အပိုင်း၈၆
Viewers 7k

Chapter 86

(မိန်းကလေးများကြား လျှို့ဝှက်ချက်)


ထို့အပြင် ရွာသူကြီး၏ စကားကို ရွာသားအားလုံး နားထောင်ကြသည်။  နှစ်အတော်ကြာပြီးနောက်မှာလည်း၊ မည်သူကမှ ဟုန်စစ် အား အကြောင်းစုံ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။


 “ညီမ ရဲကို ခေါ်ချင်တယ်...အစ်ကိုက ပြန်ပေးဆွဲခံရတဲ့ ပထမဆုံး ကလေးတော့ မဟုတ်နိုင်ဘူး...အစ်ကို သဘောတူလား…ရဲစခန်းကို ဖုန်းဆက်လိုက်ရင် ရွာသူကြီးကို စုံစမ်းကြလိမ့်မယ်...ရွာသူကြီးက ရှင့်ရဲ့ ပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ ညီမ သံသယရှိတယ်...အစ်ကို စိတ်ပူစရာမလိုပါဘူး...ရွာသူကြီး ဘာမှမလုပ်ထားရင် အပြစ်ပေးမှာ မဟုတ်ဘူး… သူတစ်ကယ်ပါဝင်ပတ်သက်နေတယ်ဆိုရင်၊အစ်ကို့အတွက် လက်စားချေတယ်လို့ ထင်နိုင်တယ်”


 “ကောင်းပြီ”  


ဟုန်စစ်က မဆိုင်းမတွ သဘောတူလိုက်သည်။


ထို့နောက် စုမုန့်က ရှန့်ကျန်းကို ရဲခေါ်ခိုင်းသည်။ကလေးပြန်ပေးဆွဲမှုအကြောင်းသာ ပြောပြစေသည်။တခြားကိစ္စတွေနှင့် ပတ်သက်ပြီး ဘာမှ မပြောခိုင်းချေ။ရဲတပ်ဖွဲ့က ဤကိစ္စကို ဖော်ထုတ်နိုင်မလားဆိုသည်မှာ စောင့်ကြည့်ရပေမည်။ထို့နောက် သူမသည် ဟုန်စစ်ကို မြို့သို့ပြန်ခေါ်သွားပြီး ဆေးစစ်ရန် ဆေးရုံပို့ခဲ့သည်။  သူ့ခန္ဓာကိုယ်မှာ ဘာချို့ယွင်းချက်မှ ရှိမနေပေ။မျက်စိကွယ်ခြင်းကိုမူ၊ ရွာသူကြီး၏ ကံကာင်းခြင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားပါက၊ သူ့မျက်လုံးတွေကလည်း တဖြည်းဖြည်း ပြန်ကောင်းလာမည်ဖြစ်သည်။


အားလုံးပြေလည်သွားပြီးနောက် စုမုန့်သည် ဟုန်စစ်ကို ရှေးဟောင်းပစ္စည်းဆိုင်သို့ လိုက်ပို့ပေးရန် စီစဉ်ခဲ့သည်။


သူတို့ ဆေးရုံမှ ထွက်လာစဉ် လင်းအိုက်က မျက်နှာလေး နီရဲနေကာဖြင့် ‌ပြောလိုက်သည်။


“အစ်ကိုဟုန် ညီမနဲ့ လိုက်ခဲ့ပါလား... အဖေက ဖုန်းရွှေပညာရှင်ကိုရှာနေတယ်....သူက တခြားလုပ်ငန်းတစ်ခုကို စလုပ်ချင်တယ်တဲ့”


 “ဒါပေမယ့် အစ်ကိုက အခု မျက်စိလည်းမမြင်ရဘူး... အစ်ကို့အရည်အချင်းကလည်း မလုံလောက်သေးဘူး...အစ်ကို ငြင်းပါရစေ"


ဟုန်စစ် လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့သည်။


 "ရတယ်...ညီမက အစ်ကိုနဲ့ အချိန်ပိုင်းအလုပ်လုပ်လာတာကြာပြီမို့ အစ်ကို့ရဲ့အရည်အချင်းတွေကို နားလည်ပါတယ်...  နောက်ပြီး အစ်ကို့ရဲ့အခြေအနေအကြောင်း အဖေ့ကို ပြောလိုက်မယ်"  


 “ဒါပေမယ့်…”


 "အစ်ကိုဟုန်ကလည်း လင်းအိုက် ဒီလောက်တောင်ပြောနေတာကို လိုက်သွားပါ"


စုမုန့်က ဟုန်စစ် စကားကို ဝင်ပြောပြီး လင်းအိုက်အား  


"ညီမ နောက်ဆို တစ်ခုခုလိုအပ်ရင် အစ်မကို လာရှာလို့ရတယ်နော်..."  


