အပိုင်း ၃၇
Viewers 10k

Chapter 37




စာမေးပွဲပြီးသွားပြီးနောက်တွင် သူမ၏  နောက်ကျောနှင့် ပုခုံးများ စတင်ကိုက်ခဲလာတော့သည် ။ကျုံးယို့ယို့သည် သူမ၏ ပုခုံးများအား ပွတ်သပ်လိုက်ပြီး အရသာရှိသော အစားအသောက်များ သွားစားရန် စီစဥ်လိုက်သည် ။

 

 စာမေးပွဲသည် ပုံမှန်ကျောင်းလွှတ်ချိန်ထက် ပို၍ နာရီအနည်းငယ်စောကာ ပြီးသွားခဲ့သည် ။ကျုံးယို့ယို့ ကျောင်းဂိတ်ပေါက်မှ ထွက်သွားပြီးနောက်မှ ချင်းယောင်အား ပြောဖို့မေ့ခဲ့သည် ကို သတိရလိုက်မိသည် ။

  

ချင်းယောင်မလာသေးခင်အချိန်အတွင် ကျုံးယို့ယို့ သူ့အားဆက်မစောင့်နိုင်တော့ဘဲ အလွန်ဗိုက်ဆာနေခဲ့ပြီ ဖြစ်သည် ။ထို့ကြောင့် သူမသည် ချင်းယောင်ထံသို့ စာသာပို့လိုက်သည် ။


" ချင်းယောင် ဒီနေ့ည ငါကိုယ့်ဘာသာပဲ အိမ်ပြန်လိုက်တော့မယ် ။ ညစာစားဖို့..." ကျုံးယို့ယို့သည် သူမ၏ စာရိုက်နေသည့်လက်ချောင်းများအား ရပ်တန့်လိုက်သည် ။ ထို့နောက် သူမအနည်းငယ်ပြုံးကာ စာဆက်ရိုက်လိုက်သည် " ငါ့ရဲ့ ယောကျ်ားလေးအတန်းဖော်သူငယ်ချင်းတွေနဲ့ သွားစားမလို့ "


  ယောကျာ်းလေးအတန်းဖော်သူငယ်ချင်းဆိုသည်အား ပိုပေါ်လွင်အောင်ရေးလိုက်ပြီး ချင်းယောင်သည် ထိုနေရာသို့ သေချာပေါက် မိနစ် နှစ်ဆယ်အတွင်း ရောက်အောင်လာလိမ့်မည် ဖြစ်သည် ။

  

ထိုအချိန်ကြမှသာ သူမသည် နောက်ထပ်သရေစာဆိုင်သို့ သူနှင့် အတူသွားမည်ဖြစ်သည် ။


   စာရိုက်ပို့ပြီးနောက် ချင်းယောင်၏ ပြန်ပို့လာမည့်စာအား ဂရုစိုက်မနေတော့ဘဲ သူမ၏ ဖုန်းအား အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ယွမ်ယွမ့်ကို ဆွဲခေါ်ကာ ကျောင်းအပြင်ဘက်ရှိ မုန့်ဆိုင်များသို့ စားဖို့သွားတော့သည် ။ ယွမ်ယွမ်သည် ထိုထပ်ပိုပျော်ဖို့မတတ်နိုင်တော့ပေ ။ သူမသည် ယခုပင် သေလောက်အောင် ပျော်နေခဲ့ပြီ ဖြစ်သည် ။


   အေးမြသောဆောင်းရာသီတွင် ကျုံးယို့ယို့သည် နက်ပြာရောင်စကပ်ရှည်ကို ဝတ်ထားပြီး ဖြူဖွေးသော ခြေချင်းဝတ်နှစ်ဖက်သည်သာ လှစ်ဟနေခဲ့သည် ။ ကျောင်းထဲတွင်လှမ်းလျှောက်သွားသောအခါ သူတို့၏ အပြုအမူနှင့် လှုပ်ရှားမှုအားလုံးသည် အကုန်လုံးကို ဆွဲဆောင်နေခဲ့သည် ။ ထိုမျှနှင့်တောင်မှပင် သာမာန်မျှသာဖြစ်သည့်ယွမ်ယွမ်သည် သူမ၏ နှလုံးများ အလွန်ခုန်နေသည်ကို ခံစားနေမိပြီး မိန်းမငယ်လေးတစ်ဦး၏ ဝင့်ဝါခြင်းမျိုးဖြင့်ပင် သူမ၏ ဆံပင်များကို နားရွက်အနောက်သို့ ပို့လိုက်သည် ။


