အပိုင်း၈၈
Viewers 7k

Chapter 88

( ကူညီဖို့အလျင်လိုပြီ)


ထိုအချိန်တုန်းက စုမုန့်သူ့ကို သာမန်ပဲကယ်ပေးခဲ့တာပါ။ များသောအားဖြင့် သူမလုပ်သမျှအရာအားလုံးသည် သူမကောင်းဖို့အတွက်ပင်ဖြစ်သည်။ ထိုအရာက ဝေ့ထင် နှလုံးသားထဲထိ  ရောက်သွားလိမ့်မည်မှန်း သူမမထင်ထားခဲ့ပေ။ 


သို့သော်လည်း တစ်ဖက်ကကြည့်ရင် သူမထိုအချိန်တုန်းက ကူညီပေးခဲ့တဲ့ ကိစ္စတစ်ခုက နောင်တစ်ချိန် သူမပြန်ပြီးအကူအညီတောင်းလို့ရနိုင်သည်ပဲမလား...အရှုံးမရှိပါဘူး။


"ဒီအခွင့်အရေးက အရမ်းကိုမှ ကောင်းလွန်းတယ်... ဘယ်သူ့အပေါ်မှ အကြွေးတင်စရာမလိုတော့ဘူးပေါ့...ပြီးပြည့်စုံချက်ပဲ..."


ထိုအချိန်တွင် စုမုန့်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားလေတော့သည်။ 


"ဒီလိုဆိုတော့လည်း ငါ့မှာ သူကူညီပေးမှရမဲ့ ကိစ္စတစ်ခုရှိတယ် သူလုပ်နိုင်၊ မလုပ်နိုင်တော့ ငါလည်းမသိဘူးပေါ့..."


စုမုန့်ပြောသည်က အမှန်တွေပင်။ သူမအရွဲ့တိုက်ခြင်းမဟုတ်ပေ သို့သော် ကျူးရွှင်း၏နားတွင်တော့ သူမဘက်က ဝေ့ထင်ကိုအထင်သေးလိုက်သည်ဟုပင်။


"သခင်မလေး တကယ်တမ်း ဥက္ကဠဝေ့ထင်ရဲ့ လုပ်နိုင်စွမ်းက ကြီးမားလွန်းပါတယ်...လိုအပ်တာရှိရင် ဒီတိုင်းတိုက်ရိုက် ပြောပြလိုက်ပါ သူက ကြိမ်းသေပေါက်ကို ကူညီပေးပါလိမ့်မယ်..." 


ကျူးရွှင်းသည် နားတွင်တပ်ထားသော နားကြပ်အား လက်ဖြင့်ထိလိုက်သည်။


ဘာကူညီပေးရမယ်မှန်းလဲ မသိဘဲ ဒီတိုင်းကြီး သဘောတူလိုက်တာလား...


"ကောင်းပြီလေ ဒါဆို တည့်ပဲပြောလိုက်မယ် မနေ့က ငါနည်းနည်းလှမ်းတဲ့ ရွာကိုသွားတော့ အဲ့ရွာသူကြီးက နောက်ယောင်ခံလိုက်တဲ့လူတွေနဲ့ အဆက်ဆံရှိပုံရတယ်...သူ့ကို ငါ့အတွက် ဒီကိစ္စစုံစမ်းပေးခိုင်းလို့ရမလား"


"ပြီးတော့ ငါတို့ဆိုင်မှာ ဟုန်စစ်လို့ခေါ်တဲ့ အရောင်းအကူတစ်ယောက်ရှိတယ်...သူ့ရဲ့နောက်ခံကိုပါ စုံစမ်းပေးနိုင်မလား...အရင်က သူက ရွာသားတွေဆီကနေ ပြန်ပေးဆွဲခံခဲ့ရနိုင်တယ်..."


ထိုကိစ္စသည် ဖြေရှင်းရန် အနည်းငယ်ခက်လှသည်။ ထိုအပြင် သူမတခြားသူများအား ကတိပေးထးသည့်ကိစ္စများကိုလည်း ထုတ်မပြောနိုင်ပေ။ သူမခေတ္တစဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။


"အဆင်ပြေရဲ့လား"


