Chapter 87
(အနှောင့်ယှက်ခံခဲ့ရသော ပိုးပန်းမှု)
"ကိုယ်မင်းအခြေအနေကို နားလည်ပါတယ်...ဝေ့ထင်နဲ့ မင်းနဲ့က မကြာခင်မှာ ကွာရှင်းကြတော့မှာပဲလေ မင်းဘက်က ကကွာရှင်းဖို့တောင်းဆိုပြီးသားဆိုတော့မကြာခင်မှာ လူလွတ်ဖြစ်တော့မှာ ကိုယ်ဒီနေ့လာတာက မင်းကို ပိုးပန်းချင်ကြောင်း ပြောပြရုံပါပဲ...မင်းကွာရှင်းပြီးတာနဲ့ တရားဝင်ပိုးပန်းမှာပါ...ကိစ္စမရှိပါဘူး ကိုယ်စောင့်နိုင်ပါတယ်..."
ထိုစကားများကို လုပိုင်၏ အလွန်အမင်း လေးနက်သည့် မျက်နှာအမူအရာနှင့် ထပ်ပေါင်းပြောလိုက်သည့်အခါ စုမုန့်ချောင်ပိတ်မိသလို ခံစားလိုက်ရသည်။
သူမ အခု သမီးရည်းစားဆက်ဆံရေးကို စိတ်မဝင်စားပေ။ သူမအခုတကယ် အလုပ်ချင်ဆုံးက ပိုက်ဆံရှာဖို့ပဲ ပိုက်ဆံအများကြီးရှာရမယ်...
"အာ ဟုတ်သား ရှင့်ကို အကြီးအကဲလုက ပို့လိုက်တာဆို... အခုပြန်ပြီး သူ့ကိုပြောပြပေးလိုက်ပါ ကျွန်မ အခုလောလောဆယ် ချစ်သူကောင်လေးမလိုချင်သေးပါဘူးလို့...အချိန်တွေထပ်မဖြုန်းချင်လို့ပါ..."
အတိတ်ဘဝတုန်းက ကြုံခဲ့ရတဲ့ စိတ်မချမ်းသာစရာအတွေ့အကြုံကို ပြန်တွေးမိပြီး စုမုန့်စိတ်အခြေအနေ မကောင်းတော့ပေ။
"မင်းတစ်ခုခုကို အထင်လွဲနေပြီထင်တယ်...သူက ကိုယ့်ကိုမင်းကိုပိုးပန်းဖို့မှာလိုက်တာမဟုတ်ပါဘူး... ကိုယ်မင်းကို သဘောကျနေတာသိသွားတော့ အဘိုးကဖွင့်ပြောစေချင်နေတာ...မင်းအကြောင်းက လျှို့ဝှက်ထားတာမဟုတ်တော့ ကိုယ်စုံစမ်းလိုက်တာနဲ့ သိလိုက်ရတာက မင်းကမကွာရှင်းရသေးဘူးတဲ့လေ... အဲ့တာကြောင့် မင်းကွာရှင်းပြီးမှလာမယ်လုပ်ထားတာ"
"ဘယ်သူထင်မှာလဲ အဘိုးက ကိုယ့်ထက်ပိုစိုးရိမ်ပြီး ဒီကိုလွှတ်လိုက်မယ်ဆိုတာ...ဒါပေမဲ့စိတ်မပူပါနဲ့...ကိုယ်မင်းကို ပိုးပန်းတာက ဘယ်သူ့ ဘယ်သူပယောဂမှ မပါပါဘူး...ကိုယ်သဘောကျလို့ကိုလုပ်တာ...တကယ်တော့ အရင်တစ်ခေါက်က လုစီရဲ့ကိစ္စက ကိုယ်နဲ့မဆိုင်ပါဘူး အဲ့တုန်းကပြန်တောင်မကောင်းသေးဘူးလေ။ ဒီတိုင်း မင်းနဲ့တွေ့ပြီး အတည်ပြုချင်ရုံပါပဲ...အဲ့တာကြောင့် လက်ဦးမှုယူလိုက်တာ"
"ဘာကိုအတည်ပြုချင်တာလဲ" စုမုန့် မျက်မှောင်ကျုံ့ပြီး လုပိုင်အားကြည့်လိုက်သည်။ သူမတဖြည်းဖြည်း စိတ်ရှုပ်သထက် ရှုပ်လာသည်။