"ဟုတ်"  


လင်းအိုက် အလွန်ပျော်နေပုံရ၏။သူတို့ ဆေးရုံကနေ ထွက်လာစဉ် လင်းအိုက်က ဖုန်းကို ထုတ်၍ ခေါ်လိုက်၏။ခဏအကြာတွင် အနက်ရောင် ဇိမ်ခံကားတစ်စီး မောင်းလာသည်။


ကားရပ်ပြီးနောက် နေကာမျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးသည် အနက်ရောင် ယူနီဖောင်းဝတ်ကာ ကားပေါ်မှ ဆင်းလာခဲ့သည်။ထိုလူက လင်းအိုက်ရှေ့သို့ လှမ်းလာပြီး ရိုသေစွာဖြင့် “မမလေး"


 “အို...သူမက လူချမ်းသာ သခင်မလေးပါလား...အစ်ကိုဟုန်အတွက်‌ အဆင်ပြေသွားတာပေါ့"


ရှန့်ကျန်းက စုမုန့် နားတွင်ကပ်ကာ တိုးတိုးလေးပြောသည်။စုမုန့် ဘာမှမပြောဘဲ လင်းအိုက်ကိုသာ ကြည့်နေသည်။သက်တော်စောင့်က လင်းအိုက်ကို တံခါးဖွင့်ပေး၏။ထို့နောက် လင်းအိုက်သည် ဟုန်စစ်ကို ကားထဲသို့ ဝင်နိုင်ရန် ကူညီပေးခဲ့သည်။တံခါးမပိတ်ခင်မှာ သူမက စုမုန့်ကို လှမ်းပြောလေသည်။


 "ကျေးဇူးတင်ပါတယ် အစ်မ"


စုမုန့် ဘာမှ မပြောဘဲ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ထိုအခါ လင်းအိုက်က သူမကိုပြန်ပြုံးပြပြီး ကားတံခါးကိုပိတ်ကာ မောင်းထွက်သွားသည်။ရှန့်ကျန်းသည် ကားထွက်သွားသည်ကို မြင်သည့်တိုင်အောင် သူ အသိစိတ်မကပ်နိုင်သေးဘဲ စုမုန့်ကို ပဟေဠိဆန်သည့်အကြည့်နှင့်ကြည့်ကာ


"မင်းတို့နှစ်ယောက်ကြားထဲမှာ တစ်ခုခုရှိနေတယ်လို့ ကိုယ် သိနေတယ်"


 "ဒါက ကျွန်မတို့မိန်းကလေးတွေကြားက လျှို့ဝှက်ချက်ပဲ"  


စုမုန့် ထိုစကားကို ပြောပြီးနောက် လှည့်ထွက်လိုက်ရာ ရှန့်ကျန်းတစ်ယောက် ကြောင်စီစီဖြစ်နေကာ ကျန်ရစ်လေသည်။ဟုန်စစ်နှင့် ပတ်သက်သောကိစ္စများ အားလုံး ပြေလည်သွားပြီမို့ သူမ ဆရာဖြစ်သူကို ရှင်းပြ၍ရသွားလေပြီ။


သူမတို့ ရှေးဟောင်းပစ္စည်းဆိုင်ကို ကားမောင်းပြန်လာရာ ဆိုင်နှင့်မလှမ်းမကမ်းတွင် ရပ်ထားသည့်ကားကို တွေ့လိုက်သည်။သူမ ဤကားတံဆိပ်ကို တစ်ခါမှ မမြင်ဖူးသောကြောင့် သီးသန့်ကားမျိုးဖြစ်သင့်သည်။


စုမုန့် အံ့သြသွားသည်။  သူငယ်ချင်းဟောင်းတစ်ယောက်က ဆရာ့ကို ထပ်ရှာတာဖြစ်နိုင်သလား...


