပ်ပေမယ့် သူ့ခန္ဓာကိုယ်က ကောင်းနေတုန်းပဲ"


အဘိုးအို၏စကားကြားပြီးနောက် သူမ ထင်ထားတာ အမှန်ပင်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ဆိုလိုသည်မှာ ဟုန်စစ် မျက်စိကွယ်သွားသောအခါတွင် သူ လွတ်လပ်နေသေးသည်။သူ့ကို ပိတ်လှောင်ထားပြီး တခြားသူတွေ မတွေ့အောင် တားရသည့် အကြောင်းရင်းမှာ သူ့ခန္ဓာကိုယ်က အားနည်းလာတာကြောင့်ပင်။


သူမက ခဏလောက်စဉ်းစားပြီး 


“အဘိုး...ဟုန်စစ်အကြောင်း ဘယ်လောက်သိလဲ...ရွာလူကြီးကပြောတာက ဟုန်စစ်က မိဘမဲ့ဖြစ်ပြီး သူက အရမ်းသနားစရာကောင်းတယ်ဆိုပဲ"


 "ဟုန်စစ်"


အဘိုးအိုက အသံတိုးတိုးဖြင့် ရေရွတ်ရင်း ဘာမှပြန်မပြောချင်သလို စိတ်ရှုပ်နေပုံရသည်။


 “အဘိုးမသိရင်လည်း ထားလိုက်ပါ...ကျွန်မ ဟုန်စစ်ကိုခေါ်ပြီး ထွက်သွားတော့မယ်" 


သူမ ကားတံခါးကို ဟန်ဆောင်ဖွင့်လိုက်ရာ အဘိုးအိုက တားထားသည်။


"ဟင့်အင်း၊ ငါပြောနိုင်တယ်၊ ဒါပေမယ့် ငါပြောတာကို မင်း တခြားသူတွေကို မပြောပါနဲ့"


 "စိတ်မပူပါနဲ့…ကျွန်မ မပြောပါဘူး"


စုမုန့် ကတိပေးခဲ့ပြီး ရှန့်ကျန်းနှင့် လင်းအိုက်ကလည်း ကတိပေးခဲ့သည်။


ထိုအခါမှ အဘိုးအိုက “ဟုန်စစ်က မိဘမဲ့လို့ ရွာသူကြီးက တစ်ကယ်ပြောတာလား...ဟာ၊ သူ တစ်ကယ်လိမ်နေတာပဲ...ဟုန်စစ်က မိဘမဲ့မဟုတ်ပါဘူး...သူ့ကို လူကုန်ကူး‌သမားတွေက ပြန်ပေးဆွဲပြီး ဒီရွာကို ရောင်းစားခဲ့တာ”


“ဟုန်စစ် စရောက်တုန်းကတော့ သူက အရမ်း ဖြူစင်ပြီး နူးညံ့တယ်… ပန်းရောင်အဝတ်အစားတွေ ၀တ်ထားတယ်...လူကုန်ကူးသမားတွေက သူက  မိန်းကလေးလို့ထင်ပြီး ရွာက နှာဘူးတစ်ယောက်ဆီကို မယားအဖြစ် ရောင်းစားခဲ့တယ်...လွန်ခဲ့တဲ့ အနှစ်20က အင်တာနက်လည်း မဖွံ့ဖြိုးသေးတော့ လူပျောက်တယ်ဆိုရင် သေသလိုပါပဲ...မိသားစုဝင်တွေ လိုက်ရှာနေရင်တောင် ရှာတွေ့နိုင်ချေနည်းပါတယ်"


 “ဟုန်စစ်က ယောက်ျားလေးဖြစ်ပြီး  မိန်းကလေးမဟုတ်မှန်း အဲ့ဒီမိသားစုက သိသွားချိန်မှာ သူ့ကို စွန့်ပစ်ခဲ့တယ်…သူက နည်းနည်းလေး ဦးနှောက်မမှန်သလိုမျိုးဖြစ်နေတယ်... လူကုန်ကူးသမားကလည်း အရူးကလေးကို မှားပြီးပြန်ပေးဆွဲမိမှန်း သိတော့ သူ့ကို မလိုချင်တော့ဘူး...ခေါ်သွားရင်လည်း ပိုက်ဆံလည်းမရနိုင်ဘူးလေ....ဒါနဲ့ သူ့ကို ဒီရွာမှာထားပစ်ခဲ့တာ"