ထိုနှစ်ဦး စကားပြောနေစဥ် ကားတစ်စီးသည် အရှိန်ဖြင့် တိုးဝင်လာသည်။ လုပိုင်သည် လျင်မြန်စွာတုံ့ပြန်ပြီး စုမုန့်လက်အား လှမ်းဆွဲကာ တစ်ဖက်သို့ပို့လိုက်သည်။
တစ်ဖက်တွင်ရှိသည့် ရှန့်ကျန်းမှာတော့ ကူညီပေးမည့်သူမရှိပေ။ သူ့ဆီသို့ တည့်တည့်ဝင်လာနေသော ကားဆီသို့သာ ကြောင်အစွာစိုက်ကြည့်နေသည်။ သူ၏ခေါင်းထဲတွင် ဗလာဖြစ်နေပြီး ရှောင်ဖို့ပင် မေ့နေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကားသည် သူနှင့်မီတာအနည်းငယ်အကွာတွင် အရှိန်သတ်သွားခဲ့သည်။ ကားရပ်သည်နှင့် စုမုန့်မျက်မှောင်ကျုံ့လျက် ကြည့်လိုက်သည်။ ကားထဲမှာထွက်လာသူမှာ ကျူးရွှင်းပင်။
"တောင်းပန်ပါတယ် သခင်မလေး...ကျွန်တော်ဖုန်းပြောနေမိလို့ပါ... ထိခိုက်သွားတဲ့နေရာများရှိပါသလားဗျ"
ကျူးရွှင်းသည် ရှန့်ကျန့်အား တစ်ချက်ပင်လှည့်မကြည့်ချေ။ စုမုန့်ဆီ တည့်တည့်မတ်မတ်သွားပြီး ဘေးမှလုပိုင်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် စုမုန့်နှင့် အကွာအဝေးတစ်ခုပြန်ခြား၍ ရပ်နေလေသည်။ ရည်ရွယ်ချက်က ရှင်းလွန်းသည်။ လုပိုင်ကို စုမုန့်အနားမကပ်ရန် သတိပေးလိုက်သည်ပင်။
ကံကောင်းစွာနှင့်ပင် သက်တော်စောင့်နှစ်ယောက်သည် အလွန်ကိုမျက်စိလျင်လေသည်။ စုမုန့်အား ယောက်ျားတစ်ယောက်စောင့်နေသည်ကို မြင်သည်နှင့် ဝေ့ထင်အားသတင်းပို့ကာ ဝေ့ထင်နားထောင်ဖို့ အသံပင် တိတ်တိတ်လေးသွင်းထားလိုက်သေးသည်။ ကျူးရွှင်းအမြန်လိုက်လာလိုက်ရသည်။ လုပိုင် မသင့်လျော်သော မည်သည့်စကားတစ်ခွန်းမျှ မပြောရသေးခင်တွင် သူ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်သို့ ရောက်ရှိခဲ့သည်။
"နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မလုပ်နဲ့...ထိခိုက်မိကုန်တော့မလို့..."
စုမုန့်သည် ကျူးရွှင်းဘာကြောင့် စိတ်လှုပ်ရှားနေလဲမသိပေ။ သူမထင်သည်မှာ ကျူးရွှင်း ကားသေချာမမောင်းသည်ပင်။ ထို့ကြောင့် သတိပေးလိုက်ခြင်းဖြစ်သည်။
"တောင်းပန်ပါတယ်... နောက်မဖြစ်စေရပါဘူး..."