   သူတို့သည် သူတို့ကိုယ်သူတို့အား ပြန်ဆုချရန်အတွက် တစ်ကယ့်စားကောင်းသောက်ဖွယ်များအား သွားစားမည်ဖြစ်ပြီး သရေစာများရောင်းသောလမ်းသို့ သွားမည်မဟုတ်သော်လည်း အရှေ့တံခါးပေါက်မှ ထွက်သွားခဲ့သည် ။

  

ရလဒ်အားဖြင့် သူမခြေဘယ်နှစ်လှမ်းမှ မလှမ်းရသေးခင်တွင် မရင်းနှီးသော ဇိမ်ခံကားတစ်စီးသည် အထက်စီးဆန်စွာဖြင့် တစ်ဖြေးဖြေးပင် သူမရှေ့တည့်တည့်သို့ မောင်းလာခဲ့သည် ။

   

   ကျုံးယို့ယို့သည် ချက်ခြင်းပင် ယွမ်ယွမ်အား သူမနောက်သို့ပို့ကာ ကာထားလိုက်သည် ။


ကားထဲမှ ထွက်လာသောအမျိုးသမီးသည် ကောင်းမွန်စွာဝတ်စားထားသည့် လူလတ်ပိုင်း အမျိုးသမီးဖြစ်ပြီး ခန့်​မှန်းခြေ အားဖြင့် လေးဆယ်အရွယ်လောက်ရှိပုံပေါ်သည် ။ ပြုံးရောင်သန်းနေသော မျက်ဝန်းတစ်စုံသည် ကျုံးယို့ယို့အပေါ်သို့ ကျရောက်လာခဲ့ပြီး အလွန်ကို ချင်ခင်ရင်းနှီးသော အမူအရာဖြင့် " ယို့ယို့ အန်တီ့ကို မမှတ်မိဘူးလား "


ဒီအမျိုးသမီးက ဘယ်သူလဲ ။ကျုံးယို့ယို့ ရုတ်တရက်ကြည့်လိုက်မိပြီး ထို့နောက်တွင် သူမသည် ထိုပုဂ္ဂိုလ်အား ဝတ္ထုထဲမှ ဇာတ်ကောင်နှင့် ဆက်စပ်မိသွားခဲ့သည် ။အကယ်၍ သူမခန့်မှန်းသည်သာ မှန်မည်ဆိုလျှင် သူမသည် ချင်းယောင်၏ မိထွေး ဟောက်ကျစ် ဖြစ်သည် ။


 ချင်းယောင်သည် အဖွားချင်း၏ လက်ထဲတွင် ကြီးပျင်းလာခဲ့ပြီး ကွာရှင်းထားသောသူ၏မိဘများနှင့်တော့  သိပ်မရင်းနှီးချေ ။ ချင်းယောင်၏ အဖေသည် လွန်ခဲ့သည့်နှစ်များစွာကတည်းကပင် နောက်ထပ်အိမ်ထောင်ပြုခဲ့သည် ။ဒါက ချင်းယောင်အဖေရဲ့ ဒုတိယဇနီးပင် ဖြစ်မည် ။ချင်းယောင်နှင့် ကောင်းမွန်သောဆက်ဆံရေးမရှိဘဲ ချင်းယောင်သည် သူတို့နှင့် လုံးဝပင်အဆက်အဆံမလုပ်ကာ ဆွေမျိုးများနှင့်လည်း ကွဲပြားသော ဆက်ဆံရေးမျိုးရှိသည်။

 

  ထပ်ပေါင်းပြောရလျှင် ချင်းယောင်သည် သူမကဲ့သို့ပင် အရံဇာတ်ကောင်သာဖြစ်ပြီး သူ၏ နောက်ခံဇစ်မြစ်သည် ပို၍ပင် ရိုးရှင်းသည် ။ထို့ကြောင့် ဟာက်ကျစ်သည် သူမအား ဘာကြောင့်လာရှာသည်ကို ယို့ယို့ မသိပေ ။

 