"အဘိုးကြီးတစ်ယောက်က သူ့ကို သနားလို့ မွေးစားခဲ့တယ်...ဒါပေမယ့် အဘိုးကြီးက ကျန်းမာရေး မကောင်းဘူး...သူနဲ့ 10နှစ်လောက်နေပြီးတော့ သူ နာမကျန်းဖြစ်ပြီး သေဆုံးသွားခဲ့တာ...ထူးဆန်းတယ်...အဘိုးကြီး သေဆုံးပြီးကတည်းက ဟုန်စစ် ရုတ်တရက် ဉာဏ်ထက်လာပြီး ရွာထဲကို ဖြတ်သွားတဲ့ ဖုန်းရွှေပညာရှင်နဲ့အတူ ထွက်သွားခဲ့တယ်”


 “ရွာသူကြီးကလည်း သူ့ကို အပြင်ထွက်ခွင့်မပြုဘူး... ဒီကလေးက ခိုးထွက်သွားတဲ့သဘောပါ...နှစ်ပေါင်းများစွာ အပြင်ရောက်နေပြီးမှ သူဘာလို့ရုတ်တရက်ပြန်လာတာလဲမသိဘူး... သူပြန်လာတဲ့နေ့ကလည်း နေကောင်းနေပေမယ့် နည်းနည်းကြာတော့ ရုတ်တရက် မျက်စိကွယ်သွားခဲ့တယ်...ရွာလူကြီးက သူ့ကို ပြုစုစောင့်ရှောက်ဖို့ သူ့အိမ်ခေါ်ထားတယ်…ဟုန်စစ်ကို အပြင်လည်းမထွက်ခိုင်းသလို ဘယ်သူ့ကိုမှလည်း လာလည်ခွင့် မပေးဘူး”


 "ရွာသူကြီးရဲ့ စိတ်နေစိတ်ထားကို ငါရိပ်မိပါတယ်...ဟုန်စစ်ကို ပိတ်ထားတယ်ဆိုတာက ကောင်းတဲ့ကိစ္စမဟုတ်တာ သေချာတယ်...ဒီကောင်က အပေါ်ယံကြည့်ရရင်သာ ကြင်နာတတ်ပေမယ့် နောက်ကွယ်မှာ သူက အရမ်းဆိုးတယ်…”


 အဘိုးအိုမှာ စိတ်လှုပ်ရှားလာသည်။သူက တခြားအကြောင်းအရာတွေကို ပြောနေသော်လည်း စုမုန့် စိတ်မဝင်စားတော့ဘဲ ဟုန်စစ် အကြောင်းကိုသာ အာရုံစိုက်ခဲ့သည်။ရွာသူကြီး၏ အပြုအမူက တရားမဝင် ဖြစ်နေလေပြီ။ သူမ၏ မှန်းဆချက် မှန်လျှင် ဟုန်စစ် ပြန်ပေးဆွဲမှုသည် ရွာသူကြီးနှင့် ပတ်သက်မှု ရှိပေလိမ့်မည်။ မဟုတ်ပါက၊ ဟုန်စစ် ၏ မွေးနေ့အက္ခရာရှစ်လုံးသည် ဖုန်းရွှေပညာရှင်ပြောသည့်အတိုင်းပင် တိုက်ဆိုင်နေသည်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။အခြားအရာများက အဆင်ပြေသော်လည်း ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းကို သည်းမခံနိုင်။ခိုးယူခံရသော ကလေး၏ မိဘများနေရာမှ ခံစားကြည့်ပါက၊ရင်နာစရာပင်။ 


 သို့သော်လည်း သူမအနေနှင့်၊စိတ်ကြိုက်ဆုံးဖြတ်၍မရပေ။ဟုန်စစ် ၏ထင်မြင်ချက်ကို ဦးစွာမေးသင့်သည်။သူက ရဲကိုခေါ်ဖို့ သင့်လျော်သည်ဟုပြောလျှင် သူ့အတိတ်ကို စုံစမ်းရမည်ဖြစ်သည်။