ကျူးရွှင်းချက်ချင်းတောင်းပန်လိုက်သည်။ သို့သော် သူ၏ နှလုံးသားထဲတွင် အမြန်မောင်းလာမိ၍ ကံကောင်းသွားသည်ဟု တွေးနေမိသည်။
"ဘာလို့ငါ့ကိုလာရှာတာလဲ"
စုမုန့် ကျူးရွှင်းကိုမြင်လျှင် ဝေ့ထင်ကိုသတိရသည်။ သူမ ဝေ့ထင်ကိုမုန်းနေသေးသောကြောင့် ကျူးရွှင်းကိုလည်း သဘောမကျပေ။ ထို့ကြောင့် သူမ၏ အသံမှာ ညင်သာမနေ။
ကျူးရွှင်း စုမုန့်အသံတွင် စိတ်မရှည်မှုအားကြားလိုက်ရသော်လည်း ဂရုစိုက်မနေပါ။ ထိုအစား လေးလေးစားစားနှင့်ပင် ပြန်ဖြေခဲ့သည်။
"ဥက္ကဠဝေ့က သခင်မလေးကို တစ်ခြားသူက မသင့်လျော်တာတွေ ပြုမူလာမှာကို စိုးရိမ်လို့ အကူအညီလိုမလားဆိုပြီး လွှတ်လိုက်တာပါ။"
ကျူးရွှင်း ထိုစကားများအားပြောလိုက်သည်နှင့် သူ၏မျက်လုံးသည်လည်း လုပိုင်ဆီသို့ ရောက်ရှိလာသည်။ မျက်ဝန်းထဲ၌ အထင်အမြင်သေးမှုများ အပြည့်ပင်။
စုမုန့် မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
"မသင့်လျော်တာက ေဝ့ထင်ငါ့အပေါ် မလုပ်လာရင်ကိုရပါပြီ။ သူ့အပြင် ဘယ်သူကမှ အားမနေဘူး"
"ရှိတာပေါ့ ကျွန်တော်တို့ရှေ့မှာတင် အရံသင့်ပဲမဟုတ်ဘူးလား"
ကျူးရွှင်းသည် လုပိုင်အားကြည့်လျက် အားနာမှုမရှိစွာ ပြောလိုက်လေသည်။
ဝေ့ထင်၏ လက်ထောက်ပီသလှသည်။ ေဝ့ထင်လိုပင် သူတစ်ပါးမျက်နှာမကြည့်တတ်ပေ။
ကျူးရွှင်း မျက်လုံးလှိမ့်ကာ လုပိုင်ကိုကြည့်လိုက်သည်။ ထို့နောက် ဆက်ပြောလေသည်။
"တကယ်ကို ဥက္ကဠဝေ့က သခင်မလေးကို စိတ်ပူနေတာပါ။ သူက လူကိုယ်တိုင်တောင် လာကြည့်ချင်နေတာ ဒါပေမဲ့သူ့ခန္ဓာကိုယ်က ထပ်ပြီးထိခိုက်လို့ မဖြစ်လို့သာ။ ကျွန်တော်သူ့ကို မနည်း ဖျောင်းဖျထားရတာဗျ။ ဒီကိစ္စကို သေချာပေါက်ဖြေရှင်းလိုက်ပါ့မယ်ဆိုပြီး။ အဲ့တာကြောင့် ကျွန်တော်လက်ဗလာနဲ့ ပြန်လို့မဖြစ်လို့ပါဗျာ။"