  သူမ အော်လိုက်သည် " အန်တီ "

ဟောက်ကျစ် ဒီနေရာတွင် ရှိနေပြီဆိုကတည်းက သူမတွင် တစ်ခုခုပြောစရာရှိရမည် ။သူမပြုံးနေခဲ့ပြီး ကျုံးယို့ယို့၏ မျက်နှာကိုကြည့်ကာ မျက်လုံးလှည့်လိုက်သည်


 " တစ်ခုခုစားရင်း စကားပြောမလား "

 

 ကျုံးယို့ယို့ ခေါင်းညိတ်ခဲ့သည် ။


  သူမ ယွမ်ယွမ်အား အားနာကြောင်းပြောတော့မည် အချိန်တွင်ပင် ယွမ်ယွမ်သည် ဦးစွာပြောလာခဲ့သည် ။

"ရပါတယ် နင့်ဆွေမျိုးနဲ့ ညစာသွားစားလိုက်လေ ။ ငါတို့နောက်ရက်မှ တွေ့ကြတာပေါ့ "


  ယွမ်ယွမ်သည် သူမ၏ နှလုံးသားအောက်ခြေတွင် ပဟေဠိများရှိနေခဲ့သည် ။ကျုံးယို့ယို့အား တွေ့လိုက်သည့်အခါတိုင်းတွင် သူ၏ပုံစံအမှန်သည် သူမတွေးထားသည်ထက်ပိုလိမ့်မည်ဟု ထင်နေမိသည်။အစပိုင်းတွင် အတန်းထဲမှ လူအများစုတွေးမိသည်မှာ သူမ၏ မိသားစုသည် မကြာခင်ကမှ ချမ်းသာလာသောသူများ သို့မဟုတ် ဆုကြီးကြီးပေါက်လာခဲ့သည့် အမျိုးအစားဟုသာ တွေးခဲ့ကြသည် ။သို့သော် ထိုမျှလောက်မဟုတ်တော့သည့် ပုံပင် ။


သို့သော် မကြာမီက ကျုံးရှီယို့သည် သူမအား အလောတကြီးရှာဖွေရန် အတန်းသို့လာခဲ့ပြီး သူမနှင့် ကျုံးရှီယို့သည် ဆွေမျိုးတော်စပ်သည်ဟု သတင်းထွက်ခဲ့သည် ။ထို့နောက်တွင် သူမသည် ချင်းမိသားစု၏ သခင်လေးနှင့် အတူရှိနေခဲ့ပြန်သည် ။အိမ်ပင်ဝယ်ခဲ့ပြီး ယွီစစ်ရွှယ်ပင် မနာလိုကာ သဝန်တိုခဲ့ရသေးသည် ။  အခုတွင်လည်း အထက်တန်းကျသည့် အမျိုးသမီးတစ်ဦးက သူမအား လာရှာခဲ့ပြန်သည် ။

 

    အခုမှ ချမ်းသာလာတဲ့ ဘယ်လိုလူမျိုးကများ ထိုကဲ့သို့ အသိုင်းအဝိုင်းထဲမှ သူများနှင့် သိနေနိုင်မှာလဲ ။


**

နှစ်ယောက်သား စားပွဲ၏ တစ်ဖက်စီတွင်ထိုင်နေခဲ့ကြပြီး  ဟောက်ကျစ်သည် အလွန်ပင်ကျက်သရေရှိသော အမူအရာဖြင့် ညင်သာစွာပင်  သူမ၏ အိတ်အား ဘေးတွင်ချလိုက်သည် ။သူမသည် ကျုံးယို့ယို့အား ကြည့်ကာပြုံးလိုက်သည်။


 " သိပ်စိတ်မလှုပ်ရှားပါနဲ့ အန်တီ့မှာ ကိစ္စတစ်ခုရှိလို့ မင်းကိုလာတွေ့တာပါ "

   

အစားအသောက်များသည် တည်ခင်းပြီးသားဖြစ်ပြီး ကျုံးယို့ယို့သည် တည်ငြိမ်စွာပင် တူအား ကိုင်လိုက်ကာ တိုးသက်စွာပင် ပြောလိုက်သည်