အဘိုးအိုသည် စကားဆုံးသော် သူပြောတာတွေများနေမှန်း သိလိုက်ရသည်။မပြောသင့်တာတွေ အများကြီးပြောမိသွားရပြီ။ထို့ကြောင့် စုမုန့်တို့ကို တစ်ခြားသူများအား ပြန်မပြောဖို့ ကတိတွေ အကြိမ်ကြိမ် တောင်းရ၏။


စုမုန့်ကလည်း ဘယ်သူ့ကိုမှ မပြောဖို့ အဘိုးကြီးအား ကတိပေးခဲ့သည်။သူထွက်သွားပြီးနောက် သူမတို့ ရွာသူကြီးအိမ်သို့ ကားမောင်းသွားခဲ့သည်။ထိုအခိုက်တွင်၊ ဟုန်စစ်သည် ရွာသူကြီးအိမ်ရှေ့ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် နေပူပူထဲမှာ ထိုင်နေသည်။


 “အစ်ကိုဟုန်...အဆင်ပြေတယ်...အိမ်ပြန်ရအောင်" 


သူမ ဟုန်စစ်ကို ကူတွဲရန် လျှောက်သွားခဲ့သည်။ရှန့်ကျန်းနှင့် လင်းအိုက်တို့ကလည်း ဟုန်စစ်ကို တွဲခေါ်ရန် ဘယ်တစ်ဖက်၊ညာတစ်ဖက် ပြေးသွားကြသည်။


"ကားပေါ်အရင်တက်ကြရအောင်… ရွာကထွက်ပြီး စကားပြောလို့ရတယ်”


 သူမ တိုက်တွန်းသည်။အားလုံးပြေလည်သွားပြီဖြစ်၍ သူမတို့   ရွာထဲက မောင်းထွက်လိုက်သည်။ထိုအခါမှ ကားပေါ်ရှိလူတိုင်း သက်ပြင်းချမိကြသည်။


(မျိုးဆက်တုန်းတော့မည့် ရွာသူကြီး)


 “စုမုန့် အဲဒီရွာသူကြီးက တော်တော်ဆိုးတယ်... သူ့သားမြေးတွေရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဘာလို့ လုပ်ပေးတာလဲ...ဒီလိုလူကို မလုပ်ပေးသင့်ဘူးမလား”  


ရှန့်ကျန်းက သူ့နောက်ဘက် ပြတင်းပေါက်မှ ရွာသူကြီး၏ အိမ်ဘက်သို့ လှမ်းကြည့်လိုက်သည်။


စုမုန့်က ပြုံးပြီး 


"သူ့မျက်နှာကို မမြင်ရဘူးလား...သူအသက်ရှင်နေတုန်းမှာ မကောင်းမှုတွေ အများကြီးလုပ်ခဲ့တယ်...အခုဆို ကံကြမ္မာကောင်းတွေ စုပေးတဲ့ အစီအရင်လည်း ပျက်သွားပြီဆိုတော့ သူ့မှာ သားစဉ်မြေးဆက် မရှိနိုင်တော့ဘူး"


"ဒါဆို မင်းက အစ်ကိုဟုန်ကို ကယ်တင်ပြီး အပြစ်ပေးလည်းပေးနိုင်ခဲ့တာပေါ့နော်...သူ့သားစဉ်မြေးဆက်တွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ရင် သူကံမကောင်းဖြစ်လိမ့်မယ်လို့ ပြောတယ်လေ”


 “ဟုတ်ပါ့...ဒါက သူ့အတွက် ထိုက်တန်တဲ့ လက်စားချေမှုပဲ” 


စုမုန့် တည်ငြိမ်စွာပြောသည်။သူမ အားလုံးပြောထားလျက်နှင့်၊ ရွာသူကြီးကိုယ်တိုင်က သဘောတူခဲ့သည်။သူက သူ၏ သားစဉ်မြေးဆက်တွေအကြောင်း ထပ်မမေးလာ၍ မျိုးဆက်ပြတ်နိုင်သည်ကို သူမ မပြောခဲ့ပေ။