 ကျူးရွှင်း၏အမူအရာသည် အံ့ဩသွားပုံမရပေ။ 


"ရဲတွေအတွက်က ဒီကိစ္စကိုစုံစမ်းဖို့ မလွယ်ဘူး...ပထမအချက် ဒီဖြစ်ရပ်ကကြာလှနေပြီ...ဒုတိယအချက် သက်သေတွေက ဖျက်ဆီးခံရလောက်ပြီ... လူကုန်ကူးတဲ့လူက သူ့သရုပ်အမှန်ကို ချပြနိုင်ချေမရှိတော့ဘူး...အဲ့တာကို  ဒီတိုင်းကြီး သဘောတူချလိုက်တာပဲလား ဝေ့ထင်နဲ့ပြန်မတိုင်ပင်တော့ဘူးလား...သူသဘောမတူရင် ဘယ်လိုလုပ်မလဲ"


"သခင်မလေး စိတ်ချထားလိုက်ပါ...သခင်မလေးရဲ့ ကိစ္စက ကျွန်တော်တို့ ဥက္ကဠဝေ့ရဲ့ ကိစ္စပါပဲ...ဘယ်လောက်ခက်ခဲတဲ့အရာဖြစ်ဖြစ် ကျွန်တော်တို့သေချာပေါက် ရအောင်လုပ်ပေးမှာပါ..." 


ကျူးရွှင်း ကတိပေးလိုက်သည်။


ဒါပေါ့ ဒါက သူ့ဘာသာသူ ဆုံးဖြတ်တာတော့ဘယ်ဟုတ်မလဲ။ ဝေ့ထင်က တစ်ဖက်ကနေ bluetooth နဲ့ တစ်ချိန်လုံးနားထောင်နေသည်ပင်။ ဝေ့ထင်ရဲ့ခွင့်ပြုချက်မပါဘဲ သူကဘယ်လိုလုပ် သဘောတူရဲပါ့မလဲ...


.....


"ကျေးဇူးတင်ပါတယ်..." 


ဒါကကျေးဇူးဆပ်တာဖြစ်ရင်တောင်မှ စုမုန့် ယဥ်ကျေးစွာ ကျေးဇူးတင်ခဲ့ပါသည်။


စုမုန့်၏ ကျေးဇူးတင်စကားအား ကြားသည်နှင့် ကျူးရွှင်းလျင်မြန်စွာ လက်ကိုဝေ့ယမ်းကာ ငြင်းပယ်လိုက်သည်။ 


"မဟုတ်တာဗျာ မဟုတ်ပါဘူး မဟုတ်ပါဘူး ဒါက ကျွန်တော်တို့လုပ်ပေးသင့်တဲ့အရာပါ  ပြီးတော့ ဥက္ကဠဝေ့ကလဲ ပြန်တောင်းဆိုထားပါသေးတယ်..."


"ဘာများလဲ" စုမုန့်မေးလိုက်သည်။


"အာ...ဥက္ကဠဝေ့က သခင်မလေးကို ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်ဖို့မှာလိုက်ပြီး မကောင်းတဲ့ရည်ရွယ်ချက်နဲ့ ချဥ်းကပ်လာတဲ့လူတွေနဲ့ ဝေးဝေးနေပါတဲ့... အဲ့လိုဆိုမှ သခင်မလေး စုံစမ်းခိုင်းတာကို စိတ်အေးလက်အေးပြုလုပ်နိုင်မှာပါတဲ့"


စုမုန့်: "....."


သူမ ခံစားရတာကတော့ ဝေ့ထင်ကသာ မကောင်းတဲ့ရည်ရွယ်ချက်ကို ဖုန်းကွယ်ထားတဲ့သူပင်။ သူမနှလုံးသားထဲမှ လှောင်ပြောင်နေခဲ့သော်လည်း မျက်နှာပေါ်တွင်တော့ ထုတ်မပြချေ။ စုမုန့် လက်ခံလိုက်ကာ နားလည်ကြောင်း ပြုမူလိုက်သည်။


သူမပြောစရာရှိသည်များအား အကုန်ပြောပြပြီးပြီဖြစ်သည်။ ကျူးရွှင်းထွက်သွားတော့မည့်ဆဲဆဲတွင် တံခါးမှမထွက်ဘဲ ရုတ်တရက်ရပ်လိုက်သည်။ ထို့နောက် စုမုန့်ဘက်လှည့်ကာ


 "သခင်မလေး အချိန်မရွေး ဥက္ကဠဝေ့ဆီ ပြန်လို့ရပါတယ်...ဝေ့အိမ်တော်က သခင်မလေးရဲ့အိမ်ပါပဲ...ဒါတွေက ဥက္ကဠဝေ့ပြောချင်နေတဲ့ စကားတွေပါပဲ..."