 " စိတ်လှုပ်ရှားနေတာက  သမီးမဟုတ်ဘဲ အန်တီပါ ။ အန်တီ သမီးဘာများလုပ်ပေးနိုင်မှာလဲ ။ အဲ့တာက အရမ်းခက်လွန်းတယ် ။ သမီးက ကလေးပဲရှိပါသေးတယ် ။ သမီး မလုပ်ပေးတတ်ဘူး "


  သူမ၏ စကားလုံးများသည် တစ်ခုခုအားရည်ရွယ်နေခဲ့သည် ။ ထို့နောက်သူမသည် ဟောက်ကျစ်အား မသိမသာကြည့်လိုက်သည် ။


  ဟောက်ကျစ်၏ မျက်နှာပေါ်မှ အပြုံးသည် အေးခဲသွားခဲ့သည် ။


    ဘာလို့ ဒီမိန်းကလေးက သူမ လွန်ခဲ့တဲ့ ၃နှစ်က ဧည့်ခံပွဲမှာ တွေ့ဖူးတဲ့ မိန်းကလေးနဲ့ မတူရတော့တာလဲ ။ထိုအချိန်က သူမတွေ့ခဲ့သော မိန်းကလေးသည်  ရိုင်းစိုင်းပြီး ကြမ်းတမ်းသည့် မိန်းကလေးသာဖြစ်သော်လည်း အကြံအစည်များရှိနေသည့်သူမျိုးမဟုတ်ခဲ့ပေ။ သူမဘာမှမပြောခဲ့ရသေးသော်လည်း ဘာကြောင့်လာခဲ့သည်ကို ကျုံးယို့ယို့သည် စိတ်ထဲမှ  ခန့်မှန်းမိနေပြီးသားဖြစ်သည် ။ အဆပေါင်းများစွာ ထက်မြက်လာပြီး ညဏ်နီညဏ်နက်များလာတာမျိုးလား ။

  

    ချင်းယောင်သည် ထိုကဲ့သို့ နှလုံးသားမရှိသည့် ကလေးမအား သူ၏ စိတ်နှလုံးသားထဲမှ ဆုပ်ကိုင်ထားခဲ့သည် ။ 

  

  ငါသူမကို တောင်းပန်ဖို့ လာခဲ့တာ...

ဟောက်ကျစ်သည် စိတ်အားထက်သန်စွာဖြင့်ပင် တူအားကိူင်ကာ ကျုံးယို့ယို့ ပန်းကန်ထဲသို့ ဟင်းများထည့်ပေးလာခဲ့သည် ။ 


"ယို့ယို့ များများစားလေ "


  ကျုံးယို့ယို့သည် ထိုအရာများအား မစားခဲ့ပါ။

ဟင်းလျာများ ပန်းကန်ထဲသို့ရောက်လာသောအခါ ကျုံးယို့ယို့သည် သူမကြိုက်နှစ်သက်သည့် အရာတို့ကိုသာစားခဲ့ပြီး သူမ မကြိုက်လျှင် မျက်မှောင်ကြုတ်ပြီး တစ်ခါတည်း ဖယ်ထုတ်လိုက်သည် ။


 "အန်တီ ၊ ဘာဖြစ်နေတာလဲ "


ထိုကဲ့သို့ ရင်းရင်းနှီးနှီးနေခြင်းသည် အလုပ်မဖြစ်သည်ကို သိလိုက်ရသောအခါ  ဟောက်ကျစ်၏ အပြုံးသည် တစ်ဖြေးဖြေးပျောက်ကွယ်သွားခဲ့သည် ။

သူမက ရိုးရိုးရှင်းရှင်းပဲ အဓိကအချက်ကို သိနေခဲ့သည် ။ 

 

"မင်းကို သန်းကိုးဆယ်ပေးမယ် ။ ချင်းယောင်ကို စာချုပ်စာတမ်းမှာ လက်မှတ်ထိုးလာအောင် ဖျောင်းဖျလိုက် "


  ကျုံးယို့ယို့ သင်္ကာမကင်းကြည့်လာသည်အား တွေ့လိုက်ရသောအခါ သူမသည် ချောင်းအနည်းငယ်ဟန့်လိုက်ပြီး ကျုံးယို့ယို့၏ လက်တို့အား ဆုပ်ကိုင်လာခဲ့ကာ ပြောလိုက်သည် 