"အကယ်၍ သခင်မလေး ပြောချင်တာများရှိရင် လွတ်လွတ်လပ်လပ်ပြောချလိုက်ပါ။ အဲ့လိုကပိုပြီးလွယ်ကူပါလိမ့်မယ်။ ဥပမာ ကန်းနေတဲ့အဲ့လူကို ဖမ်းခိုင်းလိုက်တာမျိုးလေ ဒီလိုဆို သခင်မလေးကို ထပ်ပြီးမနှောင့်ယှက်နိုင်တော့ဘူးပေါ့။"
မနေ့က စုမုန့်ကို ကာကွယ်ပေးရတဲ့သက်တော်စောင့်တွေက ရုတ်တရက်ပဲ ပြန်သွားပြီး စုမုန့်တောင်တန်းတွေကြားက ရွာလေးတစ်ရွာကို ထွက်သွားပြီဆိုတဲ့အကြောင်းသတင်းပေးခဲ့ကြသည်။ သူတို့လိုက်သွားလို့မရခဲ့ပေ မဟုတ်ရင် သူတို့ကိုယ်သူတို့ဖော်သလိုဖြစ်သွားမှာဖြစ်သည်။
ထိုအချိန်တုန်းက သက်တော်စောင့်နှစ်ယောက်မှာ သွားစရာမရှိခဲ့ပေ။ ထို့ကြောင့် ဝေ့ထင်ဆီကိုသာ သတင်းပို့ရန် ပြန်ခဲ့လိုက်ကြသည်။
182 ပုပ်သိုးနေတဲ့ မက်မွန်ပင်လည်း ပွင့်လန်းလာခဲ့ပြီ
စုမုန့် အလှမ်းဝေးတဲ့ တောင်တန်းကြားကရွာလေးဆီ သွားသည်ကို ကြားသည်နှင့် ဝေ့ထင်တစ်ယောက် စိတ်ပူနေခဲ့သည်။ သူကိုယ်တိုင် သူမနောက်လိုက်သွားချင်သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေမှာ ဆိုးရွားလွန်းလှသည်။
ကျူးရွှင်းသည် အပြစ်တင်ခံရမည်ကို ကျော်လွှားကာ အရဲစွန့်ပြီး ဝေ့ထင်အား တားခဲ့သည်။ မစ်ရှင်ကို သေချာထမ်းဆောင်ပါ့မည်ဟု အထပ်ထပ်ကတိပေးပြီးနောက်တွင် ဝေ့ထင် ဆေးရုံမှဆင်းမည့်အကြံအား လက်လျှော့လိုက်လေတော့သည်။
ကျူးရွှင်းသည် တစ်စိတ်ကလေးမျှ မယဥ်ကျေးပေ။ လုပိုင်ကား ဘေးတွင်ရပ်ကာ နှုတ်ပိတ်၍နေလေသည်။
"သူရဲ့ ကြင်နာမှုကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့မလိုဘူး။" စုမုန့်ပြောပြီးသည်နှင့် လုပိုင်ဘက်သို့လှည့်ကာ မေးလိုက်သည်။ "ပြောစရာကျန်သေးလား... မကျန်တော့ရင် ဆိုင်ထဲပြန်ဝင်တော့မယ်"
"အခုတော့ ဘာမှမကျန်တော့ပါဘူး။ ဒါပေမဲ့ တစ်ခုခုပြဿနာရှိရင် ကိုယ့်ကိုလာရှာနိုင်ပါတယ်။ အစွမ်းကုန်ကူညီပေးပါ့မယ်။" လုပိုင်က အလေးအနက်ပြောလိုက်သည်။