"ဟုတ်ကဲ့ သခင်မလေး ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ... ကျွန်တော်သွားပါတော့မယ်... အကယ်၍ တစ်ခုခုဆို ဥက္ကဠဝေ့ကိုဖြစ်ဖြစ် ကျွန်တော့်ကိုဖြစ်ဖြစ် အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။"


ကျူးရွှင်းပြောပြီးသည်နှင့် ဆိုင်မှထွက်ခွာကာ မောင်းထွက်သွားတော့သည်။


စုမုန့် ဆိုင်၏ဝင်ပေါက်အားကြည့်နေသည်မှာ အကြည့်များ မှောင်မိုက်လာသည်အထိပင်။


"အဲ့ဒီတော့ ဝေ့ထင်က ဒီလိုမျိုး လူကိုစိတ်လုံခြုံစေနိုင်မဲ့စကားတွေ ပြောထွက်တယ်ပေါ့..."


 သူပြောသွားတဲ့အထဲမှာ သူမအတိတ်ဘဝတုန်းက အကြားချင်ဆုံးဖြစ်ခဲ့သောစကားများ ပါသည်။ ထိုစကားကိုသာ အတိတ်ဘဝတုန်းကကြားခဲ့ရင် သူမအချိန်အကြာကြီး ပျော်ရွှင်နေလောက်မှာ သေချာပေါက်ပင်။


ဒါပေမဲ့လည်း သူမက သေဆုံးပြီးပြီလေ။ ဒီဘဝမှာတော့ လက်စားချေချင်တဲ့ ဆန္ဒတွေနဲ့အတူ သူမပြန်လည်မွေးဖွားလာပြီ။ ထိုစကားများအား ကြားသည့်တိုင် သူမဘာမျှမခံစားရတော့ပေ။ ထို့အပြင် ရယ်စရာကောင်းသည်ဟုပင် ထင်မြင်မိသည်။


ဝေ့မိသားစုဆိုတာ သူမတစ်ဘဝလုံး ဘယ်သောအခါမှ ခြေပြန်မချချင်သည့် နေရာဖြစ်သည်။


စုမုန့်လှည့်ထွက်ကာ အခန်းထဲပြန်ဝင်လာခဲ့သည်။ ရှန့်ကျန်းသည် အတင်းပြောချင်စိတ်အား ထိန်းမရဖြစ်ကာ လူယုတ်မာအပြုံးပြုံးလိုက်သည်။ 


"စုမုန့် မင်းအရင်ယောက်ျားနဲ့မင်းနဲ့ ဆက်ဆံရေးက ထူးခြားနေတယ်လို့ဘာလို့ခံစားနေရတာပါလိမ့်... ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးရမဲ့အစား သူနဲ့သဘောတူညီမှုတောင်လုပ်လိုက်ပြီး အချင်းချင်းကူညီနေကြသေးတယ်..."


"ဒါပေမဲ့ အဲ့လုပိုင်ဆိုတဲ့ တစ်ယောက်ကလဲ ကောင်းရှာပါတယ်...သူ့ကြည့်ရတာ သည်းခံနိုင်မဲ့ပုံပဲ ပြီးတော့ ရဲတစ်ယောက်လေ... သူကရဲဆိုတော့ နင့်ကိုစွန့်ပစ်သွားမှာကို ပူစရာမလိုတော့ဘူး... အဲ့အပြင် သူကသန့်ရှင်းပြီး လူမှန်တစ်ယောက် ဂန်းစတားတွေလိုမျိုး လူတွေကို အချိန်နေရာမရွေးဘဲ ရိုက်နှက်မဲ့သူမဟုတ်ဘူး..."


"ဟုတ်သား မင်းအရင်ယောက်ျားနဲ့ယှဥ်ကြည့်လိုက်ရင် သူလဲဂန်းစတားမဟုတ်ဘူးမလား...မင်းသာ သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရွေးရမလဲလို့မေးလာရင် ကိုယ်ကတော့ လုပိုင်ကိုပဲအကြံပေးမှာ...သူ့ရဲ့အန္တရာယ်များတဲ့အလုပ်ကို ဖယ်လိုက်ရင် ကျန်တာအကုန်ကောင်းတယ်..."


"ဟူး အဲ့လိုလဲမဖြစ်သေးပါဘူး အကယ်၍ မင်းအရင်ယောက်ျားကသာ သူ့အမှားသူသိပြီး ကောင်းကောင်းဆက်ဆံလာရင် သူကချမ်းသာပြီး ချောကလဲချောသေးတယ် မင်းဘဝတော့ နတ်ဘုရားမသဖွယ်ဖြစ်နေမှာ ဒီလိုဆိုလဲ မဆိုးပါဘူး ရွေးရခက်လိုက်တာ နှစ်ယောက်လုံးသာယူလို့ရရင်...."