" အဲ့ဒါက အရမ်းအရေးကြီးတဲ့ စာချုပ်စာတမ်းမဟုတ်ပါဘူး ။ မင်းသိတဲ့အတိုင်းပဲ မင်းရဲ့ အကိုချင်းယောင်က အိမ်ကိုဘယ်တော့မှ ပြန်မလာဘူး ။သူနိုင်ငံခြားကပြန်လာကတည်းက သူ့အဖေ သူ့ကိုတစ်ခါမှ မတွေ့ရသေးဘူး ။ မင်းရဲ့အန်ကယ်က မကြာသေးခင်က ပရောဂျက်တစ်ခုကို စလုပ်နေတာ ။ ဒါပေမဲ့ ချင်းမိသားစုက ခွင့်ပြုချက်ကို ပိတ်ထားတယ်။ ဒါကို ခွင့်ပြုဖို့အတွက် သားက လောင်ဇီရဲ့ မျက်နှာကိုတောင် မထောက်ဘူးလေ ။အဲ့တာ မင်းရဲ့ အန်ကယ်အတွက် အရှက်ရစရာပဲ ။ အဲ့တာကြောင့် အန်တီက မင်းကို အန်ကယ်နဲ့အန်တီတို့ကို ကူညီပေးစေချင်တာ "

   

  အဲ့ဒါတောင် အရေးကြီးတဲ့ စာရွက်စာတမ်းမဟုတ်ဘူးတဲ့လား ။  ကလေးတစ်ယောက်ကို လာပြီး လှည့်စားနေတာပဲ ။

 

   ဟောက်ကျစ်သည် ကျုံးယို့ယို့အား ဝတ္ထုထဲမှ အကြောင်းအရာအချက်အလက်တို့ကို ပြန်လည်သတိရစေခဲ့သည် ။


    ဝတ္ထုထဲတွင် ချင်းယောင်သည်  မစ္စတာချင်းကို ကျော်ကာ ချင်းမိသားစု၏ စီးပွားရေးကိူ ချုပ်ကိုင်နိုင်ခဲ့သည် ။ သူ့အဖေ ၊ ဦးလေးတွေ နှင့် မောင်နှမဝမ်းကွဲများသည် သနားစရာကောင်းစွာပင် အစုရှယ်ယာအနည်းငယ်ကိုသာ ရရှိခဲ့သည်ကို ယို့ယို့ သိသည် ။ထိုအချိန်တွင် ချင်းယောင်၏ အဖေသည် ဟောက်ကျစ်ထံမှ မြူဆွယ်ခံရပြီး သူ၏စိတ်သည် အခေါင်းပေါက်ကဲ့သို့ပင် ဖြစ်နေတာ ချင်းယောင်ထံမှ ရှယ်ယာအနည်းငယ်ကို ထုတ်ယူသွားခဲ့သည် ။ဤအရာသည် သူတို့ပြောနေသည့် ပရောဂျက် ဟူသည့် အရာပင်ဖြစ်သည် ။

   

    ဝတ္ထုထဲတွင် ဟောက်ကျစ်သည် မူလကိုယ်ဆီသို့ ရောက်လာခဲ့လေသလား ။


  မှန်၏ ၊ တစ်ကယ်ကိုရောက်လာခဲ့ပုံရသည် ။ သို့သော် မူလကိုယ်သည် မွေးနေ့ပါတီအတွက် အနည်းငယ်စိုးရိမ်နေခဲ့ပုံရပြီး စိတ်လွတ်နေခဲ့ကာ သူမပြောခဲ့သည်များကို စိတ်ထဲတွင်မမှတ်ယူခဲ့ပေ ။ချင်းယောင်ကိုတွေ့သည့်အခါတွင် သူမသည် ထိုအရာအား ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် ။ချင်းယောင်၏ အမူအရာသည် ထိုအချိန်တွင် အနည်းငယ်စိမ်းသက်နေခဲ့သည်။ သို့သော်လည်း မူလကိုယ်သည် ဂရုစိုက်မနေခဲ့ချေ ။


အဘယ်ကြောင့်ဆိုလျှင် သူမသည် ထိုလူအား မည်သည့်အခါကမှ သူမ၏ နှလုံးသားထဲတွင် မထည့်ခဲ့ဘဲ ထိုလူ၏

ဘေးမှလူများသည် သူ၏နေရာအား ထောက်လှမ်းနေခဲ့သည်လား ဆိုသည်မှာလည်း သူမအတွက်အရေးမကြီးခဲ့ပေ ။


    ထို့နောက် ဇာတ်ညွှန်းတွင် ....