သူမ ကားကိုရပ်ပြီးနောက် ရှန့်ကျန်း နှင့်အတူ လျှောက်လာခဲ့သည်။သူမသည် ကားကိုသာ ကြည့်နေသောကြောင့် သူမ အနားရောက်လာသူကို သတိမထားမိလိုက်ပေ။


 "မစ္စစု" ထိုသူ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။


စုမုန့်သည် စကားသံ၏ ဦးတည်ရာကို မသိစိတ်မှ လှမ်းကြည့်လိုက်ရာ ဆိုင်ဘေးရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် အရပ်ရှည်ရှည် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။သူ့ပုံစံက ပိန်ပါးပြီး အတော်အရပ်မြင့်သည်။ဤလူသည် အလွန်ချောမောသဖြင့် တစ်ခါမြင်ဖူးရုံနှင့် စိတ်ထဲစွဲနေမည့်သူမျိုး ဖြစ်သော်လည်း သူမ ထိုလူကို မမှတ်မိပေ။အထူးသဖြင့် ယခုလို အလွန်ချောနေသူမျိုးဆို သူမ မမေ့တတ်ပေ။သူမ၏ အသိအကျွမ်းမဟုတ်သောကြောင့်၊ ဖုန်းရွှေကြည့်ရန် လာသော ဧည့်သည် ဖြစ်နိုင်သလား...


"မင်္ဂလာပါ.…ဖုန်းရွှေကြည့်ဖို့ ရက်ချိန်းလာယူတာလား...ဒါမှမဟုတ် ရှေးဟောင်းပစ္စည်းဝယ်ဖို့လား" 


သူမ ယဉ်ယဉ်ကျေးကျေး မေးလိုက်သည်။

ဖုန်းရွှေကိုကြည့်မည်ဆိုလျှင် သူက သူမ၏ ဧည့်သည်ဖြစ်သည်။သို့မဟုတ်ဘဲ ရှေးဟောင်းပစ္စည်းလာဝယ်လျှင်၊‌ဆရာဖြစ်သူ၏ ဧည့်သည်ပင်။


( စုမုန့်ကို သဘောကျသူ)


ထိုလူက ရှေ့သို့လျှောက်လာပြီး စုမုန့် ကို ပြုံးပြုံးလေး မေးသည် "မစ္စစု၊ ကိုယ့်ကို မမှတ်မိဘူးလား"


ရှန့်ကျန်းသည် သူ့အိတ်ကို ကိုင်ထားလိုက်ပြီး စုမုန့် အနားတွင် ရပ်ကာ ထိုလူကိုလည်း ခဏလောက်ကြည့်ပြီးနောက် စုမုန့်က


 "ဆရာမ တို့အရင်က ဒီလူနဲ့တွေ့ဖူးလား...သူနဲ့သိနေသလိုပဲ" 


စုမုန့် စိတ်ထဲမှာ သတိရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေမိကာ ထိုလူကို အရင်က တစ်ခါမှ မမြင်ဖူးကြောင်း အတည်ပြုပြီးနောက် သူမ မျက်မှောင်ကြုတ်ပြီး 


“တောင်းပန်ပါတယ်...ကျွန်မမှာ ဧည့်သည်တွေ များတော့ ရှင့်ကို မမှတ်မိဘူး...ရှင်က ဒီကိုဘာလာလုပ်တာလဲ"


 “မင်း ကိုယ့်အဘိုးကိုတော့ သိမယ်ထင်တယ်...ကိုယ်က လုပိုင်လေ...ဟိုတစ်လောက မင်းကိုယ့်အသက်ကို ကယ်ခဲ့တယ်... မင်း ကိုယ့်ကို မမှတ်မိတာမဆန်းပါဘူး… အဲဒီတုန်းက ဒဏ်ရာတွေရထားတော့ ပတ်တီးတွေ စည်းထားတာဆိုတော့"  