(ရှန့်ကျန်းကို ကားပေါ်တက်ခွင့်မပြုနိုင်ဘူး)


စုမုန့် ရှန့်ကျန်းအား အေးစက်စက်ကြည့်လိုက်သည်။ ရှန့်ကျန်းချက်ချင်းပင် ပါးစပ်ပိတ်ကာ အလျင်အမြန်ပဲ ကောရှန်းဘေးသွားကာ ထိုင်လိုက်သည်။


ဝေ့ထင်နဲ့တင် သူမအားခေါင်းကိုက်စရာပေးတာ လုံလောက်ပြီဖြစ်သည်။ သူမအား သစ္စာဖောက်ကာ သတ်ခဲ့သည်။ အကယ်၍ လုပိုင်သာထပ်ဖြစ်ရင် သူမဘယ်လိုမျိုး သေဆုံးရမလဲကိုပင် မတွေးတတ်တော့ချေ။


ရှန့်ကျန်းရဲ့ ပါးစပ်ပေါက်ကဆိုးလွန်းတယ်။ စုမုန့်သူနဲ့ ဖက်မပြောချင်ပေ။


ကောရှန်းသည် သူတို့နှစ်ယောက်အငြင်းပွားနေသည်အား ပြုံးရင်းထိုင်ကြည့်နေကာ ဘာမှဝင်မပြောပေ။


ကျူးရွှင်းပြန်သွားသည့်အချိန်မှစပြီး ဆိုင်သို့မည်သူမှမလာတော့ချေ။ စုမုန့်နဲ့ ရှန့်ကျန်းသည် မနေ့ညက ကောင်းမွန်စွာမအိပ်ရသေးသောကြောင့် အခန်းထဲသို့ကိုယ်စီဝင်ကာ တစ်ရေးတမောအိပ်ကြသည်။


နောက်တစ်ရက်တွင်လည်း စုမုန့်အားနှောင့်ယှက်မည့်သူမရှိပေ။ သူမ ရှန့်ကျန်းအားခေါ်ကာ နေ့တိုင်း သူမဖောက်သည်များအတွက် ဖုန်းရွှေကြည့်ပေးရန်သွားလေ

သည်။ သူမအားလပ်ချိန်များတွင် ကောရှန်းအား ရှေးဟောင်းပစ္စည်းများ ကူရောင်းပေးသည်။ အေးချမ်းတဲ့သုံးရက်တာ ကုန်ဆုံးပြီးနောက် ဝေ့ထင်ဆီမှ သတင်းရလာသည်။


"လူကုန်ကူးတဲ့လူအကြောင်း သိရပြီ ရွာလူကြီးကတကယ်လည်း ကြံရာပါဖြစ်နေခဲ့တာ " 


ဝေ့ထင်သည် စုမုန့်အားလူကိုယ်တိုင် ဖုန်းခေါ်ကာ စုံစမ်းစစ်ဆေးမှုရလဒ်အားပြောပြလာခဲ့သည်။


"အဲ့အမှုက ကြာလှနေပြီကို ရှင်ကအဲ့လောက်မြန်မြန်ကြီး ရှာတွေ့သွားတယ်လား" 


စုမုန့် ယုံတောင်မယုံနိုင်ပေ။


"ပိုက်ဆံပေးရင် သတင်းဆိုတာ ရောက်လာမှာပဲလေ" 


ဝေ့ထင်ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


ဥက္ကဠဝေ့ပီသသည်ပင်။ သိချင်တာရှိလျှင် ပိုက်ဆံပုံပေးလိုက်မည်။ စုမုန့်တိတ်တိတ်လေး အထွန့်တက်နေမိသည်။


ဆိုရိုးစကားလိုပေါ့ ကမ္ဘာကြီးကို ပိုက်ဆံနှင့်လည်ပတ်အောင် လုပ်လို့ရသည်။ မမှားပေ အမှန်တကယ်ကို မနာလိုချင်စရာကောင်းလှသည်။ သူမဘယ်တော့မှ လွတ်လွတ်လပ်လပ်နဲ့ "ငါကချမ်းသာတယ်" ဆိုပြီးပြောခွင့်ရမှာလဲ...