ထိုစကားများ စုမုန့်ကြားသည့်အခါ ယဥ်ကျေးစွာပဲ ပြန်ပြုံးပြလိုက်ပြီး "ကျေးဇူးတင်ပါတယ် ဒါပေမဲ့ အခုမလိုအပ်သေးပါဘူး။ အကယ်၍ ရှင်တု့ိပြောစရာမရှိတော့ဘူးဆို လုပ်စရာရှိတာဆက်လုပ်ကြပါဦး။ ကျွန်မဆိုင်ထဲပြန်ဝင်ပါတော့မယ်။"
စုမုန့်သည် ထိုသူနှစ်ဦးအား လျစ်လျူရှုလျက် ရှန့်ကျန်းနှင့်အတူ ဆိုင်ထဲဝင်သွားတော့သည်။
ရှန့်ကျန်းသည် အလွန်ကိုစိတ်လှုပ်ရှားနေပုံပေါ်သည်။ ဆိုင်ထဲသို့ရောက်သည်နှင့် တစ်ချက်ပြုံးကာ ပြောလိုက်လေသည်။ "စုမုန့် မင်းရဲ့မက်မွန်ပင်က အပွင့်ပွင့်လာပြီပဲ။ မင်းမှာ အရင်ယောက်ျားလည်းရှိတယ် အနာဂတ်ကောင်လေးကလဲ အဆင်သင့်။ အတော်လေးကို အောင်မြင်နေတာပဲ။"
ဒီစကားတွေက တခြားလူတွေအတွက်တော့ ပျော်စရာဖြစ်ချင်ဖြစ်လိမ့်မယ်။ သို့သော် စုမုန့်အတွက်တော့ ပြဿနာအိုးပင်။
ထို့ကြောင့်ပင် စုမုန့်လျင်မြန်စွာ ငြင်းပယ်လိုက်သည်။ "တော်စမ်း။ ပွင့်လာတဲ့မက်မွန်ပွင့်က တအားနံလွန်းတယ်။ မကြိုက်ဘူး။"
သူမအတိတ်မှာ ပုပ်သိုးနေတဲ့မက်မွန်ပွင့် သတ်တာတစ်ကြိမ်ခံပြီးပြီဖြစ်သည်။ နောက်တစ်ကြိမ် ထပ်မဖြစ်ချင်တော့ပေ။
ထို့အပြင် သူမ လုပိုင်နှင့်မရင်းနှီးပေ။ နှစ်ကြိမ်သာဆုံဖူးသော်လည်း သူမကိုသဘောကျသည်ဟုဆိုလာသည်။ ထိုကဲ့သို့သော အရာမျိုးသည် ယုံကြည်လို့ရနိုင်မည့်အထဲတွင် မပါချေ။
မြင်မြင်ချင်း အချစ်များလား...
စုမုန့်က သူ့ကိုယ်သူ ပြိုင်ဘက်ကင်းအလှလေးဟု တစ်ခါမှပင်မသတ်မှတ်ခဲ့ဖူးချေ။ သူမက သာမန်ရွက်ကြမ်းရေကျိုဟုပင် ဆိုနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် သူမရုပ်ရည်အား အမှန်တကယ် ချီးကျူးဖူးသူများလည်းရှိသောကြောင့်ပင်။
စုမုန့်တွေးမိသည် ဖြစ်နိုင်တာက သူမကပဲ လုပိုင်သဘောကျသည့် ပုံစံနှင့်ကိုက်ညီနေခဲ့လို့များလား...အဲတာကြောင့် မြင်မြင်ချင်းသဘောကျ...ဒုတိယတစ်ခေါက်မြင်တော့ ချစ်ကျွမ်းဝင်...တတိယတစ်ခေါက်မြင်တော့ သူ့ကောင်မလေးဖြစ်ဖို့ ကမ်းလှမ်းပြီး လက်ထပ်ဖို့အထိပါ တွေးလိုက်မိတာများလား...