လုပိုင် ပြုံးလိုက်ပုံက တစ်ကယ့်ချောမွေ့တည်ကြည်သော လူရည်မွန်တစ်ယောက်လိုပင်။ထိုအခါမှ စုမုန့် သူ့ကိုမှတ်မိသွားသည်။ထိုအချိန်တွင် လုပိုင် သည် ခေါင်းမှ ခြေဖျားအထိ ပတ်တီးများစည်းထားသော်လည်း သူ့မျက်နှာကို သူမ မြင်ဖူးသည်။သို့သော် ယခုလို ချောမွေ့မနေတာတော့ သေချာ၏။ဒဏ်ရာများကြောင့် သူ့မျက်နှာက ‌ချောမှန်းသိသာသော်လည်း အားနည်းနေသလို၊မှိန်ဖျော့သောအလှမျိုးပင်။သို့သော်၊ အခုတော့ သူ့မျက်နှာပေါ်က ဒဏ်ရာများမှာ သက်သာသွားခဲ့ပြီ။လုပိုင်သည် တည့်တည့်မတ်မတ်ရပ်ထားကာ အလွန်လန်းဆန်းတက်ကြွနေကာ လုံးဝခြားနားသော လူတစ်ယောက်ဖြစ်သွားသည်။


 "ဟုတ်လား... အဘိုးလု နေကောင်းလား"  စုမုန့်က မေးသည်။


"အဘိုးလည်း နေကောင်းပါတယ်…သူက ကိုယ့်ကို ဒီကိုလာဖို့ လွှတ်လိုက်တာပါ" လုပိုင် က ပြန်ဖြေသည်။


စုမုန့် က ခေါင်းညိတ်ပြီး ဆက်မေးသည်။


 "ဒါဆို ဘာကိစ္စရှိလို့လဲ...ဘာရှာချင်လို့လဲ...လူလား၊ပစ္စည်းလား"


လုပိုင် အပြုံးတွင် ရှက်စိတ်ကလေး ပါဝင်နေသည်။သူက ခဏလောက် ခေါင်းငုံ့ပြီးမှ သတ္တိကိုစုစည်း၍


"မစ္စစု၊ က်ိုယ် မင်းကို မေးစရာရှိလို့လာတာ… ဖြစ်နိုင်ရင် ကိုယ့် ရည်းစားဖြစ်နိုင်မလား"


 သူသည် ရဲအရာရှိဖြစ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်၍ စကားပြောလျှင် ဒဲ့သာ ပြာတတ်သည်။ယခုလို မိန်းကလေးတစ်ယောက်ရှေ့မှာ ဤစကားမျိုးပြောရသည့်အတွက် သူ့စိတ်ထဲမှ သူကိုယ်သူ ဆူပူကြိမ်းမောင်းခြင်း မပြုနိုင်ခဲ့‌ေပ။


 ဘုတ်....


လုပိုင် စကားဆုံးသွားချိန်မှာ ရှန့်ကျန်း လက်ထဲက အိတ်မှာ မြေပြင်ပေါ်ကို ပြုတ်ကျသွားကာ သူ့ပါးစပ်က ဟလျက်၊မျက်လုံးကလည်း ပြူးကျယ်လာသည်။စုမုန့် နားကြား မှားသလားဟုတွေးကာ  နားရွက်ကို ပွတ်သပ်ပြီး 


“ဘာပြောလိုက်တယ်” 


 "မင်းကို ကိုယ့်ရည်းစားဖြစ်စေချင်တယ်...အဆင်ပြေလား"  


 "ရှင့်ရဲ့ရည်းစားဖြစ်ရမယ် ဟုတ်လား"  


 "ဟုတ်တယ်၊ကိုယ် အတည်ပြောနေတာပါ" 


 "မင်းရဲ့ရည်းစားဖြစ်ရမယ် ဟုတ်လား"  


ရှန့်ကျန်း ကလည်း ထပ်မေးသည်။


 "ဟုတ်တယ်" 


လုပိုင် သည် ရှန့်ကျန်း ၏စကားကိုပြန်ဖြေသည်။သူ့ပုံစံက လုံးဝစိတ်မရှည်ပုံပေါ်မနေပေ။သူ့မျက်နှာတွင် အပြုံးတစ်ခုရှိ၍ နွေဦးလေညှင်းကို ရှူးရှိုက်နေရသလို အေးမြလန်းဆန်းလှသည့် အပြုံးတစ်ပွင့်သာ ခိုတွဲနေသည်။


....