"အံ့ဩဖို့ကောင်းလိုက်တာ" 


စုမုန့်စိတ်ရင်းနဲ့ ချီးကျူးလိုက်သည်။ 


ဝေ့ထင်က ထိုအရာအား အမှန်တကယ်ပြောသည်ဟုပင် အတည်ယူပြီး ပျော်ရွှင်စွာလက်ခံလိုက်လေသည်။


ထို့နောက် ဝေ့ထင်တွင် သူမအား ကျန်ရှိနေသောပြောစရာကို ဆက်ပြောလေသည်။ 


"ဒါပေမဲ့ ကိုယ်လဲတစ်ခုရှာတွေ့ထားတယ်...အဲဒီရွာက နည်းနည်းထူးဆန်းနေတာ မင်းအလုပ်နဲ့ သင့်တော်လောက်မှာ ဒီကိုလိုက်လာချင်လား...လာချင်တယ်ဆို ကိုယ်ကားနဲ့လာကြိုမယ် "


.....


ထိုစကားများအားကြားပြီးနောက် စုမုန့်အံ့အားသင့်သွားသည်။ 


"ရှင်ကိုယ်တိုင် စုံစမ်းနေတာလား..."


"ဟုတ်တယ်လေ"


စုမုန့်ထင်ခဲ့တာ ဝေ့ထင်က တခြားတစ်ယောက်ကို အကူအညီတောင်းလိမ့်မယ်လို့လေ...အနည်းဆုံး အဲ့လိုမဟုတ်ရင်တောင် ကျူးရွှင်းကိုလွှတ်မယ်ထင်ထားတာ။ တကယ်ကြီး သူကိုယ်တိုင်စုံစမ်းပေးမယ်လို့ စုမုန့်မထင်ခဲ့ပေ။


ငယ်စဥ်ကတည်းက သက်တောင့်သက်တာ နေထိုင်လာခဲ့ပြီး ချမ်းသာတဲ့ သခင်ငယ်လေးအဖြစ် ဆက်ဆံခံရသည်အား အသားကျနေခဲ့ပြီဖြစ်သည်။ ဒါကို တောင်တန်းတွေကြားက ရွာကလေးအထိ လူကိုယ်တိုင်စုံစမ်းဖို့လာသည်တဲ့လား...


အစတည်းက စုမုန့်ဝေ့ထင်အပေါ်တွင် ဘာမျှော်လင့်ချက်မှမထားခဲ့ပေ။ အခုတော့ ကြည့်ရတာ ဝေ့ထင်သည် အမှန်တကယ်ကို အစွမ်းအစရှိသည်။  ဥက္ကဠတစ်ယောက်အနေနှင့် အခုလိုကြာလှပြီဖြစ်တဲ့ကိစ္စတစ်ခုလိုပါ စုံစမ်းနိုင်သည်ပင်။


သူမ၏နှလုံးသားထဲ၌ သက်ပြင်းချပြီးနောက်တွင် စုမုန့်အလျင်အမြန်ပဲ ပြန်ဖြေခဲ့သည်။


"ကျွန်မ အဲ့ဒီရွာကို အကြမ်းဖျင်းကြည့်ပြီးသွားပြီ... ဒါပေမဲ့ ကြည့်လို့တော့မပြီးသေးဘူး အစထဲက ဒီပြဿနာနဲ့ပက်သက်ပြီး ဖြေရှင်းဖို့အကြံရှိပြီးသားပါ... အခြားပြဿနာတွေပေါ်လာလို့သာ...ကျွန်မဘာသာ ကျွန်မသွားကြည့်လိုက်ပါ့မယ်..."


"ကောင်းပြီလေ ကိုယ့်ကိုဆိုင်မှာစောင့်နေ" 


ဝေ့ထင် စုမုန့်ပြောသည်အား ပြီးအောင်ပင်မစောင့်ကာ ဖြတ်ပြောပြီး ဆက်သွယ်မှုအားဖြတ်တောက်လိုက်သည်။ 



စုမုန့်: "....."