သို့ပေမဲ့လည်း ထိုအကြောင်းကို စုမုန့်တွေးမိမိချင်းမှာတင် ရပ်တန့်ပစ်လိုက်လေသည်။ မြင်မြင်ချင်းချစ်တယ်ဆိုတာ လူရမ်းကားတွေလို လိုက်ပြုမူတာပဲနေမှာ။ သူမမယုံပါ လုပိုင်၏ စကားများက စုမု့န်အတွက်တော့ ပြက်လုံးများလိုပင်။
စုမုန့် တခြားဘာမှမတွေးခဲ့ပါ။ ကောရှန်းက ဟုန်စစ်ကို စိတ်ပူနေမည်ကိုသိသောကြောင့် သူမလျင်လျင်မြန်မြန်ပဲ ဟုန်စစ်အဆင်ပြေနေကြောင်း ပြောပြလိုက်ပြီး ဟုန်စစ်ရွာအခြေအနေကိုပါ ထည့်ပြောလိုက်သေးသည်။
ဆိုင်လေးသည် အလွန်ပင်ငြိမ်သက်နေသော်လည်း ဆိုင်အပြင်ဘက်တွင်တော့ မေ့လဲချင်စရာ ယမ်းအနံ့များဖြင့် ပြည့်နေလေသည်။ ကျူးရွှင်းနှင့် လုပိုင်ကား ယခုအချိန်ထိ မပြန်ကြသေးပေ။
"ဥက္ကဠဝေ့ လုပိုင်လို့ခေါ်တဲ့ လူတစ်ယောက်က သခင်မလေးကီု ပိုးပန်းနေပါတယ်..."
စုမုန့်ဆိုင်ခန်းထဲသို့ ဝင်သွားသည့်နှင့် ကျူးရွှင်းက ဝေ့ထင်အားဖုန်းဆက်ကာ အကျိုးအကြောင်းတင်ပြလေသည်။
စုမုန့်အား မရှောင်ဘဲ ပေါ်တင်စကားပြောခဲ့သောလုပိုင်သည် ရှေ့တွင်ပင် အမည်တပ်ကာအပြောခံရလေတော့သည်။
လုပိုင်: "....."
ကျူးရွှင်းက ဘယ်လိုစကားပြောမလဲ ကောင်းကောင်းသသည်။ အရာအားလုံးကို သူသိသည့်ပုံစံဖြင့် ပြောကာ လုပိုင်က စုမုန့်ကွာရှင်းမည်အားစောင့်ပြီး တရားဝင်ပိုးပန်းမည့်အကြောင်းပါ ထည့်ပြောပြီးပြီဖြစ်သည်။
"ဟုတ် ဟုတ်ကဲ့ သိပါပြီ..." တစ်ဖက်မှ ဝေ့ထင် ဘာပြောသည်လဲမသိရပေ။ ကျူးရွှင်း၏ မျက်လုံးများကား လုပိုင်အပေါ်တွင် မြဲမြံနေသည်။ ထို့နောက် ခေါင်းတစ်ချက်ပြီးတစ်ချက် ငြိမ့်ကာ တစ်ဖက်ကအမိန့်ပေးသည်များကို နာခံနေသည်။
လုပိုင်သည် ကျူးရွှင်း၏အကြည့်အောက်တွင် အဖြေရှာမရအောင် ရှုပ်ထွေးသွားလေသည်။ သူတစ်ကြိမ်တစ်ခါမှ တစ်ယောက်ချင်းရန်ပွဲများတွင် ကြောက်ရွံစိတ်မဖြစ်ဖူးပေ။ သို့ပေမဲ့ ယခုကျူးရွှင်း၏ ပုံစံသည်သူ့အား နေရထိုင်ရခက်စေသည်။
တခဏမျှကြာပြီးချိန်တွင် ကျူးရွှင်း၏ ဖုန်းခေါ်မှုလည်း ပြီးသွားလေပြီ။ ထို့နောက် ရန်စမှုအငွေ့အသက်များအပြည့်ဖြင့် လုပိုင်အားကြည့်လိုက်လေသည်။
"မစ္စတာလု ကြည့်ရတာ အခုတလော သိပ်ကိုမှ အပူအပင်ကင်းနေပုံပဲနော်" ကျူးရွှင်းပြောပြီးသည်နှင့် လုပိုင်ဖုန်းကား မြည်လာသည်။