စုမုန့်နှင့် ရှန့်ကျန်းတို့သည် အကြိမ်ပေါင်း မရေတွက်နိုင်အောင် ထပ်ခါတလဲလဲ မေးခဲ့ကြသည်။စုမုန့် ကိုယ့်နားကိုယ် မယုံသလို ရှန့်ကျန်းလည်း အလွန်အံ့သြသွားသည်။ လုပိုင်ကလည်း စိတ်ရှည်ရှည်နှင့် ပြန်ဖြေနေသည်ပင်။


စုမုန့် ထင်မိတာက၊လုပိုင်၏ ခန္ဓာကိုယ်မှာ ကောင်းမွန်လာသော်လည်း သူ့ခေါင်းက တစ်ခုခု ဖြစ်နေပုံရသည်။သို့မဟုတ် လျှို့ဝှက်အချက်ပြမှုတစ်ခုဖြင့် သူမနှင့် ဆက်သွယ်ရန် ကြိုးစားနေခြင်းဖြစ်မည်။

သူမနဲ့သက်ဆိုင်တဲ့ မစ်ရှင်အသစ်တစ်ခုကို သူ လက်ခံခဲ့တာလား...သူမ အတွေးစတို့ ရှုပ်ယှက်ခတ်လျက်။ 


 "အင်း ကျွန်မ မေးချင်တာက ကျွန်မတို့က အရမ်းရင်းနှီးလား"  


စုမုန့်သည် လုပိုင်ကို ကြည့်သည်။  သူ့ရှေ့ကလူမှာ အလွန်ချောမောပြီး သူ့မျက်လုံးများမှာ အတော်ချစ်ဖို့ကောင်းသည်။ကံမကောင်းစွာပဲ၊ သူမသည် ရုပ်လှတိုင်းအထင်ကြီးတတ်သူမဟုတ်ပေ။သူနှင့်လည်း ရည်းစားစကားပြောရအောင်အထိ မနီးစပ်ဘူးဟု ထင်ထားတာကြောင့် သူမ စိတ်ထဲအဆင်မပြေဖြစ်မိသည်။


 "ကိုယ်တို့က သိပ်မရင်းနှီးသေးပေမယ့် ကိုယ်တို့ရဲ့ဆက်ဆံရေးကို ဖြည်းဖြည်းချင်း တည်ဆောက်လို့ရတယ်လေ...ကိုယ်က စကားတည်တဲ့သူဆိုတာကိုတော့ မှတ်ထားပါ... ကိုယ်တို့လက်ထပ်မပြီးမချင်း ကိုယ် သစ္စာစောင့်ပါ့မယ်"


 “ဒါ့အပြင် မင်း ကိုယ့်ခန္ဓာကိုယ်အတွက် စိတ်ချကြည့်နိုင်ပါတယ်...ကိုယ့်ခန္ဓာကိုယ်မှာ အပေါ်ယံဒဏ်ရာပဲ ရှိခဲ့တာ...အတွင်းဒဏ်ရာတော့ မရှိပါဘူး...အချိန်တစ်ခုကြာပြီးမှ ပြန်ကောင်းလာမယ်... မင်း ကိုယ့်ကိုမယုံရင် ကိုယ်ပြန်ကောင်းလာပြီးနောက်မှ ထပ်ပြီးဆေးစစ်ပြမယ်လေ...ကိုယ်က ဒီကိစ္စကို အလေးအနက်ထားတယ်...နောက်နေတာမဟုတ်ဘူး"


လုပိုင် ဆက်မပြုံးတော့ဘဲ လေးနက်စွာပြောနေတော့သည်။ သို့သော် သူမ ဂရုမစိုက်။စိတ်ရှုပ်နေတာသာ သိသည်။


"ရှင့်ရဲ့ရည်းစားမဖြစ်ချင်ဘူး... ဟင့်အင်း..ကျွန်မက မကွာရှင်းရသေးဘူး” 


 သို့သော်လည်း လုပိုင်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိဘဲ  သူက ဆက်ပြောသည်။


 “မစ္စစု၊ ကိုယ် အရမ်းမြန်သွားမှန်းသိပါတယ်" 


စုမုန့် စိတ်ထဲမှ တွေးမိသည်။'သိလို့ပဲ တော်တော့တယ်'


လုပိုင် နောက်ဆုတ်တော့မည်ဟု သူမ ထင်မိသော်လည်း သူ၏ နောက်ထပ်စကားက သူမကို မေ့လဲလုနီးနီးဖြစ်စေမည်ဟု မမျှော်လင့်ထားပေ။



xxxxxx