ကောင်းတယ်။ ဝေ့ထင်ရဲ့အပြုအမူတွေက သူ့ရဲ့လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ ဥက္ကဠရာထူးနဲ့ အလွန်ကိုကိုက်ညီလေသည်။


စုမုန့် မိမိဘာသာ ကားမောင်းသွားချင်သောလည်း ဝေ့ထင်က ဘယ်လိုပဲဖြစ်ဖြစ် သူမခိုင်းတာကိုလုပ်ပေးနေသည်မလား။ သူ့စကားနားထောင်လိုက်တာက ပိုကောင်းပါတယ်။


ငါးမိနစ်အကြာတွင် ဝေ့ထင်ရှေးဟောင်းဆိုင်ရှေ့သို့ ေရာက်လာသည်။


စုမုန့် ဆိုင်၏အပေါက်ဝတွင်ရှိသော ထိုင်ခုံတွင်ထိုင်ကာ သူ့အားစောင့်နေသည်။


"သွားကြမယ်  ကားထဲဝင်။" 


ဝေ့ထင်ကားပါကင်ထိုးပြီးသည်နှင့် ကားထဲမှထွက်ကာ စုမုန့်အတွက် ခရီးသည်ခုံတံခါးအား ဖွင့်ပေးလေသည်။


"မြန်လိုက်တာ"


 စုမုန့်အံ့အားသင့်သွားသည်။ သူစုမုန့်ကိုဖုန်းခေါ်တော့ ဒီအနီးအနားတစ်ဝိုက်တွင်ဖြစ်လောက်သည်။ ကြည့်ရသည်မှာ အစကတည်းကပင် သူမအားလာခေါ်ဖို့ အစီအစဥ်ရှိပြီးသားဖြစ်သည်။ ဝေ့ထင်ပြန်မဖြေခဲ့ဘဲ ခပ်ပါးပါးပြုံးလိုက်သည်။


ဒီတစ်ကြိမ်တွင်တော့ သူမအနောက်ဘက်တွင်မထိုင်တော့ပေ။ ထို့အစား ကိုယ်ကိုကိုင်းညွတ်ကာ ခရီးသည်ခုံတွင်ဝင်ထိုင်လိုက်သည်။


စုမုန့်ထိုင်ပြီးနောက် ဝေ့ထင်ကားတံခါးပိတ်ကာ မောင်းသူခုံနေရာသို့ လမ်းလျှောက်သွားလေသည်။


သူကားတံခါးဖွင့်လျှင်ဖွင့်ခြင်းပဲ ရှန့်ကျန်းသည် ဆိုင်ထဲမှပြေးထွက်လာကာ အော်လိုက်သည်။ 


"စောင့်ကြပါဦး...အခုလေးတင် မျက်နှာသစ်ပြီးတာလေ ဘာလို့အဲ့လောက်မြန်ကြတာလဲ"


ရှန့်ကျန်း ကျယ်လောင်စွာအော်ခေါ်ခဲ့သော်လည်း ဝေ့ထင်သည် ကြားပုံမရ။ သူ့အားကြည့်ပင်မကြည့်ကာ ကားထဲတွင်ဝင်ထိုင်လေသည်။ ထို့နောက် တံခါးပိတ်ကာ မောင်းထွက်လာတော့သည်။


ရှန့်ကျန်း ကားတံခါးအား ထိလုနီးနီးဖြစ်သော်လည်း ကားသည် စိတ်ရှုပ်ထွေးစွာဖြင့် နေရာမှာရပ်ကျန်နေခဲ့သောသူ့အား ထားခဲ့ကာ မောင်းထွက်သွားလေပြီ။ 


"ဟေး စုမုန့် ကိုယ်ကားထဲမရောက်သေးဘူးလေ" 


ရှန့်ကျန်းထိုနေရာ၌ ရပ်ကာအော်ခေါ်ခဲ့သော်လည်း ကားလေးသည်မရပ်တန့်ခဲ့ပါ။


စုမုန့် တဖြည်းဖြည်းသေးကာ ကျန်ခဲ့သော ရှန့်ကျန်းအား နောက်ကြည့်မှန်မှကြည့်ကာ ဝေ့ထင်အား အကူအညီမဲ့စွာကြည့်လိုက်လေတော့သည်။


သူသာ ရှန့်ကျန်းကိုတင်မခေါ်မှန်း စုမုန့်သိခဲ့ရင် ရှန့်ကျန်းကိုကားသော့ပေးခဲ့ပြီး ကိုယ့်ဘာသာကိုယ် မောင်းလာခိုင်းလို့ရသည်။ အခုတော့ ကားသော့သည်စုမုန့်နှင့်အတူပါလာပြီး ရှန်းကျန်းသည်လည်း မလိုက်လာနိုင်တော့ပေ။


ဝေ့ထင် ရှေ့ကိုကြည့်နေသော်လည်း သူ၏မျက်လုံးထောင့်မှ စုမုန့်သူအားစိုက်ကြည့်နေသည်ကို သတိထားမိလေသည်။




xxxxxxxx