  အကယ်၍ ချင်းယောင်သည်သာ ဟောက်ကျစ်အား အောင်မြင်စေခဲ့မည်ဆိုလျှင် သူသည် ချင်းယောင်မဟုတ်တော့ပေ ။ သို့သော် ဝတ္ထုထဲမှ သူ၏ပုံစံအစစ်သည် ဟောက်ကျစ် ဒုက္ခရောက်လုဆဲဆဲအခြေအနေတွင် ငွေအမြောက်အများကို ခွဲဝေပေးခဲ့သည် ။

  

 ထိုအချိန်တွင် ဝတ္ထုဖတ်နေသော ကျုံးယို့ယို့သည်   မတတ်သာစွာ အန်မိတော့သည် ။


   အကယ်၍ သူမကိုသာပြောင်းလဲခဲ့မည်ဆိုလျှင် ဟောက်ကျစ်သည် ထိုပိုက်ဆံ၏ တစ်ဝက်ကိုပင် ရနိုင်လိမ့်မည်မဟုတ်ချေ ။

  

  ကျုံးယို့ယို့သည် တစ်ဝက်လောက် စိတ်ဝင်စားစရာကောင်းသည့်ဇာတ်ရှိန်အား တုံပြန်လာခဲ့ပြီးနောက် ချက်ခြင်းပင် အန္တရာယ်ကင်းသည့် အမူအရာသို့ပြောင်းလိုက်ကာ 

    "အန်တီ ဘာပြောချင်တာလဲဆိုတာ သမီးနားမလည်ဘူး "


  " နင်ဒါကို ဘာနားမလည်စရာရှိလဲ " 


သူမခြောက်ကပ်စွာပင် ပြောလိုက်သည်အားကြားကာ ဟောက်ကျစ်သည် ဒေါသထွက်လွန်းလို့ပင် သေတော့မလိုဖြစ်မိသည် ။ ဒီမိန်းကလေးက တစ်ကယ်ဘာမှ နားမလည်တာပဲ ဖြစ်မည် ။ သူမက တစ်ကယ်ကို မြက်ခြောက်တွေထည့်ချုပ်ထားသော ခေါင်းအုံးတစ်လုံးကဲ့သို့ပင် ။ တစ်နှစ်ပတ်လုံး အဆင့်တွေကျနေခဲ့တာ အံ့သြစရာမရှိတော့ပါဘူး ။ကျုံးယို့ယို့ သချ်ာပုံသေးနည်းတွေတောင် မှတ်မိပါ့မလားဆိုတာ သူမ စိုးရိမ်မိသည် ။


" ငါနင့်ကို စာချုပ်ပြမယ် ။ နင်က ဒီတိုင်း ချင်းယောင်ကို ပြလိုက်ပြီး လက်မှတ်ထိုးခိုင်းဖို့ပဲ လိုတာ "


   ကျုံးယို့ယို့ပြောလိုက်သည် " လက်မှတ်ထိုးပြီးသွားရင် အဲ့တာက အကိုချင်းယောင်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေမှာလား "


      ဟောက်ကျစ်ချက်ခြင်းပင် ပြောလိုက်သည်

 " သေချာပေါက်မရှိဘူးပေါ့ ။ သူက ဘာကိုများ ဆုံးရှုံးနိုင်မှာလဲ "

    

     ကျုံးယို့ယို့သည် ပြုံးလိူက်ပြီး 


" ဆုံးရှုံးစရာမရှိဘူးဆိုရင် သူက ဘာလို့လက်မှတ်မထိုးရတာလဲ ။သူလက်မှတ်မထိုးဘူးဆိုကတည်းက အဲ့ဒါက သူ့ရဲ့ ခံယူချက်နဲ့ တစ်ခုခုက ဆန့်ကျင်နေလို့ပဲ ဖြစ်ရမယ် ။ ကျွန်မ သူ့ကိုယုံတယ် "

  