 "ရှောင်မုန့် ၊ အစ်ကို့ကိုကူညီပေးတာကျေးဇူးတင်ပါတယ်...အစ်ကို ဒီလိုပဲ တစ်သက်လုံးနေရတော့မယ်လို့ ထင်ထားခဲ့တာ" 


ဟုန်စစ်က စုမုန့် အား ကျေးဇူးတင်စကား ပြောသည်။


"အစ်ကိုဟုန် ဘယ်လိုဖြစ်သွားတာလဲ"  


ရှန့်ကျန်းက မေးသည်။


ဟုန်စစ်က “ ပြောရရင်း ဇာတ်လမ်းကအရှည်ကြီး..  နည်းနည်းရှုပ်ထွေးတယ်...ငါက ရွာမှာကြီးပြင်းတယ်... အဘိုးနဲ့ ရွာသူကြီးရဲ့ ဂရုစိုက်မှုကြောင့် ရွာမှာရှိတဲ့ မိသားစုတိုင်းနီးပါးကို ခင်မင်တယ်...ဝင်ထွက် စားသောက်နေခဲ့တယ်... ရွာကလူတွေအားလုံးက ငါ့မိသားစုတွေပါပဲ...ငါ အရွယ်ရောက်လာတော့ ဖုန်းရွှေပညာရှင်တစ်ယောက် ရွာကိုရောက်လာတယ်...”


"ဆရာက ငါ့ကို တပည့်အဖြစ် ခေါ်သွားမယ်လို့ ပြောတယ်... သူ့ဆီကနေ သင်ယူပြီး ကြိုးစားရင် နောက်ဆို ကိုယ်ခြေထောက်ပေါ် ရပ်တည်နိုင်တယ်လို့ သူက ပြောတယ်…ငါ ကျောင်းမတက်ခဲ့ရပေမယ့် အဘိုးက ဗဟုသုတနည်းနည်းသင်ပေးတယ်...ဒါပေမယ့် ရွာမှာ ဆိုတော့ အသုံးမဝင်ဘူး...အသက်ရှင်ဖို့ သူများတွေကိုပဲ အားကိုးရတယ်...ဒါကြောင့် ဖုန်းရွှေပညာရှင်နဲ့လိုက်သွားခဲ့တာပါ" 


 “ရွာသူကြီးနဲ့ တခြားသူတွေ စိတ်ပူမှာ ကြောက်လို့ စာတစ်စောင် ထားခဲ့ပြီးမှ ငါ ထွက်သွားတာ... မကြာသေးခင်က ရွာမှာကိစ္စတစ်ခုဖြစ်တာ၊ငါ့အကူအညီလိုတယ်ဆိုပြီး ရွာသူကြီးက လှမ်းပြောတယ်...ငါလည်း ပြန်သွားခဲ့တယ်..ငါက ဖုန်းရွှေပညာရှင်ဆိုတာကို သူ သိနေတော့ ရွာရဲ့ထူးဆန်းတဲ့အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တွက်ချက်ခိုင်းတယ်"


"ငါ့ကျင့်ကြံစဉ်က နိမ့်နေသေးတော့ ကောင်းကောင်း မတွက်တတ်ဘူး...ဒီ‌တော့ ရွာသူကြီးက တစ်ခြားဖုန်းရွှေပညာရှင်ရဲ့ အဖြေကိုပြောပြတယ်...ပြီးတော့ ဒါက အစီစအရင်လုပ်သူကိုလည်း ထိခိုက်တယ်လို့ပြောတယ်...ငါကလည်း တော်ရုံထင်ပြီး သွားလုပ်တာ...အဲ့ဒီမှာ ငါ မမြင်ရတော့တာပဲ..."