စစချင်းတွင် လုပိုင်သည် စိတ်အေးလက်အေးဖြစ်ပုံပေါ်သော်လည်း တစ်ဖက်မှ စကားများအားကြားပြီးနောက်တွင်မူ သူ၏မျက်နှာအမူအရာသည် အလေးအနက်ဖြစ်သွားလေသည်။ ထို့နောက် ကျူးရွှင်းအား နက်နဲသည့်အကြည့်တစ်ချက်ပေးကာ လှည့်ထွက်ပြီး ကားဖြင့်ထွက်ခွာသွားတော့သည်။
ရဲစခန်းတွင် သူပြန်၍ ဖြေရှင်းပေးရမည့်တာဝန်တစ်ခုရှိနေလေသည်။ သူ၏အထက်လူကြီးပြောပုံအရ ထိုကိစ္စသည် သူနှင့်ဆက်စပ်နေကာ သူ့အားချက်ချင်းပင်အလိုရှိကြောင်း ပြောခဲ့သည်။
ကျူးရွှင်းသည် လုပိုင်၏ကားနောက်သို့ အပြုံးတစ်ပွင့်ဖြင့်ကြည့်နေလိုက်သည်။ ထို့နောက် နောက်ပြန်လှည့်ကာ ရှေးဟောင်းအရောင်းဆိုင်သို့ လမ်းလျှောက်ဝင်ခဲ့လေသည်။
စုမုန့် ကျူးရွှင်းမပြန်သေးသည်ကိုမြင်သောအခါ သူမသည် ကောရှန်းအား ဟုန်စစ်အကြောင်းပြောပြလက်စဖြစ်သည်။
သူမ မျက်ခုံးပင့်ကာ မေးလိုက်သည်။ "ဘာလို့မပြန်သေးတာလဲ" သူမ ဝေ့ထင်နှင့် ဝေ့ထင်၏လူများအပေါ်တွင် အမြင်ကောင်းရှိမနေချေ။ သူ့အားလိုက်မဖမ်းသည်ကပင် သူမအတွက် နောက်ဆုံးခန္တီပင်ဖြစ်သည်။
"သခင်မလေး ဥက္ကဠဝေ့က သခင်မလေးလိုအပ်တာရှိရင် ကူညီပေးဖို့ မှာလို်က်ပါတယ်။ အကယ်၍ တစ်ခုခုလိုအပ်နေရင် အားမနာဘဲပြောလို့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးက သူ့ကိုကူညီပေးဖူးတာပဲလေ။" စုမုန့်အား စကားပြောချိန် ကျူးရွှင်းတွင် ရန်လိုသောအငွေ့အသက်များ ရှိမနေတော့ချေ။
ကျူးရွှင်းစကားပြောသည့်အချိန် သူ၏နားတွင်တပ်ထားသော bluetooth မှ လျှပ်တပြက် လင်းသွားလေသည်။ သို့သော် စုမုန့်သတိမထားမိလိုက်ပါ။
ထိုစကားအား စုမုန့်ကြားမှ အကုန်လုံးကို နားလည်သွားလေတော့သည်။
ဝေ့ထင်က ကျူးရွှင်းကို သူမကိုစောင့်ရှောက်ဖို့ပို့လိုက်သည်ပဲ။ ဒါဆို သူတို့က သူမနဲ့ မြန်နိုင်သမျှမြန်မြန် ရေစက်ဖြတ်ပြီး အနာဂတ်မှာ သူမထိုကိစ္စကို ခုတုံးလုပ်ပြီး သူ့ကိုမခြိမ်းခြောက်နိုင်စေရန်ဖြစ်သည်။
ဆေးရုံကနေ လက်ထောက်တစ်ယောက်ထဲကို လွှတ်လိုက်သည်က အံ့ဩစရာပင်မလို။ ငယ်ငယ်ရွယ်ရွယ်နှင့် ကုမ္ပဏီကို စီမံနေရသူအဖို့ ၎င်းသည် အကြံကောင်းတစ်ခုပင်ဖြစ်သည်။