   "...." ဟောက်ကျစ် သဘောပေါက်သွားခဲ့ပြီး ထိုမိန်းကလေးအား ဆက်ပြီး မဖျော်ဖြေရဲတော့ပေ ။


   သန်းကိုးဆယ်ကို မလိုဘူးလား ။ဒါက တစ်ကယ်ကို နည်းတဲ့ ပမာဏမဟုတ်ပေ ။သူမက ကျုံးမိသားစုရဲ့ ဆွေမျိုးသာသာပါပဲ ။ သူမသည်လောက် ပိုက်ဆံအမြောက်အများကို တွေ့ဖူးမည့်ပုံမရပေ ။ ဘာကြောင့်များ သူမ ထိုမျှလောက် တည်ငြိမ်နေနိုင်ရတာလဲ ။


   ချင်းယောင်ဘယ်လောက်တောင် ရူးသွပ်နေခဲ့လဲဆိုတာ သူမ မသိတော့ပေ ။ဘယ်လိုပဲဖြစ်ဖြစ် ၊ ကျုံးမိသားစုရဲ့ သမီး ကျုံးရှစ်ရွှမ်ကို သွားတွေ့ခြင်းက လွန်ခဲ့တဲ့ သုံးနှစ်ကမှ ပေါ်လာတဲ့ အရိုင်းအစိုင်းမကို တွေ့တာထက် ပိုကောင်းပေလိမ့်မည် ။

    

    ဟောက်ကျစ်သည် သူမ၏ ဒေါသအားအကောင်းဆုံးထိန်းချုပ်လိုက်ပြီး ပြုံးပြလာခဲ့သည် ။


 " ဒါဆို အန်တီက မင်းအတွက် ရှစ်မိသားစုရဲ့ ရှစ်ကျစ်ထန်ဆီရောက်နိုင်လောက်မယ့် နည်းလမ်းကို ရှာပေးမယ်၊ ဟုတ်ပြီလား ။ အန်တီက သူဧည့်ခံပွဲကို ရောက်လာအောင် ဖိတ်ပေးမယ် ။ ပြီးရင် မင်းက လှလှလေးဝတ်ပြီး ပြင်ဆင်ထားလိုက် "


   ဟောက်ကျစ်၏ စုံစမ်းမှုများက ထိုမျှလောက်ရိုးရှင်းနေလိမ့်မည်ဟု ကျုံးယို့ယို့ မမျှော်လင့်ထားခဲ့ပေ ။သို့သော်လည်း မူလကိုယ်က ရှစ်ကျစ်ထန်နောက်ကို တစ်ကောက်ကောက်လိူက်ပြီး မြို့တော်ထဲမှာ ပြဿနာရှာခဲ့သူကို မည်သူကမသိဘဲနေမည်နည်း ။


   သူမမျက်တောင်ခတ်လိုက်ကာ " အဲ့ဒါကောင်းသားပဲ "


 သို့သော်လည်း လူတစ်ဦးသည် ဆိုင်၏ အခန်းအပြင်ဘက်တွင် အပြေးရောက်လာခဲ့ပြီး တံခါးဖွင့်တော့မည်ဆဲဆဲတွင် ရုတ်တရက် ရပ်သွားခဲ့သည် ။


  "မစ္စချင်း ဒီတစ်ခုကို မှာထားတာ..." စားပွဲထိုး၏ တိုးသက်စွာပြောနေသောအသံသည် ရုတ်တရက် ရပ်တန့်သွားသည် ။


   သူမ၏ ပတ်ဝန်းကျင်သည် ရုတ်တရက်အေးစက်လာသည်ကို ခံစားရပြီး သူမဘေးရှိ လူသည် တင်းမာစွာဖြင့် နဖူးမှ ချွေးများစီးကျနေသည်မှာ ထင်ရှားနေခဲ့သော်လည်း အေးစက်လာသည်ကို ခံစားနေရသည် ။


ထိုလူသည် သူ၏ မျက်လုံးအား နှိမ့်ချလိူက်ပြီး အနည်းငယ် ဝေဝါးနေခဲ့သည် ။သူ၏ ချောမောသောပုံစံသည် အမူအရာကင်းမဲ့နေခဲ့ပြီး...ထိုအမူအရာက သူဘာတွေးနေသည်ကို အခြားသူများ မခန့်မှန်းနိုင်ဖြစ်စေသည် ။