 “အစပိုင်းမှာတော့ ရွာသူကြီးက တစ်ရွာလုံးရဲ့ ကံကောင်းခြင်းတွေကို ပြန်ယူပြီး နောင်လာနောင်သားတွေကို ပြုစုစောင့်ရှောက်ပေးမယ်လို့ ပြောခဲ့တယ်...ဒါပေမယ့် ငါ့ခန္ဓာကိုယ်က အားနည်းလာပြီး ပျော့ညံ့လာတော့ သူ  စိတ်မရှည်ဖြစ်လာတယ်…အဲဒီအခါမှပဲသူ့ဘဝကို ပြောင်းလဲဖို့ ငါ့ကို အသုံးချချင်ခဲ့တယ်ဆိုတာကို ငါ သဘောပေါက်သွားတယ်...ငါ ထွက်သွားချင်ပေမယ့် သူက အိမ်ပြင်တောင် ထွက်ခွင့်မပေးဘူး...အခုတော့ မင်းတို့သိတဲ့အတိုင်းပဲ"


ဟုန်စစ်သည် ကြင်နာတတ်သူဖြစ်သည်။သူမ၏ဆရာဖြစ်သူက ဟုန်စစ်ကို လိမ္မာရေးခြားရှိပြီး လူရိုးလေးဖြစ်သောကြောင့် ခေါ်ထားမှန်း စုမုန့် သိသည်။သို့သော်လည်း ဤကြင်နာမှုသည် သူ့အသက်ကို လုယူလုနီးပါး ဖြစ်ခဲ့သည်။ထို့ကြောင့် ဘယ်သူမဆို ပိုမိုကောင်းမွန်သောဘဝနေထိုင်နိုင်ရန် အနည်းငယ် ကြမ်းတမ်းနေရမည်။


စုမုန့်က “အစ်ကိုဟုန်.. အခု ရွာသူကြီး ဘယ်လိုထင်လဲ”


"အစက သူ့ကို ကျေးဇူးတင်မိပေမယ့် အခု…” ဟုန်စစ် ခေတ္တရပ်လိုက်သည်။   “သူက အစ်ကို့အဘိုးရဲ့ပြာကို သုံးပြီး သူ့အစီအရင်ရဲ့မျက်လုံးဖြစ်လာဖို့ အတင်း ခြိမ်းခြောက်တယ်…သူ့ကို မိသားစုလို သဘောထားပေမယ့် သူ့က အစ်ကို့ကို အသုံးချခဲ့တာ... သူပြောတာကို နားမထောင်ရင် အဘိုးရဲ့ ပြာတွေကို ကျဲပစ်မယ်လို့လည်း ပြောသေးတယ်"


“တို့ရွာက လူတွေက ဒီအရာတွေကို ယုံတယ်...သေပြီးသားလူရဲ့ ပြာတွေ ပြန့်ကျဲသွားရင် အဲ့ဒီသေပြီးသားလူက  ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုပြီး ယုံကြည်ကြတယ်...အစ်ကိုလည်း အဘိုးကို ဒီလိုမကြုံစေချင်ဘူး"  


ဟုန်စစ် အသံသည် တိုးလျသွားသည်။  ကားပေါ်ရှိလူများအားလုံး ကိုယ်ချင်းစာမိလေသည်။သူက ရိုးရိုးရှင်းရှင်းပြောသော်လည်း ရွာလူကြီးက သူ့ကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက်နေခြင်းဆိုသည်ကို စုမုန့် ရိပ်မိ၏။ 


 "အစ်ကိုဟုန် ဒီရွာကို ဘယ်လိုရောက်လာတာလဲလို့ တွေးဖူးလား"  စုမုန့်က မေးလိုက်သည်။


ဟုန်စစ် ခဏတာ အံ့အားသင့်သွားပြီး 


“အစ်ကိုက ဒီရွာကပါ...ဒီရွာမှာမွေးပေမယ့် မိဘတွေက စောစောသေသွားတော့ အဘိုးက အစ်ကို့ဘေးမှာ ရှိနေပေးခဲ့တယ်”


ထိုအခါ ဟုန်စစ် တစ်ကယ်မသိကြောင်း စုမုန့် သဘောပေါက်သွားသည်။  သူမ သက်ပြင်းတစ်ချက်ချလိုက်သည်။




xxxxxxx